Breaking News

မောင်ရစ် - ကိုဗစ်ဆယ့်ကိုး အပိုင်းအစများ (မတ်် ၂၇၊၂၀၂၀)


မောင်ရစ် - ကိုဗစ်ဆယ့်ကိုး အပိုင်းအစများ (မတ်် ၂၇၊၂၀၂၀) 

(မိုးမခ) မတ် ၂၈၊ ၂၀၂၀

(သူ့ဖေစ့်ဘွတ်ကနေ ကူးပါတယ်)



မနေ့က နန်စီပလိုစီ အောက်လွှတ်တော် ဒီမိုကရက်အမတ်ချုပ် အမျိုးသမီးကြီး အသက် ၈၀ ပြည့်တယ်။ အဲသည်နေ့မှာ တိုင်းပြည်ကို ကိုဗစ်၁၉ ကာလနာတိုက်နေတာ ကယ်ဆယ်ရေးကူညီရန်အရေးပေါ်ဥပဒေ ပြဌာန်းနိုင်ဖို့ Family First Bill ကို တင်ဖို့ အစွမ်းကုန်ကြိုးစားနေတယ်။ ၂ ထီလျံ ကူညီမှုဥပဒေပေါ့။ အဲသည် ဘီလ်မှာ နိုင်ငံရေးသမားကြီးတွေ အမြတ်မထုတ်ရေး၊ အရင်းရှင်ကြီးများ အိတ်ကပ်ထဲ မရောက်ရေးကို အစွမ်းကုန် ကာကွယ်မှုတွေ လုပ်ပါတယ်။ အမေရိကန်အလုပ်သမားလူတန်းစားလက်ထဲ အရောက် ကူညီဖို့၊ အလုပ်လက်မဲ့ခံစားခွင့် တိုးမြှင့်ပေးဖို့၊ ကျန်းမာရေးအာမခံချက် ချဲ့ပေးဖို့တွေ ပါဝင်ပါတယ်။

ထုံးစံံံံံံံံံအတိုင်းရီပတ်ဘလစ်ကန်အမတ်ကြီးတွေက ကန့်လန့်တိုက်ကြတယ်။ ဆင်းရဲသားအလုပ်သမားတွေကို အလုပ်လက်မဲ့ခံစားခွင့် ၄လ ပေးရာမှာ အပိုဆောင်းငွေ ဒေါ်လာ ၆၀၀ ပိုပေးချင်တာကို သူဌေးအမတ်ကြီးတွေက ကန့်ကွက်သတဲ့လေ။ ဆင်းရဲသားအလုပ်သမားတွေ အလကားအလုပ်လက်မဲ့ငွေ ထိုင်စားပြီး အပျင်းထူသွားမှာ စိုးရိမ်တော်မူသတဲ့။ တကယ်တန်းကတော့ အလုပ်သမားလူတန်းစား ဝင်ငွေနည်းတွေကို ကြံ့ဖွတ်အမတ်တွေ အဲလေ ယောင်လို့ ရီပတ်ဘလစ်ကန်အမတ်ကြီးတွေက အသုံးချဖို့ ချနင်းဖို့ပဲ စဉ်းစားတာပါ၊ ထောက်ပံ့ဖို့ မစဉ်းစားပါဘူး။




သည်တော့ အထက်လွှတ်တော်အမတ် ၂၀၂၀သမတအဖြစ် ဝင်ရွေးခံရန်ကြိုးစားနေသူ "ဆို့ရှယ်လစ်ကြီး" "လက်ဝဲသမားကြီး" "လူငယ်မျိုးဆက်သစ်များ၏ အချစ်တော်" နိုင်ငံရေးသမား တသီးပုဂ္ဂလ ဒီမိုကရက် ဘာနီဆင်းဒါးက လွှတ်တော်မှာ ကြံ့ဖွတ်တွေကို ပြန်ကြိတ်တာ သိပ်ကြည့်ကောင်းပါတယ်။ "မင်းတို့ရီပတ်ဘလစ်ကန်တွေက အံ့ဩကုနိင်ဖွယ်ပဲ၊ ငွေလေး ၆၀၀ ကို ၄လလောက် အလုပ်လက်မဲ့ဖြစ်နေချိန် ပိုပေးသွားလိုက်တာနဲ့ ကမ္ဘာကြီးပျက်သွားမှာမို့ လား။ သည်ဆင်းရဲသားတွေ အခြေခံလူတန်းစားတွေကို မင်းတို့က အထင်သေးလှချည်လား။ သူတို့တွေ စာရိတ္တပျက်သွားမယ်လိုု့ အရှက်မရှိ ပြောရက်လိုက်တာ။ အောင်မလေး ဘုရားဘုရား။" ဆိုပြီး ကြိမ်းမောင်းနေလိုက်တာ ကြည့်ကောင်းလိုက်တဲ့ဖြစ်ခြင်း။ သူအသက်က ၇၈ နှစ်။ ခေတ်နဲ့ အမီလိုက်ပြီး ကာလနာတိုက်နေတဲ့ အချိန်မှာ ဦးဆောင်မှုပေးနေတာ ကြည်ညိုလိုက်တာနော်။ (ဟိုအကောင်ကြီးနဲ့ ကွာပါ့)။

သမတကြီီး ဆိုသူကတော့ National Defense Act ကို အမိန့်ထုတ်ပြီး ကုမ္မဏီကြီးတွေကို ကျန်းမာရေးကိရိယာတွေ တိုးထုတ်ဖို့ တောင်းဆိုလိုက်ပြီ။ ပြည်နယ်ဝန်ကြီးချုပ်တွေ ကျန်းမာရေးဌာနတွေ ဆိုင်ရာတွေက တိုက်တွန်းနေတာ ကြာပါပြီ။ ဟိုအကောင်ကြီးက မင်းတို့ ပြည်နယ်အဆင့်မှာ ဖြေရှင်းကြလို့ ခေါင်းရှောင်နေတာ အခုတော့ ကိုရိုနာကာလနာတိုက်တာ ပိုဆိုးလာတော့ သူလည်း အမိန့်ထုတ်ရပါပြီ။ မိုးမခမှာ လှကျော်ဇောက တရုတ်ပြည်က ၀ူဟန်ပုံပြင်တွေ အခန်းဆက်ရေးနေတယ်။ တရုတ်ပြည်ကြီးမှာ တိုင်းပြည်အဆင့် အစိုးရ ပြည်သူ တပ်မတော် ဦးဆောင်မှု နောက်လိုက်မှုနဲ့ ကာလနာတိုက်နေခြင်းကနေ ရုန်းထတိုက်ပွဲဝင်ခဲ့ကြပုံကို ပြန်ရေးပြတာ အလွန်ကြည့်ကောင်းပါတယ်။ အခုအမေရိကန် ကိုရိုနာကာလနာတိုက်တာ အခုဆို မတ်လဆန်းကနေ တွက်ရင် တလရှိပြီ (သိပ်ဆိုးတဲ့ကာလကို ပြောတာပါ။ ဖေဖော်ဝါရီကတည်းက ဆိုင်းတွေ ပြပြီးသား)။ နှိုင်းယှဉ်ကြည့်ရင် အမေရိကန်တွေဟာ ပြက်လုံးသက်သက်ပဲလို့ ပြောရမလို ဖြစ်နေတယ်။


အိုဘားမားက နမိတ်ဖတ်ခဲ့ဘူးတယ်လို့ ပြောရင် မောင်ရစ်ကို မျက်စောင်းဝိုင်းထိုးကြဦးမယ်။ ထရန့်ကြီး ရွေးကောက်ပွဲကနေ သမတဖြစ်သွားတော့ အိုဘားမားက ပြောခဲ့တယ်။ အောက်ခြေလူထုအဆင့်ဆင့်ကနေ တိုင်းပြည်အကျိုးကို ဆက်ဆောင်ရွက်ကြ ... တဲ့။ အပေါ်ထပ်ကနေ ပြင်လို့မရရင် အောက်ခြေကနေ ပြင်ဆင်ကြရမယ် တဲ့။ သူက ပြည်နယ်ဝန်ကြီးချုပ်တွေ မြို့တော်ဝန်တွေကို တိုက်တွန်းတယ်။ ဝါရှင်တန်မှာ အမတ်လာမလုပ်နဲ့ဦး။ ကိုယ့်ပြည်နယ် မြို့နယ်မှာ အုပ်ချုပ်ကြ။ ကျန်းမာရေးစောင့်ရှောက်ကြ၊ လုပ်ခလစာတိုးပေးကြ၊ သာတူညီမျှမှုကို ထူထောင်ကြလို့ တိုက်တွန်းခဲ့တယ်။ အခု ကိုရိုနာ ကာလနာတိုက်တော့ ပြန်ကြည့်လိုက်စမ်း။ နယူးယောက် ကယ်လီဖိုးနီးယားတို့မှာ ဝန်ကြီးချုပ်တွေ မြို့တော်ဝန်တွေက ပြည်သူတွေကို ကယ်ဆယ်စောင့်ရှောက်ရေး ရှေ့တန်းက လုပ်နေကြတာ ဖြစ်တယ်ဆိုတာ တွေ့ရတယ် မဟုတ်လား။ အမေရိကန်ဟာ citi states တွေ ဖြစ်လာနေတယ်။ စင်ကာပူလိုပေါ့။ သူ့မြို့တော် သူ့နိုင်ငံဆို သလိုမျိုးပေါ့။



ကဲ ... စိတ်ညစ်စရာတွေချည်း ပတ်ဝန်းကျင်မှာ မြင်နေရတာတွေကို ခန အကြည့်ရုတ်သိမ်းပြီး အမေရိကန်၏ ထိပ်တန်း ကူးစက်ရောဂါဆေးပညာရှင်ကြီး Fucci ဒေါက်တာဖူချီရဲ့ အင်တာဗျုးအကြောင်းလေးနဲ့ နိဂုံးချုပ်ပါမယ်။ ထရန့်အပါအဝင် သမတ ၆ဆက်အောက်မှာ အလုပ်လုပ်ခဲ့တဲ့ ဆေးပညာရှင်ကြီးပါ။ ရှေးက အေအိုင်ဒီအက်စ်ကနေပြီ အီဘိုလာ၊ ဆားစ်၊ မားစ်၊ ဇီကာရောဂါပိုးတွေ တားဆီးဖို့ ထမ်းဆောင်ခဲ့သူပါ။ အသက် ၇၉ နှစ် ရှိပြီ။ သူနဲ့ ကျနော့်အသည်းစွဲ လူပြက် - Trevor Noah နဲ့ အွန်လိုင်းဗျူးကြတာ။ သူပြောပြတာလးတွေကို အနှစ်ချုပ်ရေးပြပါမယ်။

- လက်ဆေးပါ။ မျက်နှာကို လက်နဲ့ မထိပါနဲ့။ လေထဲမှာ ပြန့်တာမို့ ရောဂါရှိသူတွေက (သံံံံံံံံံံံံံသယရှိသူတွေက) အပြင်မထွက်ဘဲနေတာ အကောင်းဆုံးပဲ။ ရောဂါရှိပြီး လက္ခဏာမပြသေးခင်မှာ ပတ်ဝန်းကျင် မိသားစုဝင်တွေကို ကူးမယ်။ သူတို့တွေ သေဆုံးသွားနိုင်တယ်။ ဆင်ခြင်တုံ့တရားကို ရှေ့တန်းထားကြပါ။

- လူတိုင်းကို ထိခိုက်နိုင်ပါတယ်။ အလွန်အကျူး စိတ်မပူပါနဲ့။ ပတ်ဝန်းကျင်ကိို အသည်းအသန် သန့်ရှင်းရေးတွေ လိုက်လုပ်နေတာထက် ကိုယ့်လက်ကိုယ်ဆေးတာက ပိုအရေးကြီးပါတယ်။ ဆေးမပေါ်သေးပါဘူး။ သူများပြောတာတွေ လိုက်မလုပ်ပါနဲ့။ ဆေးတကယ်ပေါ်ရင် အမြန်ဆုံး ထုတ်ပြီး ကုသမှာပါ။

- ကိုရိုနာဗိုင်းရပ်က အချိန်ကို ဆုံးဖြတ်ပါတယ်။ လူတွေက အချိန်မသတ်မှတ်နိုင်ပါ။ ၁၅ ရက် စောင့်ကြည့်တာက အကြမ်းပြောတာ။ တရုတ်ကိုုကြည့်ပါ။ ပိတ်ဆို့ဖြေရှင်းတာတောင် လူဦးရေ သန်းဂဏန်း၊ ၈ ပတ် (၂လ) ကြာပါတယ်။ ကိုရီးယားလည်း ၄-၈ ပတ်ကြာတယ်။ ကူးစက်တဲ့ အရှိန်ပြင်းပုံကိုလည်း ထည့်တွက်ပါ။

- နယူးယောက်စီးတီးမှာ ရောဂါကူးပြီးအသေအပျောက်များတာကို အပြစ်တင်တာ လက်ညိုးထိုးတာ မလုပ်ပါနဲ့။ ကိုဗစ်၁၉မှာ မျက်စိမပါဘူး။ ခရီးသွားများတဲ့ လူဦးရေထူထပ်တဲ့ မြို့ကြီးတွေမှာ ဗိုင်းရပ်ရောက်လာရင် ကူးမှာပဲ။ အပြင်းအထန်ကို ကူးမှာ သဘာ၀ပါ။ ပြန်ပြီး နည်းမျိုးစုံနဲ့ တွန်းလှန်နေရမှာ ဖြစ်ပါတယ်။ အခု တခုခု ပြန် တွန်းလှန်ရေး လုပ်နေပြီဆိုရင်ကို ကျေနပ်စရာပါ။ အမှန်ကို ဝန်ခံပြီး လုပ်စရာရှိတာ လုပ်တာက အရေးကြီးပါတယ်။

-  ရောဂါပိုး ကူးခံထားရသူတွေအားလုံး အသက်မသေဘဲ (ပြန်နေကောင်းလာပြီး) ကျန်ရစ်ကြတဲ့အခါ သူတို့အားလုံး immune ကိုယ်ခံစွမ်းအင်ဖြစ်ထွန်းပြီး ကျန်ရစ်မှာချည်းပါပဲ။ နောက်တခါ ဗိုင်းရပ်စ်ပြန်လာရင် သူတို့မှာ တွန်းလှန်စွမ်း ရှိပြီးသား ဖြစ်မှာပါပဲံ။ ၁၀၀%တော့ မသေချာဖူး။ ဖြစ်နိုင်တာ ရှိပါတယ်။ အရင်တုတ်ကွေးတွေတုန်းကလည်း သည်လိုပဲ ဖြစ်ခဲ့တယ်လေ။

- အမေရိကန်မှာ အစိုးရ (fedral) ပြည်ထောင်စုအဆင့်မှာ တကယ်တန်း စွမ်းဆောင်တယ်ဆိုတာ အကန့်အသတ်ရှိပါတယ်။ ပြည်နယ်တွေအဆင့်ဆင့်က local level မှာ စွမ်းဆောင်ကြတာ၊ ခေါင်းဆောင်မှု ပေးကြတာပါ။ ပြည်ထောင်စုဆိုတာက ပြည်သူတွေနဲ့ ပုဂ္ဂလိကလုပ်ငန်းကြီးတွေကြား အဆင်ပြေချောမောအောင် ပွဲစားလုပ်ပေးရတာမျိုးပါ။ (ဒီတချက်ကတော့ ဖူချီတယောက် ထရန့်လက်အောက်မှာ လုပ်နေရတာမို့ ပြည်ထောင်စုအဆင့်ခေါင်းဆောင်မှုကို နည်းနည်းလျော့ပေါ့ပြီး ပြောပုံရပါတယ်။ ဟုတ်တယ်လေ၊ တရုတ်ပြည်လို ဥရောပယူနီယံလို ပြည်ထောင်စုအဆင့် ခေါင်းဆောင်ဆုံးဖြတ်တာဝန်ယူရတာမျိုး အမေရိကန်အစိုးရက လုပ်မှ မလုပ်နိုင်တာကိုး)

ကဲ ... ဒီစာဖတ်ပြီးရင် လက်ဆေးပါ။