Breaking News

ဇင်လင်း ● တရုတ်-အမေရိကန်အားပြိုင်ပွဲကြား မြန်မာနိုင်ငံအမျိုးသား ရင်ကြားစေ့ရေး တည်ဆောက်နိုင်မည်လား

ဇင်လင်း ● တရုတ်-အမေရိကန်အားပြိုင်ပွဲကြား မြန်မာနိုင်ငံအမျိုးသား ရင်ကြားစေ့ရေး တည်ဆောက်နိုင်မည်လား
(မိုးမခ) စက်တင်ဘာ ၂၃၊ ၂၀၁၉

၂၀၁၉ ခုနှစ် စက်တင်ဘာလတွင် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ အဆက်မပြတ် ဖြစ်ပေါ်လာခဲ့သည်ကို တွေ့လာရသဖြင့် ရွှေပြည်တော်နှင့် နီးပြီလားဟု သုံးသပ်ပြောဆိုသံများ ခပ်စိပ်စိပ် ကြားလာရသည်။ ထို့ပြင် ကချင်နှစ်ခြင်းခရစ်ယာန် အဖွဲ့ချုပ် KBC ဥက္ကဋ္ဌ ဒေါက်တာခလမ်ဆမ်ဆွန်ကို အမေရိကန် သမ္မတ ဒေါ်နယ်ထရန့် နှင့် တွေ့ဆုံစဉ်  မြန်မာပြည်တွင် ဘာသာရေးလွတ်လပ်ခွင့်မရှိဟု ပြောကြားခဲ့သည့်အတွက် ဒေါက်တာ ခလမ်ဆမ်ဆွန်အား အရေးယူပေးရန်  မြောက်ပိုင်း တိုင်းစစ်ဌာနချုပ် ဒုတိယဗိုလ်ချုပ်ကြီးသန်းထိုက်က မြစ်ကြီးနားမြို့နယ် တရားရုံးထံ ဦးတိုက်လျှောက်ထားခဲ့သည်။ ယင်း အမှုကိစ္စကို စက်တင်ဘာလ ၉ ရက်နေ့က ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ နှုတ်မိန့်ဖြင့် အမှုရုတ်သိမ်းပေးခဲ့ပြီး ဒေါက်တာ ခလမ်ဆမ်ဆွန်ကို စက်တင်ဘာ ၁၂ ရက်တွင် မန္တလေးမြို့ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်၌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် က ခေါ်ယူတွေ့ဆုံ ခဲ့ဟု သိရသည်။ ထိုသို့တွေ့ဆုံစဉ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ငြိမ်းချမ်းရေးအမြန် ရချင်သည့်အကြောင်း ဒေါက်တာခလမ်ဆမ်ဆွန်အား ပြောဆိုခဲ့သည်ဟု သတင်းထွက်ပေါ်ခဲ့သည်။

တွေ့ဆုံပွဲ၌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဒေါက်တာခလမ်ဆမ်ဆွန်အား တပ်မတော်က တရားစွဲဆိုထားခြင်းကို ရုပ်သိမ်းလိုက်သည့်အကြောင်း၊ ငြိမ်းချမ်းရေး အမြန်ဆုံးရရှိရေး အတူလက်တွဲဆောင်ရွက်ကြရန် လိုကြောင်း၊ ဘာသာရေး အရ ခွဲခြားဆက်ဆံခြင်း ဖိနှိပ်ခြင်း မရှိကြောင်း၊ စစ်ပြေးဒုက္ခသည်များ အမြန်ဆုံး နေရပ်ပြန်နိုင်ရေးကိစ္စ၊ ပြည်ထောင်စုမှ ခွဲမထွက်သင့်သည့်ကိစ္စ၊ သူသည် အစွန်းရောက်သူတစ်ဦး မဟုတ်ကြောင်း၊ ငြိမ်းချမ်းရေးနှင့် ပတ်သက်၍ တပ်မတော်က ချမှတ်ထားသော မူ ၆ ချက်ကို နောက်ပိုင်းတွင် ဆွေးနွေးနိုင်ကြောင်း နှင့် နောက်တစ်ကြိမ်ပြန်လည် တွေ့ဆုံရန် မျှော်လင့် ကြောင်း စသည်ဖြင့် ပြောကြားသည်ဟု RFA သတင်းအရ သိရသည်။

ဒေါက်တာခလမ်ဆမ်ဆွန်ဘက်က ပြန်လည် ပြောကြားသော အချက်များတွင် သူ့ကို တရားစွဲထားမှု ပြန်ရုပ်သိမ်းပေးခြင်း အတွက် ကျေးဇူးတင်ကြောင်း၊ တပ်မတော်၏ ယခုကဲ့သို့ လုပ်ဆောင်ချက်ကို ပြည်တွင်းပြည်ပက ကြိုဆိုကြကြောင်း၊ ယင်းသို့ ဆောင်ရွက်ခြင်းသည် တပ်မတော်ဘက်က ပြောင်းလဲသည့် လက္ခဏာတစ်ခုအဖြစ် ကမ္ဘာက ပါရှုမြင်မည် ဖြစ်ကြောင်း၊ တပ်မတော်အနေဖြင့် စိတ်ရှည်သည်းခံပြီး ပြည်သူများ၏ ထောက်ခံမှုရရှိရန် ကြိုးစားသင့်ကြောင်း၊ နှစ်ဖက် အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် အမြန်ဆုံးရမှ ငြိမ်းချမ်းရေးရမည်ဖြစ်၍ စစ်ပြေးဒုက္ခသည်များ နေရပ်ပြန်ရေး လည်း ဖြစ်လာမည် ဖြစ်ကြောင်း၊ မတူကွဲပြားသည့် ကိုးကွယ်ယုံကြည်မှုများ အကြား မတူခြားနားသည့် အမြင်များလည်း ရှိနေမည်ဖြစ်ကြောင်း၊ ရှမ်းပြည်နယ် နမ့်ခမ်းမြို့မှ ခရစ်ယာန် ဘာသာရေး အကျိုးဆောင် ဒေါက်တာအိုလာဟန်ဆန်၏  အိမ်ပြန်ရမည် ဆိုလျှင် ကချင်များ အလွန်ဝမ်းမြောက်မည် ဖြစ်သည့်အကြောင်း စသည်ဖြင့် ပြောဆိုခဲ့သည်ဟု ဆိုသည်။

ယင်း ဖြစ်စဉ်မှာ ရှေးက ဖြစ်စဉ်များနှင့် မတူ ခြားနားသောကြောင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ အလားအလာကောင်းမည့် နိမိတ်ပုံဖြစ်နိုင်သည်ဟု လေ့လာသူ အချို့က သုံးသပ်ပြောဆိုကြသည်။

စက်တင်ဘာ ၇ ရက်နေ့က ရန်ကုန်မြို့ရှိ  အမျိုးသားပြန်လည်သင့်မြတ် ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန(NRPC)၌ အစိုးရနှင့် ကရင်အမျိုးသားအစည်းအရုံး(KNU)တို့ တွေ့ဆုံခဲ့ပြီး၊  ရှေ့လုပ်ငန်းစဉ်များ ဆွေးနွေးနိုင်ခဲ့ကြောင်း မီဒီယာများ၌ ဖေါ်ပြခဲ့ သည်။ စက်တင်ဘာ ၁၀ ရက်နှင့် ၁၁ ရက်တို့တွင်လည်း အစိုးရနှင့် NCA လက်မှတ်ထိုးထားသည့် တိုင်းရင်းသား လက် နက်ကိုင်အဖွဲ့အစည်းများ၏ ညှိနှိုင်းရေးအဖွဲ့တို့ ရန်ကုန်မြို့၌ တွေ့ဆုံဆွေးနွေးခြင်းသည်လည်း တရားဝင် ငြိမ်းချမ်းရေး လမ်းကြောင်း ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် အလားအလာကောင်း တစ်ခုဟု ဆိုနိုင်သည်။

ထို့ပြင် စက်တင်ဘာ ၁၆ နှင့် ၁၇ ရက်တို့တွင်လည်း အစိုးရ၊ တပ်မတော်နှင့် မြောက်ပိုင်း မဟာမိတ်လေးဖွဲ့တို့ ပဏာမ အပစ်အခတ်ရပ်စဲရေးစာချုပ် ချုပ်ဆိုနိုင်ရေး၊ ထိုမှတစ်ဆင့် NCA လက်မှတ်ရေးထိုးနိုင် ရေးတို့အတွက် တွေ့ဆုံဆွေးနွေး ကြရန် စီစဉ်ခြင်းသည်လည်း ငြိမ်းချမ်းရေးအတွက် အလားအလာကောင်းဟု ဆိုရမည်။ တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) ကို လက်မှတ်ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့အနေဖြင့်  NCA ပြင်ပ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ဆောင်ရွက်ရန် လုံးဝမရှိကြောင်း အပစ်ရပ် ၁၀ ဖွဲ့ ညှိနှိုင်းရေးအဖွဲ့ခေါင်းဆောင် ဗိုလ်မှူးကြီး စိုင်းငင်း က အစိုးရ၊ တပ်မတော်ကိုယ်စားလှယ်များနှင့် တွေ့ဆုံစဉ်ပြော ကြားခဲ့ကြောင်း ကြားရသည်။  အစိုးရနှင့် NCA လက်မှတ် ထိုး ၁၀ ဖွဲ့တို့ စက်တင်ဘာ ၁၀ ရက်က ရန်ကုန်မြို့၌ တွေ့ဆုံဆွေး နွေးစဉ် အပစ်ရပ် ၁၀ ဖွဲ့၏ နိုင်ငံရေးပိုင်း ဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ခေါင်းဆောင် ရှမ်းလက်နက်ကိုင် အဖွဲ့ (RCSS) ပြောရေးဆိုခွင့် ရှိသူ  ဗိုလ်မှူးကြီး စိုင်းငင်း က အထက်ပါ အတိုင်း ပြောကြားကြောင်း 7Day Daily သတင်းက ဆိုသည်။

အလားတူ အပစ်ရပ် ၁၀ ဖွဲ့ ၏ စစ်ရေးပိုင်းဆိုင်ရာညှိနှိုင်းရေး အဖွဲ့ခေါင်းဆောင် KNU မှ ပဒို စောဆဲဂေကလည်း NCA ကို အကောင်အထည်ဖော်ရာတွင် အခက်အခဲရှိလာနိုင်ကြောင်း အပစ်ရပ် လက်မှတ်ထိုးတိုင်းရင်းသား အဖွဲ့ခေါင်းဆောင်များ က ကြို တင်ခန့်မှန်းထားပြီး ဖြစ်သည်ဟု ပြောသည်။ NCA စာချုပ်တွင် သတိထားရမည့် အချက်တစ်ချက်မှာ NCA သဘောတူညီချက်ကို ပြည့်စုံအောင်မြင်သည်အထိ ဖော်ဆောင်သွားမည်ဟု လက်မှတ်ထိုးထားသူများက  သန္နိဋ္ဌာန်ချထား ပြီးဖြစ်သည့် အပြင်  NCA စာချုပ်သည် တစ်ဦးတည်းပိုင် မဟုတ်ကြောင်း၊ လက်မှတ်ထိုးသူအားလုံး ပိုင်ဆိုင်ကြောင်း ပဒိုစောဆဲဂေ က ဆိုသည်။

NCA ကို အနက်အဓိပ္ပာယ် ဖွင့်ဆိုရာတွင် နားလည်မှု မတူညီသေး၍ တူညီမှုရရှိရေး ညှိနှိုင်းဆောင်ရွက်ရန်လိုအပ်နေပြီး ညှိ နှိုင်းဆောင်ရွက်ရာတွင် ငြိမ်းချမ်းသည့်နည်းလမ်းဖြင့်သာ ဖော်ဆောင်သင့်ကြောင်း၊ KNU ကိုယ်စားလှယ် ပဒိုစောဆဲဂေက အနာဂတ်တွင် မည်သည့်အခက်အခဲများကို ရင်ဆိုင်ရသည်ဖြစ်စေ NCA မူကို အခြေခံပြီး အဖြေရှာမည်ဆိုသည့် သန္နိဋ္ဌာန် ကို ခိုင်မာစွာကိုင်စွဲ၍ အတူတကွညှိနှိုင်းရန်၊ ငြိမ်းချမ်းရေးကို ရှေးရှုရန် တိုက်တွန်းကြောင်း ပဒိုစောဆဲဂေက ဆိုသည်။

အစိုးရနှင့် NCA လက်မှတ် ထိုး ၁၀ ဖွဲ့သည် တစ်နှစ်ခန့်ကြာ ရပ်တန့်နေသည့် NCA အကောင် အထည်ဖော်မှုဆိုင်ရာ လုပ်ငန်းများ ပြန်လည်စတင်နိုင်ရေးအတွက် မူလကစက်တင်ဘာ ၁၀၊ ၁၁ ရက် နှစ်ရက်ကြာ ဆွေးနွေးရန် သတ်မှတ် ထားသော်လည်း ကြို တင်ပြင်ဆင်မှု အားကောင်း၍ ဆွေးနွေးပွဲကို စက်တင်ဘာ ၁၀ ရက် မွန်းလွဲပိုင်းတွင် အဆုံးသတ် ခဲ့သည်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဆိုင်ရာ  တရားဝင်ဆွေးနွေးပွဲများ ပြန်လည်စတင်နိုင်ရေး၊ ၂၁ ရာစု ပင်လုံညီလာခံ ကျင်းပရေး၊ ၂၀၂၀ အလွန် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ဆောင်ရွက်နိုင်ရေးစသည့် ကိစ္စရပ်များနှင့်ပတ်သက်၍ အစိုးရနှင့် အပစ်ရပ်အဖွဲ့များ အပြန်အလှန် အဆိုပြုချက်များ ပေးအပ်ခဲ့ရာ နှစ်ဖက်ခေါင်းဆောင်များထံတင်ပြပြီး ပြန်လည်တွေ့ဆုံ ညှိနှိုင်းရန် စီစဉ်ထားသည်ဟု 7Day Daily သတင်းအရ သိရသည်။

ထိုအတောအတွင်း တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာ အထူးကိုယ်စားလှယ်သည် စက်တင်ဘာ ၁၃ ရက်နေ့က နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်လည်းကောင်း၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် လည်းကောင်း သွားရောက်တွေ့ဆုံ ခဲ့ကြောင်း DVB  သတင်းအရ သိရသည်။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် သည် တရုတ် အာရှရေးရာ အထူးကိုယ်စားလှယ် မစ္စတာ စွန်းဂေါ်ရှန်းနှင့် တွေ့ဆုံခဲ့ရာတွင် မြန်မာနိုင်ငံ ပြည်တွင်း ငြိမ်းချမ်း ရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်နှင့် ပတ်သက်၍ နောက်ဆုံးဖြစ်ပေါ်နေသော အခြေအနေများကို ဆွေးနွေးခဲ့သည်ဟု ဆိုသည်။ ထို့ပြင် မြန်မာနိုင်ငံအစိုးရ၏ ငြိမ်းချမ်းရေး ကြိုးပမ်းအားထုတ်မှုကဏ္ဍ၌ တရုတ်နိုင်ငံက အပြုသဘော ဆက်လက်ကူညီ ဆောင်ရွက်ပေးသွားမည့် ကိစ္စများကို အမြင်ဖလှယ်ခဲ့ကြသည်ဟု အစိုးရက သတင်း ထုတ်ပြန်ထားကြောင်း သိရသည်။

မစ္စတာ စွန်းဂေါ်ရှန်းသည် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်လည်း ညနေပိုင်း၌ တွေ့ ဆုံခဲ့ပြီး၊ မြန်မာ-တရုတ် နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးစွာ ဆက်ဆံရေး မဟာဗျူဟာအရ မိတ်ဖက်ဆက်ဆံရေးကို နက်နက်ရှိုင်းရှိုင်း အလေးထား တိုးမြှင့်ဆောင်ရွက်ရေး ဆွေးနွေးခဲ့သည်ဟု ဆိုသည်။ မြန်မာနိုင်ငံတွင် လက်နက်ကိုင် ပဋိပက္ခများ ချုပ်ငြိမ်းရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအပေါ် မြန်မာနိုင်ငံအစိုးရနှင့် တပ်မတော်တို့၏ ရပ်တည် ဆောင် ရွက်ချက်များကို တရုတ်နိုင်ငံက ထောက်ခံ အားပေးကူညီနေကြောင်း၊ နှစ်နိုင်ငံ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေး၊ မူးယစ်ဆေးဝါးနှင့် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးတို့ကို ပိုပြီး ပူးပေါင်းဆောင်ရွက်နိုင်ရေးတို့ကိုလည်း ဆွေးနွေးခဲ့ သည်ဟု သိရသည်။ ဩဂုတ်လ ၁၅ ရက်က ဖြစ်ပွားခဲ့သော AA၊ TNLA၊ MNDAA အဖွဲ့တို့၏ တိုက်ခိုက်မှုများကို တရုတ် နိုင်ငံက လက်မခံဘဲ ပြတ်ပြတ်သားသား ကန့်ကွက်ရှုတ်ချကြောင်းကိုလည်း ဆွေးနွေးခဲ့ကြောင်း သိရသည်။ ထို့ပြင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ တိုးတက်ရေးအတွက် ဆက်လက်လုပ်နိုင်မည့် အခြေအနေများကိုလည်း ဆွေးနွေးခဲ့သည်ဟု  တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ခဲ့သည်။

ဤအတောအတွင်း ဂျပန်နိုင်ငံထုတ် Nikkei Asian Review သတင်းစာ အယ်ဒီတာချုပ် Toru Takahashi ၏ တရုတ်-မြန်မာ ဆက်စပ်ပတ်သက်မှုကိစ္စနှင့် အမေရိကန်ပြည်ထောင်စုအနေအထား ပထဝီနိုင်ငံရေး လေ့လာ သုံးသပ်ချက် ဆောင်းပါးတစ်စောင် စက်တင်ဘာ ၁၄ ရက်နေ့တွင် ပေါ်ထွက်လာခဲ့သည်။ မြန်မာနိုင်ငံအတွင်းမှ ဖြစ်စဉ်များသည်  တရုတ်နိုင်ငံအတွက် ပိုမို အကျိုးအမြတ်ရရှိနေစေသောကြောင့်၊ မြန်မာအပေါ် လူ့အခွင့်အရေးရှုထောင့်မှ အာရုံစိုက် နေသည့် အမေရိကန်၏ အမြင်ကို လမ်းကြောင်းပြောင်းလာစေသည်ဟု တိုရူ တာကာဟာရှီ က သူ၏ China's gains in Myanmar divert US attention from human rights ဆိုသည့် ဆောင်းပါးတွင် ဝေဖန်တင်ပြထားသည်။

ယင်း ဆောင်းပါးတွင်  တာကာဟာရှီ က အမေရိကန်ပြည်ထောင်စုသည် မြန်မာနိုင်ငံကို တစ်ဖက်က လက်ဆွဲနှုတ်ဆက်နေ စဉ်တွင် ကျန်လက် တစ်ဖက်က ရိုက်ပုတ်မည့်ဟန် ဖြစ်နေသည်ဟု ဖေါ်ပြထားသည်။ ဆိုလိုသည်မှာ လွန်ခဲ့သည့် တစ်လခွဲ ခန့်က ကာကွယ်ရေးဦးစီးချုပ် အပါအဝင် တပ်မတော်မှ ထိပ်ပိုင်းခေါင်းဆောင်အချို့ကို လူ့အခွင့်အရေးချိုးဖောက်မှုများ အတွက် အမေရိကန်ပြည်ထောင်စုက ပြည်ဝင်ခွင့်ပိတ်ပင်ခဲ့သော်လည်း၊ အခြားတစ်ဖက်တွင် ပြီးခဲ့သည့် လဆန်းက  ၅-ရက်ကြာ အမေရိကန်-အာဆီယံစစ်ရေးပူးတွဲ လေ့ကျင့်မှုတွင် မြန်မာ့တပ်မတော်ကို ပါဝင်ခွင့်ပြုခဲ့သည်ဟု ဆောင်းပါး၌  ထောက်ပြခဲ့သည်။ အမေရိကန်သည် မြန်မာစစ်အစိုးရလက်ထက်က ဒေါ်အောင်ဆန်းစုကြည်အပေါ် အရေးယူ ဆောင်ရွက် ချက်များအပေါ် ဆက်တိုက် ဆန့်ကျင်ကန့်ကွက်ခဲ့သည်။ အမေရိကန်ကုမ္ပဏီများ မြန်မာပြည်တွင် ရင်းနှီးမြှုပ်နှံမှု မလုပ်ရန် ပိတ်ပင် တားမြစ်ခဲ့သည်။ သမ္မတ ဦးသိန်းစိန်အစိုးရ တက်လာပြီးနောက် မြန်မာ့ ဒီမိုကရေစီပြောင်းလဲမှုကို အထောက်အကူ ပြုနိုင်ရန် အမေရိကန်သည် သူ၏ ဒဏ်ခတ်အရေးယူထားမှုများကို တစ်ဆင့်ချင်း လျှော့ချပေးခဲ့သည်ဟု ဆောင်းပါးက ထောက်ပြသည်။

ဒေါ်အောင်ဆန်းစုကြည်၏ အစိုးရအဖွဲ့ က မြန်မာနိုင်ငံကို ဦးဆောင်ခွင့်ရလာသည့် ၂၀၁၆ ခုနှစ်တွင် အမေရိကန်က စီးပွားရေးပိတ်ဆို့မှု အားလုံးကို ရုပ်သိမ်းပေးခဲ့သည်။ သို့သော် ဒေါ်အောင်ဆန်းစုကြည် အာဏာရရှိပြီး မကြာမီတွင် နောက်ထပ် လူသားချင်းစာနာမှုဆိုင်ရာ အငြင်းပွားဖွယ် ပြဿနာကြီးတစ်ခု ပေါ်ပေါက်လာခဲ့သည်။ ယင်းပြဿနာမှာ ၂၀၁၇ ခုနှစ်တွင် ဖြစ်ပေါ်လာသည့် ဘင်္ဂလီ (ရိုဟင်ဂျာ)ပြဿနာ ဖြစ်သည်ဟု ဆောင်းပါး၌ ဖေါ်ပြသည်။ အဆိုပါ အမှုသည် ကာကွယ်ရေး ဦးစီးချုပ်နှင့် ပတ်သက်ခဲ့သည်ဟု အမေရိကန်က ကောက်ချက်ချ၍ ဒဏ်ခတ် ပိတ်ဆို့မှုအသစ်ချမှတ် ဆောင်ရွက်ခဲ့သည်။ ထိုသို့ ဒဏ်ခတ် ပိတ်ဆို့ခဲ့သော်လည်း တစ်ဖက်တွင် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဟောပြောပွဲတစ်ခုကို အမေရိကန်နှင့် ဂျပန် ပူးပေါင်း၍ ရန်ကုန်မြို့၌ သြဂုတ်လ ၂၀ ရက်နေ့က ကျင်းပခဲ့သည်။ အမေရိကန်ကုမ္ပဏီများအနေဖြင့် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုလုပ်ရန် စိတ်အားထက်သန်နေကြောင်းလည်း အမေရိကန်သံအမတ်ကြီး စကော့မာဆီရယ် က ပြောခဲ့သည်ဟု ဆိုသည်။ ဤအချက်က အမေရိကန်သည် လူ့အခွင့်အရေးနဲ့ပတ်သက်၍ မြန်မာပြည်ကို စိုးရိမ်သော် လည်း အခြား တစ်ဖက်တွင် ၎င်းတို့အဝန်းအဝိုင်းအတွင်းသို့ မြန်မာကို ဆွဲခေါ်ချင်နေသည်ဟု ဆောင်းပါးရှင်က Toru Takahashi သုံးသပ်ထားသည်။ တရုတ်က အိန္ဒိယသမုဒ္ဒရာသို့ ထွက်ပေါက်ရရန် ရခိုင်ပြည်နယ် ကျောက်ဖြူ  ရေနက် ဆိပ်ကမ်း တည်ဆောက်လာခြင်းက အမေရိကန်အနေဖြင့် စိုးရိမ်တကြီး စောင့်ကြည့်ရသည့် အခြေအနေဖြစ်ခဲ့သည်။ ကျောက်ဖြူရေနက်ဆိပ်ကမ်းသည် တချိန်တွင် သီရိလင်္ကာနိုင်ငံ၏ ဟမ်ဘန်တိုတာ ဆိပ်ကမ်းကဲ့သို့ ဖြစ်လာမည်ကို အမေရိကန်က စိုးရိမ်နေသည်ဟု အာဆီယံ သံတမန်တစ်ဦးက ပြောကြောင်း ဆောင်းပါးရှင်က ဆိုသည်။ တရုတ်က ထို ဆိပ်ကမ်းကို စစ်ရေးအရ အသုံးပြုလာနိုင်သည်ဟု အမေရိကန်က သံသယကြီးမားနေကြောင်း သံတမန်တစ်ဦးက ပြော သည်။ ပါကစ္စတန်၌လည်း ဂွာဒါဆိပ်ကမ်းကို တရုတ်က ၄၃ နှစ် ငှားထားသည်။ ကျောက်ဖြူဆိပ်ကမ်း၊ သီရိလင်္ကာ ဆိပ်ကမ်း နှင့် ပါကစ္စတန်ဆိပ်ကမ်း ၃ ခုသည် အိန္ဒိယသမုဒ္ဒရာတွင် မဟာဗျူဟာ  ဆိပ်ကမ်းများ ဖြစ်လာမည့် အရေးကို အမေရိကန်က စိုးရိမ်နေသည်ဟု ဆောင်းပါးရှင်က ဆိုသည်။

ထို့အခင်းအကျင်းကို ကြည့်လျှင် တရုတ်နိုင်ငံက မြန်မာပြည်မြောက်ပိုင်း တည်ငြိမ်အေးချမ်းရေးကိစ္စကို အဘယ်ကြောင့် အလေးအနက်ထားနေကြောင်း မြင်နိုင်သည်။ မြန်မာပြည်သည် နိုငံရေး စီးပွားရေးအခင်းအကျင်းအရ တရုတ်ပြည်အတွက် အရေးပါသကဲ့သို့၊ တရုပ်နှင့် အာဏာချိန်ခွင်လျှာ ညှိလိုသည့် အိန္ဒိယ၊ အမေရိကန်၊ ဂျပန်၊ တောင်ကိုးရီးယား နှင့် အာဆီယံ နိုင်ငံများအတွက်လည်း အရေးပါလျှက်ရှိသည်။ မြန်မာနိုင်ငံ ကိုယ်တိုင်အနေဖြင့်လည်း တရုတ်၏ သြဇာအာဏာချဲ့ထွင်မှု စက်ကွင်းအတွင်း မှ ရုန်းထွက်ရန် အားထုတ်နေသည့် အချိန်ဖြစ်သည်။ မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့်လည်း တရုတ်၏ ခေတ်သစ်ကိုလိုနီ စက်ကွင်းအတွင်း မြန်မာနိုင်ငံ ကျရောက်မသွားစေရန် ရုန်းကန်နေရသည်။ မြန်မာနိုင်ငံ သွေးစည်း ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးသည် အလွန်အရေးနေသည်။ လက်ရှိ နိုင်ငံရေး အခင်းအကျင်းကို လေ့လာလျှင် အမျိုးသားပြန်သင့်ရေးအတွက် စစ်ရေးထိပ်တိုက်တွေ့မှုများ ရှောင်ကြရမည်။ နိုင်ငံရေး ဆွေးနွေးပွဲများ စဉ်ဆက်မပြတ် ကြိုးပမ်းပြုလုပ်ကြရမည်။

ထိုသို့သော အခြေအနေတွင် အစိုးရနှင့် တပ်မတော်တို့က အမြော်အမြင်ကြီးဖို့လိုသည်။ EAOs အားလုံး တစ်ဖွဲ့မျှ မကျန် ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွင် ပါဝင်နိုင်အောင် အမျိုးသားရင်ကြားစေ့ရေး တံခါးကို ကျယ်ကျယ်ဖွင့်ပေးသင့်သည်။ AA၊ TNLA၊ MNDAA တို့အပါအဝင် တိုင်းရင်းသား လက်နက်ကိုင်အားလုံး အကြုံးဝင်သည့် Nationwide Ceasefire ထပ်မံ ကြေညာရန် လိုသည်။ အထူးသဖြင့် ရခိုင်ပြည် နယ်တွင် တိုက်ပွဲများ ချက်ချင်းရပ်ပစ်ခြင်းဖြင့် စစ်ဘောင်ကို  ကျဉ်းမြောင်း စေ၍၊ နိုင်ငံရေးဆွေးနွေးပွဲဘောင်ကို ချဲ့ထွင်ရမည်။ တပ်မတော်က  ရခိုင်စစ်မျက်နှာ၌ အပစ်ရပ် ကြေညာခြင်းဖြင့် NCA စာချုပ် အကောင်အထည်ဖေါ်ရေးနှင့် စတုတ္ထအကြိမ် ၂၁ ရာစုပင်လုံညီလာခံ ကျင်းပရေး တို့ကို ထောက်ခံကြိုဆိုကြောင်း ပြသရန် လိုပြီဖြစ်သည်။ ။

 ၂၀၁၉ စက်တင်ဘာ ၂၁ ရက်၊ စနေ နေ့ထုတ် သူရိယနေဝန်းဂျာနယ်၌  ဖေါ်ပြသည့်ဆောင်းပါး