ကောင်းဇေလူ - မြန်မာ့ပြည်တွင်းရေး တရုတ်စွက်ဖက် နယ်ချဲ့မှုကို ညီညီညွတ်ညွတ် တိုက်ဖျက်ကြချိန်ရောက်ပြီ
ကောင်းဇေလူ - မြန်မာ့ပြည်တွင်းရေး တရုတ်စွက်ဖက် နယ်ချဲ့မှုကို ညီညီညွတ်ညွတ် တိုက်ဖျက်ကြချိန်ရောက်ပြီ
(မိုးမခ) ဒီဇင်ဘာ ၂ ၊ ၂၀၂၄
လက်ရှိ မြန်မာ့နိုင်ငံရေး ပဋိပက္ခဟာ အရွေ့တခုဖြစ်ပေါ် လာပြီ ဖြစ်တယ်။ ပထမအချက်က တရုတ်နိုင်ငံရဲ့ မြန်မာ့အရေးဆိုင်ရာ နိုင်ငံခြားရေးမူ၀ါဒ လွဲမှားမှုကြောင့် မြန်မာလူထုအကြား တရုတ်ဆန့်ကျင်ရေးသဘောထား ပိုမိုမြင့်တက်လာတာ ဖြစ်တယ်။ တရုတ်နိုင်ငံဟာ မြန်မာပြည်သူတွေရဲ့ သဘောထားကို လုံး၀ဆန့်ကျင်ပြီး အကြမ်းဖက်စစ်အာဏာရှင်ဘက်က ရပ်တည်ပြလိုက်လို့အတိုက်အခံတွေ သွေးစည်းဖို့ ဖြစ်လာတယ်။ အကောင်းဘက်က ကြည့်ရင် တရုတ်က စစ်တပ်ဘက်က ဗြောင်ကျကျ ရပ်တည်ပေးလိုက်တဲ့အတွက် နွေဦးတော်လှန်ရေးဘက်တော်သားတွေကို သွေးစည်းညီညွတ်ကြဖို့ တပ်လှန့်လိုက်သလိုလည်း ဖြစ်တယ်။
ဒုတိယအချက်ကတော့ အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ဖို့ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံး (ICC) ရဲ့ ရှေ့နေချုပ် ကာရင် အာဆက် အာမက် ခန် (Karim AA Khan) က ICC တရားရုံးကို နိုဝင်ဘာ ၂၇ ရက်နေ့ က လျှောက်ထားလိုက်တဲ့ အကြောင်းကြောင့် ဖြစ်တယ်။ ဒါ့အပြင် မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ဖို့အတွက် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံး (ICC)ရဲ့ စုံစမ်းစစ်ဆေးမှုတွေမှာ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောစုံစမ်းစစ်ဆေးမှုယန္တရား (IIMM)က ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ကြောင်း IIMM က နိုဝင်ဘာ ၂၈ ရက်မှာ ထုတ်ပြန်လိုက်တယ်။
ဖော်ပြပါအကြောင်းအရာ နှစ်ချက်ကြောင့် နိုင်ငံတကာ သတင်းမီဒီယာတွေရဲ့ မျကိနှာဖုံးမှာ မြန်မာ့အရေးဟာ လူအများရဲ့ အာရုံပြုစရာ ဖြစ်လာတယ်။ အရင်က မြန်မာ့အရေးကို မျက်နှာလွှဲခဲပစ် လုပ်တာခံနေရပြီး တရုတ်နဲ့ ရုရှားတို့ရဲ့ ဘက်လိုက်မှုကြောင့် မြန်မာပြည်သူတွေဘက်က အလွန်တရာ နစ်နာနေခဲ့ရတယ်။
တရုတ်နိုင်ငံရဲ့ မြန်မာ့အရေးဆိုင်ရာ နိုင်ငံခြားရေးမူ၀ါဒ လွဲမှားမှုကတော့ စစ်ရာဇ၀တ်မှု အများအပြား ကျူးလွန်ထားတဲ့ မြန်မာစစ်ခေါင်းဆောင်ကို အသိအမှတ်ပြုလိုက်တဲ့အတွက် ဖြစ်တယ်။ UNICEF က ထုတ်ပြန်ထားတဲ့ ကြေညာချက်အရ ပြည်တွင်းစစ်ကြောင့် လူပေါင်း ၃.၄ သန်း အိုးအိမ်မဲ့ ဖြစ်နေပြီး အဲဒီအထဲမှာ ကလေးသူငယ် ၄၀ ရာနှုန်း ပါဝင်နေတယ်လို့ ဆိုတယ်။
မြန်မာ နိုင်ငံဆိုင်ရာ လူ့အခွင့်အရေး တာဝန်ခံ တွန် အင်ဒရူးကလည်း ကုလသမဂ္ဂ အထွေထွေ ညီလာခံထံ တင်သွင်းတဲ့ သူ့ အစီရင်ခံစာမှာ အကြမ်းဖက် စစ်တပ်က ၎င်းတို့ လက်လွှတ်ခဲ့ရတဲ့ နယ်မြေများရှိ အရပ်သားများကို နောက်ဆုံးပေါ် လက်နက်များ သုံးပြီး တိုက်ခိုက် ဖျက်ဆီးနေကြောင်း ထောက်ပြထားခဲ့တယ်။
မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းလိုက်တဲ့ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့ကနေ ၂၀၂၄ နိုဝင်ဘာ ၂၉ ရက်နေ့အတွင်း စစ်ကောင်စီကြောင့် အသက်ဆုံးရှုံးခဲ့ရတဲ့ ပြည်သူဦးရေ ၉,၀၀၀ နီးပါးရှိနေပြီ ဆိုတာကို နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က နိုဝင်ဘာလ ၂၉ ရက် နေ့မှာ နောက်ဆုံးရစာရင်း သတင်းထုတ်ပြန်လိုက်တာ ဖြစ်တယ်။ သေဆုံးခဲ့ရသူတွေက စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်သူတွေ၊ ဒီမိုကရေစီရေး လှုပ်ရှားသူတွေနဲ့ ပြည်သူတွေ ဖြစ်သလို အကျဉ်းထောင်အတွင်း သေဆုံးတာ၊ စစ်ကြောရေးမှာ သေဆုံးတာ၊ စစ်ကောင်စီလေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံးတာ စတဲ့အချက်တွေကြောင့် သေဆုံးခဲ့ရတာဖြစ်တယ်လို့ ဖော်ပြထားတယ်။
ဒါပေမဲ့ လက်ရှိအချိန်အထီ နိုင်ငံတကာက မြန်မာပြည်သူတွေ သေကျေနစ်နာဆုံးရှုံနေရမှုတွေကို ကာကွယ်မှုမပေးခဲ့ကြဘူး။ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ရှုံ့ချတာမျိုး ထိထိရောက်ရောက် မလုပ်ခဲ့ကြဘူး။ တရုတ်နိုင်ငံ ခေါင်းဆောင် ရှီကျင့်ဖျင်ဟာ သူ့ကိုယ်သူ ပြည်သူ့အစိုးရ ခေါင်းဆောင်လို့ဆိုနေပေမယ့် မြန်မာ့အရေးမှာ မြန်မာပြည်သူတွေရဲ့ အကျိုးကို ပစ်ပယ်ခဲ့တယ်။ အကြမ်းဖက် စစ်တပ်ဘက်က ရပ်ပြလိုက်တော့ ရှီကျင့်ဖျင်ဟာ ဖက်ဆစ်၀ါဒထောက်ခံသူ အာဏာရှင် ဖြစ်လာတယ်။ ဒါကြောင့် နိုင်ငံတကာမှာရှိတဲ့ တရုတ်သံရုံးတွေရှေ့မှာ မြန်မာ့ပြည်တွင်းရေး ၀င်မစွက်ဖက်ဖို့ ကန့်ကွက်ဆန္ဒပြခဲ့ကြတာဖြစ်တယ်။
ပိုမိုစိုးရိမ်စရာကောင်းတာက မြန်မာနိုင်ငံထဲကို တရုတ်လုံခြုံရေးကုမ္ပဏီတွေ ဝင်ရောက်လာမယ်အရေးဖြစ်တယ်။ အောက်တိုဘာ ၂၂ ရက် ရက်စွဲနဲ့ စစ်အစိုးရ ပြန်တမ်းမှာ တရုတ်နိုင်ငံ ဘက်က မြန်မာနဲ့ ပူးတွဲလုံခြုံရေးကုမ္ပဏီတခု တည်ထောင်ရေး အဆိုပြုထားချက်ကို စိစစ်နိုင်ဖို့ စစ်ကောင်စီဘက်က ပြည်ထဲရေး ဒု-ဝန်ကြီး အဆင့် ဦးဆောင်ပြီး ကော်မတီ ဖွဲ့စည်းခဲ့တာကို ဖော်ပြထားတယ်။ အဲဒီကော်မတီကနေ လုံခြုံရေးကုမ္ပဏီအတွက် ပြည်ပကနေ တင်သွင်းလာမယ့် လက်နက်နဲ့ ဆက်သွယ်ရေး စက်တွေ အပါအဝင် စစ်ရေးဆက်စပ် ကန့်သတ်ပစ္စည်းတွေအပေါ် ထိန်းချုပ်နိုင်ဖို့နဲ့ လက်ရှိ ဥပဒေနဲ့ ဆန့်ကျင်မှု ရှိ၊ မရှိ ဆန်းစစ်နိုင်ဖို့ အပြင် မြန်မာနိုင်ငံရဲ့ အချုပ်အခြာ အာဏာကို မထိပါးစေရေး စိစစ်ရမယ့် လုပ်ငန်းတာဝန်တွေကို ဆောင်ရွက်မယ်လို့ ဆိုတယ်။
မြန်မာနိုင်ငံထဲကို တရုတ်လုံခြုံရေးကုမ္ပဏီတွေ ဝင်ရောက်လာမှုကြောင့် ပြည်တွင်းစစ် ပိုမိုပြင်းထန်လာနိုင်ပြီး သံတမန်ရေးအရ တင်းမာမှုတွေလည်း ပေါ်ပေါက်လာနိုင်တယ်လို့ မြန်မာ့အရေးလေ့လာသူတွေက ပြောဆိုကြောင်း South China Morning Post သတင်းမှာ နိုဝင်ဘာလ ၂၈ ရက်နေ့က ဖော်ပြထားတယ်။
တရုတ်ပြည်ရဲ့ စီးပွားရေးနဲ့ မဟာဗျူဟာ အကျိုးစီးပွားတွေကို ကာကွယ်ဖို့အတွက် တရုတ်လုံခြုံရေးကုမ္ပဏီတွေ မြန်မာပြည်မှာ နေရာချထားမှုက ပြည်တွင်းစစ် ပိုမိုကျယ်ပြန့်လာပြီး လူတွေအမြောက်အမြား သေကျေပျက်စီးနိုင်တယ်လို့လည်း လေ့လာသူတွေက သတိပေးလိုက်တယ်။ စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ အင်အားစုတွေ သိမ်းပိုက်ထားတဲ့နယ်မြေတွေက တရုတ်စီမံကိန်းတွေ ပြန်လည်လုပ်ကိုင်နိုင်အောင် တရုတ်လုံခြုံရေးတပ်ဖွဲ့တွေက တာဝန်ယူ ဆောင်ရွက်မယ့်ကိစ္စဟာ စိန်ခေါ်မှုအမြောက်အမြားနဲ့ ကြုံတွေ့ရမှာဖြစ်တယ်လို့လည်း ထောက်ပြကြတယ်။
တရုတ် အစိုးရရဲ့ အဆိုပြုချက်က ပထမဆုံးအကြိမ်အဖြစ် အစိုးရအဆင့် နှစ်ဖက် နားလည်မှု စာချွန်လွှာ (MOU) ထိုးပြီး လက်နက်ကိုင် လုံခြုံရေးတွေ ချထားမယ့် အလားအလာ ဖြစ်တယ်။ သုတေသီတွေကတော့ တရုတ်နိုင်ငံအနေနဲ့ သူ့ရဲ့ ခါးပတ်လမ်း စီမံကိန်း ရှိတဲ့ တခြား တိုင်းပြည်တွေမှာလည်း အလားတူ ပုဂ္ဂလိက လုံခြုံရေးတပ်တွေကို အသုံးပြုတာကို ဥပမာပေးကြပါတယ်။ ပုဂ္ဂလိကလို့ အမည်တပ်ပေမယ့် ဒီဝန်ထမ်းတွေ အများစုကလည်း တရုတ်ပြည်သူ့ လွတ်မြောက်ရေးတပ်မတော် အဖွဲ့ဝင်ဟောင်းတွေ ဖြစ်တယ်လို့ နိုင်ငံတကာ အတွေ့အကြုံတွေအရ သိရတယ်။
“မြန်မာနိုင်ငံမှာ တရုတ်နိုင်ငံရဲ့ ထိပ်တန်းဦးစားပေးက သူတို့ရဲ့ Belt and Road Initiative လို့ခေါ်တဲ့ ခါးပတ်လမ်း စီးပွား စီမံကိန်းနဲ့ ရင်းနှီးမြှုပ်နှံမှုတွေ တည်ငြိမ်အေးချမ်းရေးပဲ” လို့ ပါရဂူ ကျမ်းပြု ကျောင်းသား မြန်မာသုတေသီ တဦးက သုံးသပ်ကြောင်း ဗွီအိုအေသတင်းအရ သိရတယ်။
“ပုဂ္ဂလိက လုံခြုံရေး ကုမ္ပဏီ ဆိုပြီး ဘောင်ခတ် သုံးနှုန်းတာက တရုတ်နိုင်ငံက စစ်ရေးအရ စွက်ဖက်တယ်ဆိုတဲ့ စွပ်စွဲချက်တွေကို ရှောင်ရှားဖို့ တရုတ်နိုင်ငံရဲ့ ဗျူဟာမြောက် လုပ်ဆောင်ချက်” လို့ အဲဒီ အမည်မဖော်လိုတဲ့ မြန်မာသုတေသီက သုံးသပ်ပါတယ်။ စစ်တပ်ကရေးဆွဲခဲ့တဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေမှာလည်း မြန်မာ့မြေပေါ်မှာ နိုင်ငံခြားတပ်တွေ ချထားတာကို တားမြစ်ထားတယ်လို့ အဆိုပါသုတေသီက ထောက်ပြထားတယ်။
တရုတ်နိုင်ငံက သူ့ရဲ့ ရင်းနှီးမြှုပ်နှံမှု စီမံကိန်းတွေကို အကာအကွယ်ပေးဖို့ ရည်ရွယ်လုပ်ဆောင်တယ်ဆိုပေမယ့်၊ တဖက်မှာ မြန်မာ့နွေဦးတော်လှန်ရေးအဖွဲ့တွေရဲ့ ဖြစ်ပေါ် တိုးတက်မှုကို ဆန့်ကျင်ရာရောက်နေတာ တွေ့ရတယ်။ တရုတ်လုံခြုံရေးတပ်ဖွဲ့တွေ မြန်မာ့နယ်မြေထဲ ဝင်လာခဲ့ပါက လက်ရှိ ပဋိပက္ခတွေကို ပိုမိုရှုပ်ထွေး ဆိုရွားလာနိုင်တယ်လို့ မြန်မာ့အရေးလေ့လာသူတွေက ယူဆကြတယ်။ ပူးတွဲလုံခြုံရေးကုမ္ပဏီ အဆိုပြုချက်က တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေအတွက် စိန်ခေါ်မှုတွေ ဖြစ်လာနိုင်ကြောင်း အမည်မဖော်လိုတဲ့ မြန်မာ ပါရဂူကျောင်းသား သုတေသီက ဗွီအိုအေကို ပြောထားတယ်။ “အတိုက်အခံအဖွဲ့တွေ အနေနဲ့ ဒီအခြေအနေအတွက် ပြင်ဆင်ဖို့ အရေးကြီးတယ်” လို့ လည်း သူက ထောက်ပြထားတယ်။
မြန်မာနိုင်ငံ ပဋိပက္ခမှာ တရုတ် နိုင်ငံအနေနဲ့ အခုထက်ပိုပြီး ၀င်ရောက် စွက်ဖက်တာမျိုး မလုပ်ဘဲ သူတို့ လိုချင်တဲ့ တည်ငြိမ်ရေးကို ဖော်ဆောင်သင့်ကြောင်း သုံးသပ်ချက်တွေလည်း ရှိနေပါတယ်။
တရုတ်နိုင်ငံဟာ မြန်မာ့အရေးမှာ ဗြောင်ကျကျ စွက်ဖက်မှုတွေ တိုးမြှင့်လုပ်ဆောင်လာတာနဲ့အမျှ မြန်မာပြည်သူလူထုရဲ့ နွေဦးတော်လှန်ရေး အင်အားစုတွေနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ ထိပ်တိုက်ရင်ဆိုင်ရပါလိမ့်မယ်။ နွေဦးတော်လှန်ရေး အင်အားစုတွေနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေရဲ့ ရည်မှန်းချက်က အကြမ်းဖက် စစ်အာဏာရှင်စနစ် အမြစ်ပြုတ်ရေး ဖြစ်တယ်။ တရုတ်က မြန်မာစစ်အာဏာရှင် ကျားသေကို ပြန်လည်အသက်သွင်းရေးလုပ်နေတယ်။ ပြဒါးတလမ်း သံတလမ်း ဖြစ်နေတာ ထင်ရှားနေတယ်။
နိုဝင်ဘာလ ၂၈ ရက်နေ့က ပေကျင်းမြို့မှာ ပြုလုပ်တဲ့ တရုတ်နိုင်ငံခြားရေးဌာန ပုံမှန်သတင်းစာရှင်းလင်းပွဲအတွင်း ရခိုင်ပြည်နယ်က လက်ရှိအခြေအနေတွေနဲ့ပတ်သက်ပြီး မေးမြန်းစဉ်မှာ တရုတ်နိုင်ငံဟာ နိုင်ငံတကာအသိုက်အဝန်းနဲ့ ပူးပေါင်းဆောင်ရွက်လိုပြီး မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ် အကျပ်အတည်းကို ဖြေရှင်းရာမှာ အပြုသဘောဆောင်တဲ့ အခန်းကဏ္ဍကနေ ပါဝင်ဆောင်ရွက်မှာဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ မော်နင်း (Mao Ning) က ပြောကြားခဲ့တယ်။ ဒါ့အပြင် စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ICC နိုင်ငံတကာရာဇဝတ်တရားရုံးက ဖမ်းဝရမ်းထုတ်ဖို့ ကြိုးပမ်းမှုနဲ့ပတ်သက်ပြီး ICC အနေနဲ့ မျှမျှတတ ဆောင်ရွက်သင့်တယ်ဆိုတဲ့ ရည်တည်ချက်ကို တရုတ်က အမြဲကိုင်စွဲထားတယ်လို့ Mao Ning က သတင်းစာရှင်းပွဲမှာ ပြောပါတယ်။ ဒီအချက်ကို ထောက်ရင် တရုတ်ဟာ ပြတ်ပြတ်သားသား ဖက်ဆစ်စစ်တပ်ဘက်က ရပ်တည်နေတာ တွေ့ရတယ်။ ဒါဟာ နွေဦးတော်လှန်ရေးကို ဆန့်ကျင်တာ ဖြစ်တယ်။ တနည်းအားဖြင့် တရုတ်နိုင်ငံဟာ ခေတ်သစ်နယ်ချဲ့စနစ်ကို ကျင့်သုံးပြီး မြန်မာနိုင်ငံကို ကိုလိုနီအဖြစ် သိမ်းပိုက်ဖို့ ကြံစည်နေကြောင်း ထင်ရှားနေတယ်။
ဒါ့အပြင် ညီနောင်သုံးဖွဲ့နဲ့ ကေအိုင်အေအဖွဲ့အပေါ် တရုတ်က ဖိအားပေး အကျပ်ကိုင်မှုတွေကိုလည်း အထူးသတိပြုကြရမှာ ဖြစ်တယ်။ စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ တော်လှန်ရေးအဖွဲ့တွေအပေါ် တရုတ်ရဲ့ ဖိအားပေး သြဇာလွှမ်းမိုးမှုတွေရှိနေတာကို သတိပြုသင့်ကြတယ်။ ကိုးကန့်တပ်မတော် (MNDAA) ခေါင်းဆောင်ကို တရုတ်က နေအိမ်အကျယ်ချုပ် ထိမ်းသိမ်းဖမ်းဆီးတာကို တော်လှန်ရေးဘက်က လျှော့မတွက်သင့်ဘူး။ စစ်ကောင်စီကတော့ ဘက်ပေါင်းစုံ အရှုံးဘက်ကျဆင်းနေပြီဖြစ်လို့ တရုတ်ရဲ့ ဩဇာခံဖို့ကလွဲလို့ တခြားထွက်ပေါက်မရှိတော့ဘူးလို့ ဆုံးဖြတ်လိုက်ပုံရတယ်။ ဒါကြောင့် တိုင်းပြည်ကို တရုတ်လက် ထိုးအပ်နေတာ သိသာထင်ရှားနေတယ်။ စကစအပေါ် တရုတ်ဿြဇာ လွှမ်းမိုးမှု ကြီးကြီးမားမား ရှိနေတာကို တွေ့နိုင်တယ်။
နိုဝင်ဘာလ ၂၆ ရက်နေ့က အွန်လိုင်းက ပြုလုပ်တဲ့ NUG အစိုးရအဖွဲ့အစည်းအဝေး အဖွင့်မိန့်ခွန်းမှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အစိုးရအနေနဲ့ အဝေးရောက်အစိုးရအဖြစ် ဆက်ရှိနေလို့မရတော့ဘဲ နိုင်ငံတကာကို ရောက်ရှိနေတဲ့ အစိုးရအဖွဲ့ဝင်တွေ ပြည်တွင်းပြန်လာဖို့ ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားခဲ့ကြောင်း RFA သတင်းအရ သိရတယ်။ အရင်လို လုပ်ရိုးလုပ်စဉ်အတိုင်း လုပ်ဆောင်လို့မရတော့ဘဲ ဖောက်ထွက်စဉ်းစားပြီး လက်တွေ့ကျကျ စဉ်းစားဆောင်ရွက်ဖို့ လိုအပ်တယ်လို့လည်း ယာယီသမ္မတက တိုက်တွန်းထားတယ်။
စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ တော်လှန်ရေးအဖွဲ့တွေအပေါ် တရုတ်ရဲ့ ဖိအားနဲ့ လွှမ်းမိုးမှုတွေရှိနေပြီး စစ်ကောင်စီအနေနဲ့လည်း တရုတ်ရဲ့ ဩဇာလွှမ်းမိုးမှု ကြီးကြီးမားမားရှိနေတာကို တွေ့ရတယ်လို့ ဆိုတယ်။ ဒါကို လျစ်လျူရှုလို့မရသလို ဒီအခြေအနေကနေ ဘေးထွက်ဆိုးကျိုးမဖြစ်အောင် စဉ်းစားဖို့ လိုအပ်တယ်လို့လည်း ယာယီသမ္မတက ပြောကြားခဲ့ကြောင်း သိရတယ်။
အခြေအနေ အရပ်ရပ်ကို ခြုံငုံသုံးသပ်ကြည့်ရင် လက်ရှိ နွေဦးတော်လှန်ရေးအင်အားစုတွေနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအနေနဲ့ ရှေးကထက်ပိုပြီး ညီညွတ်ကြဖို့ လိုလာပါတယ်။ ပဓါန ရည်မှန်းချက်ဖြစ်တဲ့ "အကြမ်းဖက် စစ်အာဏာရှင်စနစ် အမြစ်ပြုတ်ရေး" ကို ပထမဦးစားပေးအဖြစ် အကောင်အထည်ဖော်ရပါလိမ့်မယ်။ ဒါကြောင့် စစ်အနိုင်တိုက်ရေးအတွက် မဟာဗျူဟာမြောက် စစ်ရေးအရ ပူးပေါင်းကြဖို့ လိုအပ်လာပြီ ဖြစ်တယ်။ နိုင်ငံရေးအရ ဖြေရှင်းရမယ့် အရေးအရာတွေကို ယာယီဆိုင်းထားကြသင့်ပြီး၊ စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ရေးကို အရင်ဆုံး အောင်မြင်အောင် ပူးပေါင်းဆောင်ရွက်ကြဖို့ လိုနေပါပြီ။ နိုင်ငံတကာ နဲ့ ပြည်တွင်းနိုင်ငံရေး အခြေအနေတွေအရ အချိန်ဆွဲမနေသင့်တော့ဘဲ စစ်အနိုင်တိုက်ရေး ဦးစားပေးသင့် ပြီဖြစ်ပါတယ်။ "အရေးကြီးပြီ ညီနောင်အပါင်းတို့" ဆိုတဲ့အချိန် ရောက်နေပါပြီ။ အချိန်မဆိုင်းဘဲ တပ်ပေါင်းစုဖွဲ့ပြီး စစ်အနိုင်တိုက်ရေးစီမံကိန်းကို သွေးစည်းညီညွတ်မှုပြည့်၀စွာနဲ့ လက်တွဲရေးဆွဲကြပါ။ အချိန်နှောင်းခဲ့ရင် တရုတ်က လက်ဦးမှုယူပြီး ကိုလိုနီပြုဖို့လုပ်လာနိုင်တဲ့ အချက်ကို မမေ့သင့်ပါ။ တရုတ်လက်ထဲ အချုပ်အခြာအာဏာ ရောင်းစားခံရရင် ပြည်သူတွေအနေနဲ့ ပိုမို ကြီးမားတဲ့ အရင်းအနှီးပေးဆပ်ရဖို့ ဖြစ်သွားနိုင်ပါတယ်။
ရှီကျင့်ဖျင်ရဲ့ ခေတ်သစ်နယ်ချဲ့၀ါဒကို လျှော့မတွက်ကြစေလိုပါ။ အရေးတော်ပုံ အောင်ရမည်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar