Breaking News

တော်လှန်ရေး နဲ့ ဝေဖန်ရေး



မြန်မာနွေဦး ခရိုနီကယ် - မေ ၂၅ မြင်ကွင်း
(မိုးမခ) မေ ၂၆၊ ၂၀၂၄

တော်လှန်ရေး နဲ့ ဝေဖန်ရေး


နွေဦးတော်လှန်ရေး တနည်းအားဖြင့် အာဏသိမ်း စစ်တပ်ကို တိုက်ဖျက်ရေးနဲ့ပတ်သက်လို့ အားနည်းချက်တွေ ရှိတဲ့အခါ ဝေဖန်ပြောဆိုမှုတွေ ပုံစံအမျိုးမျိုးနဲ့ ပေါ်ထွက်လာလေ့ ရှိတာဖြစ်ပါတယ်။ နွေဦးတော်လှန်ရေးလို့ ဆိုလိုက်ရင် တဦးတဖွဲ့ က အစစအရာရာ တာဝန်ခံမှုရယူထားတဲ့ သဘောထက် နိုင်ငံရေး အင်အားစုတွေ နဲ့ နိုင်ငံရေးပါတီ မဟုတ်တဲ့ တက်ကြွလှုပ်ရှားသူ အဖွဲ့အစည်းတွေလိုမျိုးလည်း ပါဝင်နေတာ ဖြစ်ပါတယ်။ ဒီလို အဖွဲ့အစည်းတွေ အထဲမှာ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီနဲ့ အမျိုးသားညီညွတ်ရေး အစိုးရက တော်လှန်ရေးရဲ့ ဦးဆောင်မှု အပိုင်းလို့ ယေဘုယျ နားလည်ကြပြီး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အချို့က အဆိုပါစုဖွဲ့မှုထဲ ပါဝင်သော်လည်း အချို့ကတော့ သီးခြားစီ ရပ်တည်ကာ အာဏာသိမ်းစစ်ကောင်စီကို တိုက်ခိုက်နေကြတာ ဖြစ်ပါတယ်။

တိုင်းရင်းသား ဒေသတွေက လက်နက်ကိုင် တိုက်ပွဲတွေ၊ နယ်မြေသိမ်းယူပြီး အုပ်ချုပ်ရေး တည်ဆောက်နေတာတွေမှာလည်း လိုအပ်ချက် အားနည်းချက်တွေ တွေ့ရသလို၊ အားသာချက်တွေလည်း ရှိနေတာ တွေ့ရမှာဖြစ်ပါတယ်။ တိုင်းရင်းသား ဒေသမဟုတ်တဲ့ အညာလို့ခေါ်တဲ့ စစ်ကိုင်း၊ မကွေး၊ မန္တလေးတို့လို ဒေသတွေမှာ ဖြစ်ပျက်နေတဲ့ အခြေအနေတွေကို စစ်ကိုင်းက ကဗျာဆရာတယောက်က “သို့.. မမနုကြည်” လို့ ခေါင်းစဥ်ပေးထားတဲ့ ကဗျာရှည်တပုဒ် ရေးဖွဲ့ပြီး Facebook ပေါ် ဖေါ်ပြခဲ့ပြီးနောက် တရက် နှစ်ရက်အတွင်း ဆိုရှယ်မီဒီယာ သုံးသူတွေအကြား လျင်မြန်စွာပျံ့နှံ့သွားခဲ့ပြီး မူရင်းရေးသားသူက သူ့ရဲ့ပို့စ်ကို ပြန်ဖြုတ်ချခဲ့ပါတယ်။

အပိုဒ် ၂၄ ပိုဒ်ပါဝင်ပြီး စာမျက်နှာအားဖြင့် ၆ မျက်နှာ ၇ မျက်နှာလောက် ရှိတဲ့ ကဗျာရှည်က အနုပညာ မြောက်ခြင်း မမြောက်ခြင်းထက် စစ်ကိုင်း မကွေး အညာဒေသမှာ ဖြစ်ပျက်နေတဲ့ လက်တွေ့ဘဝ အခြေအနေကို ထင်ဟပ်စေတာကတော့ မငြင်းနိုင်ပါဘူး။ ကဗျာရေးသူ အနေနဲ့ ဒီကဗျာကို ရေးဖွဲ့ရာမှာ ခံစားချက် တခုခု ရှိကောင်းလည်း ရှိနိုင်ပါတယ်။

ဥပမာအားဖြင့် အကွဲကွဲအပြားပြား ဖြစ်နေတဲ့ လက်နက်ကိုင် အဖွဲ့တွေရဲ့ တရွာတပုဒ်ဆန်းဆိုသလို အုပ်ချုပ်ပုံ၊ လူထုက စစ်ပွဲရဲ့ ဒဏ်ကို ပုံစံအမျိုးမျိုးနဲ့ ခံစားနေရတဲ့ ဒဏ်ရာဒဏ်ချက်တွေကို သရော်တဲ့အငွေ့အသက်နဲ့ ရေးသားရင်း ပြည်တွင်းစစ်ဆိုတာ ငါး အသားနဲ့ ငါးမျှား သလိုဆိုပြီး တင်စားထားတာလည်း တွေ့ရပါတယ်။

ပြည်တွင်းစစ်ဆိုတာ ဒီနိုင်ငံတွင်းက လူအချင်းချင်း၊ ဒီဒေသက လူတွေအချင်းချင်း၊ ဒီမြို့က သူတွေအချင်းချင်း၊ ဒီရွာက လူတွေအချင်းချင်း အုပ်စုကွဲ၊ ခွဲကြပြီး သတ်ဖြတ်ကြ အသက်နဲ့ လောင်းကြေးထပ်ကြတဲ့ သဘောမျိုး ကဗျာရေးသူက ရေးဖွဲ့ထားတာလည်း တွေ့ရမှာဖြစ်ပါတယ်။ ပြည်တွင်းစစ်ကို မလိုလားတဲ့ သဘော တနည်းအားဖြင့် စစ်ကို မလိုလားတဲ့ သဘော အငွေ့အသက်တွေခံစားရပြီး စစ်ကြောင့် နေအိမ်တွေ မီးလောင်ပြာကျနေတဲ့ အညာရဲ့ မြင်ကွင်း၊ အညာက လူထုရဲ့ ခံစားချက် ရုပ်ပုံလွှာကို ကြိုးစားရေးဖွဲ့ထားတာ တွေ့ရမှာ ဖြစ်ပါတယ်။ ကြက်အစာရှာသလို ကုတ်ကုတ်ကပ်ကပ် ရှာဖွေ စုဆောင်းပြီး ဆောက်ထားတဲ့ နေအိမ်တွေ မီးလောင်ပျက်စီး ဆုံးရှုံးရတာ၊ နွားတွေ၊ ကြက်တွေ ဆုံးရှုံးကြရတဲ့ အညာက လူထုရဲ့ အသွင်ကို မျက်စေ့ထဲ မြင်လာအောင် ရေးဖွဲ့ထားတာလည်း တွေ့ရမှာဖြစ်ပါတယ်။ အညာဒေသမှာ လက်နက်ကိုင် အဖွဲ့အချို့ရဲ့ လူထုအပေါ် အာဏာပြ အနိုင်ကျင့် ခြိမ်းခြောက်တဲ့ အကြောင်းလည်း ထည့်သွင်းရေးသားထားသလို ဘယ်အဖွဲ့ ဘယ်သူ့လက်အောက်ခံ လက်နက်ကိုင် အဖွဲ့ရယ်လို့တော့ တိတိကျကျ ရည်ညွှန်းမထားသော်လည်း အညာဒေသရဲ့ အဆိုးအကောင်းတွေကို ထိန်းကျောင်းရမယ့် တာဝန်က နုဂျီလို့ အတိုကောက်ခေါ်ဆိုကြတဲ့ အမျိုးသားညီညွတ်ရေး အစိုးရ အဖွဲ့မှာ ရှိတာကြောင့် အခုလိုရည်ညွှန်းထားတာလို့ ဆိုနိုင်ပါတယ်။

အညာ ဒေသက အမျိုးသားညီညွတ်ရေး အစိုးရ အနေနဲ့ အပြည့်အဝ ထိန်းသိမ်းနိုင်တဲ့ အနေအထားမရှိဘူးလို့ ဆိုရင်လည်း ဆိုနိုင်ပေမယ့် လက်နက်ကိုင် တော်လှန်ရေး စတင်လာတဲ့အချိန်ကနေ တွက်ရေကြည့်ရင် ၃ နှစ်တာ ရောက်ရှိလာချိန်မှာတော့ အညာဒေသရဲ့ စစ်ရေး နဲ့ အုပ်ချုပ်ရေး ကိစ္စတွေနဲ့ ပတ်သက်လို့ တာဝန်ခံနိုင် ဖို့ လိုအပ်လာတဲ့ အနေအထားလို့ ဆိုရင်လည်း မှားမယ် မထင်ပါ။ လက်နက်ကိုင် အဖွဲ့တွေ ဒါဇင်နဲ့ သို့မဟုတ် ရာနဲ့ချီရှိနေတဲ့ အညာဒေသကို ဘယ်လို စုစည်းကြမလဲ ဆိုတဲ့ မေးခွန်းက မေးဖို့ လွယ်သလောက် ဖြေရခက်ကောင်း ခက်နေမှာ ဖြစ်ပါတယ်။

စစ်ကိုင်း၊ မကွေး နဲ့ မန္တလေးစတဲ့ ထိစပ်နေတဲ့ ဒေသတွေရဲ့ လက်နက်ကိုင် တော်လှန်ရေး ပုံစံက တိုင်းရင်းသားဒေသတွေနဲ့ သိသာထင်ရှားစွာ ကွဲပြားနေခဲ့တာ ဖြစ်ပြီး တိုင်းရင်းသားဒေသတွေမှာ တွေ့ရလေ့မရှိတဲ့ လက္ခဏာတွေကို အညာဒေသမှာ တွေ့ရမှာ ဖြစ်ပါတယ်။ တိုင်းရင်းသားဒေသတွေမှာ အမျိုးသားရေးလို့ ယေဘုယျအားဖြင့် ခေါ်ဝေါ် သတ်မှတ်ကြမယ့် Nationalism စည်းနှောင်မှု ရှိပေမယ့် အညာဒေသမှာ Nationalism က ကျယ်ပြန့်လွန်းတဲ့ အနေအထားလည်း ဖြစ်ပြီး တိုင်းရင်းသား နယ်မြေတွေမှာလို ယဥ်ကျေးမှု၊ စာပေ၊ ကိုးကွယ်မှုဘာသာ ရိုးရာဓလေ့ နဲ့ ချည်နှောင်တာမျိုး လည်း အညာဒေသမှာ မတွေ့ရသလို ဓလေ့၊ မြို့၊ ကျေးရွာအလိုက် စုဖွဲ့မှုမျိုးလောက်သာ တွေ့ရမှာဖြစ်ပါတယ်။

ပြန်ချုံ့ကြည့်ရင် ကဗျာရေးသူက အညာရဲ့ စစ်ဒဏ်ရာဒဏ်ချက်၊ ပြည်တွင်းစစ်မှာ လက်နက်ကိုင် နည်းလမ်းကို ရွေးချယ်ခဲ့ပြီး လူငယ်တွေ အသက်ဆုံးရှုံးနေကြရချိန် ကျည်ကွယ်၊ ကျည်လွတ်ရာ မှာ နေထိုင်နေကြတဲ့ အချို့သော အမျိုးသားညီညွတ်ရေး အစိုးရအဖွဲ့ဝင်တွေကိုလည်း ခပ်ပါးပါး သရော် ဝေဖန်လိုက်သလို အညာကို မညာ ပါနဲ့ ဆိုပြီး တာဝန်ခံမှုကို တောင်းဆိုထားတာနဲ့ အဆုံးသတ်ထားတာ ဖြစ်ပါတယ်။

အညာရဲ့ ထိခိုက်ပျက်စီးမှု ဒဏ်ရာဒဏ်ချက်တွေက မြန်မာနိုင်ငံရဲ့ အခြားသော ဒေသအားလုံးထက်ပိုမို ဆိုးရွားတယ်ဆိုတာလည်း ငြင်းမရတဲ့ အချက်တချက်ဖြစ်နေတာမို့လို့ အညာရဲ့ ဒဏ်ရာဒဏ်ချက်တွေ ကို စာနာဖို့ ၊ တာဝန်ရှိသူတွေ အနေနဲ့ တာဝန်ခံဖို့ ပြုပြင်ဖို့ က အရေးကြီးတာအမှန်ပဲ ဖြစ်ပါတယ်။

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar