Breaking News

လေးလေး - စာအုပ်အညွှန်းနှစ်ချုပ်တွေ

လေးလေး - စာအုပ်အညွှန်းနှစ်ချုပ်တွေ

မိုးမခ ၊ ဒီဇင်ဘာ ၁၃ ၊ ၂၀၂၅


မိုးမခမှာ ရေးခဲ့တဲ့ စာအုပ်အညွှန်းတွေကို စိတ်ကူးတည့်သလို စုပြီး ရီဗျူးလုပ်နေတာ ဒါ ဒုတိယမြောက်စာစုပါ။ ၂၀၂၅ ခုနှစ်ထဲ ကြားခဲ့ရတဲ့ စာအုပ်စာပေအခြေအနေကတော့ “တက်ကျမ်း”တွေ ရောင်းကောင်းတယ်။ စာ အုပ်ဈေးတွေက နှစ်ဆ တက်သွားတယ်။ စားဝတ်နေရေး ဦးစားပေးရတော့ စာအုပ်ဖတ်ရေးက အဓိကမကျတော့ဘူး။ ဒါတွေပဲ ဖြစ်တယ်။ ဒီလိုသာ ဆိုတယ်။ စာအုပ်တွေ အဆက်မပြတ် ထုတ်နေတဲ့ စာအုပ်တိုက်တချို့ကတော့ ပုံမှန်ထုတ်နေကြတာ တွေ့ရတယ်၊ (ဥပမာ- စိတ်ကူးချိုချို၊ လူထုကြီးပွားရေး)။

၂၀၂၅ ခုနှစ်ထဲ စာညွှန်းရေးခဲ့တဲ့ စာအုပ်တွေထဲ အက်ဆေးစာအုပ်တချို့လည်း ပါတယ်။ လွင်မောင်မောင်ရဲ့ သတိ ရခြင်းများ တစိမ့်စိမ့်၊ ကျော်ဝင်းရဲ့ကျော်ဝင်းအက်ဆေး။ အက်ဆေးစာအုပ်တွေ ညွှန်းရင်း အက်ဆေးတွေ ဖောင်းပွနေသလားလို့လည်း ဝေဖန်ခဲ့သေးတယ်။ ဝင်းမွန်ရဲ့ ဆားဒယ်၊ အောင်သင်းရဲ့ ချိုးတကူးနဲ့ ဂုဏ်ရည်မတူ အက်ဆေးတွေကို သတိရတာလည်း ထည့်ရေးခဲ့တယ်။ တကိုယ်တော်အက်ဆေးစာအုပ်တွေ ထွက်သလို စာရေးဆရာအစုံ အက်ဆေးစာအုပ်တွေလည်း ထွက်တယ်။

လွင်မောင်မောင်ရဲ့ သတိရခြင်းများ တစိမ့်စိမ့်ကတော့ စာအုပ်နာမည် ပေးထားသလိုပဲ သတိကောင်းသူ စာရေးသူရဲ့ သတိရခြင်းတွေပါပဲ။ စာအုပ်နာမည်ပေးထားတဲ့ “သတိရခြင်းများ တစိမ့်စိမ့်” အက်ဆေးဆို ၁၉၈၈ ပတ်ဝန်းကျင် သတိရခြင်းတွေ အပြည့်နဲ့ ရေးထားတဲ့ အက်ဆေးပါ။

“မိုးဟာ တစိမ့်စိမ့်နဲ့ တနေ့လုံး ရွာနေတယ်။ ဟိုးအရင်ခေတ်ကြီးတခေတ်လုံး မည်းမှောင်ခဲ့သလိုမျိုး တိုက်ခေါင် မိုးတွေကြားက မြင်ရတဲ့ ကောင်းကင်ကြီးလည်း မည်းမှောင်လို့။ တကယ့်ဘဝကို ရုပ်ရှင်ဖလင်လို ပြန်ရစ်ကြည့် လိုက်ရင် တိုတိုလေးပါပဲ။ တချို့ဖလင်ကွက်တွေ စိတ်ထဲ စတေဖမ်းပြီး ကြည့်လိုက်ရင် ငါတို့ကောင်တွေ လက် ဖက်ရည်သောက်နေတုန်း၊ ကောင်တာမှာ ထပြီး မီးညှိနေတုန်း။

“တမေ့တမော ထိုင်လို့ကောင်းတဲ့ လက်ဖက်ရည်ဆိုင်တွေ မရှိတော့ဘူး။ ရေဒီယို နှစ် ၂၀ တေးတွေ မကြားရ တော့ဘူး။ မိုးရေထဲ ညွှတ်ကိုင်းနေတဲ့ ဗာဒံပင်တွေ မရှိတော့ဘူး။ ဒီနေရာ၊ ဒီမြို့နယ်၊ ဒီရပ်ကွက်မှာ နေသော်လည်း ဒီနေရာ၊ ဒီမြို့နယ်၊ ဒီရပ်ကွက်ဟာ မရှိတော့ဘူး။ ပြန်မလာသူတို့လည်း ဘယ်တော့မှ ပြန်မလာကြတော့ဘူး။ တခါ တလေ ကိုယ့်လူငယ် နေ့တွေကို သတိရလို့ ပြန်ငေးမိတော့ မမြင်ရတဲ့ သစ်ပင်တွေက သစ်ရွက်တွေ တဖွဲဖွဲ ကြွေလွန်းလိုက်တာလေ။” လွင်မောင်မောင့် သတိရခြင်းတွေဟာ ကိုယ့်ဖြတ်သန်းမှု ကာလတွေနဲ့ မကွာတော့ သတိရခြင်း တစိမ့်စိမ့် ဖတ်ပြီး၊ တစိမ့်စိမ့် ပြန်သတိရတာတွေလည်း များမှများပဲ။

ကျော်ဝင်းရေးတဲ့ အက်ဆေးစာအုပ်ကတော့ ပင်ကိုရေးနဲ့ ဘာသာပြန်အက်ဆေးတွေ ရောသမမွှေထားတာပါ။ သမိုင်းတကွက် ဖမ်းဆုပ်ပြထားပုံကို ကောက်နုတ်ဖော်ပြဖြစ်ခဲ့တယ်။

“နိုင်ငံရေးသမားနှင့် စာရေးဆရာ”

စာရေးဆရာကား နူးညံ့သိမ်မွေ့သည်။ ဝေဒနာခံစားမှု၌ ထက်မြက်သည်။ ဆွတ်ပျံ့သည်။ တစုံတရာကို စိစစ် ဝေဖန် တွေးခေါ်ပြီးမှ လက်ခံတတ်သည်။ နိုင်ငံရေးသမားသည် မှားလျှင် ပြင်မည်ဟူသော သဘောထားနှင့် တိုးလုပ်တတ်သည်။ စာရေးဆရာကား အမှားနည်းရန် ကြိုးစားသည်။ သစ္စာတရားကို ရှာဖွေသည်။ အဖြူပေါ် အမည်း တင်၍ ကမ္ပည်းထိုးရသူဖြစ်ရာ သတိကြီးစွာထားသည်။

ထို့ကြောင့် တခါတရံ နိုင်ငံရေးသမားနှင့် စာရေးဆရာသည် မသင့်မတင့် ဖြစ်တတ်သည်။ (ကောက်နုတ်ချက်) (ဒဂုန်တာရာ၏”စာလုံး၊ ဆေးစက်၊ စောင်းကြိုးနှင့် ကတ္တီပါကားလိပ်မှ)

ကျော်ဝင်း အသက် ၂၀ အရွယ် နိုင်ငံရေးစိတ်အားသန်နေချိန် ဒဂုန်တာရာနဲ့ အပြင်မှာတွေ့တော့ အဲဒီစာမူအပေါ် အစာမကြေကြောင်း ပြောပြတော့ ဒဂုန်တာရာက ခုလို ရှင်းပြတယ်။

“ဒီဆောင်းပါး ဖြစ်လာတဲ့ နောက်ခံအကြောင်းကို ကျနော် ပြောပြမယ်လေ၊ အဲဒီတုန်းက ၁၃၀၀ ပြည့် အရေးတော်ပုံကာလဗျ၊ ကျနော်တို့ သူငယ်ချင်းတသိုက် ငွေဖလားကြီးတလုံးနဲ့ မြို့ထဲကို အလှူခံ ထွက်ကြတာပေါ့ဗျာ။ အဲဒီမှာတင် သူငယ်ချင်းတယောက် (ကိုထွန်းရှိန်-နောင် ဗိုလ်ရန်နိုင်) ဖိနပ်ပြတ်ရောဗျ၊ ဒါနဲ့ သူက ငွေဖလားထဲက ရန်ပုံငွေနဲ့ ဖိနပ် ဝယ်မယ် လုပ်ရော၊ ကျနော်က ဒါကို မကြိုက်ဘူး၊ ဝေဖန်တယ်၊ ရန်ပုံငွေကို ယူမသုံးသင့်ဘူပေါ့ဗျာ။ အဲဒီတော့ နောက် သူငယ်ချင်းတယောက် (မနွယ်-နောင် ဝန်ကြီးချုပ် ဦးကျော်ငြိမ်း ဇနီး)က ကျနော့်ကို “ရှင်ကလည်း ဇီဇာကြောင်လိုက်တာ၊ မလွှဲသာလို့ ခဏယူသုံးတာ၊ ကျောင်းရောက်ရင် ပြန်ထည့်မှာပေါ့”လို့ ပြောတယ်ဗျ။ သူ ပြောတာ မှန်ပါတယ်။ ဒါပေမဲ့ ကျနော့်စိတ်ထဲ ဘဝင်မကျဘူး။ ဒီကတည်းက နိုင်ငံရေးသမားဖြစ်မယ့်သူနဲ့ စာရေးဆရာဖြစ်မယ့်သူ စဉ်းစားတာချင်း မတူဘူးလို့ ကျနော် စသိခဲ့တာ”

စာရှည်ရင် သိပ်မဖတ်ကြလို့ တိုတိုပဲ အနှစ်ချုပ်လိုက်ပါတယ်။



Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Like and Subscribe MoeMaKa YouTube Channel
#MoeMaKaMedia
#WhatsHappeningInMyanmar