Breaking News

သန်းဌေးမောင် ● ကမ္ဘာဦးကတည်းက စိမ်းခဲ့သည်

 
သန်းဌေးမောင် ● ကမ္ဘာဦးကတည်းက စိမ်းခဲ့သည်
(မိုးမခ) စက်တင်ဘာ ၂၃၊ ၂၀၁၉

Seneca Rocks Hiking Trail ဒီနေ့ မထင်မှတ်ပဲ ရောက်ဖြစ်ခဲ့တဲ့နေရာတစ်ခုပါ။ ကျနော်နေထိုင်ရာမြို့လေးကနေ ၄၅ မိနစ် ကားမောင်းသွားရင် ရောက်ပါတယ်။ အိမ်ဘေးက မိသားစုက သွားခါနီးမှ ကပ်ပြီးဖုန်းဆက်ခေါ်လို့ ရောက်ဖြစ်သွားတာပါ။ ကိုထွေး၊ မသီ၊ သားလေး ဇင်ဖုန်းမြတ်တို့နဲ့ အကြိမ်ကြိမ် ဟိုနား ဒီနား ခရီးတိုလေးတွေသွားဖြစ်ခဲ့ကြပေမယ့် ဒီနေ့ကတော့ ရာသီဥတုလေးကလည်း သင့်တင်မျှတ၊ မနက် ၁၀ နာရီ အိမ်ကစထွက်ခဲ့ကြတယ်ပေါ့။ တောင်စဉ်တောင်တန်းနဲ့ သာယာ လှတဲ့ တောလမ်းခရီးရှုမျှော်ခင်းတွေကြောင့် နားရက်ကလေး တရက်ဆို ဆိုသလောက် စိတ်အပန်း ပြေခဲ့ရပါတယ်။

ကိုထွေးမောင်းတဲ့ကားလေးရဲ့အရှေ့လေကာမှန်ကနေ ရှုမျှော်ခင်းတွေကြည့်ရင်း တိမ်တွေကိုမြင်တော့ “မိုးပေါ်က တိမ်တိုက် စိန်တိုက်သဏ္ဍာန်၊ မြေပြင်မှာတောတန်း မြနန်းဗိမ္မာန်၊ စိန်စီလို့မြရံ တို့နိုင်ငံကြွယ်ဝ၊ ဟော မြေမှ တောတွေပျိုးတော့ ရွှေမိုးရွာကျ” ဆိုတဲ့ စာသားလေးကို ရွတ်ဆိုလိုက်မိတယ်။ မနေ့က မိုးတွေ သည်းသည်းမည်းမည်းရွာထားပြီး ဒီနေ့ နေသာ လေတော့ ရာသီဥတုက ခါတိုင်းနေ့တွေလို ပူပူလောင်လောင်မဟုတ် ဧဧချမ်းချမ်း။ မနက်အိပ်ရာထကတည်းက ဘာမှ မစားခဲ့ရလို့ တောင်ခြေရောက်တာနဲ့ တောင်ခြေက ဇရပ်ကလေးတခုမှာ သူတို့ယူလာတဲ့ ခေါက်ဆွဲကျော်၊ ထမင်းနဲ့ လက်ဘက်တွေ အဝစားပြီးမှ တောင်တက်ခရီးကို စလိုက်ကြပါတယ်။


စဲန်နစ်ကာကျောက်တောင်ပေါ် အတက်ခရီးကတော့ မော ဟိုက် ပင် ပမ်း ချွေးရွဲရွဲစိုလို့ ဟိုတစ်ကွေ့ရောက်ရင်နားမယ်။ ဒီနားလေးရောက်ရင်ထိုင်လိုက်ဦးမှနဲ့ သိပ်မနားဖြစ် နှစ်ခါလောက်သာ ခဏနားဖြစ်ပြီး မတ်တတ်ရပ်ရင်းသာ တောပန်း လေးတွေကြည့်လိုက် တောလမ်းတလျှောက် ရေညှိတက်နေတဲ့ ကျောက်တုံးတွေ၊ ဘွန်ဆိုင်းလိုကျောက်တုံးကြားသစ်ပင်ပုလေးတွေကြည့်လိုက်နဲ့ အပမ်းဖြေရင်းတက်သွားလိုက်တာ ၄၅ မိနစ်နဲ့ တောင်ပေါ်ကိုရောက်သွားပါတယ်၊ ထိပ်ဆုံးကတော့ အခက်ခဲဆုံး ကျောက်သားသက်သက်၊ မတ်ကလည်း မတ်သမို့ မနဲကြီးကိုပဲ သတိထားပြီးတက်ခဲ့ရတယ်၊။ ထိပ်ဆုံးကိုရောက်သွားတော့လည်း အံ့မခမ်းဘွယ်ရာ ရှုမျှော်ခင်းကြီးကိုကြည့်ပြီး ပင်ပမ်းခဲ့တာတွေ ဘာမှရှိမနေတော့ အသက် ၆၀ ကျော်ကြီး ၃ မိုင်၂ ဖါလုံခရီး၊ အမြင့်ပေ ၈၀၀ ကို တောင်ဝှေးမပါ ဖုန်းကင်မရာတလုံးနဲ့ မြင်သမျှရိုက်ရင်းတက်ခဲ့တာ အတော်ပျော်စရာခရီးဆိုပေမယ့် အမျိုးတွေသတိရတော့ တောင်လေတိုက်လေ ပိုလွမ်းလေပေါ့။ အဆင်းကျတော့ အတက်တုန်းကလို မမောတော့၊ ဒူးမနာတာကတော့ ဆုလဒ်ကြီးတပါးရထားသလို ကိုယ့်ကျန်းမာရေးကိုယ် ကျေနပ်စရာ၊ ကျောပိုးအိပ် ပုခုန်းသိုင်းကြိုးမှာ တောပန်းလေးတွေထိုးထားတဲ့ ဆယ်ကျော်သက်ကလေးမလေးတယောက်ရဲ့ ပြုံးပြခြင်းကို အလိုက်သင့်ပြန်ပြုံးပြရင်း၊ နေပူနေပေမယ့် အရိပ်နေပျောက်ကလေးတွေနဲ့ နယ်မြေမှာ တောလမ်းလေးအတိုင်း အတွေးတွေ တစ်ထွေးတစ်ပွေ့နဲ့ပေါ့ ၊ သစ်ခုတ်မယ့် တောင်ဖြိုမယ့် ဗိုလ်ချုပ်တွေ မရှိတဲ့တိုင်းပြည်မို့ ထင်ပါရဲ့။


"သစ်တောသစ်ပင် ချစ်ခင်တဲ့လူမျိုး သစ်ပင်ကို နှစ်စဉ်စိုက် ရွှေတိုက်ကိုစိုး" “သစ်ပင်မခုတ်ရ၊ နတ်မကြိုက်"

“သစ်တောတွေပြုန်း၊ ရေမြေဆုံး ပျက်သုဉ်းကမ္ဘာ၊ မရှည်ကြာ သစ်တောတွေစိမ်း၊ ရေမြေထိန်း ဖွံ့ဖြိုးကမ္ဘာ၊ လွန်ှရှည်ကြာ”

အစရှိတဲ့ ဆိုင်းဘုတ်တွေ မတွေ့ရသလို “သစ်တပင်ခုတ် အချုပ်သုံးလ" လည်း မတွေ့ခဲ့ရပါဘူး။ ဒါပေမယ့် တောင်စဉ် တောင်တန်းတွေမှန်မျှ သစ်ပင်သစ်တောတွေထူထူထပ်ထပ်နဲ့ တည်တည်ငြိမ်ငြိမ်နဲ့ ကမ္ဘာဦးတုန်းက စိမ်းခဲ့သလိုမျိုး ဗာဂျီးနီး ယားအနောက်ဘက်ခြမ်းမှာလည်း စိမ်းနေတုန်းပါပဲလေ။

အိမ်တိုင်းမှာသစ်ပင်၊ ရွာစဉ်မှာတောတန်း၊ တစ်တောဝင် တစ်တောဆက်၊ မြို့တက်မယ့်လမ်းပေါ် ကျနော်တို့စီးလာတဲ့ ကားလေးကွေ့ချလိုက်ချိန်မှာတော့ မွန်းလွဲနှစ်နာရီခွဲတိတိ။

တိုက်တာဆင့်ဆင့် မိုးထိမြင့်လည်း၊ ပန်းနှင့် သစ်ပင် မတွေ့မြင်က၊ ဝန်းကျင်ခြောက်ခမ်း စိတ်ပင်ပမ်းနေကြရှာတဲ့ အမျိုးများ လာလည်စေချင်၍သာ ဤစာကိုရေးပါသည်။

ကိုခင်မောင်ထွေး မသီသီခိုင် ကျေးဇူးပါနော်။

အချစ်များစွာဖြင့်သာ
သဌမ
သြဂုတ် ၂၄၊၂၀၁၉။