ကိုအောင်မှိုင်း - မင်းအောင်လှိုင်ရဲ့ စစ်ရှုံးမိန့်ခွန်း
ကိုအောင်မှိုင်း - မင်းအောင်လှိုင်ရဲ့ စစ်ရှုံးမိန့်ခွန်း
(မိုးမခ) ဩဂုတ် ၉ ၊ ၂၀၂၄
စစ်ဗိုလ်ချုပ်တွေဟာ များသောအားဖြင့် စစ်ထွက်မိန့်ခွန်း ပြောလိုကြတာချည်း ဖြစ်ပါတယ်။
အကြောင်းကတော့ စစ်ထွက်မိန့်ခွန်းဆိုတာ စစ်မတိုက်ခင်ဖြစ်လို့ အားလုံးလိုလိုက စိတ်လှုပ်ရှားနေကြသလို အောင်ပွဲဆိုတဲ့ စိတ်ကူးစျာန်ကလည်း ရှိနေပြန်တာကြောင့် ဖြစ်ပါတယ်။
စစ်ရှုံးမိန့်ခွန်းဆိုတာကတော့ စိတ်ဓာတ်ညှိုးနွမ်းပြီး စစ်ရှုံးတော့မယ့် အရိပ်အယောင်တွေ မြင်နေရချိန်မှာ ပြောတဲ့ မိန့်ခွန်း ဖြစ်တာကြောင့် ပြောတဲ့သူကိုယ်တိုင် ရုပ်ပျက်ဆင်းပျက် ဖြစ်လေ့ရှိပါတယ်။
ဒုတိယကမ္ဘာစစ်ပြီးခါနီး အဒေါ့ဖ် ဟစ်တလာက သူ့ရဲ့နောက်ဆုံးဖြစ်မယ့် လူထုမိန့်ခွန်းကို ဂျာမနီမှာ နာဇီပါတီအာဏာရလာမှု ၁၂ နှစ်မြောက် အထိမ်းအမှတ်အဖြစ် ၁၉၄၅ ခုနှစ် ဇန်နဝါရီ ၃၀ ရက်နေ့မှာ ဟောပြောခဲ့ပါတယ်။ ဒီအချိန်က မဟာမိတ်တွေ အရှေ့နှင့် အနောက်စစ်မျက်နှာ နှစ်ဘက်စလုံးမှာ အလုံးအရင်းနဲ့ ချီတက်နေချိန် ဖြစ်ပါတယ်။ ဂျာမန်ရေဒီယိုက ထုတ်လွှင့်ခဲ့တာ ဖြစ်ပါတယ်။
ဒီနောက် ဆုံးမိန့်ခွန်းမှာ ဟစ်တလာက ဂျာမနီနိုင်ငံ ကြုံတွေ့နေရသော ဆိုးရွားတဲ့ အခြေအနေများကို အသိအမှတ်ပြုခဲ့ပေမဲ့ အခြေအနေအားလုံးကို လက်ခံရန် ခေါင်းမာနေဆဲပဲ ဖြစ်ပါတယ်။
ဂျာမန်လူမျိုးတွေရဲ့ ကိုယ်ကျိုးစွန့်မှုတွေအကြောင်းကို အမွှန်းတင်ပြောကြားပြီး နာဇီပါတီကို အကြွင်းမဲ့သစ္စာစောင့်သိရန် ဆက်လက်တောင်းဆိုခဲ့သလို စစ်ရှုံးပါက ဂျာမနီနိုင်ငံမှာ ဖြစ်လာမယ့် ဆိုးကျိုးတွေကို ပြောပြပြီး ဂျာမန်လူထုကို ခြိမ်းခြောက်ခဲ့ပါတယ်။
ဂျာမနီဟာ စစ်နိုင်မယ်ဆိုတဲ့ သူ့ရဲ့ ယုံကြည်ချက်ကို ထပ်လောင်းပြောရင်း ဒီစစ်ပွဲဟာ ဂျာမန်လူမျိုးတို့ရဲ့ တည်ရှိမှုအတွက် မဖြစ်မနေ တိုက်ရမယ့် တိုက်ပွဲအဖြစ်လည်း ပုံဖော်ပြောဆိုခဲ့ပါတယ်။
ချုပ်ပြောရမယ်ဆိုရင် ...
၁။ ဂျာမနီဟာ စစ်ရှုံးနေပြီဖြစ်ပေမဲ့ လိမ်ညာပြီး စစ်နိုင်ကိုနိုင်မယ်လို့ သူ့ယုံကြည်ချက်ကို ပြောကြားခဲ့ပါတယ်။
၂။ ဂျာမန်အမျိုးသားရေးဝါဒအတွက် ဂျာမန်ပြည်သူတွေအနေနဲ့ ကြိုးပမ်းတိုက်ခိုက်နေကြောင်း လူထုကို သွေးထိုးပေးခဲ့ပါတယ်။
၃။ ဂျူးလူမျိုးဆန့်ကျင်ရေးအတွက် ဂျူးလူမျိုးတွေကို ရန်သူ ဆိုတဲ့အသုံးအနှုန်းနဲ့ လူမျိုးရေး လှုံ့ဆော်တာ လုပ်ခဲ့ပါတယ်။
၄။ စစ်ပွဲပြီးဆုံးရန် နီးကပ်နေပြီဖြစ်တာကို စစ်ပွဲပြီးဆုံးဖို့ ဝေးကွာနေသေးကြောင်း လူထုအနေနှင့် စစ်ပွဲမှာ ဆက်လက်ပါဝင်တိုက်ခိုက်ကြရန် ပံ့ပိုးကူညီကြရန် အနစ်နာခံမှုများ ပြုလုပ်ကြရန် ဂျာမန် ပြည်သူလူထုကို တောင်းဆိုခဲ့ပါတယ်။
၅။ မိန့်ခွန်းတခုလုံးက လိမ်ညာဝါဒဖြန့်ပြောတာဖြစ်ပြီး သူ့ပတ်ပတ်လည်မှာ မိတ်ဆွေမရှိတော့ဘဲ ရန်သူတွေချည်းဖြစ်နေတာကို ဝန်ခံခဲ့တာ တွေ့ရပါတယ်။ နောက် ၃ လအကြာ ဘာလင် ကျဆုံးပြီး ၁၉၄၅ ခုနှစ် ဧပြီလ ၃၀ ရက်နေ့မှာ သူ့ကိုယ်သူ သတ်သေခြင်းမပြုမီ ဂျာမန်လူမျိုးတွေကို သေလမ်းပို့ဖို့ ဟစ်တလာရဲ့ နောက်ဆုံးကြိုးပမ်းမှုလို့ ပြောရပါလိမ့်မယ်။ အဲဒီအချိန်မှာ ဟစ်တလာဟာ စစ်ထွက်မိန့်ခွန်းပြောခဲ့တဲ့ ပုံပန်းသဏ္ဌာန်လုံးဝမရှိတော့ဘဲ တုန်တုန်ယင်ယင်နဲ့ စစ်ရှုံးမိန့်ခွန်းပြောနေရတာကို သူ့ကိုယ်သူ သိနေပြီလို့ ယူဆရပါတယ်။ ဆိုလိုချင်တာက ရုပ်အတော်ပျက်နေပြီကို တွေ့ကြရပါတယ်။ ကျနော်တို့ သိဖို့လိုတာက ဖက်ဆစ်ခေါင်းဆောင်တွေဟာ သေခါနီးအထိ လူထုကို သေမယ့်လမ်းကို အတင်းတွန်းပို့လေ့ရှိတယ် ဆိုတာပါပဲ။
ဟစ်တလာရဲ့ နောက်ဆုံးပြောခဲ့တဲ့ စစ်ရှုံးမိန့်ခွန်းကို လေ့လာကြည့်တဲ့အခါ စကစ ခေါင်းဆောင် မင်းအောင်လှိုင် ဩဂုတ်လ ၅ ရက်က ပြောသွားခဲ့တဲ့ စစ်ရှုံးမိန့်ခွန်းနဲ့ အတော်တူနေတာ တွေ့ရပါတယ်။ NLD မဲလိမ်လို့ လူထုအတွင်း မတည်မငြိမ်ဖြစ်လို့ ယာယီသမ္မတက သူ့ကို တိုင်းပြည်အပ်ပါတယ်ဆိုတာကို အတည်ကြီးနဲ့ပြောနေတာကိုက ကြံဖန်လိမ်နေတာ ပေါ်နေပါတယ်။
ကျနော်တို့ အဲဒီ ကာလက ၃ နှစ် ဆိုတော့ သိပ်မဝေးသေးတဲ့ကာလ ဆိုတော့ အားလုံးကို အလွတ်နီးပါး သိနေ၊ တွေ့နေ ကြရတာ ဖြစ်ပါတယ်။ ဆိုလိုချင်တာက လူထုအတွင်း မတည်မငြိမ် ဖြစ်တယ်ဆိုတာ ကြံ့ဖွတ်တွေ ဂျပိုး သူခိုးတွေကို ပိုက်ဆံပေး ဆန္ဒပြခိုင်းတယ် ဆိုတာ တနိုင်ငံလုံး သိနေတဲ့ကိစ္စပါ။ အခုထိလည်း လုပ်နေတုန်းပါဘဲ။ သမ္မတဦးဝင်းမြင့်ကို သူ့ကို အာဏာအပ်ဖို့ ပြောခိုင်းတော့ ဦးဝင်းမြင့်က အသေခံမယ်၊ အာဏာတော့ မအပ်ဘူးလို့လည်း လုပ်ရော ဦးဝင်းမြင့်ကို ဖမ်းပြီး ဦးမြင့်ဆွေကို ယာယီသမ္မတခန့်ပြီး သူ့ကို အာဏာအပ်ခိုင်းခဲ့တာ ရှင်းရှင်းလင်းလင်းရှိတဲ့ကိစ္စလို့ ပြောချင်ပါတယ်။
အာဏာသိမ်းတဲ့ဇာတ်လမ်း အစကတည်းက လိမ်ဆင်ကြီးကို အကွက်ရိုက်ပြီးလုပ်ခဲ့တာ ထင်ရှားနေတော့ ဘာမဆိုလုပ်ရဲတယ်ဆိုပြီး ၂၀၀၈ ကို လိုရင်လိုသလို သုံးတယ် မလိုရင် ဘာမဆိုလုပ်ရဲတယ် ဆိုတာနဲ့ ၂၀၀၈ ကိုလည်း ချိုးဖောက်ခဲ့တာ အခုထိလို့ ပြောရမှာ ဖြစ်ပါတယ်။
၁။ ဂျာမနီဟာ စစ်ရှုံးနေပြီဖြစ်ပေမဲ့ လိမ်ညာပြီး စစ်နိုင်ကိုနိုင်မယ်လို့ သူ့ယုံကြည်ချက်ကို ပြောကြားခဲ့သလို မင်းအောင်လှိုင်ကလည်း သူ့စစ်ရှုံးမိန့်ခွန်းမှာ အကုန်ပြန်တိုက်ယူမယ်ဆိုတာမျိုး သူ စစ်နိုင်မယ် ဆိုတာမျိုးအတည်ကြီးနဲ့ ပြောခဲ့တာ တွေ့ရတယ်။
၂။ ဂျာမန်အမျိုးသားရေးဝါဒအတွက် ဂျာမန်ပြည်သူတွေအနေနဲ့ ကြိုးပမ်းတိုက်ခိုက်နေကြောင်း လူထုကို သွေးထိုးပေးခဲ့ပါတယ်။ မင်းအောင်လှိုင်ကတော့ တိုင်းရင်းသားတွေ အချင်းချင်း တိုက်ခိုက်သတ်ဖြတ်ကြဖို့ လှုံ့ဆော်ခဲ့တယ်။ လူသတ်၊ ဓားပြတိုက်၊ မုဒိမ်းကျင့်၊ မီးရှို့တာတွေက စစ်တပ်က လုပ်တာ မဟုတ်ဘဲ တိုင်းရင်းသား လက်နက်ကိုင်အင်အားစုတွေနဲ့ PDF တွေလုပ်တာလို့ မျက်နှာပြောင်တိုက် လိမ်တာကတော့ ဟစ်တလာထက် သာတယ်လို့ ပြောရမယ် ထင်တယ်။
၃။ ဂျုးလူမျိုး ဆန့်ကျင်ရေးအတွက် ဂျုးလူမျိုးတွေကို ရန်သူ ဆိုတဲ့အသုံးအနှုန်းနဲ့ လူမျိုးရေးလှုံ့ဆော်တာ လုပ်ခဲ့ပါတယ်။ မင်းအောင်လှိုင်ကတော့ သူ့ပတ်ပတ်လည်မှာ ဘယ်တိုင်းရင်းသားမှ မိတ်ဆွေအဖြစ် မရှိတော့တာကို ဝန်ခံပြီး အဲဒီတိုင်းရင်းသားအားလုံးကို ဘုံရန်သူအဖြစ် ချေမှုန်းဘို့ လှုံ့ဆော်ခဲ့တယ်။
ရခိုင်ပြည်နယ်အတွင်း AA တိုက်ခိုက်မှုက ကိုယ့်လူမျိုးကိုယ် ဖျက်ဆီးသည့်လုပ်ရပ် ဖြစ်ကြောင်း စစ်ခေါင်းဆောင်က ပြောတာကြားရတော့ အနှစ် ၇၀ လုံးလုံး ရခိုင်အမျိုးသားတွေကို ပက်ပက်စက်စက် သတ်ဖြတ်ခဲ့တာတွေက စစ်တပ် ဆိုတာ ရခိုင်အမျိုးသားတိုင်းက သိနေကြတဲ့ ကိစ္စဆိုတာကိုတော့ သူ သိအောင် တယောက်ယောက်က ပြောမှဖြစ်တော့မယ် ထင်တယ်။
၄။ စစ်ပွဲပြီးဆုံးရန် နီးကပ်နေပြီဖြစ်တာကို စစ်ပွဲပြီးဆုံးဖို့ ဝေးကွာနေသေးကြောင်း လူထုအနေနှင့် စစ်ပွဲမှာ ဆက်လက်ပါဝင်တိုက်ခိုက်ကြရန် ပံ့ပိုးကူညီကြရန် အနစ်နာခံမှုများ ပြုလုပ်ကြရန် ဂျာမန် ပြည်သူလူထုကို တောင်းဆိုခဲ့ပါတယ်။
မင်းအောင်လှိုင်ကတော့ စစ်တပ်က ချေမှုန်းလိုက်တာ ကရင်နီ၊ ကချင်၊ ကရင် ဒေသတိုင်းလိုလိုမှာ စစ်တပ်က ပြန်လည်ထိန်းသိမ်းနိုင်နေပြီဆိုပြီး ပြောနေတဲ့ အချိန်မှာပဲ ဩဂုတ်လ ၂ ရက်မှာ လားရှိုးက ရမခ ကြီးကျပြီး လူထောင်ချီ လက်နက်ချပွဲကြီး ဖြစ်နေတာကို မသိလို့ ပြောတာလား၊ သိသိကြီးနဲ့ လိမ်တာလား ဆိုတာတော့ သူပဲ အသိဆုံး ဖြစ်ပါလိမ့်မယ်။
ဟစ်တလာကတော့ စစ်ရှုံးမိန့်ခွန်းပြောပြီး ၃ လအကြာမှာ သူ့ကိုယ်သူ သတ်သေသွားခဲ့တာကတော့ သမိုင်းမှာ အထင်အရှားတွေ့ခဲ့ရတာဖြစ်ပြီး မင်းအောင်လှိုင်အတွက်ကတော့ သတ္တိရှိရင် ကျည်တတောင့် ဆောင်ထားလို့ပဲ ပြောလိုက်ပါရစေဗျာ။
-
t.me@moemaka#MoeMaKaMedia
#WhatsHappeningInMyanmar