Breaking News

မြင့်ကျော် - ဖျာအောက်ရောက်နေသည့် ပြဿနာများ



 

မြင့်ကျော် - ဖျာအောက်ရောက်နေသည့် ပြဿနာများ 

(မိုးမခ) ဩဂုတ် ၃၁၊ ၂၀၁၉

ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီး၊ ညောင်ရွှေ စသည့်ဒေသများ သို့ အလုပ်ကိစ္စ၊ အလည်အပတ် ရောက်သည့်အခါ အေးချမ်းသည့် ရာသီဥတု၊ လုံခြုံရေး နှင့် ပတ်သက်ပြီး စိုးရိမ်စရာ မရှိခြင်းတနည်းအားဖြင့်ဆိုရလျင် တည်ငြိမ်အေးချမ်းနေခြင်း၊ လှပပြီး မတူကွဲပြားသည့် သဘာဝပတ်ဝန်းကျင်၊ စိတ်ဝင်စားစရာ ကောင်းသည့် ရိုးရာယဉ်ကျေးမှု ဓလေ့များကို မြင်တွေ့ရသည့် အခါ အေးချမ်းနေသည့် ရှမ်းပြည်ဟု အပြင်ပန်း မြင်ခဲ့ သိခဲ့ရသည်။

အစားအသောက်နှင့် ပတ်သက်လျင်လည်း ရှမ်းပြည်နယ် ရောက်သည့်အခါ လတ်ဆတ်သည့် ဟင်းသီးဟင်းရွက် စားသောက်ရခြင်းကြောင့်လည်း နှစ်ခြိုက်သဘောကျ မိသည်။ လတ်ဆတ်သည့် အရသာ သာမက ကျန်းမာရေးအတွက်လည်း အကျိုးရှိမည်ဟု စိတ်ထဲမှာ ခံစားရခြင်းကြောင့် ကျေနပ်သည့် ခံစားမှုဖြစ်ပေါ်ခဲ့သည်။

သို့ရာတွင် တကယ်တော့ လတ်ဆတ်သည့် ဟင်းသီးဟင်းရွက်များ၏ စိုက်ပျိုးထုတ်လုပ်သည့် ဖြစ်စဉ်တွင် ကျန်းမာရေးကို အန္တရာယ် ဖြစ်စေနိုင်သည့် ပိုးသတ်ဆေး ဓါတ်ကြွင်းများ၊ ပေါင်းသတ်ဆေး ဓါတ်ကြွင်းများ စသည့် မျက်နှာပြင်အောက်က အန္တရာယ်များက ဖုံးကွယ် နေသည်ကို နောက်ပိုင်း သိရှိလာရသည်။

ယခုတခေါက် ရှမ်းပြည်နယ် သွားရောက်သည့်အခါတွင်မူ ယခင် က မြင်ရ ၊ ခံစားရသည့် မြင်ကွင်းများ ထူးထူးခြားခြား ပြောင်းလဲခြင်းမရှိပါ။ ဒီပတ်ဝန်းကျင် ဒီရေမြေ ဒီဓလေ့ ထုံးထမ်းတွေ ရှိနေဆဲ ခရီးသွားများလည်း သွားရောက် လည်ပတ်နေကြမြဲဖြစ်သည်။

သို့သော် အပေါ်ယံမျက်နှာပြင်ပေါ် ပေါ်ထွက်လာခြင်းမရှိသည့် ပြဿနာများ၊ မမျှတမှုများ၊ ကြောက်ရွံ့မှုများ ၊ကျယ်ကျယ်လောင်လောင် ပေါ်ထွက်လာခြင်းမရှိသည့် နိုင့်ထက်စီးနင်းလုပ်မှုများ ကို ယခုတခေါက်ခရီးစဉ် အတွင်း ကြားသိရသည့်အခါ မှာတော့။
အခုလို ပြောဆိုမှုကြောင့် ရှမ်းပြည်နယ်မှာ ဘာတွေ ဖြစ်နေသလဲဟု မေးပါလိမ့်မည်။ မတရားမှုတွေက ဘာတွေလဲ၊ နိုင့်ထက်စီးနင်းကျမှုတွေက ဘာတွေလဲဟု မေးစရာရှိပါလိမ့်မည်။ တည်ငြိမ်အေးချမ်းနေသည်ဟု ရှုမြင်ရသည့် ရှမ်းပြည်နယ်၏ အချို့သော ဒေသများတွင် လက်နက်ကိုင် အဖွဲ့အစည်းများ၏ စေခိုင်းထား သူများက ဒုတိယ အစိုးရသဖွယ် အာဏာရှိနေခြင်းမျိုးကို ဒေသခံများက တုံ့ပြန်ဝေဖန် ပြောဆိုခွင့်မရှိကြပါ။

အစိုးရ အနေဖြင့်လည်း မိမိအုပ်ချုပ်စိုးမိုးသည့် ဒေသဟု ယေဘုယျ ခံယူထားသော်လည်း ယင်းဒေသများတွင် အစိုးရ ခန့်အပ်ထားသည့် ကျေးရွာအုပ်ချုပ်ရေးမှူးက ထုတ်ပေးသည့် ထောက်ခံစာ တစ်စောင်ထည်းဖြင့် သက်ဆိုက်ရာ ဌာနများတွင် အထောက်အထား ထုတ်ယူလို့ မရသည့်အခြေအနေ ဖြစ်ပျက်နေသည်ကို ဒေသခံအားလုံးက သိရှိပြီးဖြစ်သည်။ ဥပမာ ကျေးရွာတစ်ရွာမှ ရွာသားတစ်ဦးက မှတ်ပုံတင်လုပ်ချင်သဖြင့်် ကျေးရွာ အုပ်ချုပ်ရေးမှူးထံမှ ထောက်ခံစာ တမျိုးထည်းဖြင့် မြို့နယ် လဝက ရုံးသို့သွားပြီး မှတ်ပုံတင်ထုတ်ပေးရန် လျှောက်ထား၍ မရဟု ဆိုသည်။ တရားဝင်မဟုတ်သော အုပ်ချုပ်ရေးမှူးထံမှာ ထောက်ခံစာပါ ပါရှိမှသာ မြို့နယ်ရုံးက လုပ်ဆောင်ပေးသည့် သဘောဖြစ်သည်။

ယင်းသို့သော အခြေအနေသည် အုပ်ချုပ်ရေး ၂ ခုစင်ပြိုင်ရှိနေသည့်သဘောလည်း ဖြစ်သည်။ အပစ်ရပ် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များက ၎င်းတို့ ခန့်အပ်ထားသူကလည်း အစိုးရခန့်အပ်သည့် အုပ်ချုပ်ရေးမှူးများနှင့် စင်ပြိုင်သဖွယ် အုပ်ချုပ်လျှက်ရှိသည့်သဘောဖြစ်သည်။

အစိုးရ အနေဖြင့် ယခုကဲ့သို့ ဖြစ်ပျက်လျှက်ရှိသည့် အခြေအနေကို မသိရှိဘူးဟု မထင်မိပါ။ သိရှိသော်လည်း ယင်းအခြေအနေကို အဖြေရှာရန် မစွမ်းသာသည်လား သို့တည်းမဟုတ် ယင်းအခြေအနေထက် အခြားသော အရပ်ဒေသမှ ကိစ္စရပ်များကို ဦးစားပေးကာ ယင်းသို့ အစိုးရ ၂ ရပ်သဖွယ် အုပ်ချုပ်နေခြင်းကို လျစ်လျူရှုထားသည်လား မပြောတတ်ပါ။

ယင်းသို့သောအုပ်ချုပ်မှု အခြေအနေအောက်တွင် တရားမျှတမှု ရရှိရန် မျှော်လင့်ချက် မှေးမှိန်လွန်းလှသည်။ ယင်း အပစ်ရပ်လက်နက်ကိုင်အဖွဲ့မှ ခန့်အပ်ထားသည့် ကျေးရွှာ လူကြီးတဦး၏ ငွေကြေး အလွဲသုံးမှုကို လူထုအင်အားဖြင့် ဖေါ်ထုတ်မိသည့် ဒေသမှ သာမန်လူတစ်ဦးကို ယင်းကျေးရွာလူကြီး သားဖြစ်သူက လက်နက်ဖြင့် ပစ်သတ်ခဲ့သည်။ အများသက်သေရှိသည့် ယင်းလူသတ်မှှုအတွက် ပစ်သတ်သူ အုပ်ချုပ်ရေးမှူးသား အနေဖြင့် လအနည်းငယ်သာ ဖမ်းဆီးခံရပြီးနောက်ဝယ် အပြီး လွှတ်ပေးခဲ့သည်။

ဤအဖြစ်အပျက်က ယင်းဒေသရှိ လူထုကို တရားမျှတမှု မတောင်းဆိုရန် ၊ တောင်းဆိုပါက အထက်က ကံကြမ္မာမျိုး ကြုံရနိုင်ကြောင်း သတင်းစကားပါးလိုက်သည့် သဖွယ်ဖြစ်သည်။ တရားဥပဒေ စိုးမိုးရေး ဆိုသည်ကို ရှမ်းပြည်နယ်ရှိ လူထုအများအပြားက အထက်ကအဓိပ္ပါယ်မျိုး ဖွင့်ဆိုနားလည်ကြတော့မည့်သဘောလည်း ဖြစ်သည်။

သတင်းမီဒီယာသမား တဦးအနေဖြင့် လေ့လာသိရှိရသလောက် ရှမ်းပြည်နယ်တွင် ပဋိပက္ခ ၊ မတရားမှု စသည့် ထိရှလွယ်သည့် သတင်းသွားရောက် မေးမြန်းသည့်အခါ မတရားမှှုများ၊ မမှန်မကန်ပြုမှုများကို သိရှိသော်လည်းသတင်းမီဒီယာများအား ပွင့်ပွင့်လင်းလင်း ထုတ်ဖေါ်ပြောဆိုမှုနည်းပါးခြင်းပင်၊ ၎င်းတို့အနေဖြင့် ဒေသခံမဟုတ်သော၊ မရင်းနှီးသော သတင်းသမားများကို ထုတ်ဖေါ်ပြောဆိုဖို့ ဝန်လေးသည်ကို တွေ့ရ ကြားရဖူးသည်။ ဘာကြောင့် မပြောမဆိုရဲဖြစ်နေရသလဲ ဆိုသည့်မေးခွန်းသည် အထက်က တရားဥပဒေ မစိုးမိုးခြင်းကြောင့်များလားဟု ယခု ကောက်ချက်ချမိပေတော့သည်။

စောစောက အေးချမ်း၊ လှပသောဒေသ ဆိုသည့်ခံစားမှုများသည် အပေါ်ယံ မျက်နှာပြင်သဖွယ် တင်စားမိပြီး မျက်နှာပြင်၏ အောက်တွင် ကြိတ်မှိတ်မြိုသိပ်ထားသော ခံစားမှုများ၊ နာကျင်မှုများ ရှိနေသည့်သဘောမျိုး တွေးတောလာမိသည်။

တကယ်တော့ ပြဿနာရှိလျင် ဖြေရှင်းရမည်၊ မဖြေရှင်းသေးပဲ ပြဿနာကို လောလောဆယ် ရွှေ့ဆိုင်းထားလိုက်သည့် သဘောကို ပြဿနာကို ဖျာအောက်ထဲ ထည့်လိုက်သည်ဟု တင်စားပြောဆိုကြသည်။

အဘယ်ကြောင့် ဖျာအောက်ထည့်လိုက်ရသလဲဆိုသည်က အကြောင်းအမျိုးမျိုး ရှိနိုင်ပါသည်။ ပြဿနာကို ပြဿနာ အဖြစ် အသိအမှတ်မပြုလိုခြင်းကြောင့်လည်း ဖြစ်နိုင်သကဲ့သို့ ပြဿနာကို လောလောဆယ် အနေအထားတွင် ဖြေရှင်းရန် မစွမ်းသာသောကြောင့် ဖြေရှင်းခြင်းမပြုဘဲ ဆိုင်းငံ့ထားခြင်းလည်း ဖြစ်နိုင်ပေသည်။

ယင်းသို့ အခြေအနေမျိုးလည်း ဖြစ်ကောင်းဖြစ်ပေလိမ့်မည်။ သို့သော် အခုလို ဖျာအောက်မှာ ပြဿနာများ ရှိနေသည်ဆိုခြင်းကို သတင်းမီဒီယာက ကြားသိရသည့်အခါ သတင်းမီဒီယာ အနေဖြင့် ဘယ်လို ဖေါ်ထုတ်လျင်ကောင်းမည်လဲ၊ ဘယ်အချိန်ဖေါ်ထုတ်တင်ပြလျင်ကောင်းမည်လဲ စသဖြင့် တွေးတောမိသည်။


ယေဘုယျအားဖြင့် ဆိုလျင် ရှမ်းပြည်နယ်တောင်ပိုင်း ဒေသများသည် အပစ်ရပ် သဘောတူညီထားသည့်ဒေသ၊ ပြည်သူ့စစ် ဟုခေါ်ဆိုသည့် ဒေသခံလက်နက်ကိုင်ခွင့်ပေးပြီး တိုင်းရင်းသားလက်နက်ကိုင်များအား နယ်မြေချဲ့ထွင်လာခြင်း မပြုနိုင်အောင် အုပ်ချုပ်ခွင့်ပေးထားသော နေရာဒေသများ ၊ အစိုးရ တပ်မတော်က ပြည့်ပြည့်ဝဝ ထိန်းချုပ်ထားသော ဒေသများ၊ အပစ်ရပ် တိုင်းရင်းသားလက်နက်ကိုင်များက ထိန်းချုပ်ထားသော ဒေသများ စုစည်းထားခြင်းဖြစ်သည်။

ယခုတခေါက် ရှမ်းပြည်က ပြန်လာသည့်အခါ ယခင်တုန်းက ရှမ်းပြည်နယ် သို့ရောက်ရှိသည့် အခါ ခံစားရသည့် နှစ်သိမ့်ကျေနပ်ခြင်းမျိုးထက် ပြဿနာများ အပေါ်ယံမျက်နှာပြင်ပေါ် တက်မလာပဲ အောက်ထဲတွင် ဖုံးကွယ်တည်ရှိနေသည့်ကို တွေ့မိသည့်နောက် စိတ်မကောင်းဖြစ်ခြင်း ကြိတ်မှိတ် ငုံ့ခံနေရသည့် လူအများ၏ ဘဝများကို ကိုယ်ချင်းစာနာမိခြင်းတို့ဖြင့် လွှမ်းခြုံသည့် ခံစားမှုမျိုး ဖြစ်ပေါ် ခံစားလိုက်ရသည်။