Breaking News

ဇင်လင်း- တစ်နိုင်ငံလုံး အပစ်အခတ်ရပ်ရေးအတွက် အစိုးရနှင့် တပ်မတော် စိတ်ဝမ်းညီဖို့လိုသည်

 

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်ရေးအတွက် အစိုးရနှင့် တပ်မတော် စိတ်ဝမ်းညီဖို့လိုသည်

ဇင်လင်း
(မိုးမခ) ​ဩဂုတ် ၃၁ ရက်
မြန်မာ့နိုင်ငံရေးပြဿနာသည် ‘ပြည်ထဲအရေး ပေါက်နှင့်ကျေး’ ဟူသော ဆိုစကားနှင့်အညီ မှန်းဆရခက်ခဲသော အခြေ အနေထဲ၌ တဝဲလည်လည်ဖြစ်နေသည်။ အဖြေထွက်နိုင်မည့် လမ်းစကိုတွေ့ခဲ့ကြသော်လည်း ဆက်လက်လျှောက်လှမ်း ရန် အငြင်းပွားမှုများ ပေါ်လာပြန်သဖြင့် တရားဝင်ဆွေးနွေးပွဲများ ရပ်ဆိုင်းကာ တစ်ဆို့နေခဲ့ရသည်။ ယင်းအကျပ်အတည်း မှ ရုန်းထွက်ရန် အလွတ်သဘော ထမ်မံညှိနှိုင်းကြရပြန်သည်။ ငြိမ်းချမ်းရေးအတွက် အဖြေထုတ်ရာ၌ အဆုံးအဖြတ်ပေးကြ ရမည့် ခေါင်းဆောင်ပိုင်းအနေဖြင့် စစ်ဘောင်ကို ကျ္းႏိုင္သမွ် က််းအောင် ညှိနှိုင်းကြဖို့လိုသည်။ စစ်ဘောင်ကျ်းရာမှ ကျုံ့သွားမှသာ တည်ငြိမ်အေးချမ်းရေးဘောင် ကျယ်လာမည်။ တည်ငြိမ်အေးချမ်းရေးဘောင် ကျယ်မှသာ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးနှင့် သိပ္ပံနှင့်နည်း ပညာ အစရှိသော ကဏ္ဍအသီးသီး ဖွံ့ဖြိုးတိုးတက်ရန် အခွင့် အလမ်းရနိုင်မည်။ စစ်ဘောင်ချဲ့နေသမျှ စစ်စရိတ်ကြီးလေးသည့်ဒဏ်ကြောင့် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ခွင့် ဆက်လက် ဆုံးရှုံးနေမည်သာ ဖြစ်သည်။
မကြာသေးမီက မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ဖြစ်သည့် တအာန်းအဖွဲ့TNLA ၊ ရခိုင်အဖွဲ့ULA/AA နှင့် ကိုးကန့်အဖွဲ့ MNTJP/MNDAA တို့ကို NCA စာချုပ်တွင် ပါဝင် လက်မှတ်ရေး ထိုးရန် တပ်မတော်နှင့် အစိုးရတို့က လက်မခံခဲ့ နောက်ပိုင်းတွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အဆင်မပြေတော့ဘဲ တစ်ဆို့မှုများ ဖြစ်ခဲ့ရသည်။ အကျိုးဆက်မှာ ကချင်၊ ကိုးကန့်၊ တအန်း(ပလောင်) နှင့် ရခိုင်ပြည်နယ်တို့တွင် အခြေပြုသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း များ(EAOs)နှင့် တပ်မတော်တို့အကြား တိုက်ပွဲများ ပိုမိုပြင်းထန်စွာ ဖြစ်ပွားခဲ့ရသည်ဟု ULA/AA က ဆိုကြောင်း ‘သတင်းနှင့်မီဒီယာကွန်ယက်’ (NMG)သတင်း၌ ဖေါ်ပြခဲ့သည်။
တပ်မတော်၏ ၂၀၁၈ ဒီဇင္ဘာ ၂၁ ရက်ထုတ်ပြန်ချက်တွင် စစ်တိုင်း ငါးခု၌ ပစ်ခတ်တိုက်ခိုက်မှုရပ် ဆိုင်းမည်ဟု ဖော်ပြခဲ့ သော်လည်း  အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် မပါဝင်ခဲ့သဖြင့် တပ်မတော်နှင့် AA အကြားတိုက်ပွဲများ ပိုမိုပြင်းထန်ခဲ့ရသည်။ နောက်ထပ် မေ-ဇွန် အပစ်ရပ် ၂ လ ထပ်တိုးရာ၌လည်းကောင်း၊ ဇူလိုင်-သြဂုတ် ၂ လ ထပ်တိုးရာ၌လည်းကောင်း ရခိုင် ဒေသပါဝင်သည့် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်ကို ထည့်သွင်းခဲ့ခြင်း မရှိခဲ့။ သို့ဖြင့် တပ်မတော်ဘက်က အင္အားသံုးၿပီး ထိုးစစ်ဆင်မှုအပေါ် တုံ့ပြန်တိုက်ခိုက်ခဲ့ရသည်ဟု  AA ပြောရေးဆိုခွင့်ရှိသူက မီဒီယာများအား ပြောကြားခဲ့ဖူးသည်။ ဖြစ်သင့်သည်မှာ တပ်မတော်က အစိုးရမူဝါဒနှင့် ဆီလျော်စွာ တွေ့ဆုံဆွေးနွေးရေးတံခါးကို ကျယ်ကျယ်ဖွင့်ပေးထားသင့် သည်။  AA ၏ တည်ရှိမှုကို ရခိုင်ဒေသ၌ ခွင့်မပြုနိုင်ဟု တရားသေဆုပ်ကိုင်မထားဘဲ၊ ငြိမ်းချမ်းရေးတံခါး ဖွင့်ပေးထားသည့် သဘောဖြင့် တွေ့ဆုံ ညှိနှိုင်းကာ အလျော့အတင်းပြုသင့်သည်။
NCA စာချုပ်တွင် ပါဝင်လက်မှတ်ရေးထိုးရန် တပ်မတော်အနေဖြင့် အားလုံးပါဝင်ရေးမူကို လက်မခံခဲ့ခြင်း၏ အကျိုးဆက်မှာ ရခိုင်ပြည်နယ်နှင့် ရှမ်းမြောက်ဒေသများတွင် တိုက်ပွဲများ ပိုမိုပြင်းထန်လာခဲ့ရခြင်းဖြစ်သည်ဟု မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ တွင် ပါဝင်သည့် ရက္ခိုင့် တပ်တော် ULA/AA က ပြောကြောင်း ‘သတင်းနှင့်မီဒီယာကွန်ယက်’ (NMG)သတင်း၌ ဖေါ်ပြထား သည်။
             “ကျနော်တို့ ညီနောင် မဟာမိတ် ၃ ဖွဲ့က ဒီ NCCT ထဲမှာ တစ် လျှောက်လုံးပါဝင်လာခဲ့တယ်။ တက်တက်ကြွကြွ နဲ့ ကျနော်တို့ နိုင်ငံရေးမှာ ပါဝင် ဆွေးနွေးလာခဲ့တယ် ဒါပေမယ့် လက်မှတ် ထိုးခါနီး ရောက်တဲ့အခါမှာ ဗမာစစ်တပ်နဲ့ ဗမာအစိုးရဖက် ကနေပြီး ဒီအဖွဲ့တွေဟာ နောက်မှ ပေါ်လာတဲ့ အဖွဲ့တွေ ဖြစ်တဲ့ အတွက် သူတို့က အသိအမှတ် မပြုဘူး ဆိုပြီးတော့ လုပ်တယ် အဓိကတော့ အဲလိုလုပ်တာက အားလုံး ပါဝင်ရေးဆိုတဲ့ မူကို အစိုးရဖက်နေ ပြီးတော့ ချိုးဖောက် တာဖြစ်တယ်။ အစိုးရဖက်နေပြီးတော့ လက်မခံတာဖြစ်တယ်။
ဟု ရက္ခိုင့်တပ်တော် ULA/AA သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ခိုင်သုခက ပြောသည်။
လက်ရှိတွင် ဆွေးနွေးပွဲများ ရပ်နေသည်။ တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာသည်။ ယင်းသို့ ဖြစ်ရခြင်း အကြောင်းရင်းမှာ အစိုးရနှင့် တပ်မတော်တို့က ပကတိ အနေအထားကို လက်မခံဘဲ တင်းမာနေသောကြောင့်ဟု ခိုင်သုခက ဆိုသည်။
NCA စာချုပ်ကို ၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၅ ရက်နေ့တွင် EAOs ၂၁ ဖွဲ့ရှိသည့်အနက် KNU ကရင်အမျိုးသား အစည်း အရုံး အပါအဝင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ၈ ဖွဲ့ လက်မှတ်ရေးထိုးခဲ့ပြီး အားလုံးပါဝင်ရေးမှုကို ဆုပ်ကိုင်ထား သည့် ကချင်လွတ်လပ်ရေးအဖွဲ့ KIO/KIA နှင့် အခြားတိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများက NCA စာချုပ်တွင် ပါဝင်လက်မှတ်ရေးထိုးခြင်း မလုပ်ခဲ့ပေ။
လက်ရှိ ကချင်လွတ်လပ်ရေးအဖွဲ့ KIO/KIA ၏ သဘောထားနှင့် ပတ်သက်၍ “ကျနော်တို့ တိုင်းရင်းသားညီနောင်တွေနဲ့ အဆင်ပြေတဲ့ အနေအထားရောက်မှထိုးမှာ၊ တစ်ဖွဲ့တည်းထိုးမယ်ဆိုရင်တော့ အဆင်မပြေဘူး။ ဟု ကချင်အဖွဲ့ KIO/ KIA သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက ပြီးခဲ့သည့် သြဂုတ်လ ၆ ရက်နေ့က သတင်းနှင့် မီဒီယာ ကွန်ရက်သို့ ပြောကြောင်း သိရသည်။ ၂၀၁၅ NCA စာချုပ် လက်မှတ်ရေးထိုးစဉ်အခါက ယခု သြဂုတ်လ ၁၅ ရက်နေ့က ပြင်ဦး လွင်/နောင်ချို တိုက်ခိုက်မှုများတွင် ပါဝင်သည့် အဖွဲ့သုံးဖွဲ့အနေဖြင့် လက်နက်ချမည်ဟု ကတိပြုပါက ပါဝင်ခွင့်ပြု မည်ဟု တပ်မတော်ဘက်က ပြောခဲ့ဖူးသည်။ သို့သော်လည်း နောက်ပိုင်းတွင် ဆွေးနွေးညှိုနှိုင်းမှုများပြုလုပ်ခဲ့ပြီး ယခုအခါ နှစ်ဦးနှစ်ဘက် အပြန်အလှန် အပစ်ရပ် လက်မှတ်ထိုးရန် ဆွေးနွေးလျက်ရှိသော်လည်း ဆွေးနွေးပွဲများ ကြန့်ကြာလျက်ရှိ သည်။ မြောက်ပိုင်းမဟာမိတ်အဖွဲ့နှင့် အစိုးရငြိမ်းချမ်းရေးကိုယ်စားလှယ်တို့အကြား ဆွေးနွေးပွဲများ မပြုလုပ်နိုင်ဘဲ၊ ကြန့်ကြာနေရခြင်းနှင့် ပတ်သက်၍ အချိန်နှင့် နေရာထက်စာလျှင် သဘောထားအမြင်ကိစ္စက ပိုမို အရေးကြီးပုံရသည်ဟု သုံးသပ်ပြောဆိုမှုများလည်း ရှိနေသည်။ မြောက်ပိုင်းမဟာမိတ်အဖွဲ့၄ ဖွဲ့နှင့် တပ်မတော်တို့အကြား အဓိက တစ်ဆို့ နေမှုသည် ရခိုင်စစ်မျက်နှာကိစ္စ ဖြစ်သည်ဟု ယူဆကြသည်။ ရခိုင်ပြည်နယ်ထဲ၌ AA တပ်ဖွဲ့များ ရောက်ရှိနေမှုကို လက်မခံနိုင်ဟု ဆိုနေသမျှ ဆွေးနွေးပွဲ အထမြောက်ရန် ခက်ခဲနေဖွယ်ရှိသည်။  
တပ်မတော်နှင့် အစိုးရအနေဖြင့် အားလုံးပါဝင်ရေးမူကို လက်ခံ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ အခြေပြုရာ ဒေသများအားလုံးတွင် တစ်ပြိုင်နက် အပစ်အခတ်ရပ်စဲကာ နိုင်ငံရေးဆွေးနွေးပွဲများ ဆက်လက်ကျင်းပနိုင်မှသာ နှစ်ပေါင်း ၇၀ ကျော်ဖြစ်ပွားနေသည့် လက်နက်ကိုင် ပဋိပက္ခကို ဖြေရှင်းနိုင်မည်ဟု NCA-S-EAOs အပစ်ရပ်ထားသည့် တိုင်းရင်းသား လက်နက်ကိုင် ၁၀ ဖွဲ့ နှင့် နိုင်ငံရေးအကဲခတ်များက ဝေဖန်သုံးသပ်ကြသည်။
NCA လုပ်ငန်းစ်နှင့် တဆက်တည်းဖြစ်သော ၂၁ ရာစု ပင်လုံ ငြိမ်းချမ်းရေးညီလာခံ အဆင့်ဆင့် အောင်မြင်ရေးအတွက် အလွတ်သဘော အကြို ဆွေးနွေးပွဲများ ကျင်းပနေချိန်မှ အစပြု တပ်မတော်အပါအဝင် လက်နက်ကိုင်တပ်ဖွဲ့အားလုံး ပစ်ခတ်တိုက်ခိုက်မှုများ ခြွင်းချက်မရှိ ရပ်ထားသင့်သည်။ တပ်မတောက ယာယီအပစ်ရပ်ကာလကို နောက်ထပ် အနည်း ဆုံး ၆ လ ကြေညာသင့်သည်။ လက်ရှိ NLD အစိုးရနှင့် တပ်မတော်တို့ အကြားတွင်လည်း မူဝါဒနှင့် အမြင်သဘောထား ပိုင်းဆိုင်ရာ နားလည်မှုများ လိုက်လျောညီထွေ ရှိစေရန် အမြန်ဆုံး ညှိနှိုင်းခြင်းဖြင့် အစိုးရနှင့် တပ်မတော်အကြား ယုံကြည်မှု ခိုင်မာအောင် ဦးစွာ ထူထောင်ထားသင့်သည်။ လက်ရှိ ဖြစ်ပွားနေသော ပြည်တွင်းစစ်ပဋိပက္ခများအပေါ် အစိုးရ ၏ ရှုမြင်သုံးသပ်ပုံနှင့်  တပ်မတော်၏ ရှုမြင်သုံးသပ်ပုံတို့ အနည်းငယ် ကွဲလွဲ ကွာဟနေသည်မှာ အရှိတရားဖြစ်သည်။ ထိုသို့ နှစ်ဘက်အကြား အမြင်အယူအဆ ခြားနားမှုများကို လျစ်လျူပြုထားပါက NCA လုပ်ငန်းစ် အရာမထင် ဖြစ်မည်။
နိုင်ငံရေးပဋိပက္ခများကို စစ်ရေးအမြင်ဖြင့် ဖြေရှင်းနေခြင်းကြောင့် ချွတ်ချော် လွဲမှားမှုများ အဆက်မပြတ် ပေါ်ပေါက်နေ သည်။ နိုင်ငံ မငြိမ်းချမ်းသဖြင့် ပြည်သူတို့ အဆိုးကျော့သံသရာမှ ရုန်းမထွက်နိုင် ဖြစ်နေရသည်။ အကြီးမားဆုံး အမှားမှာ EAOs အဖွဲ့များအား စစ်ရေးဖိအားပေး လက်နက်ချခိုင်းနေခြင်းဖြစ်သည်။ စစ်ရေးဖိအားပေးမှုကြောင့် အမုန်းတရားနှင့် အာဃာတများ ကြီးမားစေ အပြန်အလှန်ယုံကြည်မှု ပျက်ပြားစေသည်။ ထို့ကြောင့် ဘေးထွက်ဆိုးကျိုး များပြားလွန်း သော စစ်ရေးဖိအားပေးမှုများ ရပ်စေလိုသည်။ အစိုးရအနေဖြင့် မိမိ၏ ငြိမ်းချမ်းရေး မူဝါဒလမ်းစဉ်ကို တပ်မတော် ခေါင်းဆောင်များက ယုံကြည်လက်ခံလာအောင် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးညှိနှိုင်းရန် လိုသည်။ သို့မှသာ အစိုးရနှင့် တပ်မတော်တို့၏ ငြိမ်းချမ်းရေးဆိုင်ရာ မူဝါဒလမ်းစ်များ လိုက်လျောညီထွေ ဖြစ်လာမည်။ သို့မှသာ အစိုးရ၏ ငြိမ်းချမ်းရေးမူဝါဒနှင့် ကတိကဝတ်များကို တိုင်းရင်းသားတို့ ယုံကြည်လက်ခံလာရေး နီးစပ်မည်။
ငြိမ်းချမ်းရေး ဆွေးနွေးပွဲများတွင် NCA ပြင်ပအကြောင်းအရာများဖြစ်သည့် အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ကိစ္စ၊ ပြည်ထောင်စုမှ ခွဲ မထွက်ရေးကိစ္စ၊  တပ်မတော် တစ်ခုထဲ ထားရှိရေး ကိစ္စများကို ညီလာခံတွင် ထည့်သွင်း ဆွေးနွေး လာခဲ့ပြီးနောက်၊ EAOs များနှင့် အစိုးရ တပ်မတော်တို့အကြား  ယုံကြည်မှုပျက်ပြားလာခဲ့သည့် ဖြစ်ရပ်များကို သင်္ခန်းစာ ယူသင့်သည်။ ထိုကဲ့သို့သော ရှေ့လောကြီးလွန်းသည့် အမှားများ၊ သို့မဟုတ် ကာလ ဒေသ ပယောဂတို့နှင့် လွဲချော် သော အမှားများကို သင်္ခန်းစာယူရမည့်အစား၊ မှန်သယောင် ဖက်တွယ်ထားသမျှ၊ အဆိုးကျော့သံသရာမှ ရုန်းမထွက်နိုင် ဖြစ်နေပေဦးမည်။
NCA စာချုပ်ကို ယခင်ဦးသိန်းစိန်အစိုးရလက်ထက်က ၂၀၁၅ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်နေ့တွင် တိုင်းရင်းသား လက်နက်ကိုင် ၂၁ဖွဲ့ ရှိသည့်အနက် ၈ ဖွဲ့ လက်မှတ်ရေးထိုးခဲ့သည်။ ထိုစ်က ကျန်၁၃ ဖွဲ့ လက်မှတ်ရေးထိုးနိုင်ခြင်း မရှိခဲ့။ NCA စာခုပ်ကို ကနဦး လက်မှတ်ရေးထိုးသော EAOs များသည် UPDJC အဖွဲ့ဝင်ဖြစ်နိုင်သော်လည်း၊  လက်မှတ်ရေးထိုး မထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ (NCA-NS-EAOs) အနေဖြင့် UPDJC အဖွဲ့ဝင် မဖြစ်နိုင်ဟု သိရသည်။
NCA စာချုပ်ကို လက်မှတ်ရေးထိုးခြင်းမရှိသေးသည့် ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ(UNFC) ဒုတိယ-ဥက္ကဋ္ဌဌ နိုင်ဟံသာက နိုင်ငံရေးဆွေးနွေးမှု မူဘောင် ညှိနှိုင်း၍ အဆင်ပြေပါက NCA စာချုပ်ကိုလက်မှတ်ထိုးမည်ဟု ၂၀၁၆ စက်တင်ဘာ ၅ ရက်နေ့ က ကေအိုင်စီသတင်းအား ပြောကြားခဲ့ဖူးသည်။ နိုင်ငံရေးဆွေးနွေးပွဲများ အောင်မြင်စွာ ကျင်းပနိုင်ရန်အတွက် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးေနွးမှု ပူးတွဲ ကော်မတီ (UPDJC) ကို (NCA) သဘောတူညီချက်အရ ၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၅-၁၇ ရက်နေ့များတွင် ကျင်းပသော ပထမအကြိမ် NCA အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး (JICM) က ဖွဲ့စည်းပေးခဲ့သည်။ အစိုးရအဖွဲ့လွှတ်တော်၊ တပ်မတော်ကိုယ်စားလှယ်များ၊ NCA လက်မှတ်ထိုးထားသော လက်နက်ကိုင်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် တရားဝင်နိုင်ငံရေးပါတီတို့မှ ကိုယ်စား လှယ် ၄၈ ဦးဖြင့် UPDJC ကိုဖွဲ့စည်းထားသည်။ ထိုကော်မတီတွင် အတွင်းရေးမှူးအဖွဲ့အဖြစ် အစိုးရအဖွဲ့၊ လွှတ်တော်၊ တပ်မတော်ကိုယ်စားလှယ်များ၊ လက်နက်ကိုင်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ နှင့်နိုင်ငံရေးပါတီများမှ ၃ ဦးစီပါဝင်၍ စုစုပေါင်း ၁၅ ဦး ဖြင့် ဖွဲ့စည်းထားသည်။
လတ်တလော အခြေအနေတွင် အစိုးရ၏ ငြိမ်းချမ်းရေးကော်မရှင်နှင့် AA အပါအဝင် မြောက်ပိုင်းမဟာမိတ်အဖွဲ့တို့အကြား ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ဆွေးနွေးရာတွင် နေရာရွေးချယ်ရေး ညှိနှိုင်းမှု အခက်အခဲဖြစ်နေသည်။ AA ခေါင်းဆောင်များ ကို အစိုးရက အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေများဖြင့် တရားစွဲဆိုထားသောကြောင့် အစိုးရအာဏာ သက်ရောက်သည့် ဒေသများတွင် လုံခြုံရေးအခြေအနေ စိုးရိမ်ရသဖြင့် ငြိမ်းချမ်းရေးဆွေးနွေးရန် မသွားရောက်နှိုင်ဟု AA ဘက်က ဆိုသည်။ သို့သော် အစိုးရဘက်က ကမ်းလှမ်းသည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် ရာနှုန်းပြည့် လုံခြုံရေးအာမခံကြောင်း သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ဆိုသည်။
ညီနောင်မဟာမိတ်သုံးဖွဲ့သည် သြဂုတ်လ ၁၅ ရက်နေ့က ပြင်ဦးလွင် တပ်မတော်နည်းပညာတက္ကသိုလ်အပါအဝင် နေရာ ၅ ခုကို တိုက်ခိုက်ခဲ့မှုကြောင့် တိုက်ပွဲများ ပိုမိုဖြစ်ပေါ်လာဖွယ်ရှိသည်ဟု နိုင်ငံရေးလေ့လာသူ အချို့က သုံးသပ် ကြသည်။ ထိုတိုက်ခိုက်မှုနှင့် ပတ်သက် တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ် စိုးနိုင်ဦးက - “ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို လာမလား၊ ကြိုဆိုတယ်။ တိုက်ပွဲတွေ ဆက်တိုက်ချင်တာလား၊ အသင့်ပဲဟု သြဂုတ်လ ၂၃ ရက်နေ့က နေပြည်တော် သတင်းစာရှင်းလင်းပွဲတွင်ပြောကြားခဲ့သည်ကို သတိပြုမိသည်။ လက်ငင်းအခြေအနေတွင် ရခိုင်ပြည်နယ် အတွင်း တပ်မတော်နှင့် ရခိုင်တပ်ဖွဲ့(AA)တို့အကြား တိုက်ပွဲများ ပိုမိုပြင်းထန်လာနေပြီး ထိုက်ပွဲကြားတွင် ပြည်သူအများ အပြား ပိတ်မိကာ မြေစာပင်ဖြစ်နေကြရကြောင်း သတင်းများအရ ကြားသိနေရသည်။
လက်ရှိ ကမ္ဘာနိုင်ငံပေါင်း ၁၃၇ နိုင်ငံ၏ စစ်အင်အားများကို နှိုင်းယှဉ်ဖော်ပြထားသော Global Fire Power (GFP)၏ ၂၀၁၉ ခုနှစ်  စာရင်းအရ မြန်မာတပ်မတော်တွင် စစ်သား ၄၀၆,၀၀၀ ယောက်၊ တင့်ကား ၄၃၄ စီး၊ သံချပ်ကာယာဉ် ၁,၃၀၀ စီး၊ အမြောက်လက်နက် ၁,၅၈၂ ခန့်၊ ဒုန်းလက်နက်ပစ်ခတ်နိုင်သည့်ယာ် ၁၁၄ စီး၊ တိုက်လေယာဉ် ၅၉ စီးနှင့် တိုက်ခိုက်ရေး ရဟတ်ယာ် ၉ စီးအပါအဝင် စစ်ဖက်သုံးလေယာဉ် ၂၇၆ စီး၊ နှင့် စစ်ရေယာဉ်မျိုးစုံ ၁၅၅ စီးရှိကြောင်း သုတေသနပြု ခန့်မှန်းထားသည်။ မြန်မာ့ကာကွယ်ရေး အသုံးစရိတ် GFP ညွှန်းကိန်းအရ ဒေါ်လာသန်းပေါင်း ၂,၄၀၀ ရှိသည်။ ထို့ပြင် နိုင်ငံတကာကြွေးမြီ ဒေါ်လာ ၆,၅၉၄ သန်း ရှိကြောင်း GFP က ဖေါ်ပြသည်။ ယင်းအခင်းအကျင်းအရ မြန်မာနိုင်ငံသည် ပြည်ပရန် မရှိဘဲ စစ်အင်အား ကြီးမားနေသည်။ ဖြစ်သင့်သည်မှာ စစ်စရိတ်များဝန်ထုပ်ဝန်ပိုးများ လျော့ချ အမျိုးသား ပြန်လည်သင့်မြတ်ရေးကို ခိုင်မာအောင် တည်ဆောက်သင့်သည်။ ငြိမ်းချမ်းရေးသို့ ရှေးရှု အပြုသဘောဆောင် နိုင်ငံရေး ဆွေးနွေးပွဲများ စဉ်ဆက်မပြတ်ပြုလုပ်သင့်သည်။ နိုင်ငံနှင့် ပြည်သူ အပေါ် အမှန်တကယ် စေတနာရှိလျှင် စစ်ပွဲများ အမြန်ရပ်ရမည်။ ငြိမ်းချမ်းရေးကို အလေးထား အရယူကြရန် သန္နိဋ္ဌာန်ချကြရပေမည်။
ခြုံငုံသုံးသပ်ရလျှင် တပ်မတော်က နိုင်ငံရေးပြဿနာကို စစ်ရေးဖိအားများဖြင့် တင်းမာစွာ ဖြေရှင်းလျှက်ရှိကြောင်း တွေ့ရ သည်။ အထက်၌ ဆိုခဲ့သလို NCA စာချုပ်တွင် “အားလုံးပါဝင် လက်မှတ်ရေးထိုးရေးမူ” ကို တပ်မတော်က လက်မခံခဲ့ သောကြောင့် NCA လုပ်ငန်းစ် ယခုတိုင် အခက်အခဲတွေ့ နေရသည်။ ယခုလည်း အာဃာတစိတ်ထားကို လွှတ်မချနိုင်ဘဲ ‘ဆက်တိုက်ချင်တာ လား၊ အသင့်ပဲ’ ဟု ဆိုနေပြန်သည်။ သို့ဖြစ် တပ်မတော်အနေဖြင့် အစိုးရ၏ နိုင်ငံရေးဦးဆောင်မှုကို လက်ခံရန်လိုသည်။ ငြိမ်းချမ်းရေးကိစ္စဆောင်ရွက်ရာ၌ ရန်ကို ရန်ချင်း တုန့်ပြန်လိုသော စိတ်ခံစားမှုများကို ချိုးနှိမ်ထား နိုင်ရမည်။ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ပြဿနာ ဘာကြောင့် အဖြေရှာရန် ခက်နေသနည်းဟူသော မေးခွန်း အတွက်အဖြေမှာ နှစ်ဖက်စလုံး က မာနနှင့် အာဃာတစိတ်ခံစားမှုများကို မချေချွတ်နိုင်ကြ ဖြစ်သည်။ ပြည်သူကို မျက်နှာမူ ဘက်အသီးသီးအနေဖြင့် မာနနှင့် အာဃာတစိတ်ခံစားမှုများကို လွှတ်ချနိုင်ကြပါစေကုန်။။။။။