MDY-PDF အဖွဲ့ရဲ့ အုပ်ချုပ်ရေးနဲ့ လေကြောင်း အန္တရာယ်ကာကွယ်ရေး
မြန်မာနွေဦးခရိုနီကယ် - အောက်တိုဘာ ၁၂ မြင်ကွင်း
(မိုးမခ) အောက်တိုဘာ ၁၃၊ ၂၀၂၅
MDY-PDF အဖွဲ့ရဲ့ အုပ်ချုပ်ရေးနဲ့ လေကြောင်း အန္တရာယ်ကာကွယ်ရေး
MDY-PDF လက်နက်ကိုင်အဖွဲ့တွေ ထိန်းချုပ်ထားတဲ့ မန္တလေးတိုင်း စဥ့်ကူးမြို့နယ်ထဲက လက်ပန်လှကျေးရွာမှာ Starlink အင်တာနက် အသုံးပြုနေတဲ့နေအိမ်တအိမ်ကို ပြည်သူ့လုံခြုံရေးနဲ့ PDF အဖွဲ့ဝင်တွေ သွားရောက်ပြီး Starlink စက်ကို ဖြုတ်သိမ်းတာနဲ့ ၄င်းပိုင်ရှင်ကို စခန်းသို့လိုက်ခဲ့ဖို့ ခေါ်ဆောင်တဲ့ ဗီဒီယိုဖိုင် အောက်တိုဘာ ၁၂ ရက်နေ့မှာ လူမှုကွန်ရက်မီဒီယာတွေထဲ နေ့ချင်းပျံ့နှံ့သွားခဲ့ပါတယ်။ ၇ မိနစ်ဝန်းကျင် ရှိတဲ့ ဗီဒီယိုထဲမှာ ယူနီဖောင်း အစိမ်းဝတ်ထားပြီး ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ဝင်လို့ယူဆရတဲ့သူ ၊ ပျောက်ကြားဝတ်စုံနဲ့ သေနတ်တွေကိုင်ဆောင်ထားတဲ့ MDY-PDF တပ်ဖွဲ့ဝင်တွေနဲ့ Starlink အသုံးပြုတဲ့ နေအိမ်က မိသားစုဝင်တွေအကြား အပြန်အလှန် အော်ဟစ်ပြောဆိုတာတွေ၊ ဆွဲခေါ်ဖို့ ကြိုးစားတာတွေ ပါဝင်တာပါ။
ဒီအဖြစ်အပျက်က အောက်တိုဘာ ၁၁ ရက်နေ့ မှာ ဖြစ်ပွားခဲ့တာဖြစ်တယ်လို့လည်း ယမန်နေ့ညနေပိုင်း အမျိုးသားညီညွတ်ရေးအစိုးရ တံဆိပ်နဲ့ သတင်းထုတ်ပြန်ချက် ထွက်ပေါ်လာခဲ့တဲ့အခါ သိရှိရပါတယ်။ သတင်းထုတ်ပြန်ချက်အရ ပြဿနာဖြစ်ပွားတဲ့နေအိမ်ကို ပြည်သူ့လုံခြုံရေးအဖွဲ့ဝင် ၅ ဦးက ပထမဦးစွာသွားရောက်ခဲ့ပေမယ့် မပြေလည်ခဲ့တာကြောင့် နောက်တကြိမ်သွားရောက်ရာမှာ PDF တပ်ဖွဲ့ဝင်တွေပါ လိုက်ပါပြီး စုစုပေါင်း ၁၂ ဦးသွားရောက်ကာ စက်ပစ္စည်းသိမ်းဆည်းတာနဲ့ အဆိုပါ နေအိမ်က တာဝန်ခံမယ့်သူကို စစ်ဆေးဖို့ ခေါ်ဆောင်ဖို့ သွားရောက်ခဲ့တာလို့ ဖေါ်ပြထားပါတယ်။
ဒီလို သွားရောက်ရာမှာ နေအိမ်က အသက်အရွယ်ကြီးတဲ့ အဒေါ်ကြီးနဲ့ ၄င်းရဲ့ သမီးဖြစ်သူလို့ ယူဆရတဲ့ အမျိုးသမီးတို့နဲ့ စဥ့်ကူမြို့နယ် လက်ပန်လှကျေးရွာက ပြည်သူ့လုံခြုံရေးအဖွဲ့ဝင်တွေရဲ့ အခြေအတင် ပြောဆိုကြတဲ့ စကားတွေ၊ စွပ်စွဲချက်တွေ၊ ဖမ်းဆီးဖို့ ဆွဲခေါ်ကြတဲ့ ဖြစ်စဥ်၊ ကြီးနိုင်ငယ်ညှင်းလုပ်တယ်ဆိုတဲ့ စကားလုံး၊ စခန်းကိုလိုက်ခဲ့ ဆိုတဲ့ ပြောဆိုမှုတွေက ဒီဗီဒီယိုကိုကြည့်ရှုသူတွေအကြား သဘောထားကွဲလွဲမှုတွေ အငြင်းအခုံတွေ ပေါ်ထွက်စေတာ ဖြစ်ပါတယ်။ PDF အဖွဲ့တွေ အနေနဲ့ ပြည်သူလူထုကို အခုလို ဆက်ဆံပြောဆိုရသလား ဆိုတဲ့ရှုထောင့်က ရပ်တည်ကြသူတွေက ပြည်သူထောက်ခံမှုကြောင့် နွေဦးတော်လှန်ရေး အခုလောက်အောင်မြင်ခဲ့ကြတာ ပြည်သူကို အခုလို အာဏာပြနေရင် ပြည်သူမထောက်ခံတော့ရင် လက်နက်ကိုင် အဖွဲ့တွေရဲ့ အနာဂတ်က အလားအလာ မကောင်းဘူးဆိုတဲ့ ရှုထောင့်က ပြောဆိုကြတာ ရှိသလို နွေဦးတော်လှန်ရေး၊ PDF လက်နက်ကိုင် အဖွဲ့တွေကို ထောက်ခံသူအချို့ကတော့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ PDF အဖွဲ့တွေမို့လို့ အခုလို နှုတ်လှန်ထိုးပြောရဲတာ အာဏာသိမ်းစစ်တပ်ဆို အခုလို ပြောရဲမှာ မဟုတ်ဘူး၊ မသာပေါ်သွားမယ်၊ ဒီနေရာမှာ PDF လူငယ်လေးတွေ ထိန်းထိန်းသိမ်းသိမ်း လုပ်နိုင်လို့သာ မဟုတ်ရင် ပစ်လားခတ်လား ဖြစ်ကုန်မှာ၊ Starlink ပိုင်ရှင် အမယ်ကြီးနဲ့ သမီးလို့ယူဆရသူက နှုတ်လှန်ထိုးတာ စွာတာ၊ ဇတ်နာပြနေတာဆိုတဲ့ ပြောဆိုမှုတွေ လူမှုကွန်ရက်မီဒီယာမှာ ပြည့်နှက်နေတာ တွေ့ရပါတယ်။ သတင်းဖေါ်ပြမှုတွေ အောက်က ကွန်မင့်တွေမှာလည်း အထက်က ရပ်တည်ချက် အမြင် ၂ မျိုး နဲ့ မှတ်ချက်ပေးကြတာ ငြင်းခုံကြတာတွေ အများအပြားတွေ့ကြရပါတယ်။
ဒီအဖြစ်အပျက်ကို ကြည့်ရင် လေကြောင်းတိုက်ခိုက်ခံရမှုနဲ့ ပတ်သက်တဲ့ အယူအဆ၊ လုံခြုံရေး စည်းမျဥ်းစည်းကမ်းတွေ နဲ့ ဒေသခံလူထုရဲ့ ရှင်သန်ရပ်တည်ရေး လွန်ဆွဲမှုတွေကို ကောင်းမွန်စွာ ကိုင်တွယ်ဖြေရှင်းဖို့ အရေးကြီးတာ၊ လိုအပ်ချက်တွေ ရှိနေသေးတယ်ဆိုတဲ့ အချက်ကိုလည်း ဖေါ်ညွှန်းနေသလို တဖက်မှာ လက်နက်ကိုင်တိုက်ပွဲ၊ စစ်ဆင်ရေးတွေ ဆင်နွှဲကာ နယ်မြေသိမ်းယူပြီးနောက် သိမ်းယူထားတဲ့ နယ်မြေတွေရဲ့ အုပ်ချုပ်ရေးကို ဘယ်လိုဆောင်ရွက်ကြမလဲ အရပ်သား အုပ်ချုပ်ရေး ပုံစံ၊ ဥပဒေ၊ လုပ်ထုံးလုပ်နည်းကို အခြေခံတဲ့ ဘက်လိုက်မှုမရှိတဲ့ အရပ်ဘက် အုပ်ချုပ်ရေး (ဒီလိုကာလမှာ အရပ်ဘက် အုပ်ချုပ်ရေး အပြည့်အဝ မရနိုင်တာလည်း မှန်ပါတယ်) အငွေ့အသက်ရှိတဲ့ အုပ်ချုပ်ရေး စနစ်မျိုးနဲ့ အုပ်ချုပ်နိုင်ဖို့ ဆိုတဲ့ အချက်တွေကို သတိပြုမိပါတယ်။ ဖုန်းလိုင်းရနေတဲ့ ဖုန်းတွေကို စစ်အုပ်စုက တန်ပြန်ထောက်လှမ်းနိုင်တဲ့အကြောင်း၊ လိုင်းမရသော်လည်း ဒေတာချည်းသက်သက် အင်တာနက်သုံးနေတဲ့ ဖုန်းတွေ မတ်ဆင်ဂျာတွေ၏ စီးဆင်းနေမှု နက်ဝပ်ကိုလည်း တနည်းတဖုံ ထောက်လှမ်းနိုင်ကြောင်းကို လူထုကို ပညာပေးဖို့ လိုအပ်ပါတယ်။ တော်လှန်ရေးဒေသတွင်းမှာ လက်ဆင့်ကမ်း မျှဝေထားကြတဲ့ အချင်းချင်းဖြစ်ဖြစ် လူထုကိုပဲဖြစ်ဖြစ် ဖုန်းနံပတ်တွေကိုလည်း စစ်အုပ်စုက မှတ်သားပြီး လှုပ်ရှားမှုကို ခြေရာခံကြမှာပဲ ဖြစ်ပါတယ်။
စစ်အာဏာရှင်က အာဏာအမိန့်နဲ့ ဖိနှိပ်အုပ်ချုပ်တာကို ဆယ်စုနှစ်များစွာ ခံခဲ့ကြရတဲ့ ပြည်သူတွေအနေနဲ့ အာဏာရှိတဲ့ သူ၊ အုပ်ချုပ်တဲ့သူကို နှုတ်လှန်ထိုးတာ ပြန်ပြောတာ အခြေအတင်ငြင်းခုံတာမျိုးကို တွေ့ကြုံရလေ့ မရှိတာကြောင့် အခုဖြစ်ရပ်လိုမျိုးမှာ စည်းမျဥ်း ဥပဒေနဲ့ မညီဘူးလို့ဆိုပြီး စက်ပစ္စည်း သိမ်းယူကာ တာဝန်ခံမယ့်သူကို လာရောက်ခေါ်ဆောင်တဲ့သူတွေကို ပြန်လှန်ပြောတဲ့ အဖြစ်ကို ဘယ်လိုမှ လက်မခံနိုင်ကြတဲ့ အမြင်မျိုးရှိနေကြတာလည်း တွေ့နေရပါတယ်။
အုပ်ချုပ်သူကို ပြန်ခံပြောတာက အပြစ်သဖွယ် ရှုမြင်ကြရာက အုပ်ချုပ်တဲ့ လက်နက်ကိုင် အဖွဲ့က မိမိတို့ ထောက်ခံတဲ့ အဖွဲ့ဖြစ်လို့ အခုလို ခွန်းတုံ့ပြန်နေတဲ့ မိသားစုကို စစ်တပ်နဲ့ပဲ တန်တယ်ဆိုတဲ့ ပြစ်တင်ဝေဖန်မှုမျိုး ရှိနေကြတာ အံ့အားသင့်စရာ ဖြစ်ပါတယ်။ အချို့သော မှတ်ချက်တွေထဲမှာ ပစ်ဟယ်ခတ်ဟယ် မဖြစ်တာပဲကံကောင်းတယ် ဆိုတဲ့ ဝေဖန်ပြောဆိုမှုတွေလည်း တွေ့ရတာပါ။ ပစ်ဟယ်ခတ်ဟယ် ဖြစ်ဖို့ အနေအထား ဆိုတာ တဖက်က လက်နက်ကိုင်ဆောင်ခြင်း မရှိတဲ့ အုပ်ချုပ်ခံ ပြည်သူဖြစ်လို့ တဖက်က လက်နက်တွေကိုင်ဆောင်ထားတဲ့ PDF နဲ့ ပလဖ အဖွဲ့ဝင်တွေ အနေနဲ့ လက်နက်ကို ထုတ်သုံးစရာ အကြောင်းက ဘယ်ရှုထောင့်က ကြည့်ကြည့် ရှိမနေတာပါ။
ဒီလိုအနေအထားမှာ အုပ်ချုပ်တဲ့သူတွေကို ပြန်ပြောခွင့်ရနေတာ ဗီဒီယို မှတ်တမ်းတင်ခွင့်ရနေတာက ဒီမိုကရေစီ အခွင့်အရေး ဘယ်လောက်ရှိနေသလဲ ဆိုတဲ့ သက်သေထူ ဝေဖန်ပြောဆိုမှုတွေလည်း လူမှုကွန်ရက်မီဒီယာတွေမှာ တွေ့ကြရပါတယ်။ ဒီရှုထောင့်က အတိုင်းအတာတခုထိ မှန်ပေမယ့် ဒီလိုဆိုလိုက်လို့ အခုဖြစ်တဲ့ ပြဿနာမှာ ဘာမှ အမှားအယွင်းမရှိဘူးဆိုတဲ့ ကောက်ချက်မျိုးနဲ့တော့ လမ်းမဆုံးသင့်ပါဘူး။
သမ္မတဦးသိန်းစိန် လက်ထက်က ဆွေးနွေးပွဲတခုမှာ သတင်းလွတ်လပ်ခွင့်တွက် ကန့်ကွက်ဆန္ဒပြမှုကို ပြန်ကြားရေးဝန်ကြီးဖြစ်သူက အခုလို ဆန္ဒပြနိုင်တာကိုကြည့်ရင် လွတ်လပ်ခွင့်ရှိသလား မရှိသလားဆိုတာ သိနိုင်ပါတယ်ဆိုတဲ့ သဘောသက်ရောက်တဲ့ စကားနဲ့ ဝါဒဖြန့်ပြောဆိုတာနဲ့ အလားသဏ္ဍာန် တူပါတယ်။ ကန့်ကွက်ရခြင်း ကိစ္စ၊ အကြောင်းအရာ ကို တိုက်ရိုက် တုံ့ပြန်ဖြေရှင်းခြင်း မပြုဘဲ လမ်းလွှဲတဲ့ နည်းနာတခုနဲ့ ပြဿနာကနေ တိမ်းရှောင်သွားတာ လို့ ဆိုရမှာပါ။
အခု ဖြစ်ရပ်မှာလည်း အခုလို အခြေအတင် အငြင်းအခုံ ဖြစ်ရတဲ့ ကိစ္စနဲ့ ပတ်သက်လို့ အုပ်ချုပ်ရေး အဖွဲ့တွေ အနေနဲ့ ဒိထက်ပိုမိုကောင်းမွန်တဲ့ နည်းလမ်းမျိုးနဲ့ အနာဂတ်မှာ ကျင့်သုံးဖို့ နည်းလမ်းရှာကြရမှာ သင်ခန်းစာယူကြရမှာ ဖြစ်ပါတယ်။
နောက်သတိပြုမိတဲ့ အချက်တချက်က မြန်မာနိုင်ငံရဲ့ အညာဒေသမဟုတ်တဲ့ အခြားဒေသက သူတွေနဲ့ အညာဒေသက လူထုရဲ့ မကြောက်မရွံ့ အာခံတဲ့ စိတ်ဓါတ်ဖြစ်ပါတယ်။ အညာဒေသက စစ်တပ်ကိုလည်း မကြောက်သလို မတရားဘူးလို့ ယူဆတဲ့ အခြားသော ဘယ်လိုအဖွဲ့အစည်းကိုမှ မကြောက်မရွံ့ တုံ့ပြန်ပြောဆိုကြတာ အညာဒေသက ပြည်သူတွေရဲ့ သဘာဝ ဖြစ်ပါတယ်။ လက်ပံတောင်းတောင် အစီရင်ခံစာ ကိစ္စ၊ လက်ပံတောင်း ကြေးနီစီမံကိန်းနဲ့ ပတ်သက်လို့ လုံခြုံရေး တပ်ဖွဲ့တွေ ရဲတွေနဲ့ ရုန်းရင်းဆန်ခတ်ဖြစ်တာတွေ ကို ပြန်ကြည့်ရင် အညာဒေသက လူထုရဲ့ စိတ်နေစိတ်ထားကို အကဲခတ်နိုင်ပါတယ်။ အုပ်ချုပ်သူတွေ အနေနဲ့ မိမိတို့ဘက်က အမှားအယွင်း မရှိအောင် ထိန်းသိမ်းဖို့ စောင့်ထိန်းဖို့ ပြည်သူလူထုကို အတတ်နိုင်ဆုံး ရှင်းလင်း ပြောဆိုနိုင်ဖို့ လုပ်ထုံးလုပ်နည်း လိုက်နာရန် စည်းမျဥ်းစည်းကမ်းတွေ ချမှတ်ဖို့ ပြည်သူလူထုက အရှင်သခင် ဆိုတဲ့ ခံယူမှုတွေ ပိုပြီးကျင့်သုံးနိုင်ဖို့ လုပ်ဆောင်ကြရမှာလည်း ဖြစ်ပါတယ်။
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar