ညောင်ဦးခရိုင်ထဲက ကျောင်းအုပ်လင်မယား သတ်ခံရ၊ အခြားပညာရေးဝန်ထမ်း ၈ ဦး ဖမ်းဆီးခံရ
မြန်မာနွေဦးခရိုနီကယ် - ဇွန် ၁၇ မြင်ကွင်း
(မိုးမခ) ဇွန် ၁၈ ၊ ၂၀၂၆
ညောင်ဦးခရိုင်ထဲက ကျောင်းအုပ်လင်မယား သတ်ခံရ၊ အခြားပညာရေးဝန်ထမ်း ၈ ဦး ဖမ်းဆီးခံရ
ဇွန် ၁၅ ရက်နေ့က မန္တလေးတိုင်း ညောင်ဦးမြို့နယ် ညောင်ပင်ကန်ကျေးရွာက အထက်တန်းကျောင်း(ခွဲ) ရဲ့ ကျောင်းအုပ်ဖြစ်သူနဲ့ သူ့ခင်ပွန်းတို့ကို လက်နက်ကိုင် အဖွဲ့တဖွဲ့က ကျောင်းဝင်းဝန်ထမ်းအိမ်ရာအတွင်းမှာပဲ ပစ်သတ်ခဲ့တဲ့ သတင်းနဲ့ ညောင်ဦးခရိုင်၊ ငါ့သရောက်မြို့နယ်က ကျေးရွာတရွာဖြစ်တဲ့ တောပြားကျေးရွာမှာ ကျောင်းဆရာ/ဆရာမ ၇ ဦးနဲ့ ကျောင်းဝန်ထမ်း ၁ ဦးကို လက်နက်ကိုင်အဖွဲ့က ဖမ်းဆီးသွားတဲ့ အဖြစ်အပျက်တွေ အဲဒီနေ့မှာပဲ ဖြစ်ပွားခဲ့ပါတယ်။
ဇွန်လ ၁ ရက်နေ့က စတင်ဖွင့်လှစ်ခဲ့တဲ့ ၂၀၂၆-၂၇ ပညာသင်နှစ် စတင်ပြီး သီတင်း ၂ ပတ်အကြာမှာ အခုလို PDF လက်နက်ကိုင် တပ်ဖွဲ့တွေ စိုးမိုးလှုပ်ရှားတဲ့နယ်မြေမှာ ပညာရေးဝန်ထမ်းတွေကို ဖမ်းဆီးတာနဲ့ သတ်ဖြတ်တဲ့ ဖြစ်ရပ်တွေ ဖြစ်ပွားလာတာ ဖြစ်ပါတယ်။
အခုလို ညောင်ပင်ကန် ကျေးရွာက ကျောင်းအုပ်နဲ့ ခင်ပွန်းဖြစ်သူကို သတ်ဖြတ်ခဲ့တာနဲ့ ပတ်သက်လို့ ဘယ်အဖွဲ့က လုပ်ဆောင်ခဲ့တာလဲ ဆိုတာ အသိပေးထုတ်ပြန်တာမျိုးတော့ မရှိသေးပါဘူး။ အလားတူပဲ နောက် အဖြစ်အပျက်တခု ဖြစ်တဲ့ တောပြားကျေးရွာမှာ ပညာရေးဝန်ထမ်း ၈ ဦးကို ဖမ်းဆီးသွားတာနဲ့ ပတ်သက်လို့လည်း ဘယ်လက်နက်ကိုင် အဖွဲ့က လုပ်တာလဲ ဆိုတာ ထုတ်ဖော်ပြောဆိုတာမျိုး မရှိသေးပါဘူး။ ညောင်ပင်ကန်ကျေးရွာဟာ ညောင်ဦး-ကျောက်ပန်းတောင်း ကားလမ်းရဲ့ အရှေ့ဘက်မှာ တည်ရှိပြီး တောပြားကျေးရွာကတော့ ငါ့သရောက်မြို့ နဲ့ ကပ်လျက် အရှေ့ဘက်မှာ တည်ရှိတဲ့ကျေးရွာ ဖြစ်ပါတယ်။
ညောင်ဦးမြို့နယ်အတွင်းက ကျေးရွာတွေမှာ အာဏာသိမ်းစစ်တပ်ကို ဆန့်ကျင်တိုက်ခိုက်နေကြတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ စိုးမိုးလှုပ်ရှားနေကြတာလည်း ဖြစ်လို့ အခု ဖြစ်ရပ် ၂ ခုဟာ PDF လက်နက်ကိုင်အဖွဲ့တွေက လုပ်ဆောင်တာလို့ အများက ယူဆနေကြတာပါ။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနောက်ပိုင်း CDM လှုပ်ရှားမှုထဲမှာ ကျန်းမာရေးဝန်ထမ်းတွေပြီးနောက် ပညာရေးဝန်ထမ်းတွေက ဒုတိယ အတက်ကြွဆုံးအင်အားစုတွေ ဖြစ်ခဲ့ကြတာပါ။ ပညာရေးဝန်ထမ်းတွေသာမက ပညာသင်ယူနေတဲ့ ကျောင်းသားတွေရဲ့ မိဘတွေက မိမိတို့သားသမီးတွေကို စာသင်ကျောင်း မတက်စေတာ၊ အထက်တန်းပညာရေး ဖြစ်တဲ့ တက္ကသိုလ်၊ ကောလိပ်မှာ သင်ယူနေတဲ့ ကျောင်းသားအချို့လည်း ဆက်လက်မတက်ရောက်ဘဲ သပိတ်မှောက်တာ၊ အဲဒီနောက် ကြားကာလ ပညာသင်ကျောင်းတွေကို အွန်လိုင်းကနေ သင်ယူတာတွေ လုပ်ဆောင်ခဲ့ကြတာ ဖြစ်ပါတယ်။
စစ်အာဏာသိမ်းပြီး အစောပိုင်းနှစ်ကာလတွေမှာ CDM မလုပ်တဲ့ ပညာရေးဝန်ထမ်းတွေကို တိုက်ခိုက်တာ၊ သတ်ဖြတ်တာ ခြိမ်းခြောက်တာတွေလည်း တိုင်းရင်းသားဒေသ အချို့ကလွဲလို့ နိုင်ငံအနှံ့အပြား ဖြစ်ပွားခဲ့တာပါ။ ကျောင်းအုပ်တွေ၊ ကျောင်းဆရာတွေကို သတ်ဖြတ်တဲ့ ဖြစ်ရပ်တွေ ခပ်စိပ်စိပ်ဖြစ်ပွားခဲ့ပြီး ပြီးခဲ့တဲ့ ၁ နှစ် ၂ နှစ်ဝန်းကျင်မှာ အနည်းငယ် လျော့ပါးသွားခဲ့ပေမယ့် အခု ၂၀၂၆/၂၇ ပညာသင်နှစ် စတင်ချိန်မှာ အညာဒေသက ကျေးရွာအချို့မှာ ပြန်လည်ဖြစ်ပွားလာတာလည်း ဖြစ်ပါတယ်။
NUG အစိုးရ အနေနဲ့ ပညာသင်ကြားရေးနဲ့ ပတ်သက်တဲ့ မူဝါဒကို စစ်အာဏာသိမ်းပြီး ၅ နှစ်အကြာမှာ ပြန်လည်သုံးသပ်မှုတွေ လုပ်ဆောင်သင့်ပြီလို့ ထင်မြင်ယူဆမိပါတယ်။ ကြားကာလ ပညာရေးက ဘယ်လောက် အောင်မြင်မှု ရှိသလဲ၊ အောက်ခြေ ကျေးရွာတွေ၊ ဝင်ငွေနည်းပါးပြီး အင်တာနက်ဆက်သွယ်ရေး၊ ကွန်ပျူတာတို့လို သင်ယူမှုအထောက်အကူပစ္စည်းတွေ မရှိကြတဲ့ သူတွေအတွက် အွန်လိုင်းကနေ ကြားကာလပညာသင်ယူရေးက လက်တွေ့ ဖြစ်နိုင်ရဲ့လား ဆိုတဲ့အထိ ပြန်လည်သုံးသပ်ပြီး မူဝါဒအရ ပြင်ဆင်သင့်တာတွေ ပြင်ဆင်ပြီး အများပြည်သူကို အသိပေးသင့်ပြီဖြစ်ပါတယ်။
အခု သတ်ဖြတ်မှုနဲ့ ဖမ်းဆီးမှု ဖြစ်ပွားတဲ့ ဒေသတွေဟာ ဝင်ငွေအနည်းဆုံး ဖွံ့ဖြိုးမှုအနည်းဆုံး ကျေးလက်ဒေသက ပြည်သူတွေ နေထိုင်နေကြတဲ့ ဒေသတွေ ဖြစ်ပါတယ်။
လက်နက်ကိုင်တော်လှန်ရေး၊ စစ်အာဏာရှင် အပြီးတိုင်ဖြုတ်ချရေးဟာ ဒီနှစ်ကုန် သို့မဟုတ် နောက်နှစ်ကုန်မှာ အောင်မြင်လိမ့်မယ်လို့ မဆိုနိုင်တဲ့ အခြေအနေမှာ အောက်ခြေ လူထုလူတန်းစားတွေရဲ့ သားသမီးတွေ ပညာရေးအတွက် ၄င်းတို့ နေထိုင်ရာ နေရာတွေမှာ သင်ယူတာကို တားဆီးတာ၊ ခြိမ်းခြောက်တာတွေ မလုပ်ဖို့ မူဝါဒအားဖြင့် အသိပေးကြေညာတာအပြင် လက်တွေ့ကျင့်သုံးမှုအားဖြင့်ပါ လိုက်နာဖို့ သတ်ဖြတ်မှု ကျူးလွန်သူတွေကို အပြစ်ပေးအရေးယူဖို့ လုပ်ဆောင်သင့်နေပြီ ဖြစ်ပါတယ်။
လူတန်းစား အလွှာအသီးသီးမှာ ထိပ်ဆုံးက ငွေကြေးတတ်နိုင်သူတွေအဖို့ သားသမီးတွေကို နိုင်ငံခြားပို့ ပညာသင်ယူစေနိုင်တဲ့ အနေအထားရှိသလို အလယ်အလတ် ဝင်ငွေရှိတဲ့မိဘတွေ အနေနဲ့ နိုင်ငံတွင်းမှာပဲ မြို့ကြီးတွေဆီပို့ ပြီး ပညာသင်ယူစေနိုင်တာ ဖြစ်ပေမဲ့ ဝင်ငွေအနိမ့်ဆုံး အလွှာ၊ ကျေးလက်မှာ စိုက်ပျိုး၊ မွေးမြူရေးနဲ့ လက်လုပ်လက်စား မိဘတွေအဖို့ မိမိတို့ သားသမီးတွေကို ဘယ်ကိုမှ စေလွှတ်နိုင်မှာ မဟုတ်ဘဲ နေထိုင်ရာ ကျေးရွာ၊ မြို့တွေမှာသာ စာသင်ယူဖို့ တတ်နိုင်တာ ဖြစ်ပါတယ်။
စစ်တပ်က ထိန်းချုပ်ထားတဲ့ ဒေသတွေမှာ နေထိုင်တဲ့သူတွေအဖို့ အစိုးရကျောင်းက လွဲပြီးအခြားရွေးချယ်စရာ မရှိတဲ့ အခြေအနေကို နားလည်ပေးဖို့ အရေးကြီးတာလည်း ဖြစ်ပါတယ်။ ပညာသင်ကြားရေးကို နိုင်ငံရေး ဖြစ်စဥ်နဲ့ အတင်းဆွဲချိတ်တာ၊ နိုင်ငံရေး ဇတ်သွင်းတာမျိုး လုပ်ဆောင်တာဟာ နောင်တချိန်ကျရင် လွဲမှားတဲ့မူ၊ ကျင့်သုံးမှု ဆိုတာ သိလာကြလိမ့်မှာ ဖြစ်ပါတယ်။
မကြာသေးခင်က ပုလဲ ပအဖ၊ ပကဖ အဖွဲ့က စစ်တပ်ထိန်းချုပ်နယ်မြေ/မြို့တွေမှာ သားသမီးတွေ ကျောင်းအပ်နှံထားရင် အမြန်ဆုံး ပြန်လည် ခေါ်ယူဖို့၊ ဆက်လက် ကျောင်းတက်နေသူတွေ အနေနဲ့ တော်လှန်ရေးအင်အားစု ထိန်းချုပ်နယ်မြေကို တော်လှန်ရေး မပြီးမချင်း ပြန်မလာဖို့ ဆိုတဲ့ အမိန့်ထုတ်ပြန်ပြီး ဝေဖန် ပြောဆိုမှုတွေ ကျယ်ကျယ်ပြန့်ပြန့် ပေါ်ထွက်လာခဲ့ပါတယ်။ သို့ပေမယ့် NUG ရဲ့ ပညာရေးဝန်ကြီးဌာန အနေနဲ့ အဆိုပါ အမိန့်နဲ့ ပတ်သက်လို့ တစုံတရာ ဝေဖန်ပြောဆိုတာ၊ တာဝန်ခံတာ မတွေ့ခဲ့ရပါဘူး။
ဇွန်လဟာ အခြေခံပညာကျောင်းတွေ စာသင်နှစ် စတင်တဲ့လ ဖြစ်လို့ အခု ပညာသင်ကြားရေးနဲ့ သက်ဆိုင်တဲ့ အဖြစ်အပျက်တွေ ဟိုနေရာ သည်နေရာမှာ ဖြစ်ပွားနေတာ ဖြစ်ပေမဲ့ ဒီအဖြစ်အပျက်တွေကို မူဝါဒအရ အောက်ခြေမှာကျင့်သုံးမှုတွေနဲ့ ပတ်သက်လို့ NUG အစိုးရအနေနဲ့ သုံးသပ် ပြင်ဆင်တာ၊ တာဝန်ခံပြောဆိုတာတွေ လုပ်ဖို့ အချိန်ရောက်နေပြီလို့ ဆိုချင်ပါတယ်။
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar