Breaking News

မောင်သင်းထုံ (ကျောက်မဲ) ● ဖတ်ကပ်စောသေအောင်ခင်မယ်.. ရွှေညောင်ချဉ်ကောင်းလိုက်လေစွ

မောင်သင်းထုံ (ကျောက်မဲ) ● ဖတ်ကပ်စောသေအောင်ခင်မယ်.. ရွှေညောင်ချဉ်ကောင်းလိုက်လေစွ
(မိုးမခ) ဧပြီ ၂၈၊ ၂၀၁၉

ညောင်ချဉ်ပင်၊ ညောင်ချပ်ပင်လို့၊ လူတွေကဒီလိုတွဲခေါ်ကြပေမယ့် နန်းရွှေဌေးသိတာကတော့ ညောင်ချဉ်ပင်ပဲ သိတာကိုး။ ဘာပြုလို့လဲဆိုတော့ ရွှေဌေးက ညောင်ချဉ်ဖူးသုပ်ကိုကြိုက်လို့ပါ။ ဟုတ်..။

'စံ့လော.. စံ့လော.. စံ့လော.. စံ့လော..'

ရွာတောင်ဘက် ညောင်ချဉ်ပင်ကြီးပေါ်ကနေ၊ နွေဥဩငှက်ကလေးရဲ့ လွမ်းစဖွယ်ကူသံကို နန်းရွှေဌေး ကြားနေရတယ်။ သတိရလို့ ညောင်ချဉ်ပင်ကြီးဆီကြည့်လိုက်တော့၊ ညောင်ချဉ်ရွက်တချို့က ကြွေနေကြတုန်းမို့ ညောင်ချဉ်ပင်ကြီးရဲ့ ရိုးတံ ပြိုင်းပြိုင်း၊ အကိုင်းကိုင်းတို့က အကျည်းတန်လှပါတယ်။ အရွက်တွေကြွေတာကုန်ရင်တော နန်းရွှေဌေးကြိုက်တဲ့၊ ညောင်ချဉ်ဖူးတွေပေါ်လာကြဦးတော့မှာပါ။


"နန်းအေးငွေ၊ မြီးဖတ်ဆမ်၊ နင်တို့အိမ်မှာဘာ..ဟင်းချက်"

"မမြီးဖတ်ဆမ်၊ ဘာဟင်းမှမရှိပါဘူးဟယ်၊ ကုလားပဲနဲ့ ကြာဆံချက်၊ ပြီးတော့ ညောင်ချဉ်ဖူးသုပ်"

"ဟယ်... ငါ ညောင်ချဉ်ဖူးသုပ် ... စားချင်လိုက်တာဟယ်... ပေါ်ပလား"

"ပေါ်မလားဟယ်..၊ အခုမှညောင်ချဉ်ပင်က အရွက်တွေကြွေသေးတာ၊ ဒါ..မနှစ်ကအခြောက်လှမ်းထားတဲ့ ညောင်ချဉ်ဖူးကို ပြုတ်..သုပ်ထားတာ"

"အေးဟယ်.. ငါတော့.. ညောင်ချဉ်ဖူး.. စားချင်လိုက်တာ.."

နန်းရွှေဌေးတို့လား၊ တောသူတောင်သားဆိုတော့ အသားဘာညာ ဟင်းကောင်းတွေလည်း မမက်ပါ။ ကိုယ်စားနေကျ တော ကဟင်းတွေပဲ မက်တာပါ။ ဟင်းရွက်ဟင်းသီးတွေထဲမတော့ နန်းရွှေဌေးကြိုက်တာတွေအတော်များများရှိပါတယ်။ ဖတ်နိမ်ကိုက်လို့ခေါ်တဲ့ကြက်သဟင်းရွက်၊ ဖတ်တိတော့၊ ဖတ်ကြီးစွယ်တော်ဖူး၊ ညောင်ချဉ်ဖူးတို့ပေါ့။ ဟင်းသီးဟင်းရွက်တွေလို့သာ ဆိုတာ။ ချက်တတ်ပြုတ်တတ်ရင် အတော့်ကိုစားလို့ကောင်းတာကလား။

ကြည့်လေ..လူတွေ ဘယ်လောက်များစွဲလန်းကြသလဲဆိုတော့၊ ညောင်ချဉ်ဖူးကို ခူးပြုတ်ပြီးမှ၊ အခြောက်လှမ်းထားတော့ ခုလိုရှးတဲ့အချိန်စားရတာ၊ ဒါနန်းရွှေဌေးတို့ရဲ့၊ တောသဘာဝ၊ တောအရသာလို့တောင်မှ ပြောလိုက်ချင်သေးရဲ့။

ဟို..အရင်က၊ ရှမ်းပြည်နယ်၊ သီပေါမြို့မှာ၊ ဆာစောချယ်" ဆိုတဲ့ ရှမ်းစော်ဘွားကြီးတဦးရှိခဲ့ဖူးသတဲ့။ ၁၈၈၅ ခုနှစ်၊ မြန်မာ ပြည် သူ့ကျွန်ဘဝရောက်၊ သီပေါမင်းနဲ့ စုဖုရားလတ်ကို အင်္ဂလိပ်တွေက အိန္ဒိယပြည်ရတနာဂီရိကိုခေါ်ဆောင်သွားခဲ့ကြ တော့  နန်းတော်ကြီးထဲကသဘင်သည်တွေဆိုတာ အားငယ်ပြီး အရှင်မဲ့ ကျန်ခဲ့ကြတော့တာပေါ့။ အဲဒီမှာ ဂီတပညာကိုမြတ်နိုး တဲ့ ရှမ်းစော်ဘွားကြီး ဆာစောချယ်ဟာ နန်းတွင်းထဲက ဂီတပညာရှင်၊ ဇာတ်သဘာင်ပညာရှင်တွေကို သီပေါခေါ်လာပြီးမှ ရပ်ကွက်တကွက်၊ သတ်မှတ်ပေးထားတာ၊ အခုထိကို ဇာတ်စုရပ်ဆိုတာ ရှိသတဲ့။

"ဖတ်ကပ်စော သေအောင်ခင်မယ်၊ ရွှေညောင်ချဉ်ကောင်းလိုက်လေစွ
ချမ်းလှလို့ ရှမ်းမယူမယ်၊ ဝမ်းဝမူပြီးစေ ငြိမ်းရော့ထင်လေ.."


ခေါ်လာတဲ့သဘာင်သည်တွေထဲမှာ မိုးဒေဝါပတ်ပျိုးကိုရေးခဲ့တဲ့၊ ဒေါ်စောမြအေးကြည်ဆိုတာ ပါတယ်။ အဲဒီသီချင်းကို အနီး စခန်းဟောကြီးထဲမှာရေးခဲ့တာလို့ ပြောကြတယ်။ နောက်တယောက်၊ သဘင်ပညာရှင်က၊ ဘာဂျာ 'ဆရာလွှား' တဲ့။ အဲဒီ ဆရာကြီးက အင်းဝက ကဗျာဆရာကိုလေး (အင်းဝဂုဏ်ရည်) ရဲ့ အဘေးတော်တယ်။ သီပေါစော်ဘွားကြီး ဆာစောချယ်ဟာ၊ အဲဒီဇာတ်စုရပ်ကုန်းပေါ်မှာပဲ၊ မန္တလေးနန်းမြို့ပုံစံ၊ သစ်သားနန်းတော်ကြီးကို ဆောက်ခဲ့တာ၊ ဂျပန်ခေတ်က ဗုံးဒဏ်ကြောင့် မီးလောင်ခံရလို့သာပေါ့။ နို့မဟုတ်ရင်အခု ထွေအုပ်ရုံးရဲ့မြောက်ဘက်ကကွက်လပ်ကြီးဆိုတာ၊ အဲဒါနန်းတော်နေရာလို့၊ လူ ကြီးတွေကပြောကြပါတယ်။ စိုင်းဆောင်ဆီတို့ နန်းရွှေဌေးတို့အတွက်ကတော့ လွမ်းမောစရာပါ။

စော်ဘွားကြီးခေါ်လာပြီး နေရာပေးထားတဲ့၊ ဇာတ်စုရပ်က ဇာတ်သမားတွေဟာ ကြာလာတော့၊ ဒေသခံတိုင်းရင်းသူတွေနဲ့ အိမ်ထောင်ကျကြတဲ့အခါ၊ ဖတ်ကပ်စောလို့ခေါ်တဲ့ မုန်ညှင်းစော၊ မုန်ညှင်းချဉ်ဖတ်ဟိလို့ခေါ်တဲ့၊ ညောင်ချဉ်ကိုလည်း စား တတ် ခင်တတ်လာကြပုံရပါတယ်။ ဒါကြောင့်မို့ စာတောင်မှ ချိုးခဲ့ကြတာရော၊ နန်းရွှေဌေး၊ ဒီညောင်ချဉ်ကို ကြိုက်တာလည်း မပြောနဲ့လေ... နော်။

"ညောင်ချဉ်၊ ညောင်ချပ်၊ ညောင်ပိနဲ္န..၊ ဗောဓိညောင်"

နန်းရွှေဌေးတို့ဆီမှာက ညောင်ပင်တွေအစားစားရှိပါတယ်။ အဲဒီအထဲကမှ နန်းရွှေဌေးက ညောင်ချဉ်ပင်ကို စိတ်ဝင်စားတာက အစောကပြောတဲ့ ညောင်ချဉ်ဖူးသုပ်ကိုကြိုက်လို့ပါ။ အဲဒီအကြောင်းကိုတောင်မှ တရွာထဲနေ နန်းရွှေဌေးရဲ့ လူပျို စိုင်းဆောင် ဆီကိုပြောဖြစ်သေးရဲ့။ ဒီတော့လား ...  စိုင်းဆောင်ဆီက လူအေးဆိုတော့ အေးပါ.. အေးပါလို့တော့ ပြောပါတယ်။ ဒီအချိန် ရွာတဝိုက်မှာ ဘယ်ညောင်ချဉ်ပင်ကမှ အဖူးမထွက်ကြသေးတော့၊ ယောင်္ကျားတံခွန်၊ လူရည်ချွန်၊ ကောင်းကင်တမွတ်၊ ကြယ်ကိုဆွတ်က မလွတ်စတမ်း၊ ရမြဲတန်းလို့ ဆိုပေမယ့်၊ လောလောဆယ်အခြေအနေအရ ညောင်ချဉ်ဖူးနဲ့ ကြယ်နဲ့က တန်ဘိုးချင်းအတူတူမို့ စိုင်းဆောင်ဆီ ငြိမ်နေရပေမယ့်၊ ချစ်သူ့ဆန္ဒကို ဖြည့်ဆည်းပေးချင်နေတာကတော့ စိုင်းဆောင်ဆီရဲ့ ဟောဒီရင်နဲ့အမျှပါပဲ..ဗျာ။ ဘုရားကို စူးရပါစေ..ရဲ့။

ညောင်ချဉ်ဖူးကိုပြုတ်ပြီးလဲ နန်းရွှေဌေးတို့စားကြတယ်။ ချဉ်ရေဟင်းလည်း ချက်စားတယ်။ ပဲပုပ်နဲ့လည်း ချက်စားတယ်။ ညောင်ချဉ်ဖူးကချဉ်တော့ နန်းရွှေဌေးတို့ မိန်းကလေးတွေက ကြိုက်ကြတယ်။ ပြီးတော့ ညောင်ချဉ်ဖူးပေါ်တဲ့ရာသီက နွေဦး ရာသီ။ ပူတော့ အချဉ်ဓာတ်က စွဲမက်စရာကောင်းနေတော့တာပေါ့။ အဲဒီလိုအမျိုးမျိုး လုပ်စားလို့ရလို့လည်း ညောင်ချဉ်ဖူး တွေလှိုင်လှိုင်ပေါ်ချိန်မှာ နန်းရွှေဌေးတို့ရဲ့အမေတွေ အဖွားတွေက ညောင်ချဉ်ဖူတွေကို ပေါင်းအိုးနဲ့ပေါင်းပြီးမှ အခြောက်ခံ၊ တနှစ်ပတ်လုံးစားကြတာရော။ နန်းရွှေဌေးတို့ ရှမ်းလူမျိုးတွေ ဒီ ဖတ်ဟိလို့ခေါ်တဲ့ ညောင်ချဉ်ဖူး ကြိုက်ကြပုံများပြောပါတယ်။

"နန်းရွှေဌေး..ရေ.. ရော့ပါဗျာ.. နင်စားချင်တဲ့ညောင်ချဉ်ဖူးတွေ"

"ဟယ်..စိုင်းဆောင်ဆီ၊ နင်တော်လိုက်တာဟယ်..၊ ငါစားချင်နေတဲ့ညောင်ချဉ်ဖူတွေ..ရအောင်ခူးလာတယ်။ ကျေးဇူးပါပဲ..ဟာ၊ နင်ဘယ်က ခူးလာတာလဲ၊ အဝေးကြီးသွားခဲ့ရတာလား"

"နန်းရွှေဌေးရယ်၊ ငါ့ဘဝနင်တို့လို၊ ရွှေတွေငွေတွေ မဌေးပေမယ့်၊ ကိုယ့်ချစ်တဲ့သူရဲ့ ဆန္ဒကိုဖြည့်ဆည်းပေးချင်တဲ့ ဆန္ဒတွေက တော့ ဌေးပါသေးတယ်"

"ဧကန္တ..နင်..ဒါစိုင်း သောကြာဇာတ်ထဲက ဇာတ်မင်းသား စိုင်းကာလိန်ပြောတဲ့စကားတွေ လာပြောနေတာမဟုတ်လား" 

"အဟဲ..နင်ကလဲဟာ၊ နည်းနည်းပါးပါး၊ ငါရှက်အောင်မပြောပါနဲ့လား.."

နန်းရွှေဌေးတို့ရွာတဝိုက်မှာ ညောင်ချဉ်ပင်တွေတော့ရှိပါတယ်။ ဒါပေမယ့် ခက်တာက ဘယ်အပင်ကမှ ညောင်ချဉ်ဖူးတွေ မ ထွက်ကြသေးတာပါ။ အရေးထဲမနှစ်က ရာသီဥတုကဖောက်ပြီး နောက်မိုးမကောင်းခဲ့တော့၊ ဒီနှစ်သစ်တော သစ်ပင်တွေ ရွက်နု အစို့ထွက်တာ နောက်ကျကြတဲ့ပုံပါ။ နန်းရွှေဌေးအထင် ခါတိုင်းဒီအချိန်ဆို ထွက်နေကြပါပြီ။ စားနေရပြီလားလို့ပါ။

ခက်တာနန်းရွှေဌေးတို့ လူ့သဘာဝပဲထင်ပါရဲ့။ ခရမ်းချဉ်သီးတွေပေါရင် မစားချင်ဘူး၊ ခရမ်းချဉ်သီးတွေ ရှားပလားဆိုမှ ခရမ်း ချဉ်သီးချက်၊ ခရမ်းချဉ်သီးထောင်းက စားချင်လာကြရော။ နန်းရွှေဌေးတို့ရွာတဝိုက် ညောင်ချဉ်ပင်တွေ ဖူးကြပလားဆိုရင် ရွာထဲက မှိုရှာမျှစ်ရှာကြတဲ့ လူတွေရယ်၊ ကျွဲကျောင်း၊ နွားကျောင်းကြတဲ့သူတွေရယ်ကို အားကိုးကြရတယ်။ ညောင်ချဉ်ဖူး ခူးခဲ့ပေးကြဖို့လေ မှာရတယ်ဟုတ်..။

"ဟယ်..စိုင်းဆောင်ဆီ နင့်တကိုယ်လုံးလဲ ပေပွလို့ပါလား"

"ညောင်ချဉ်ပင်က အစေးတွေလေဟာ၊ တစ်လလောက်တော့ နေကရော့နေမှာ.."

ညောင်ချဉ်ပင်တွေမှာက ဖြူဖြူအစေးတွေရှိတယ်။ ညောင်ချဉ်ဖူးခူးတဲ့လူတွေဟာ ညောင်ချဉ်ပင်တွေက မြင့်တာရယ်။ ပြီး တော့ ညောင်ကိုင်းတွေက ဆတ်တာရယ်ကြောင့်၊ ဘယ်သူမှကိုင်းဖျားကိုင်းနားထိ တက်မခူးကြဘူး။ ခက်တာ ဒီညောင်ချဉ်ဖူး တွေကလည်း နုတာဖူးကြတာက ကိုင်းဖျားမှာချည်းဆိုတော့ ညောင်ချဉ်ဖူးခူးတဲ့လူတွေဟာ၊ အပင်ပေါ်တက်ပြီးမှ ညောင်ချဉ် ပင်ကိုင်းတွေ ချိုင်ချရတယ်။ အပင်တက်နိုင်တာက ကျွဲကျောင်းသား၊ နွားကျောင်းသားတွေမှ တက်နိုင်ကြတာ။ ဒါကြောင့် သူတို့ကိုအားကိုးရတာပေါ့။    

ဂျုန်း.. ဂလုန်း.. ဝုန်း.. ဝုန်း   

ညောင်ချဉ်ကိုင်းတွေအောက်ကျလာတော့၊ အောက်မှာ ညောင်ချဉ်ဖူးခူးဖို့ စောင့်နေကြတာက မှိုရှာ မျှစ်ရှာကြတဲ့သူတွေရယ်၊ နောက်အနားက ကျွဲတွေ၊ နွားတွေဆိတ်တွေရယ်ပဲပေါ့။ လူနဲ့အတူ လာလုစားပေမယ့်၊ နန်းရွှေဌေးတို့မှာ သူတို့ကို ဟဲ့ဆိုပြီး တချက်၊ မငေါက်ရက်၊ မနှင်ရက်ဘူး။ ဘာကြောင့်လဲဆိုတော့ ဒီအချိန်က တိရစ္ဆာန်တွေအတွက်လည်း အစာရေစာရှားပါး ချိန်တော့ နန်းရွှေဌေးတို့တော့သဘာဝ၊ ဒီလိုပါပဲလေလူတွေ၊ တိရစ္ဆာန်တွေဆိုတော့ အစာရေစာတွေ၊ ဝေမျှစားနေကြရတာပါပဲ။

အဲဒီနေ့က နန်းရွှေဌေးတယောက် စိုင်းဆောင်ဆီကိုကြည့်တော့ တကတည်း သူ့မျက်နှာဆိုတာ မှဲ့ချောက်တွေများတဲ့ ဘိုမ မျက်နှာကျနေတာပဲဆိုမှ နောက်ပြီး လက်တွေပေါ်ရော၊ ခြေထောက်တွေပေါ်မှာရော၊ အဲဒါ ညောင်စေးတွေလေ။ ညောင်စေး က အဖြူရောင်ပေမယ့်၊ ကိုယ်ပေါ်တင် ဖုန်တွေဘာတွေကပ်ကုန်တော့ မှဲ့ခြောက်တွေလို ဖြစ်ကုန်တော့တာပေါ့။

အဲဒီညောင်ချဉ်ပင်ထွက်တဲ့ အစေးပေါ့။ ဘယ်လောက်များကပ်သလဲဆိုရင် ရွာထဲက ကလေးတွေလေ၊ ညောင်ချဉ်ပင်ကို ခုတ်၊ အစေးတွေကို ရေနဲ့ဆွတ်လို့ယူ၊ နောက်တော့ ဝါးတဲထိပ်ဖျားကပ်ပြီး ပုစဉ်းရင်ကွဲကောင်တွေ ဖမ်းကြတာလေ။ ကြော် စားကြဖို့တဲ့ ညောင်ချဉ်ပင်က အစေးကခပ်ကပ်ကပ်၊ အဲဒီအချိန်၊ ပုစဉ်ရင်ကွဲတောင်ပံတွေဆိုတာက ခြောက်ကပ်နေကြတော့ တော်နေကြာတော့ ဒီ..ဒီဆိုပြီး၊ ဝါးချောင်းရဲ့အဖျားကပ်မိကုန်ကြရောပေါ့။ ညောင်ချဉ်ပင်အစေးက အဲဒီလောက်အထိကို စေးတာပါ။ ဒါ့ကြောင့်မို့လည်း စိုင်းဆောင်ဆီရဲ့ကိုယ်ပေါ်ခုထိကို မပြောင်သေးတာပေါ့။ ကြည့်ပါဦး။

တကယ်တမ်းချစ်လာကြပြီဆိုတော့ ချစ်တဲ့သူရဲ့ ဆန္ဒဖြည့်ဆည်းပေးချင်ကြတာ၊ ချစ်သူမျက်နှာ ငြိုငြင်မှာစိုးတာ။ ချစ်သူရဲ့ အရိပ်အကဲ စောင့်ကြည့်နေတတ် ကြတာ၊ ဒါ.သဘာဝပါပဲလေ။ အဲဒီနေ့က စိုင်းဆောင်ဆီ နန်းရွှေဌေးအိမ်က ပြန်လာတော့ သူ့နားထဲမှာကပ်ပါလာတာက "ငါညောင်ချဉ်ဖူးသုတ် စားချင်လိုက်တာဟယ်" ဆိုတဲ့၊ ချစ်သူရဲ့ချဉ်ခြင်းစကားသံပါပဲ။ စိုင်း ဆောင်ဆီက ညောင်ချဉ်ဖူးဖူးနိုင်မည့်နည်းလမ်းတွေ စဉ်းစားတယ်။ ရှားတော့ ရှားတာမှန်ပါရဲ့။ ဒါပေမယ့် ဦးဦးဖျားဖျား၊ ရှာ လို့ ခူးလို့ရအောင် ဘယ်လိုလုပ်ရပါ့။ နည်းနာတွေရော မရှိဘူးတဲ့လား။ ရှေးက အဖိုးအဖွားတွေကရော၊ ခုလို နန်းရွှေဌေးလိုမျိုး၊ အချိန်အခါမဟုတ်၊ စားချင်ခဲ့တဲ့၊ အဖွားတွေမျိုးရော၊ ရှေးက ရွာထဲမှာ ခပ်စွာစွာအဖွားတွေရော မရှိနိုင်ဘူးလား။ ရှိနိုင်တာပေါ့။ ရှိတော့ရော၊ အဲဒီလို ခပ်စွာစွာအဖွားအတွက် အခုလို ခပ်ကဲကဲ စိုင်းဆောင်ဆီလို အဖိုးကရော မရှိဘူးလားလို့ စုံစမ်းလိုက်တော့ ရှိတာပါပဲ။ ရှိလို့ရှာတော့ တွေ့ရော။ စိုင်းဆောင်ဆီတို့ရွာထဲက အသက်ကြီးကြီး၊ အဖိုးကြီးအဖွားကြီး လင်မယား။ နာမည်က ပူကျောင်းတဲ့။ အဖွားနာမည်က နိုင်းကျောင်းတဲ့။

"ဟဲ့..ဆောင်ဆီ၊ နင်ချောင်းရေတွေခပ်ခပ်ပြီး ဘာလုပ်နေတာတုန်း"

"ဘာမှမလုပ်ပါဘူး.. မြဲ့ (အမေ) ရ ဒီလိုပါပဲ.."

ရွာအရှေ့တောစပ်မှာ ညောင်ချဉ်ပင်ပျိုတပင်ရှိတယ်။ ရှာတွေ့တာ မကြာသေးဘူး၊ စွယ်တော်ပင်တွေက ကွယ်နေတော့၊ တော်တော့လူ ဘယ်သူမှမမြင်ကြတာ။ အဲဒီညောင်ချဉ်ပင်လည်း တခြားအပင်တွေလို မဖူးသေးဘူး။ မနုသေးပါဘူး။ ဒါပေ မယ့် စိုင်းဆောင်ဆီက ဇွတ်အတင်း၊ ချစ်သူတန်ခိုးနဲ့ နုခိုင်းမလို့ပါ။ ဥုံ..ဖွ.. မန်းမှုတ်ပြီးတော့လေ..။

ပထမ.. ချောင်းရေခပ်လောင်းတယ်။ အပင်ပေါ်ကကျန်နေတဲ့ညောင်ချဉ်အရွက်ဟောင်းတွေ ဇွတ်ချွေချတယ်။ အပင်ရင်းကို မီးမြိုက်တယ်။ ဒါနဲ့တောင်မရသေးတော့ ဒီအပင်၊ လန်းဖြတ်ပြီးနုအောင်ဆိုပြီး စိုင်းဆောင်ဆီက အပင်ခြေကို ဓါးနဲ့လိုက် ထစ်တာ အစေးတွေကကျလို့ ရက်စက်ရာများ ကျနေလေမလား။ မတတ်နိုင်ဘူး၊ အချစ်အတွက်နဲ့ စိုင်းဆောင်ဆီစွန့်စားရမယ်။ ရက်စက်ရမယ်ပေါ့။ ဒီကြား ညညသွားနေကျ နန်းရွှေဌေးအိမ်တောင် မသွားဖြစ်ဘူး။ ဒီညောင်ချဉ်ပင်အပေါ်ပဲ အာရုံထား နေလိုက်တာ။ ရက် ၂၀ လောက်ကြာတော့ ချစ်သူနန်းရွှေဌေး အင်မတန်စားချင်လှပါတယ်ဆိုတဲ့ ညောင်ချဉ်ဖူးတွေက ထွက် လာကြရော။ အဲဒါကိုသိတော့ နှလုံးသားနုတဲ့ချစ်သူ နန်းရွှေဌေးက ပြောပါရောလား။

"စိုင်းဆောင်ဆီရယ် ....  ငါက အစားအသောက်တလုပ်အတွက် ပါးစပ်အလိုလိုက်တဲ့မိန်းကလေးမဟုတ်ပါဘူး။ အပင်လေး တွေသနားပါတယ်။ နောက်ဒီလို မရက်စက်ရဘူးနော်" တဲ့လေ။  

မောင်သင်းထုံ (ကျောက်မဲ)