Breaking News

လေခဏီ - လူထု ပါဝင်တရားစီရင်ရေး

လေခဏီ - လူထု ပါဝင်တရားစီရင်ရေး

(မိုးမခ) ဩဂုတ် ၉ ၊ ၂၀၂၄


မအလခမျာလဲ ဟောင်သာ ဟောင်ရတာ ဘာကောင်ရယ်လို့ ထုတ်မပြောရဲ၊ ဟိုမဲမဲကောင် ဆိုပြီး ဖြူဖြူတရုတ်ကြီးကို ချိပ်တိတ်တိတ် ပြောရှာတာပလေ။ 

တရုတ်ကြီးကလည်း ဒီဖွတ်တွေဟာ နောင် သူနဲ့ ဆက်ဆံရတော့မယ့်ကောင်တွေ မဟုတ်မှန်း သိလို့ ချေပြီးရင်း ချေနေတာကိုး။ တရုတ်ကို သူတို့ပါတီတွေချည်း ဖိတ်တာတောင် မယုံလို့ ယူအီးစီကို ထိုးထည့်လိုက်သေးတာ၊ ငပု‌ကောင် ဖြစ်နေပုံများ ပြောပါတယ်။ ဒါလည်း တရုတ်ကြီးကို စော်ကားတာပဲ မဟုတ်လား။ ဘင်္ဂလားဒေ့ရှ်က လှေပြေးဒုက္ခသည် ရဲခွေး၊ စစ်ခွေးလေးတွေကို ကမ်းအကပ်မခံတော့ သံတမန်ကိုခေါ်ပြီး ပြောသလိုကလည်း မလုပ်ဝံ့။ ဟိုက ခွေးရိုက်တုတ်ရှင်။ ဘယ့်နှယ် သူပဲ ကိုယ့်ပြည်သူကို ချေမှုန်းဖို့ တရုတ်ဆီက လက်နက်ခဲယမ်း ဒရုန်းတိုက်လေယာဉ် အကုန်မနားတမ်း ဝယ်နေပြီးတော့ ပီဒက်တွေကို လက်နက် ငွေကြေး နည်းပညာ ရိက္ခာ ထောက်ပံ့ပါတယ် သွားလုပ်နေ။ တကယ်သာ ကူလို့ကတော့ ဒင်းဖျင်စုတ်တာ ကြာပေါ့။ ခုချိန် ခုလို လျှောက်ဟောင်နေလို့ရတော့မလဲ။ ၈၈ အာဏာသိမ်းတာကနေ ခု ၂၀၂၁ အာဏာ သိမ်းတာထိ တရုတ် ကူနေလို့သာ အသက်ရှူနိုင်တဲ့ကောင်တွေက တရုတ်ကို ပြန်ဟောင်ပြီဆိုတော့ တရုတ်အကူနဲ့ ဆက်အသက်ရှူဖို့ ခက်လာပြီဆိုတာ သေချာတာပေါ့လေ။ ခင်ရီ သာကြည့်၊ တရုတ်က ပြန်လာတာနဲ့ ရှရှားဘက် လှည့်အူတော့တာ။ ဟိုက အန်ကယ်ကတော့ NO ပါ လုပ်လိုက်လို့ပေါ့။ မဟုတ်ရင် ဒီလို ဘယ်အူရဲမလဲ။ တကယ်ဆို လားရှိုးက ပထမလှိုင်းကထဲက ပါရမှာ၊ တရုတ် ကူလို့ အသက်ရှူပေါက် ရသွားတာ။ အဲဒါကို မချေမငံတွေ သွားလုပ်နေတော့ ဖျင်စုတ်ချင်ပုံရ။ ရော့ လေယာဉ်ပစ်ဆိုမှ ဟစ်ငိုနေရမယ်။ 

မအလ ဟောင်သံ နားစွင့်မိတော့ သူ့ခမျာ လက်နက်စက်ရုံထောင် ထုတ်လုပ်ရောင်းချတယ်ဆိုတာ သူတို့ပဲ လုပ်ကောင်းတဲ့အရာလို့ ထင်နေပုံရတယ်။ ငါတို့လက်နက်ထုတ်သလို သူတို့လည်း ထုတ်လို့ရ၊ ငါတို့ သေနတ်ကိုင်သလို သူတို့လည်း ကိုင်လို့ရ၊ ငါတို့ပစ်သလို သူတို့လည်း ပစ်လို့ရ၊ သူတို့သေသလို ငါတို့လည်း သေလို့ရ၊ ငါတို့ သိမ်းသလို သူတို့လည်း သိမ်းလို့ရတယ်လို့ကို မျှမျှတတ မတွေးတတ်သေးဘူး။ သူတို့ပဲ သေ၊ ငါတို့ပဲပစ် ငါတို့ပဲ ထုတ်လုပ်ကိုင်စွဲရောင်းချ ငါတို့ပဲ နယ်မြေသိမ်း၊ ဘာမဆို ငါတို့ပဲ ဝင်ငံ၊ ဒါမှသာ အမှန်၊ တရားသဖြင့်လို့ မှတ်နေတုန်း။ တချိန်လုံးလည်း လုပ်ချင်ရာလုပ်လာတာဆိုတော့ ဆေးမပြယ်သေးတဲ့ သဘောပေါ့လေ။ တနည်းအားဖြင့် သူတို့လည်း ပြန်လုပ်လို့ ရပါကလားလို့ မသိရဲတာလည်း ပါမှာပေါ့။ အဲဒီလို သိလိုက်ရင်ကို အရာရာက ပြီးဆုံးသွားမှာ မဟုတ်လား။ ငါတို့ ပစ်ရင် သူတို့ ပြန်ပစ်လို့ရတယ် ဆိုတာ၊ ငါတို့ ပစ်သတ်မှုကို တာဝန်မယူရင် သူတို့ ပြန်သတ်လို့ရတယ်ဆိုတာ၊ ငါတို့ ဥပဒေမဲ့ရင် သူတို့တုံ့ပြန်လို့ ရတယ်ဆိုတာ၊ အင်း တာဝန်ခံရဲဖို့ ဆိုတာ နိဗ္ဗာန်နဲ့ ငရဲ။ နားလည်လက်ခံပေးရဲဖို့ကို ခုနစ်ဘဝလောက် လိုသေးတဲ့ကောင်တွေ။ 

အဲဒီအသိတရားကို ခေါင်းမလွှဲရဲအောင် လုပ်ဖို့ကတော့ သူတို့နဲ့ပတ်သက်ရင် လူထု ပါဝင်တရားစီရင်မှုလိုတာပါပဲ။ 

အလှည့်အပြောင်းကလည်း မြန်ချက်နော်၊ ဝဋ်ဆိုတာ ဘဝမကူးဘူးတဲ့။ ဟော ဗိုလ်ချုပ်တွေ၊ ဗိုလ်မှူးချုပ်တွေ၊ ဗိုလ်မှူးကြီးတွေကို၊ မြနန္ဒာအေးအောင်တို့၊ ပီဒက်တို့က အမှုစစ်နေပတဲ့။ အရသာရှိချက်တော့။ 

ဘာမှုရှိရမလဲ၊ အရပ်ဘက်ပြည်သူအပေါ်ဗုံးကြဲမှု၊ တိုက်တာအိမ်ခြေတွေကို လက်နက်ကြီးနဲ့ ထုဖြိုမှု၊ မြေသိမ်းမှု၊ လူသတ်မှု၊ ကျားဖြန့်အွန်လိုင်းလိမ်လည်မှု၊ မတရားစစ်မှုထမ်း ဇွတ်ခေါ်မှု၊ မုဒိမ်းမှု၊ လုယက်မှု၊ မူးယစ်ဆေးဝါး ထုတ်လုပ်ဖြန့်ချိ ရောင်းဝယ်ဖောက်ကားသုံးစွဲမှု၊ အနုကြမ်းမှု၊ ပြန်ပေးမှု၊ ဖမ်းဆီးနှိပ်စက်မှု၊ စစ်ကြောရေးရာဇဝတ်မှု ထောင်တွင်း ညှဉ်းပန်းမှု၊ ငွေညှစ်မှု၊ လာဘ်စားမှု၊ လာဘ်ပေးမှု၊ ဆက်ကြေးတောင်းမှု၊ ခိုးမှု၊ ဖာဖရီးရိုက်မှု စတာ စတာတွေပေါ့။ သူတို့ မပြုဖူးတဲ့ မကောင်းမှုရောရှိသေးလား။ သူတို့ မကျူးလွန်ဘူးတဲ့ ပြစ်မှုရော ရှိသေးလား။ 

သူတို့ကို စစ်ဆေးတာကို လိုက်လွှင့်ပေးရင် ဘယ်ကလောက်များ ကောင်းလိုက်မလဲ။ စစ်ဒဏ်ခံပြည်သူတွေ စိတ်ပန်းပြေ စိတ်အားတက်စေတာပေါ့။ လူထုကလည်း ဝိုင်းစစ်တန် စစ်ပေါ့။ အမှုနဲ့တိုက်ရိုက်ပတ်သက်သူတွေ အကျူးလွန်ခံတွေလည်း ကိုယ်တိုင်ကိုယ်ကျ ပါဝင်စစ်မေးဖော်ထုတ်လို့ရတာပေါ့။ ဒါမှလည်း လူထုအောင်ပွဲ ခေါ်ထိုက်တာ မဟုတ်လား။ သိပ်အပင်ပန်းခံလွန်းနေရတဲ့ လူထုလဲ ကျကျနန အရသာရှိပါစေလား။ 

ဘယ်နေရာမှာမိမိ ဘယ်အဆင့်မိမိ လူထု ပါဝင်တရားစစ်ဆေးစီရင်မှုတွေ အွန်လိုင်းက တိုက်ရိုက်လုပ်ဖို့လိုပြီနော်။ ဖမ်းထားသူတွေက ဒီကောင်တွေ ကျူးလွန်မှုတွေကို သေချာမသိနိုင်ဘူး မဟုတ်လား။ ခံထားရသူတွေကတော့ ဒီကောင်တွေ သောက်ခွက်ကို ဘယ်တော့မှ မေ့မယ်မဟုတ်ဘူး။ ဘယ်နေ့ ဘယ်ချိန် ဘယ်မှာ ဘာတာဝန်ဆိုတာတွေ သိရရင် သူတို့ ကျူးလွန်ထားသမျှ အကုန်ပေါ်ပြီဘဲ။ 

အဲဒီလိုလုပ်မှ မသိချင်ယောင်ဆောင်တာ၊ လွှဲချတာ၊ တာဝန်ယူရမယ်လို့ မသိခဲ့တာ၊ တာဝန်ခံရမယ်လို့ နားမလည်ခဲ့တာ၊ ငှက်ပျောသီး စားပြီး ငှက်ပျောခွံ လွှင့်ပစ်လိုက်ရင်တောင် မလုပ်သင့်ဘူးဆိုတာကို ပြန်သိလာစေချင်တာ၊ ပြစ်မှုတွေကို ငှက်ပျောသီး စားပြီး ငှက်ပျောခွံပစ်လိုက်သလို သဘောထားလို့မရဘူး ဆိုတာကို သိစေချင်တာ၊ ကိုယ် လုပ်သမျှ ဥပဒေလို့ ထင်နေတာ၊ အစိုးရဖြစ်ရင် ဘာလုပ်လုပ် အပြစ်မရှိဘူးလို့ ထင်နေတာ၊ အစိုးရဆိုတာ သက်ဦးဆံပိုင်လို့ ထင်နေသေးတာတွေ အကုန်လွင့်ပျယ်သွားမှာပ။

ပြီးတော့ လူထု ပါဝင်တရားစီရင်လိုက်ရမှ စစ်ဘီလူး အရူးအကန်းတွေကြောင့် ရထားတဲ့ စိတ်ဒဏ်ရာတွေကိုလည်း လူထုတရပ်လုံး ကုစားပြီးသားဖြစ်မှာပ။ 




Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar