Breaking News

အေးငြိမ်း - အလိုက်သိခြင်း အနုပညာ



အေးငြိမ်း - အလိုက်သိခြင်း အနုပညာ

(မိုးမခ) ဇွန် ၅၊ ၂၀၁၉

(၁) အလွန်ကြောက်တတ်သော ကျွန်ုပ်
အမှန်ဆို ကျွန်ုပ်၌ အသင်တို့ကို ပြောပြစရာများ ရင်နှင့်အပြည့်ရှိ၏။ သို့သော်လည်း ထိုအကြောင်းအရာတို့မှာ သင်တို့သိပြီးသား အကြောင်းအရာများလည်း ဖြစ်၏။ ကျွန်ုပ်ကဲ့သို့ပင် ပျစ်ပျစ်နှစ်နှစ် ရေးပစ်လိုက်ချင်သူများလည်း မြန်မာနိုင်ငံအတွင်း များစွာ ရှိပေလိမ့်မည်။

သို့သော် လွတ်လပ်စွာ ပြောဆိုရေးသားသူများအား အကာအကွယ်ပေးမည်ဟူသည့် ဥပဒေဟူသည် ယနေ့အထိ မမွေးသေး။ မရှိသေး။ အစအနတောင် မမြင်ရသေး။ ထိုဥပဒေ ရေးဆွဲကြမည်ဟုပင် မည်သူမှ စိတ်မကူးကြသေး။

အမှန်ကိုပြောရပါမူ မိမိစိတ်ထဲ၌ ခံစားရသည့်အတိုင်း လွတ်လပ်စွာ ပြောဆို ရေးသားခြင်းကို အကာအကွယ်ပေးသည့်ဥပဒေ ဟူသည် ဤဘဒ္ဒကမ္ဘာပေါ်ရှိ နိုင်ငံအသီးသီး၌ ယနေ့အထိ မမွေးသေး၊ မရှိသေး၊ မပေါ်ထွန်းသေး။ (ဟု ထင်ပါသည်။ အချို့ နိုင်ငံများတွင်တော့ ရှိကောင်းရှိနိုင်ပါလိမ့်မည်။ ကျွန်ုပ်မသိပါ။) သို့တိုင် လွတ်လပ်စွာ ပြောဆိုခွင့်၊ ရေးသားခွင့်၊ ယုံကြည်ကိုးကွယ်ခွင့် အစရှိသည်များကို လူ့ယဉ်ကျေးမှု စတင်ပေါ်ထွန်းပါပြီ ဆိုကတည်းက တစိုက်မတ်မတ် တောင်းဆိုလာခဲ့ကြတာလည်း ဖြစ်၏။ (လွတ်လပ်စွာရေးသားခွင့်ဟူသည် လူတစ်ယောက်ကို အခြေအမြစ်မရှိဘဲ အသားလွတ် ပုတ်ခတ်စော်ကားခြင်းကို ဆိုလိုတာ မဟုတ်ကြောင်း အဆင့်အတန်းရှိသော စာများကိုသာဖတ်သည့် ကျွန်ုပ်မိတ်ဆွေများ သိပါသည်။)

ကျွန်ုပ်တို့ရင်ထဲရှိသမျှ ဖွင့်ချလိုက်၊ ရေးချလိုက်လျှင်၊ ဟိုပုပ်မ၊ သည်ပုပ်ထီးများဖြင့် အရေးယူရန် မျက်စိဒေါက်ထောက် ကြည့်နေသူများသည် ရှိ၏။ ကျွန်ုပ်တို့ကို စေတနာထားလွန်းရကား ဘာအလုပ်တစ်ခုမှ မလုပ်စေရဘဲ အစိုးရက အခမဲ့ကျွေးသည့် ထမင်းကိုစားကာ အေးအေးလူလူ နေစေချင်သူများ အလွန်ပေါများလှလေသည်။

ထို့ကြောင့် ကျွန်ုပ်မှာ အီအီးပါခြင်းကိစ္စ၊ လေယာဉ်ပျံစီးခြင်းကိစ္စ၊ ခရီးသွားခြင်းကိစ္စ၊ ထမင်းစားခြင်းကိစ္စများကဲ့သို့ မည်သည့် ပုပ်ထီး၊ ပုပ်မများနှင့်မှ မငြိစွန်းနိုင်သည့် အကြောင်းများကိုသာ ရေးထုတ်နေရချေသောဟူသတတ်။ ဒါတောင် တခါတခါ လက်လွန်သွားမိ၍ ရန်ကုန်က အစ်မကြီးက လှမ်းလှမ်း သတိပေးနေရချေလေသေး၏။

၎င်းတို့ အရှက်မရရလေအောင် ၎င်းတို့၏ အပြစ်အနာအဆာများကို မရေးသားခြင်းသည်လည်း သိတတ်ခြင်းတစ်မျိုးပင် မဟုတ်ပါလော။

သို့တပြီးကား ယခုလည်း မည်သည့်ပုပ်မနှင့်မှ မငြိစွန်းနိုင်သော အလိုက်သိခြင်းအကြောင်းကို အလုပ်မရှိ အလုပ်ရှာကာ ရေးသားလိုက်ရပြန်သည် တမုံ့။ (ပုပ်မကို သည်လိုစာလုံးပေါင်းရမည်၊ ဟိုလိုစာလုံးပေါင်းရမည်ဟု လာမပြောပါနှင့်။ သောက်မြင်ကပ်လွန်း၍ တမင်တကာ ပုပ်မဟု ရေးခြင်းဖြစ်၏။)

(၂) အလိုက်သိခြင်း

ဤဒွန္နယာကြီးသည် အလိုက်သိသူများကြောင့် အလွန်လှပရသလို အလိုက်ကန်းဆိုးမသိသူများကြောင့် အရုပ်ဆိုး အကျည်းတန် ရ၏။ အလိုက်သိခြင်းအနုပညာသည် ဘဝနေနည်းအနုပညာ၏ မရှိမဖြစ်လိုအပ်သော အစိတ်အပိုင်းတစ်ခုဖြစ်၏။

အလိုက်သိခြင်းကို ကျောင်းမှာစာသင်သလို သင်ပေးလို့ရတာမျိုးမဟုတ်။ ငယ်စဉ်ကတည်းက လူကြီးမိဘများက လူ့ဘဝတွင် မည်ကဲ့သို့ နေရမည်၊ ထိုင်ရမည်ကို ဖြည်းဖြည်းချင်း သင်ပေးရာမှ ရလာသည့် အကျိုးအမြတ်ဖြစ်၏။ လူ့လောကတွင် နေနည်း၊ ထိုင်နည်းတတ်သွားပြီဆိုပါက အလိုက်သိခြင်းပညာကို အလိုလိုတတ်သွားလိမ့်မည်။

အလိုက်သိတတ်ခြင်း နောက်တစ်ကြောင်းမှာ ထိုသူ၏ ကြောင်းကျိုးဆီလျော်အောင် တွေးတတ်၊ ခေါ်တတ်မှုဖြစ်လိမ့်မည်ဟု ကျွန်ုပ် ယူဆပါသည်။ လူတစ်ဦး၏ ပညာဉာဏ်ရှိမှုနှင့် အလိုက်သိတတ်မှုတို့မှာ တိုက်ရိုက်ဆက်စပ်နေလိမ့်မည်ထင်၏။

အလိုက်မသိတတ်သူများကား မည်မျှပင် ပြောနေသည်ဖြစ်စေ။ တဲ့တဲ့ပြောတာတောင် အလိုက်သိမလာသည်ကိုလည်း မျက်မြင် ကိုယ်တိုင် ကြုံတွေ့ရပါ၏။ ကျွန်ုပ်မှာ ထိုသူများကိုကြည့်ပြီး များစွာအံ့သြတမောဖြစ်ရသော ဟူ၏။

သို့ဆိုလျှင် မည်သည်ကို အလိုက်သိသည် ခေါ်ပါသနည်း။
အလိုက်သိခြင်းမှာ အလွန်ကျယ်ပြန့်လှ၏။ အလိုက်သိခြင်းကို အဓိပ္ပာယ်ဖော်ရခက်ပါသည်။

အနီးစပ်ဆုံးပြောရလျှင်တော့ မခိုင်းရဘဲ ကိုယ့်စိတ်ကူးနှင့်ကိုယ် သင့်တော်မည်ထင်သည့်၊ လိုအပ်မည်ထင်သည့်၊ အဆင်ပြေမည် ထင်သည့်အရာကို လုပ်ပေးခြင်းကို အလိုက်သိသည်ဟု ခေါ်ရမည်ထင်ပါသည်။ ဤသည်မှာ လုပ်သင့်လုပ်ထိုက်တာကို မိမိ စိတ်ကူးနှင့် လုပ်ပေးခြင်းဖြစ်၏။

သို့သော် မလုပ်သင့်မလုပ်ထိုက်တာကို မလုပ်ခြင်း၊ မပြောသင့်မပြောထိုက်တာကို မပြောခြင်းသည်လည်း အလိုက်သိခြင်းပင်ဖြစ်၏။ ရှေးပညာရှိများ၏ ဆုံးမစာများတွင် အလိုက်သိခြင်းကိစ္စများ အများအပြားပါ၏။

အလိုက်သိခြင်း နမူနာတို့ကိုပြရလျှင် အောက်ပါတို့ဖြစ်၏။

 တစ်ယောက်ယောက် အိပ်နေစဉ် အနှောင့်အယှက်မဖြစ်အောင် တိုးတိတ်ငြင်သာစွာ လှုပ်ရှားလုပ်ကိုင်ခြင်းသည် အလိုက်သိခြင်းဖြစ်၏။
 ကျေးလက်တောရွာများမှလူများ ရန်ကုန်သို့ ဆေးကုသရန်လာရာတွင် သူများအိမ်၌ တစ်လ၊ ကိုးသီတင်း တည်းခိုရမည် ဖြစ်ရာ မိမိတို့အတွက် ဆန် စသည့် စားနပ်ရိက္ခာများ သယ်လာခြင်းသည် အလိုက်သိခြင်းဖြစ်၏။ 

 အခြားသူများ အနှောက်အယှက်မဖြစ်အောင် စကားကို တိုးတိတ်ငြင်သာစွာ ပြောခြင်းသည် အလိုက်သိခြင်းဖြစ်၏။
 ကား၊ ရထား။ သင်္ဘောပေါ်များ၌ မိမိထက် ပိုလိုအပ်သူ (သက်ကြီးရွယ်အို၊ မသန်မစွမ်း၊ ကိုယ်ဝန်ဆောင်၊ ကလေး စသည်) များကို မိမိ၏ ထိုင်ခုံနေရာပေးခြင်းသည် အလိုက်သိခြင်းဖြစ်၏။
 အကြောင်းအမျိုးမျိုးကြောင့် အခြားသူများအိမ်တွင် တည်းခိုနေထိုင်ရစဉ် သန့်ရှင်းရေးစသော အိမ်ဝေယျာဝစ္စများကို မိမိဘာသာ လုပ်ကိုင်ပေးခြင်းသည် အလိုက်သိခြင်းဖြစ်၏။
 လမ်းလျှောက်သည့်အခါ လမ်းကို ပိတ်မလျှောက်ဘဲ တစ်ဘက်ကပ်ကာ အခြားသူများအား လမ်းပေးခြင်းသည် အလိုက်သိခြင်း ဖြစ်၏။

အလိုက်သိခြင်း၏ ဆန့်ကျင်ဘက်မှာကား အလိုက်ကန်းဆိုးမသိတတ်ခြင်းပင် ဖြစ်သတည်း။
သို့ဆိုလျှင် မည်သည်တို့သည် အလိုက်ကန်းဆိုးမသိတတ်ခြင်း ဖြစ်ဘိသနည်း။

တစ်ယောက်ယောက်နှင့် စကားပြောနေစဉ် သူ့စကားကို စိတ်မဝင်စားဘဲ ဟိုကြည့်သည်ကြည့် ကြည့်လိုက်၊ ဟိုသည် ထသွားလိုက်။ တခြား မဆိုင်တာတွေ လျှောက်ပြောလိုက်လုပ်ခြင်းသည် အလိုက်ကန်းဆိုး မသိခြင်းဖြစ်၏။
ဆရာဆရာမ စာသင်နေစဉ် ဝါးကနဲ အကျယ်ကြီးသမ်းခြင်းသည် အလိုက်ကန်းဆိုး မသိခြင်းဖြစ်၏။
သူများ ကြိုက်မှန်းမသိ၊ မကြိုက်မှန်းမသိ။ ခွင့်မတောင်းဘဲ သူ့အခန်းထဲ စွပ်ကနဲဝင်ခြင်းသည် အလိုက်ကန်းဆိုး မသိခြင်းဖြစ်၏။

အလိုက်သိသူများသည် လူများတန်းစီနေသည်ကို ကြားမှ ဖြတ်ဝင်ဘို့ ကြိုးစားမှာမဟုတ်။
အလိုက်ကန်းဆိုးမသိသူများမှာမူ ကားပေါ်ကို သူ့ထက်ငါ အတင်း အလုအယက် တိုးဝှေ့တက်ကြလေသည်။
အခြားသူများနှင့် ကျပ်ပြူးပြီး ရောထိုင်နေရစဉ် အလိုက်သိသူများက မိမိကိုယ်ကို အသာကျုံ့ထိုင်နေသခိုက် အလိုက်ကန်းဆိုး မသိသူများကား ဖြဲကားကာ ထိုင်နေတတ်ကြ၏။

အလိုက်သိသူများသည် အခြားသူများကို ဦးစားပေး၏။
အလိုက်ကန်းဆိုးမသိသူများကတော့ ကိုယ်ရဘို့သာ အရေးကြီးလေသည်။

သို့သော် အလိုက်သိခြင်းကို ဖားတာနှင့် ရောမချပါနှင့်။ အချို့လူလည်ကြီး သားသမီးများမှာ အလိုက်သိခြင်းနှင့် ဖားခြင်းကို ရောပစ် တတ်ကြ၏။

လူကြီးလာလို့ ကားတံခါးအတင်းပြေးဖွင့်ပေးခြင်းကို ကျွန်ုပ်ကတော့ အလိုက်သိခြင်းထဲတွင် မထည့်လိုပါ။
(အတော်များများကတော့ ဤသည်ကို သာယာနှစ်သက်တတ်ကြ၏။ သို့သော် ဤအပြုအမူကို သာယာနှစ်သက်သူများထဲတွင် ကျွန်ုပ်မပါပါ။ ဤသည်မှာ လူများထမ်းသည့် ဝေါပေါ်တွင် လိုက်ပါဇိမ်ခံလိုသော ပဒေသရာဇ်စနစ်၏ ဆိုးမွေများဖြစ်သည်ဟု ကျွန်ုပ်ကတော့ စွပ်စွဲချင်ပါသည်။ စကားစပ်မိ၍ ပြောရလျှင် ပဒေသရာဇ်ခေတ်ကလူများမှာ အတော် - င်ခေါင်းကျယ်လှ၏။ ကားကို ကိုယ်တိုင်မမောင်း။ ဒရိုင်ဘာခန့်ထားပြီး မောင်း၏။ နောက်တော့ ဖူးဖူးမှုတ်ထားသော သမီးကလေးမှာ ဒရိုင်ဘာနှင့် ငြားတော့၏။)

မန္တလေးမှာနေသည့် ဆရာမကို ရန်ကုန်သို့ပြောင်းခြင်း။ ရန်ကုန်တွင်နေသည့် ဆရာမကို တောင်ကြီး၌ နေရာချထားပေးခြင်း။ မော်လမြိုင်မှာ မိသားစုနှင့် အခြေကျနေသည့် ဆရာမကို ရခိုင်သို့ပို့ခြင်းကား အလွန်ကြီးမားလှစွာသော အလိုက်မသိခြင်း သို့မဟုတ် မိုက်မဲခြင်း သို့မဟုတ် ရူးသွပ်ခြင်းပင် ဖြစ်ပေတော့သတည်း။

(၃) အလိုက်သိခြင်း၊ စည်းကမ်းသေဝပ်ခြင်းနှင့် ယဉ်ကျေးခြင်းတို့ တစ်ခုနှင့်တစ်ခု ဆက်စပ်နေပုံ
အလိုက်သိခြင်းနှင့် စည်းကမ်းသေဝပ်ခြင်း၊ ယဉ်ကျေးခြင်းတို့သည် ဒင်္ဂါးပြားတစ်ပြား၏ ခေါင်းနှင့်ပန်း ဖြစ်၏။ အလိုက်သိသူများ သည် စည်းကမ်းသေဝပ်သူများ၊ ယဉ်ကျေးသူများဖြစ်၏။

အလိုက်သိသူများသည် မိမိဖွထားသော အမှိုက်များကို မိမိဘာသာ ရှင်းသွားသည်။
အလိုက်မသိသူများမှာမူ အမှိုက်များကို တွေ့ကရာပစ်သည်။ ဤသည်မှာ စည်းကမ်းမဲ့ခြင်းဖြစ်၏။ ထို့ကြောင့် အလိုက်မသိခြင်းနှင့် စည်းကမ်းမဲ့ခြင်းမှာ ဆက်စပ်နေသည် ဟု ကျွန်ုပ်ဆိုခြင်းဖြစ်၏။

တစ်ယောက်ယောက် စကားပြောနေသည်ကို ချောင်းနားထောင်ခြင်း၊ တစ်ယောက်ယောက် ဖုံးပွတ်နေသည်ကို ဘေးမှ ကြည့်နေခြင်း၊ အခြားသူတစ်ယောက်၏ စာကို ဖွင့်ဖတ်ခြင်း စသည်တို့မှာ အလိုက်မသိခြင်းမှ ဆင်းသက်လာသည့် မယဉ်ကျေးမှု များဖြစ်၏။

အလိုက်သိသူများလာလျှင် စည်းကမ်းရှိသူ၊ ယဉ်ကျေးသူ များလာမည်။
စည်းကမ်းရှိသူ၊ ယဉ်ကျေးသူ များလာပါက လူတို့၏ ကိုယ်နှုတ်နှလုံးသုံးပါးလည်း ဖွံ့ဖြိုးတိုးတက်လာမည်။
ထိုအခါ လူနေမှုအဆင့်အတန်းလည်း မြင့်မားလာမည်။

ကျွန်ုပ်ဆိုလိုသည့် လူနေမှုအဆင့်အတန်းမြင့်သည်ဆိုခြင်းမှာ တိုက်ကြီး ကားကြီးတွေနှင့်နေရခြင်းကို ပြောခြင်းမဟုတ်။
၁၅ ထပ်တိုက်ပေါ်မှာနေပြီး အပေါ်က ကွမ်းတံတွေးထွေးချသူကို လူနေမှုအဆင့်အတန်းမြင့်သည်ဟု အသင်ထင်ပါသလား။
သိန်း ၂၀၀၀ တန်ကားကြီးပေါ်မှနေ၍ လမ်းမပေါ်သို့ ကွမ်းတံတွေးထွေးချသွားသူကို လူနေမှုအဆင့်အတန်းမြင့်သူဟု ဆိုနိုင်ပါမည်လား။
အိမ်ကြီးဟီးနေအောင် ဆောက်ထားသော်လည်း ရေများကို အတိုင်းအဆမရှိ သုံးဖြုန်းနေသူကို လူနေမှုအဆင့်အတန်းမြင့်သည် ဟု ခေါ်နိုင်ပါမည်လား။
သိန်း (၇) သောင်းလောက်တန်သော ခြံကြီးဝင်းကြီးထဲမှာနေပြီး အိမ်အကူကောင်မလေးကို ဆီပူနှင့်လောင်းသူသည် လူနေမှု အဆင့်အတန်းမြင့်သူ ဖြစ်ပါသလား။

(၄) နိဂုံး
လူ့လောကတွင် နေထိုင်စဉ်၊ အထူးသဖြင့် အခြားသူများနှင့် အတူနေရစဉ် အလိုက်သိခြင်းသည် အလွန်အရေးကြီးလှ၏။

ရှေးအခါက တစ်ကျောင်းတည်း၌ အတူနေကြသော ဆရာတော်ကြီးနှစ်ပါးမှာ အလွန်တည့်သည်ဆို၏။
အခြားသူများက ၎င်းတို့ အဘယ်ကြောင့်သည်မျှတည့်ကြောင်း တအံ့တသြ မေးမြန်းလျှောက်ထားကြ၏။
ထိုအခါ ဆရာတော်ကြီးတစ်ပါးက "တပည့်တော်က ဦး . . . . . မကြိုက်တာ ဘာမှမလုပ်ဘူး။ သူ့အကြိုက်ပဲ လိုက်လုပ်တယ်" ဟု ဖြေ၏။
နောက်ဆရာတော်ကြီးတစ်ပါးကို မေးပြန်ရာတွင်လည်း အလားတူပင် "တပည့်တော်က ဆရာတော် ဦး . . . . . မကြိုက်တာ ဘာတစ်ခုမှမလုပ်ဘူး။ သူ့အကြိုက်ပဲ လိုက်လုပ်တယ်" ဟု ဖြေသည်ဆို၏။
တစ်ဦးမကြိုက်တာ တစ်ဦးမလုပ်သူများသည် အဘယ်မှာလျှင် မတည့်စရာ ရှိပါမည်နည်း။
ဤသည်မှာ အလိုက်သိခြင်း၏ ကြီးစွာသော စံပြနမူနာ ဖြစ်ပါသည်။
အလိုက်သာသိပါက စိတ်ချမ်းသာ၊ ကိုယ်ချမ်းသာနေရသည်ဟူသော ပြယုဂ်လည်း ဖြစ်ပါသည်။

ထို့ကြောင့် ကျွန်ုပ်က အသင်တို့အား အလိုက်သိသူများဖြစ်လာကြစေရန် ကိုယ့်ကိုယ်ကိုယ် ပြုစုပျိုးထောင်ကြဘို့၊
ထို့ထက် မိမိတို့၏ အနာဂတ်မျိုးဆက်သစ်များကို အလိုက်သိသူများဖြစ်လာကြစေရန် အရေးတကြီး ပြုစုပျိုးထောင်ကြဘို့ တိုက်တွန်းလိုက်ရပါကြောင်း။

လူအချင်းချင်း အလိုက်သိခြင်း ကင်းရှင်းကြ ကြ . . . (ဟုတ်ပေါင်) မွှားကုန်ပြီ။ ဆောရီး ဆောရီး။
လူအချင်းချင်း အလိုက်မသိခြင်း ကင်းရှင်းကြပါစေ။

ကျေးဇူးတင်ပါသည်။
အေးငြိမ်း
၂၄ ​မေ၊ ၂၀၁၉
Photo Credit - Facebook Page