မျိုးသန့်ထွန်း(စစ်ကိုင်း) - စစ်အာဏာရှင်ကို အမြဲတိုက်နေဖို့ လိုတယ်
စစ်အာဏာရှင်ကို အမြဲတိုက်နေဖို့ လိုတယ်
မျိုးသန့်ထွန်း(စစ်ကိုင်း)
မိုးမခ ၊ အောက်တိုဘာ ၁၃ ၊ ၂၀၂၅
စစ်အာဏာရှင် မကောင်းဆိုးဝါးကောင်လို့ သတ်မှတ်ထားရမယ်။ ပြည်သူတရပ်လုံးက ဒီမကောင်းဆိုးဝါးကောင် အာဏာရှင်တွေကို ထာဝရတော်လှန် နေရမယ်။ နှလုံးရည်ပဲ တိုက်တိုက်၊လက်ရုံးရည်နဲ့ပဲ တိုက်တိုက် အမြဲတိုက်နေရမယ်။
အာဏာရှင်တော်လှန်ရေးဆို ရပ်တန့်သွားတယ်ဆိုတာ မရှိပါဘူး။ လူအများ ကောင်းအကျိုးအတွက် တစ်ခုခု လုပ်ပေးနေရမယ်။ လူ့လောကမှာ စားဝတ်နေရေးအတွက် တိုက်ပွဲဝင်နေကြရတယ်။ လူအများ ကောင်းစားဖို့အတွက် လူဖြစ်လာရင် တိုက်ပွဲဝင်နေရမယ်။
ပြည်သူတွေကို ဖိနှိပ် သတ်ဖြတ်သူ မှန်သမျှဟာ အာဏာရှင်တွေရဲ့ လုပ်ရပ်တွေ ဖြစ်ပါတယ်။
ရွာတွေ မီးရှို့၊ လူထုကိုသတ်၊ ပြည်သူကိုနှိပ်စက်၊ ဘုန်းကြီးကျောင်းနဲ့ ခရစ်ယာန် Church တွေကိုလေယာဉ်နဲ့ ဗုံးကြဲတိုက်နေတာဟာ စစ်အာဏာရှင်ရဲ့လုပ်ရပ်တွေ ဖြစ်ပါတယ်။ ဒီလုပ်ရပ်တွေကြောင့် တိုင်းပြည်ဒုက္ခရောက်နေပါတယ်။
ဒါတွေ လုပ်ဆောင်တဲ့ အဖွဲ့အစည်းကို စစ်အာဏာရှင်လို့ ယဉ်ကျေးတဲ့ကမ္ဘာက လူ့စိတ်မရှိတဲ့ စစ်အာဏာရှင်လို့ သတ်မှတ်ပါတယ်။
အာဏာရှင် ဆိုတာ လူ့အောက်ကျတဲ့ စိတ်ဓာတ်တွေရှိတဲ့ လူတစုကို ခေါ်ပါတယ်။ သူတို့ဟာ ပြည်သူလူထု အကျိုး ဖျက်ဆီးနေတဲ့သူတွေလို့ သတ်မှတ်ထားဖို့ လိုပါတယ်။ အာဏာရှင်တိုင်ဟာ ပြည်သူလူထုကို ဒုက္ခပေးဖို့ ဖိနှိပ်ဖို့ သတ်ဖြတ်ဖို့ အမြဲတမ်း ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေတဲ့ အဖွဲ့အစည်း ဖြစ်ပါတယ်။ ဒီကမ္ဘာမှာ အာဏာရှင်နိုင်ငံများ နေရာမရဖို့ ဒီမိုကရေစီနိုင်ငံများ အဖြစ် နေရာယူရမှာ ဖြစ်ပါတယ်။
စစ်တပ်မှာ ပြည်သူကိုအကျိုးပြုတဲ့စစ်တပ် ရှိတယ်။ ပြည်သူကို ဒုက္ခအမြဲပေးနေတဲ့ စစ်တပ် ရှိတယ်။ ဓမ္မစစ်တပ်နဲ့ အဓမ္မစစ်တပ် ဆိုပြီး ခွဲခြားနိုင်တယ်။ အဓမ္မစစ်တပ်ကို မြန်မာမြေပေါ်သာမက ကမ္ဘာမြေပေါ် မရှိအောင် လုံးဝမပေါ်ပေါက်အောင် တားဆီကာကွယ် တိုက်ထုတ်ပစ်ရမယ်။
အာဏာရှင်တိုက်ထုတ်ဖို့ ပြည်သူပြည်သားများရဲ့တာဝန်တရပ်လို့ ခံယူထားရမယ်။ စစ်တပ်က ပြည်သူ ပြည်သားတွေကို သတ်ဖြတ်ညှဉ်းပန်းနှိပ်စက်ရင် စစ်အာဏာရှင်လို့ ကမ္ဘာက သတ်မှတ်တယ်။ ဒီမိုကရေစီနိုင်ငံတွေမှာလည်း သူ့ပြည်သူကို အာဏာရှင်လို ဖိနှိပ်ပြုမှုဆက်ဆံခဲ့ရင် အာဏာရှင်ပဲ ဖြစ်ပါတယ်။ အာဏာရှင်တိုင်းဟာ လူအဖွဲ့အစည်း ရပ်တည်လို့မအောင် နေရာယူလို့မရအောင် ထာဝရ လုပ်ဆောင်နေရပါမယ်။
အာဏာရှင်တိုက်ဖျက်ရေးမှာ အချိန်ကြာရင်လည်း ကြာတတ်ပါတယ်။ ပြည်သူတွေ ညီညွတ်ရင် အာဏာရှင်တိုက်ထုတ်ရေးမှာ မြန်နိုင်ပါတယ်။
အာဏာရှင်ကို ရောက်တဲ့အရပ် ရောက်တဲ့နေရာကနေ ညီညီညွတ်ညွတ်နဲ့ အမြစ်ပါမကျန် တွန်းလှန်တိုက်ထုတ်ကြပါစို့လို့ ဒီမိုကရေစီဘက်တော်သားတစ်ဦးက လေးလေးနက်နက် နှိုးဆော်လိုက်ရပါတယ်။
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar