Breaking News

ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - ခွေးလမ်းပေါက်လို့မရ

ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - ခွေးလမ်းပေါက်လို့ မရ

(မိုးမခ) ဒီဇင်ဘာ ၃ ၊ ၂၀၂၄


ယူနန်နောက်ဖေးပေါက်က အပြန် အာဆီယံလမ်းကြားမှာ ရွေးကောက်ပွဲ အလံကလေးနဲ့ တလွှားလွှား လုပ်မယ်ကြံကာမှ ICC က ဝရမ်းကပ်မယ် လုပ်လာတော့ ဆင့်ဖိနပ်နဲ့ ခွေးမြီးပြတ် နင်းထားသလို တအိန်အိန်သာ အော်နေရမယ့်အဖြစ်ဆိုး။ 

ကြင်စိုးအဖို့က နေရာတကာ ကြိုးစင်။ ကြိုးရက်ကို လက်ရေချိုး သတ်ထားတဲ့ အသက်တွေအဖိုးအခ ပြန်ပေးရတော့မယ့် အချိန်။ နွားခြေရာနောက် လှည်းဘီးလိုက်သလို ကြင်စိုးနောက် သူသတ်ခဲ့တဲ့ ဝိညာဉ်တွေ ရောက်နေပြီ။ ပြေးလေ လိုက်လေ။ ခုဆို ပြည်သူ့သွေးညှီ နံသူနဲ့ အာဆီယံကလည်း တစားပွဲတည်း ထိုင်ဖို့ မဖြစ်နိုင်တော့။ မအလရဲ့ ‌နှစ်ရပ်ကွက်နဲ့ ကင်းတကင်း‌လောက် ရွေးကောက်ပွဲနဲ့ လူရာဝင်ဖို့အကြံ မဟန်တော့။ သူခိုးကို ငြာသံပေး မောင်းထုတ်အဆင့် မဟုတ်၊ ခွေးရူးမို့ အပြတ်ရှင်းရေး ရရာ တုတ် ဓားကိုင်ပြေးလာတဲ့ လူအုပ်ကြီးက နောက်မှာ။ ကြင်စိုး ဝင်တိုးစရာ ချုံမရှိတော့။

တရုတ်ကိုလည်း ပြည်သူ့သဘောထားတွေ ထုတ်ပြလာကြပြီ။ စစ်ကောင်စီယုတ်နဲ့ တွဲလို့ကတော့ မဟုတ်တရုတ်ဖြစ်ရုံမှတပါး အခြားမရှိ။ သမ္မတကလဲ ပြင်ဝန်တွေ ပြန်ခေါ်ပြီ။ ခုဘဲ ဖက်ဒရယ်ဝင်းနဲ့ နုကြည်ဆက်သွယ်‌ရေးဝန်ကြီးဌာန အကွဲအပြဲသတင်း တက်လာတယ်။ အဲဒီဌာနလည်း အပြင်က။ အတွင်းက အဖြစ်သနစ်ကို တရစ်ချင်း ထင်ဟပ်ဖို့မလွယ်။ ဖက်ဒရယ်ဝင်းက နုကြည်ဘက် လိုအပ်ချက်တွေကို ထုတ်ပြောလာတယ်။ လူလွဲခန့်တဲ့ကိစ္စပါပဲ။ ပသုံးလုံးပြဿနာနဲ့အပြိုင် တပ်ရင်းမှူးပြဿနာပါ။ ကိုယ့်လူကို ဇွတ်ထိုးထည့်တဲ့ ပြဿနာပါ။ ဒါမျိုးတွေ ကျေကျေလည်လည်ရှင်းချိန်တန်ပြီ။ ဗိုလ်နဂါးတို့ ပြဿနာမျိုးတွေလည်း ဆက်ဖြစ်မနေသင့်တော့။ ဟိုလူလာ လက်မခံ ဒီလူလာ လက်မခံ၊ အလှူငွေတော့ ဘယ်ကလာလာ လက်ခံဆိုတာတွေလည်း အကြားမတော်တခွန်း။ ငါတို့မှာ ငါတို့ပဲ ရှိတယ်ဆိုတာက အလှူခံချိန်သုံးတဲ့စကား မဖြစ်သင့်။ ငါတို့အောက် မဝင်ရင် အမြင်က ရန်သူအပေါ်ထားတဲ့ သဘောထားထက် တင်းမာ။ ဆိုင်ရာဒေသတွေမှာ တော်လှန်ရေးယန္တရား မဟုတ်ဘဲ ဖိနှိပ်ရေးယန္တရားဖြစ်လာ။ အပြတ်ရှင်းမယ် ဆိုတာက ပါသေး။ တော်လှန်ရေးတစုံလုံးအတွက် အလှူခံပြီး ကိုယ့်အောက်မဝင်တာနဲ့ မထောက်ပံ့တာလည်း မဟုတ်။ မထောက်ပံ့ရုံမဟုတ်၊ ချေမှုန်းဖို့အထိ လုပ်လာ။ အကုန်လုံး နောက်ကျည်ကြောက်လာ။ ရှေ့မတက်သာတော့။ ရန်သူ့ရဲ့ ရန်သူတောင် မိတ်ဆွေဖြစ်လာတော့မယ့် အခြေ။ ဒီအချိန်မှာ စကစဘက်က ဒရုန်းတွေအဆင့်မြှင့်လာ။ စစ်ကြောင်းပိုထိုးလာ။ တရုတ်နဲ့ထိစပ်အဖွဲ့တွေ ခြေချုပ်မိလာ။ အခွန်ကိစ္စတွေက ပြည်သူ့ဝန်ထုပ်ဝန်ပိုးဖြစ်လာ။

ပြည်နယ်တွေမှာ သပ်လျှိုသွေးခွဲလို့ရတဲ့ အခြေအနေတွေရှိ။ အားလုံးက ကျိတ်ပြီး အမျိုးဘာသာသာသနာနေကြချိန်။ အားလုံး ကိုယ့်အောက်က ထင်ပြီး အချင်းချင်း သေနတ်နဲ့ ချိန်နေတာတွေလျှော့။ တော်လှန်ရေးမောင်ပိုင်စီးတာ လျှော့။ ဖလား အပိုင်စီးတာ လျှော့။ ရန်သူကို တိုက်ဖို့ထက် အချင်းချင်း သေနတ်ပြောင်းကို လိုက်ချောင်းနေရ။ စစ်အုပ်စုကို ထန်းလည်ဆစ်ကျိုး လှေပိုးထိုးလို သဘောထားလို့ မရ။ ညောင်မြစ်။ သေချာတူးထုတ်နိုင်မှ။ အင်္ဂတေပိတ်ထားရုံနဲ့ စိတ်မချရ။ သခင်စိုးတို့ကစလို့ စစ်တပ် ကျုံးသွင်းခဲ့တဲ့ နိုင်ငံရေးပဂေးတွေ အနမတဂ္ဂ။ အာဏာမသိမ်းခင်ကလေးအထိ မချိတင်ကဲ မြင်ခဲ့ရ ကြားခဲ့ရ။ 


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar