Breaking News

မြန်မာနဲ့ ထိုင်းနိုင်ငံအကြားက ငါးဖမ်းလှေ ပစ်ခတ်ခံရတဲ့ ပြဿနာ

မြန်မာနွေဦးခရိုနီကယ် - ဒီဇင်ဘာ ၂ မြင်ကွင်း

မိုးမခ၊ ဒီဇင်ဘာ ၃၊  ၂၀၂၄


မြန်မာနဲ့ ထိုင်းနိုင်ငံအကြားက ငါးဖမ်းလှေ ပစ်ခတ်ခံရတဲ့ ပြဿနာ

နိုဝင်ဘာ ၂၇ ရက်နေ့က ထိုင်းငါးဖမ်းလှေကို မြန်မာရေတပ် သင်္ဘောက ပစ်ခတ်ပြီး ငါးဖမ်းလှေပါ ရေလုပ်သားတွေ ဖမ်းဆီးခံရတဲ့ ဖြစ်ရပ်ဖြစ်ပွားခဲ့ပြီး ၅ ရက်ဝန်းကျင် ကြာမြင့်လာတဲ့တိုင် ဖမ်းဆီးထားတဲ့ ထိုင်းနဲ့ မြန်မာနိုင်ငံသား ရေလုပ်သားတွေကို ပြန်လွှတ်ပေးခြင်း မရှိသေးပါဘူး။ ဒီဇင်ဘာ ၂ ရက်နေ့မှာတော့ စစ်ကောင်စီက အဖြစ်အပျက်ဖြစ်ပွားပြီးနောက် ပထမဆုံး ထုတ်ဖော်ပြောဆိုရာမှာ ထိုင်းရော မြန်မာရေလုပ်သားတွေကို ကောင်းကောင်းမွန်မွန် ထိန်းသိမ်းထားပြီး စစ်ဆေးမေးမြန်းချက်တွေအရ တရားမဝင် အဖွဲ့အစည်းတွေနဲ့ ဆက်သွယ်တဲ့ အထောက်အထားတွေ တွေ့ရှိရတယ်လို့ ဆိုပါတယ်။ လက်နက်ခဲယမ်း မဟုတ်တဲ့ သက်သေအထောက်အထား ပစ္စည်းတွေ တွေ့ရှိရတယ်လို့ စစ်ကောင်စီက သတင်းမီဒီယာတွေက ပုံကြီးချဲ့ ဖော်ပြကြတယ်လို့ အပြစ်တင် ပြောဆိုလိုက်ပါတယ်။ 

အခုဖြစ်ရပ်နဲ့ပတ်သက်လို့ ၄င်းတို့နဲ့ ထိုင်းစစ်တပ်အကြား ဆက်သွယ်ပြောဆိုမှုတွေ ရှိနှင့်ပြီးဖြစ်တယ်လို့ ဆိုလိုက်ပါတယ်။ ဒီဖြစ်ရပ် ဖြစ်ပွားပြီးနောက် ထိုင်းဝန်ကြီးချုပ် ပေတုန်တန် ရှီနာဝပ်က အကယ်၍ ရေပြင်ပိုင်နက်ထဲ ကျော်ပြီး ငါးဖမ်းခဲ့တယ် ဆိုသည့်တိုင် အခုလို ပစ်ခတ်ဖမ်းဆီးတဲ့ အဖြစ်၊ အကြမ်းဖက်မှုကို လက်မခံနိုင်ဘူးလို့လည်း ပြောဆိုခဲ့ပါတယ်။ 

အခုလို မြန်မာရေတပ်က ထိုင်းငါးဖမ်းလှေကို ပစ်ခတ်ဖမ်းဆီးတဲ့ ဖြစ်ရပ်ဟာ မြန်မာနိုင်ငံရဲ့ ပြဿနာတွေကို ကိုယ်စားပြုဖော်ပြလိုက်တဲ့ ပြဿနာတရပ်လို့ ဆိုရင် မှားမယ် မထင်ပါဘူး။ စစ်အာဏာသိမ်း စစ်ကောင်စီအစိုးရရဲ့ ထိုင်းနိုင်ငံလို အင်အားကြီး နိုင်ငံမဟုတ်တဲ့ အိမ်နီးချင်းအပေါ်မှာ ပြုမူတဲ့ အပြုအမူ၊ မြန်မာ့ပင်လယ်ပြင်ပိုင်နက်မှာ ထိုင်းဘက်က ငါးဖမ်းလှေတွေ ဝင်ရောက်ပြီး ငါးခိုးဖမ်းနေကြတာ ခေတ်အဆက်ဆက်မှာ ရှိခဲ့သလို မြန်မာ့ရေတပ်ဘက်ကလည်း အစဥ်အမြဲ ရေနယ်နိမိတ်ကို ထိန်းသိမ်းစောင့်ရှောက်တယ် ဆိုတာထက် ငွေကြေး လာဘ်လာဘ ထိုးပြီး ငါးပေးဖမ်းခဲ့တဲ့ အစဥ်အလာကိုလည်း အဲဒီဒေသက ဒေသခံတွေ အိမ်နီးချင်း ထိုင်းနိုင်ငံဘက်က ငါးဖမ်းလှေတွေက သိရှိထားပြီးသား ဖြစ်နေကြတာပါ။ ခေတ်အဆက်ဆက်မှာ ငါးခိုးဖမ်းတဲ့ ပြဿနာရှိခဲ့ပေမယ့် အရင့်အရင်ကာလတွေတုန်းက လာဘ်စားကာ လွှတ်ထားပေးခဲ့ပြီး အခုလိုအချိန်ကာလမှ ဘယ်လို စေ့ဆော်မှုကြောင့် မြန်မာရေတပ်က ပစ်ခတ်ဖမ်းဆီးတာမျိုး လုပ်ဆောင်ခဲ့သလဲဆိုတဲ့ မေးခွန်းလည်း ပေါ်ထွက်လာခဲ့ပါတယ်။ 

ထိုင်းစစ်တပ်နဲ့ မြန်မာစစ်တပ်အကြား နားလည်မှုရှိနှင့်ပြီး ဖြစ်တဲ့သဘော စစ်ကောင်စီရဲ့ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆိုပါတယ်။ ဒီလိုပြောဆိုမှုက ထိုင်းစစ်တပ်နဲ့ ပြဿနာမရှိဘူးဆိုတဲ့ သဘောမျိုး ပြသချင်တာကြောင့်လို့ ကောက်ချက်ချမယ်ဆို ချနိုင်ပြီး မကြာခင်သီတင်းပတ်တွေမှာ မြန်မာနိုင်ငံထဲက နိုင်ငံရေးအကျပ်အတည်း၊ လက်နက်ကိုင်ပဋိပက္ခတွေနဲ့ ပတ်သက်လို့ ထိုင်းနိုင်ငံက ကမကထလုပ်ကာ အစည်းအဝေးတရပ် ကျင်းပဖို့ရှိတာကြောင့် အခုအဖြစ်အပျက်က အဆိုပါ မြန်မာ့အရေးဆွေးနွေးပွဲအပေါ် သက်ရောက်မှု ရှိစေချင်တာကြောင့် မြန်မာစစ်တပ်က တမင်တကာ လုပ်ဆောင်ခဲ့တာလားဆိုတဲ့ သံသယလည်း ရှိကောင်းရှိနိုင်ပါတယ်။ 

ထိုင်းနိုင်ငံနဲ့ မြန်မာနိုင်ငံ အကြား ရေပိုင်နက်ကျူးကျော်ပြီး ငါးဖမ်းတဲ့ အဖြစ်အပျက်က ထူးခြားတဲ့ ကိစ္စမဟုတ်ပေမယ့် ပစ်ခတ်ဖမ်းဆီးတဲ့ ဖြစ်ရပ်က ထူးခြားနေတဲ့ သဘောြဖစ်ပါတယ်။ နောက်တချက်က မြန်မာနိုင်ငံက ရွှေ့ပြောင်းအလုပ်သမားအများအပြားက ထိုင်းငါးဖမ်းလှေတွေမှာ အလုပ်လုပ်နေကြတဲ့ အကြောင်းအရာက အခု ဖြစ်ရပ်မှာ ပေါ်လွင်လာပါတယ်။ အခု စစ်ကောင်စီဘက်က ဖမ်းဆီးထားသူ ၃၁ ဦးအနက် ထိုင်းနိုင်ငံသား ၄ ဦးသာ ပါရှိပြီး မြန်မာနိုင်ငံသား ၂၇ ဦး ရှိတယ်လို့ သတင်းဖေါ်ပြမှုတွေအရ သိရတာကြောင့် မြန်မာရေလုပ်သားအချိုးအစားက ထိုင်းနိုင်ငံသား ရေလုပ်သားထက်  ၇ ဆလောက် များပြားနေတာလည်း သတိပြု စရာဖြစ်ပါတယ်။ တဖန် အဆိုပါ မြန်မာရေတပ်က ဖမ်းတဲ့ မြန်မာနိုင်ငံသားတွေ နဲ့ ပတ်သက်လို့ ထိုင်းနိုင်ငံဘက်က လွှတ်ပေးဖို့ ပြောဆိုတာ မတွေ့ရဘဲ၊ မြန်မာစစ်တပ်နဲ့ မြန်မာရေလုပ်သားတွေ မြန်မာနိုင်ငံက ဥပဒေနဲ့ ဖြေရှင်းကြဆိုတဲ့ သဘောမျိုးလားလို့ ယူဆစရာပါ။ ထိုင်းငါးဖမ်းလှေမှာ အလုပ်လုပ်ရင် အခုလို အသက်အန္တရာယ်နဲ့ နီးတဲ့ ဖမ်းဆီးခံရတဲ့ မြန်မာအလုပ်သမားတွေ အတွက် ထိုင်းနိုင်ငံဘက်က ရည်ညွှန်းပြောဆိုတာမရှိခြင်းကလည်း ဝေဖန်စရာ ဖြစ်ပါတယ်။ 

အခုလို မြန်မာရေတပ်က ငါးဖမ်းလှေကို ပစ်ခတ်ဖမ်းဆီးခြင်းဟာ နိုင်ငံရေးအရ ကြံစည်မှု တခုလားလို့တောင် ယူဆစရာရှိနေတဲ့ အနေအထားဖြစ်ပါတယ်။ ရှမ်းပြည်နယ် အရှေ့ပိုင်း ဝ လက်နက်ကိုင် တပ်တွေထိန်းချုပ် နယ်မြေက စစ်စခန်း ၉ ခုကို ရွှေ့ပေးဖို့ ထိုင်းစစ်တပ်က ဝ လက်နက်ကိုင် အဖွဲ့ကို ဒီဇင်ဘာ ၁၈ ရက်နေ့ နောက်ဆုံးအနေနဲ့ သတ်မှတ်သတိပေးထားချိန် တနင်္သာရီတိုင်းနဲ့ ထိုင်းနိုင်ငံ နယ်စပ် ပင်လယ်ပြင်မှာ အခုလို ငါးဖမ်းလှေကို ပစ်ခတ်မှုက နယ်နိမိတ်အငြင်းပွားမှုကို လက်စားချေတဲ့ လုပ်ရပ်လားလို့ စဥ်းစားစရာလည်း ရှိနေတာ ဖြစ်ပါတယ်။ 

ဘယ်လို စေ့ဆော်မှုနဲ့ စစ်ကောင်စီဘက်က လုပ်ဆောင်သလဲဆိုတာ တထစ်ချ မပြောနိုင်သည့်တိုင် အခုလို နယ်စပ် အငြင်းပွားမှု၊ ဘင်္ဂလားဒေ့ရှ် ရေလုပ်သားကို ပစ်ခတ်မှုတွေက စစ်ကောင်စီ အနေနဲ့ ရန်လိုတဲ့ အနေအထားမျိုး ပြသလိုတဲ့သဘောလား၊ ၄င်းကို ထောက်ခံသူတွေကို အမျိုးသားရေးနဲ့ စစ်အင်အား ရှိကြောင်းပြသလိုတဲ့ ရည်ရွယ်ချက်နဲ့ လုပ်ဆောင်တာလား ဆိုတဲ့ သံသယတွေလည်း ပေါ်ထွက်လာနေတာ ဖြစ်ပါတယ်။



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar