လေးလေး - သူထဲက ဦးချစ်မောင်
လေးလေး - သူထဲက ဦးချစ်မောင်
မိုးမခ ၊ ဇူလိုင် ၃ ၊ ၂၀၂၆
သတင်းစာဆရာ၊ စာရေးဆရာ မောင်ဝံသ တို့ခေတ်က ဂျာနယ်ကျော်ဦးချစ်မောင်လေးတွေ ဖြစ်ချင်တယ်လို့ စံနမူနာထား လေးစားရသူ၊ လူတဖက်သားကို အင်မတန်အားနာတတ်ပြီး ကူညီတတ်သူ ရွှေလင်းယုန် ကလောင်အမည်နဲ့ ရေးတဲ့ “သူ” ဝတ္ထုထဲက ဆရာဝန် ကိုမြင့်မောင်ဟာ ဂျာနယ်ကျော်ဦးချစ်မောင် ပါပဲလို့ ဆိုစမှတ်ပြုရသူ၊ မြန်မာသတင်းစာဆရာ၊ စာရေးဆရာ အကျော်အမော်တဦး ဖြစ်တဲ့ ဂျာနယ်ကျော်ဦးချစ်မောင် နှစ် (၁၀၀) ပြည့် အထိမ်းအမှတ် အထူးထုတ်စာအုပ် ဖတ်ရတယ်။
တကယ် နှစ်တရာပြည့်ခဲ့တဲ့ ၂၀၁၂ ခုနှစ်က ပထမအကြိမ် ထုတ်ဝေခဲ့တဲ့ စာအုပ်ကို ၂၀၂၆ ခုနှစ်မှာ ဒုတိယအကြိမ် ထပ်ပြီး ထုတ်ဝေဖြန့်ချိတာ ဖြစ်တယ်။ ကွယ်လွန်သူ စာရေးဆရာ၊ သတင်းစာဆရာ အကြောင်း အမှတ်တရရေးကြ ပြောကြ၊ စာအုပ်အဖြစ် ထုတ်ဝေကြတဲ့အခါ သူနဲ့ မလှမ်းမကမ်းက စာရေးဆရာ၊ သတင်းစာဆရာတွေ ရေးတဲ့ အမှတ်ရချက် စာစုတွေက ပိုပြီးရုပ်လုံးပေါ်တယ်။
အခုစာအုပ်ထဲမှာ စာရေးဆရာ၊ သတင်းစာဆရာ ၃၀ ကျော်ရဲ့ အမှတ်တရစာစုတွေ ဖော်ပြထားပြီး ပါရဂူ၊ ဒဂုန်ရွှေမျှား၊ သင်္ခါ၊ သုခ၊ လူထုစိန်ဝင်း၊ စောဦး၊ မောင်ခင်မင်(ဓနုဖြူ) စသူတို့ရဲ့ စာတွေ ပါပါတယ်။
ဒါ့အပြင် ဂျာနယ်ကျော်ဦးချစ်မောင်ရဲ့ ဘဝဖြစ်စဉ် နေ့စွဲများ၊ ဂျာနယ်ကျော် ဦးချစ်မောင်ရဲ့ စာစုစာရင်းနဲ့ အမှတ်တရဓာတ်ပုံတွေကိုလည်း စုစည်းဖော်ပြထားတာ တွေ့ရတယ်။ ဗိုလ်ချုပ်အောင်ဆန်းတို့ လွတ်လပ်ရေးကြိုးပမ်းမှု ကာလမှာ ပါဝင်ခဲ့တဲ့ ဂျာနယ်ကျော် ဦးချစ်မောင် ဘဝပုံရိပ်တွေကိုဖတ်ပြီး အဲဒီခေတ်က နိုင်ငံရေးသမားတွေရဲ့ ပုံရိပ်တချို့ကိုပါ မြင်ယောင်ကြည့်လို့ရပါတယ်။ ဒါ့အပြင် စာရေးဆရာနဲ့ သတင်းစာဆရာတို့ရဲ့ သဘောသဘာဝတချို့ကိုလည်း ခုလို ဖတ်ရတယ်။
“စာရေးဆရာနဲ့ သတင်းစာဆရာ နှစ်ဦးစလုံးဟာ စာရေးခြင်း အတတ်ပညာနဲ့ အသက်မွေးကြသူများ ဖြစ်ကြတယ်။ စာရေးဆရာက လူသားများရဲ့ နှလုံးသား လိုအပ်ချက်ကို ဖြည့်ဆည်းဖို့ ရသစာပေတွေ ဖန်တီးရေးသားတယ်။
သတင်းစာဆရာက လူတွေရဲ့ ဦးနှောက်လိုအပ်ချက်အတွက် လူသားတွေနဲ့ ပတ်သက်တဲ့ သတင်းတွေနဲ့ ရှင်းလင်းချက်တွေ သုံးသပ်ဝေဖန်ချက်တွေ ရေးသားတယ်။ စာရေးဆရာက တစ်နှစ်မှာ စာအုပ် နှစ်အုပ်၊ သုံးအုပ် ရေးထုတ်နိုင်တဲ့အခါ ရှိသလို တစ်နှစ်လုံးနေလို့ စာတစ်ပုဒ်တောင် မရေးနိုင်တဲ့အခါတွေလည်း ရှိတယ်။ သတင်းစာဆရာကတော့ နေ့စဉ် မရေးမဖြစ် ရေးရတယ်။ လက်ထဲက ကလောင်ကို ချရတယ်လို့ မရှိအောင် ရေးနေရတယ်။”
လူထုစိန်ဝင်းရဲ့ “ကလောင်စစ်သားကြီး ဂျာနယ်ကျော်ဦးချစ်မောင် စာစုက ကောက်နုတ်ဖော်ပြခဲ့တာပါ။ တခါ ဦးချစ်မောင်ရဲ့ တပည့်ရင်း “စောဦး” ရေးတဲ့ “သူကား သူရေးခဲ့သော သူထဲက သူမှ တကယ့်သူ”ဆိုတဲ့ စာစုပါ သတင်းထောက်ဖြစ်ချင်တဲ့ အကြောင်းရင်းကို ကောက်နုတ်ဖော်ပြပါဦးမယ်။
“ကျောင်းတုန်းက ကျွန်တော့်ကို ဆရာကြီးက မင်းကြီးရင် ဘာလုပ်မယ် ရည်ရွယ်ချက် ရှိသလဲလို့ မေးတယ်။ ကျွန်တော်က “သတင်းစာဆရာ အယ်ဒီတာ” ဒါမှမဟုတ် “ဆရာဝန်” ဖြစ်ချင်တယ်လို့ ဖြေတယ်။ ဒီတော့ ဆရာ ကြီးက “ဒီလို ၂ မျိုး မပြောနဲ့၊ ကိုယ့်စိတ်ကို တစ်ခါတည်း ပိုင်းဖြတ်ပြီး ပြောနိုင်ရမယ်၊ ဒီ ၂ ခု ဘယ်ဒင်းကို ပိုသဘောကျသလဲလို့ ထပ်မေးတယ်။
ကျွန်တော့်စိတ်ထဲမှာ အသိဉာဏ် ပေါ်လာတယ်။ သတင်းစာဆရာ အလုပ်က တပြည်လုံးကို ပြုပြင်နိုင်တယ်။ ဆရာဝန်အလုပ်က ကိုယ်နေတဲ့ ဒေသပတ်ဝန်းကျင်မှာပဲ လူတွေရဲ့ အသက်ကို ကယ်တင်နိုင်မယ်။ အဲဒီလို စဉ်းစားဉာဏ် ဝင်လာပြီး “သတင်းစာဆရာ လုပ်မယ်” လို့ ဖြေလိုက်တယ်။
ဒီတော့ ဆရာကြီးက “စာများများဖတ်ဖို့” သတိပေးလိုက်တယ်။ “ဂျာနယ်ကျော်ဦးချစ်မောင် နှစ် (၁၀၀) ပြည့်အထိမ်းအမှတ် အထူးထုတ်စာအုပ်ကို ရန်ကုန်မြို့၊ တောင်ဥက္ကလာပမှာ ရှိတဲ့ သီဟရတနာစာပေတိုက်ကနေ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီမှာ ဒုတိယအကြိမ်၊ အုပ်ရေ ၁,၀၀၀ ထုတ်ဝေဖြန့်ချိပြီး စာအုပ်တန်ဖိုးက ကျပ် ၁၅,၀၀၀ တိတိ။
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar