နေသွင်ညိဏ်း - လူတယောက်တည်းက သမိုင်းကို မဖန်တီးနိုင်ပါ
လူတယောက်တည်းက သမိုင်းကို မဖန်တီးနိုင်ပါ
နေသွင်ညိဏ်း
(မိုးမခ) ဩဂုတ် ၁၊ ၂၀၂၅
သမိုင်းအပျက်တွေကို ပြောတဲ့အခါ လူတယောက်ကြောင့် ဖြစ်ရတာလို့ ကောက်ချက်ဆွဲတာဟာ အမြင်ကျဉ်းမြောင်းလွန်းတယ်လို့ ဆရာမြသန်းတင့်က ရေးဖူးတယ်။ ‘တောင်သမန်ရွှေအင်းက လေညင်းဆော်တော့’ မှာ ဆရာမြရေးထားတာ ဒီလိုပါ။
‘မော်စကိုမြို့တော်တံခါးဝမှ ဘိုရိုဒီနို တိုက်ပွဲ ရှုံးရခြင်းသည် ထိုတိုက်ပွဲမတိုင်ခင်ညက နပိုလီယံ အအေးမိသောကြောင့် ….. စိန်ဘာသိုလိုမျူးအရပ်တွင် လူအများကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့ခြင်းမှာ ပြင်သစ်ပြည် နဝမမြာက်ချားဘုရင်လေနာထသောကြောင့်ဟု ပြောခြင်းကဲ့သို့ အဓိပ္ပာယ်ကင်းမဲ့နေပေလိမ့်မည်။’
ဆရာမြသန်းတင့်က တင်နီဆင်ဂျက်ဆီရေးတဲ့ ဝတ္တုဇာတ်ကြောင်းထဲက ဖဲင်နီ ဆိုတဲ့ ကပြားမလေးတယောက်နဲ့ ဗွန်ဗွိုက်ဆင် ဆိုတဲ့ပြင်သစ်တယောက်တို့ရဲ့ချစ်ဇာတ်လမ်းကြောင့် အင်္ဂလိပ်က တတိယစစ်နဲ့ အထက်မြန်မာပြည်ကို သိမ်းရတာပါဆိုတဲ့ Narrative ကို ဝေဖန်ရင်း အနောက်တိုင်းသားတွေရဲ့ထိုးဇာတ်တွေ၊ မြန်မာဘုရင်နဲ့မိဖုရား အထူးသဖြင့် စုဖုရားလတ်ကို ‘ရွှံနှင့်ပက်’ တာတွေကို အမျိုးသားရေးအမြင်နဲ့ ချေပထားတာတွေဟာ အလွန်ပညာပါလှတယ်။
တကယ်တော့ ဒါကို အထက်တန်းသမိုင်းဖတ်စာကိုကြက်တူရွေးလို အလွတ်ကျက်ဖြေလာတာ မဟုတ်ရင် မှတ်မိကြမှာပါ။ ဘုံဘေဘာမားသစ်ခိုးမှုကိုအကြောင်းပြုလို့ အင်္ဂလိပ်က မြန်မာပြည်ကို စစ်တိုက်တယ်ဆိုတာလည်း အကြောင်းပြချက်တခုပဲမဟုတ်လား။ တကယ်က တိုက်ချင်လို့ကို တိုက်တာဖြစ်ပြီး သစ်ခိုးမှုနဲ့ ဒဏ်ကြေးကိစ္စဟာ ဆင်ခြေသာဖြစ်ပါတယ်။
၈၈၈၈ ( ၈ လေးလုံး) လူထု အရေးတော်ပုံကြီးဟာ လက်ဖက်ရည်ဆိုင်မှာ သီချင်းခွေအပြိုင်ဖွင့်ရာက၊ ရန်ပွဲကြောင့် ဖြစ်ရတာပါလို့ပြောရင်ရော လူရယ်စရာ ဖြစ်မနေဘူးလား။
ဘာသာရေးအရပြောရရင် ဗုဒ္ဓပရိနိဗ္ဗာန်ပြုရတာ ဝက်ပျိုသားစားမိလို့ ဆိုတာမျိုးပါပဲ။
ဇာတ်လမ်းတပုဒ်၊ ဝတ္ထုတပုဒ်မှာ အများအားဖြင့် အစ၊ အလယ်၊ အဆုံး ရှိရပါတယ်။ ဇာတ်ကောင်တွေရှိရပါတယ်။ ဒါကြောင့် သမိုင်းနောက်ခံဝတ္ထုတွေမှာ ဇာတ်ကောင်တွေနဲ့ ဇာတ်လမ်းတွေ ပါတာ ဘာမှမဆန်းပါဘူး။ လှပတဲ့ဝတ္တုတပုဒ်ဟာ သမိုင်းမှန်တခု ဟုတ်ချင်မှဟုတ်မယ်ဆိုတာကို နားလည်ဖို့လိုပါတယ်။
ဆရာမြက ဒါကို ပြောတာပါ။ တင်နီဆင်ဂျက်ဆီ က ဝတ္ထုရေးတာပါ။ သမိုင်းရေးတာမဟုတ်ဘူးလို့ ထောက်ပြတာပါ။ တကယ်တော့ သမိုင်းဆိုတာတောင် ဘယ်သူကရေးသလဲဆိုတာ ကြည့်ရသေးတယ်လို့ ဆရာမြက သတိပေးတယ်။
ဆရာဗန်းမော်တင်အောင်ရဲ့ စကားနဲ့ ပြောရရင် အမှိုက်ခြင်းထဲထည့်ရမယ့်၊ လွှင့်ပစ်ရမယ့်၊ သမိုင်း အမည်နဲ့ စာတွေဟာလည်း မနည်းမနောရှိပါတယ်။ ဆရာရဲ့ သမိုင်းအမြင်ဆိုရင် ပထဝီနိုင်ငံရေးကိုပါ မီးမောင်းထိုးပြပါတယ်။ အင်္ဂလိပ်တွေ မြန်မာပြည်ကိုသိမ်းတာဟာ အဲဒီကာလ အနောက်တိုင်းသားတွေ ကိုလိုနီတွေအပြိုင်ချဲ့ကြတဲ့ဖြစ်စဉ်ကြီးတဲ့ အစိတ်အပိုင်းဖြစ်တယ်လို့ ဆရာက ရှင်းပြခဲ့ပါတယ်။
ဒီလိုပြောရတဲ့အကြောင်းက မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းတာရော၊ နွေဦးတော်လှန်ရေးကိုပါ လူတဦးတယောက်ကြောင့်ဖြစ်ရတာပါဆိုတဲ့ပြောသံဆိုသံတွေ တခါတရံကြားရတတ်လို့ပါပဲ။ ဒီလို ပြောတဲ့လူတွေထဲမှာ မျိုးဆက်ဟောင်းတွေလည်းပါနေတာ တွေ့ရပါတယ်။
တယောက်ကဆိုရင် ဦးနုနဲ့ ဗိုလ်နေဝင်း အပြန်အလှန်ပေးစာကိုနမူနာပေးပြီး ဒေါ်စုသာ လုပ်တတ်ကိုင်တတ်ဆိုရင် ၅၈ အခြေအနေမျိုးဖြစ်နိုင်သေးတယ်လို့ဆိုပါတယ်။ တကယ်ကျတော့ သူပေးတဲ့နမူနာဟာလည်း တလွဲပါပဲ။ ဦးနုက လုပ်တတ်ကိုင်တတ်လို ၅၈ မှာမဖြစ်တဲ့အာဏာသိမ်းမှုဟာ ၆၂ မှာ ဖြစ်ခဲ့တာပါပဲ။ မျက်နှာချင်းဆိုင်ခုတ်မောင်းလာတဲ့ရထားနှစ်စင်းဟာ တနေရာမှာတော့ ဝင်တိုက်ကြမှာ ရှောင်မရပါဘူး။
လက်ဝဲသမားတွေက ဒါကို ‘ဘဝအရ’ လို့ ပြောကြပါတယ်။ ရှင်းအောင်ပြောရရင် စစ်အုပ်စုရဲ့ ဘဝနဲ့ ပြည်သူရဲ့ဘဝဟာ တခြားဆီပါ။ သူတို့အတွေးအခေါ်နဲ့ ပြည်သူအတွေးအခေါ်ဟာလည်း ပြဒါးတလမ်း သံတလမ်းပါပဲ။ စစ်အုပ်စုဟာ သူတို့ဟာ ကြီးကျယ်မြင့်မြတ်အမြော်အမြင်ရှိသူ၊ နိုင်ငံကို ကာကွယ်စောင့်ရှောက်သူ၊ သူတို့လောက် နိုင်ငံကိုချစ်တဲ့လူမရှိဘူး၊ ဒါကြောင့် သူတို့သာ ထာဝရအုပ်စိုးဖို့ ထိုက်တန်သူတွေလို့ တွေးပါတယ်။ တနည်းပြောရရင် သူတို့ဟာ အရှင်သခင်၊ ပြည်သူဟာ ကျွန်၊ သူတို့က အုပ်ချုပ်သူ ပြည်သူက အုပ်ချုပ်ခံလို ခံယူထားပါတယ်။
ဒီလိုမတွေးတဲ့သူတွေ၊ ဒါကို လက်မခံသူဟာ သူတို့ရန်သူပါပဲ။ အခွင့်ထူးခံဖို့ဆိုတာ သူတို့ရဲ့ ဘဝနဲ့ အတွေးအခေါ် ဖြစ်ပြီး၊ မညီမျှမှုကိုတွန်းလှန်ရမှာက ပြည်သူရဲ့ ဘဝ၊ တာဝန်ပါပဲ။ မတူပါဘူး။ တော်လှန်ရေးဆိုတာတွေဟာ ဒီဆန့်ကျင်ဘက်နှစ်ခုရဲ့ပဋိပက္ခသာ ဖြစ်ပါတယ်။
ဒီဖြစ်စဉ်ကြီးထဲမှာ လူပုဂ္ဂိုလ်တွေ၊ ခေါင်းဆောင်တွေက ပါဝင်ကပြ အသုံးတော်ခံကြတာဖြစ်ပါတယ်။ ဒါနဲ့ ပြောင်းပြန် လူပုဂ္ဂိုလ်တွေကြောင့် သမိုင်းအဖြစ်အပျက်တွေဖြစ်ရတာပါဆိုတာဟာ ကျဉ်းမြောင်းတဲ့အမြင်ပဲ ဖြစ်ပါလိမ့်မယ်။
မြန်မာ့နွေဦးလို့ပြောကြတဲ့ ဦးသိန်းစိန်တယောက် ပျံလွှားငှက်လို အပျံသင်နေတဲ့ကာလတုန်းက သူ ငယ်ချင်းတွေနဲ့ ကျနော်တို့ ပြောကြတဲ့စကားကို သတိရပါတယ်။ ‘ပျံလွှားငှက်တကောင်ကြောင့် နွေဦး မပေါက်နိုင်ပါဘူး’ ဆိုတာ။
ဒီစကားဟာ အခုနွေဦးတော်လှန်ရေးအတွက်လည်း မှန်နေတုန်းပါပဲ။ နွေဦးတော်လှန်ရေးဟာ လူတဦးတယောက်ကြောင့် ပေါ်လာတာမဟုတ်ပါဘူး။ ဂျပန်တော်လှန်ရေးလို၊ ၈ လေးလုံး အရေးတော်ပုံလို လူထုရဲ့ အရေးတော်ပုံဖြစ်ပါတယ်။ တပြားမှ မလျော့ပါဘူး။
ဒီလိုပါပဲ။ စစ်တပ်အာဏာသိမ်းတယ်ဆိုတာ စစ်ဗိုလ်ချုပ်တယောက်အာဏာငမ်းဖမ်းလို့ ဖြစ်ရတာပါ ဆိုတာလည်း ကျဉ်းမြောင်းတဲ့အမြင်ပါပဲ။ ဒါကို နားလည်ဖို့ မခက်ပါဘူး။ အခုနောက်ဆုံး အာဏာ သိမ်းအုပ်စုကထုတ်ပြန်နေတဲ့ အမိန့်ကြေညာချက်တွေမှာပါတဲ့ လူနာမည်တွေကို ကြည့်ပါ။ ဒီစာရင်းမှ မပါတဲ့တခြားလူတွေလည်း ရှိနေပါသေးတယ်။ ဥပမာ စစ်အုပ်စုရဲ့ရည်မှန်းချက်တွေ ပေါက်မြောက်အောင် တနည်းနည်းနဲ့ကူညီနေသူတွေလည်း များစွာရှိနေပါတယ်။ နေရာစုံမှာ ရှိနေပါတယ်။ တချို့က တော်လှန်ရေးမျက်နှာဖုံးဝတ်ထားပြီး စစ်အုပ်စုနဲ့အတွေးအခေါ်တူနေတာ၊ မနှီးယိုးစွဲဖြစ်နေတာ ဖြစ်နိုင်ပါတယ်။
အာဏာသိမ်းမှုဖြစ်တဲ့ညကို သတိရပါတယ်။ နိုင်ငံရေးသုတေသီ၊ အခုထိသက်ရှိထင်ရှားဆရာက ကျနော့်ကို ပြောပါတယ်။
‘ ကိုယ့်လူရေ၊ ဒီတခါတော့ ကြာမယ်။ စစ်အုပ်စုဟာ သွေးသစ်လောင်းလို့ပြီးတဲ့အထိ အာဏာကို ကိုင်ထားလိမ့်မယ်’
တချို့က ဒီတခါရွေးကောက်ပွဲပြီးရင် ၂၀၁၁ လို အခင်းအကျင်းပေါ်လာမလား မျှော်လင့်နေတာကြားပါတယ်။ ဒါဆိုရင် ၂၀၃၀ ကျရင် လွတ်လပ်မျှတတဲ့ရွေးကောက်ပွဲပေါ်ပြီးပြည်သူကကြိုက်တဲ့ပါတီတွေအာဏာရ၊ စစ်တပ်က အာဏာလက်လွှတ်။ ဒီလိုဖြစ်မယ်ထင်သလား။ စစ်ဗိုလ်ချုပ်တွေဒီလောက် သဘောကောင်းရင် အခုလို ကျားကုတ်ကျားခဲ အာဏာကိုလုမယူထားပါဘူး။
ကျနော်ကတော့ ဒီရွေးကောက်ပြီးရင် ဗိုလ်မအလက လွတ်လွတ်ကျွတ်ကျွတ် အရပ်သားသမ္မတ လုပ်မယ်လို့တောင်မထင်ဘူး။ စစ်တပ်လက်ကိုင်မရှိတဲ့အခါ ကိုယ်မွေးတဲ့မျောက် ကိုယ့်ပြန်ခြောက်ခံရတဲ့ ဦးနေဝင်းရဲ့ အမှား၊ ဦးသန်းရွှေရဲ့အမှားကို ဘယ်သူထပ်အမှားခံမလဲ။ မအလနဲ့စစ်အုပ်စုဟာအာဏာမြဲဖို့ဆက်လုပ်နေမယ်။ စစ်ဖိနပ်ဖုံသုတ်သူ ဆက်သုတ်မယ်။ ပြည်သူကလည်း ဆက်တော်လှန်နေမယ်။ ဘဝနဲ့ အတွေးအခေါ်ဟာ ကမ္ဘာချင်းခြားနေတာ ကြာခဲ့ပြီမဟုတ်လား။
နေသွင်ညိဏ်း
-
Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar
