တောင်ကိုးရီးယားနဲ့ မြန်မာနိုင်ငံ အခြေအနေချင်း ဘာကွာခြားလဲ
မြန်မာနွေဦးခရိုနီကယ် - ဒီဇင်ဘာ ၄ မြင်ကွင်း
(မိုးမခ) ဒီဇင်ဘာ ၄၊ ၂၀၂၄
တောင်ကိုးရီးယားနဲ့ မြန်မာနိုင်ငံ အခြေအနေချင်း ဘာကွာခြားလဲ
တောင်ကိုးရီးယား သမ္မတနိုင်ငံမှာ ဒီဇင်ဘာ ၃ ရက်နေ့ညက စစ်တပ်ကို အသုံးချဖို့ကြိုးစားတဲ့ သမ္မတ ယွန်ဆော့ယို နဲ့ သူကြေညာခဲ့တဲ့ တညသာခံတဲ့ စစ်အုပ်ချုပ်ရေး အမိန့်၊ လွှတ်တော်၊ အတိုက်အခံပါတီ တို့ရဲ့ အနေအထားတွေနဲ့ မြန်မာနိုင်ငံက ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းမှု ဖြစ်ပွားခဲ့တဲ့ အခြေအနေတို့ကို နှိုင်းယှဥ်ဝေဖန်နေကြပါတယ်။
တောင်ကိုးရီးယား နိုင်ငံ သမ္မတဖြစ်သူက ဒီဇင်ဘာ ၃ ရက်နေ့ညမှာ ရုပ်သံကနေ ရုတ်တရက် အရေးပေါ် အခြေအနေကြောင့် စစ်အုပ်ချုပ်ရေး ကြေညာလိုက်ကြောင်း ကြေညာအပြီး ညတွင်းချင်း လွှတ်တော်မှာကိုယ်စားလှယ် နေရာအများစုရထားတဲ့ အတိုက်အခံပါတီက ဦးဆောင်ကာ ကိုယ်စားလှယ်တွေကို လွှတ်တော်ကို လာရောက်ဖို့ နှိုးဆော်ခဲ့ပြီး ညတွင်းချင်း သမ္မတရဲ့ စစ်အုပ်ချုပ်ရေး ကြေညာချက်ကို ပယ်ဖျက်ခဲ့ပါတယ်။ အဲဒီနောက် နာရီပိုင်းအတွင်းမှာပဲ သမ္မတက သူ့ရဲ့ စစ်အုပ်ချုပ်ရေး ကြေညာချက်ကို ပြန်ရုပ်သိမ်းသွားခဲ့ပါတယ်။
သမ္မတရဲ့ စစ်အုပ်ချုပ်ရေး ကြေညာချက်ကို သူ့မိခင်ပါတီကလည်း ထောက်ခံခြင်း မပြုသလို တောင်ကိုးရီးယား စစ်တပ်အနေနဲ့ သမ္မတရဲ့ အမိန့်ကို လိုက်နာပေမယ့်လည်း မြန်မာနိုင်ငံက စစ်တပ်လို ၄င်းတို့က အာဏာသိမ်းတာ မဟုတ်ပဲ သမ္မတက အမိန့်ပေးတာကြောင့်သာ လုပ်ဆောင်ရတဲ့ အနေအထားဖြစ်တာ သတိပြုမိပါတယ်။ တောင်ကိုးရီးယားနိုင်ငံက စစ်အုပ်ချုပ်ရေးကြေညာချက်ဟာ အာဖရိကတိုက်က နိုင်ငံတွေမှာ စစ်ဗိုလ်ချုပ်တွေ အာဏာသိမ်းပြီး ကြေညာတဲ့ စစ်အုပ်ချုပ်ရေးမျိုး မဟုတ်သလို မြန်မာနိုင်ငံလို စစ်တပ်က နိုင်ငံရေးအာဏာကို ဆယ်စုနှစ်များစွာ ရယူထားပြီး အချိန်ကာလတခုမှာ တစိတ်တပိုင်း ဝေမျှပေးပြီး အာဏာပြန်သိမ်းလို့ ကြေညာတဲ့ စစ်အုပ်ချုပ်ရေးမျိုးလည်း မဟုတ်ပါဘူး။
အခုလို တောင်ကိုးရီးယား နိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ စစ်အုပ်ချုပ်ရေး ကြေညာမှုက စစ်အာဏာသိမ်းမှုနဲ့ အခြေခံသဘောသဘာဝချင်း မတူညီကြပါဘူး။ စစ်အုပ်ချုပ်ရေး ကြေညာတဲ့နေရာမှာ တူပေမယ့် စစ်တပ်က အာဏာသိမ်းတာ မဟုတ်တဲ့အချက်က အဓိက ကွဲပြားတာဖြစ်ပါတယ်။ မြန်မာနိုင်ငံက စစ်အာဏာသိမ်းမှုကို ကြုံခဲ့ကြရတဲ့ နိုင်ငံသားတွေ၊ နိုင်ငံရေး သမားတွေ၊ သတင်းမီဒီယာ သမားတွေ နဲ့ အရပ်ဖက်အဖွဲ့အစည်းက သူတွေက တောင်ကိုးရီးယား နိုင်ငံ က အဖြစ်အပျက်နဲ့ ပတ်သက်လို့ မြန်မာနိုင်ငံက စစ်အာဏာသိမ်းပြီး စစ်အုပ်ချုပ်ရေး ကြေညာတဲ့ အဖြစ်အပျက်နဲ့ ချိန်ထိုးကာ အကဲဖြတ် ဝေဖန်နေကြတာ တွေ့ရပါတယ်။
ဝေဖန်ချက် ရှုထောင့်တခုက တောင်ကိုးရီးယား စစ်တပ်က မြန်မာစစ်တပ်လို မဟုတ်၊ စစ်အုပ်ချုပ်ရေး ကြေညာတဲ့ သမ္မတကို အပြည့်အဝ ထောက်ခံခြင်း မရှိဘူး။ လူထုဆန္ဒ၊ လွှတ်တော်ရဲ့ ဆန္ဒကို လေးစားတယ် ဆိုတဲ့အမြင်မျိုးနဲ့ မြန်မာအသိုင်းအဝိုင်းမှာ ဝေဖန်ပြောဆိုကြတာလည်း တွေ့ရပါတယ်။ ဒုတိယကမ္ဘာစစ်အပြီး တောင်ကိုးရီးယား နိုင်ငံမှာ နိုင်ငံတကာတပ်တွေ ဝင်ပါပြီး တိုက်ခဲ့ကြတဲ့ တောင်နဲ့မြောက် ပြည်တွင်းစစ်ဖြစ် ပွားခဲ့ပြီး စစ်တပ်က နိုင်ငံရေးအာဏာရဲ့ အလယ်ဗဟိုမှာ ရှိခဲ့ကာ စစ်ဗိုလ်ချုပ်ကြီးတွေက နိုင်ငံကို ဆယ်စုနှစ်နဲ့ အုပ်ချုပ်ခဲ့ကြပါတယ်။ တောင်ကိုးရီးယား စစ်ဗိုလ်ချုပ်တွေက အာဏာရှင် ပုံစံသွားသော်လည်း တိုင်းပြည်ကို ပိတ်ထားပြီး အာဏာရှင်စနစ် တည်ဆောက်တာထက် အနောက်နိုင်ငံတွေ နဲ့ ထိတွေ့ဆက်ဆံမှုရှိတဲ့ အရင်းရှင်စီးပွားရေး စနစ်ကို အခြေခိုင်အောင် တည်ထောင်ခဲ့တဲ့ အာဏာရှင်ပုံစံမျိုးနဲ့ အုပ်ချုပ်ခဲ့တာ တွေ့ရမှာဖြစ်ပါတယ်။ အတိုက်အခံတွေကို စစ်ဗိုလ်ချုပ်ကြီးတွေကို ဆန့်ကျင်တဲ့နိုင်ငံရေးသမားတွေကို လည်း ထောင်ချခဲ့ ဖိနှိပ်ခဲ့ကြပေမယ့် အရင်းရှင်စီးပွားရေး စနစ်အမြစ်တွယ်ပြီး အလုပ်သမားအင်အားစုတွေ၊ အလုပ်သမားသမဂ္ဂတွေ အင်အားကောင်းခဲ့ကာ စစ်တပ်ရဲ့ အာဏာကို အတိုက်အခံလုပ်ခဲ့ကြတဲ့ သမိုင်းရှိခဲ့တာ တွေ့ရပါလိမ့်မယ်။
နောက်အမြင် ချဥ်းကပ်မှုတခုကတော့ တောင်ကိုးရီးယားနိုင်ငံ လွှတ်တော်အနေနဲ့ စစ်အုပ်ချုပ်ရေး အမိန့်ကို ချက်ခြင်းတုံ့ပြန် ဆောင်ရွက်နိုင်တာကြောင့် စစ်အုပ်ချုပ်ရေး ကြေညာတာဟာ မအောင်မမြင်ဖြစ်သွားတယ် ဆိုတဲ့ သုံးသပ်ရှုမြင် ပြောဆိုမှု ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာလည်း ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းတယ်လို့ ကြေညာပြီးနောက် လွှတ်တော်ကသာ ချက်ခြင်းတုံ့ပြန်နိုင်ခဲ့ရင် ရလဒ်တမျိုးထွက်လိမ့်မယ် ဆိုတဲ့ ရှုထောင့်က သုံးသပ် ပြောဆိုကြတာ ဖြစ်ပါတယ်။
ချဥ်းကပ်မှု ရှုထောင့် ၂ ခုစလုံးက မှားယွင်းတယ်လို့ မဆိုနိုင်ပေမယ့် မြန်မာနိုင်ငံရဲ့ အခြေအနေနဲ့ တောင်ကိုးရီးယား နိုင်ငံအခြေအနေ စီးပွားရေးနောက်ခံ၊ လူထုရဲ့ နိုးကြားမှု၊ ဖက်ဒရယ်ပြဿနာ မရှိခြင်း၊ အလုပ်သမားအဖွဲ့အစည်းတွေ အင်အားကောင်းတာ၊ လူ့အခွင့်အရေး၊ အရပ်ဖက် အဖွဲ့အစည်းတွေ အခြေတည်ပြီး ထုထည်နဲ့ ရှိနေတဲ့ အနေအထားတွေက မြန်မာနိုင်ငံနဲ့ လုံးလုံးမတူတာ တွေ့ကြရမှာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာကို သိမ်းယူဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပြီး စစ်တပ်ကို အားပြိုင်နိုင်မယ့် မြို့ပေါ်က အလုပ်သမားအင်အားစုလို၊ ကျေးလက်က လယ်သမားအင်အားစုလို အင်အားတွေက စုစည်းဖွဲ့စည်းထားနိုင်တဲ့ အနေအထားမရှိတာတွေ့ရမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ စစ်တပ်ကို ယှဥ်ပြိုင်ဖို့ဆိုရင် လက်နက်ကိုင် အဖွဲ့တွေကိုသာ ပြေးမြင်ကြပြီး မြို့တွေမှာ စစ်တပ်ကို အားပြိုင်ဖို့ အလုပ်သမား သမဂ္ဂလို အင်အားစုတွေ၊ နည်းပါးတာလည်း တွေ့ရမှာ ဖြစ်ပါတယ်။
နောက်တချက်က လွှတ်တော်ကိုယ်စားလှယ်တွေ အနေနဲ့ စစ်တပ်ကို စိမ်ခေါ်နိုင်လောက်တဲ့ နိုင်ငံရေးအတွေ့အကြုံမရှိဘူးလို့ လည်း ဆိုမယ်ဆို ဆိုနိုင်ပါတယ်။ စစ်တပ်က စစ်အာဏာသိမ်းလိုက်ကတည်းက လွှတ်တော်ကိုယ်စားလှယ်တွေကို ပိတ်သင့်တဲ့နေရာမှာ ပိတ်ဆို့ထား၊ အချို့ကို အာဏာသိမ်းချိန်မှာ တပြိုင်နက်ထည်း ဖမ်းဆီးထိန်းသိမ်းထားလိုက်ပြီး လွှတ်တော်မှာ စုစည်းဖို့ အခွင့်အရေးမရအောင် လုပ်ဆောင်ထားခဲ့တာ တွေ့ရမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံက စစ်အုပ်ချုပ်ရေးက အာဏာကို ကိုင်စွဲဖို့ ဆုံးဖြတ်ထားတဲ့ စစ်တပ်ကသိမ်းတာဖြစ်ပြီး တောင်ကိုးရီးယားက စစ်အုပ်ချုပ်ရေး ကြေညာမှုက အတိုက်အခံ အင်အားစုကို မြောက်ကိုးရီးယား လိုလားသူ၊ သူလျှိုအဖြစ် စွပ်စွဲကာ အာဏာ ဆက်လက်ချုပ်ကိုင်လိုတဲ့ သမ္မတဖြစ်သူ ရဲ့ ဆုံးဖြတ်ချက်နဲ့ ကြေညာတဲ့ စစ်အုပ်ချုပ်ရေးသာ ဖြစ်တယ်ဆိုတာ ကွဲကွဲပြားပြား နားလည်သဘောပေါက် နိုင်ကြလိမ့်မယ်လို့ ထင်မြင်ပါတယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar