Breaking News

မောင်အောင်မွန် ● ကျွန်တော်တွေးမိသလိုရေးပါမည် (၄၄၈)

မောင်အောင်မွန် ● ကျွန်တော်တွေးမိသလိုရေးပါမည် (၄၄၈)
(မိုးမခ) စက်တင်ဘာ ၂၂၊ ၂၀၁၉
မြန်မာ့အသံ၌ လက်သီးထိုးပွဲနှင့် သီသီလေးလွဲခဲ့သည့် စာပေလုပ်သားကပ်ပြား

(၁)
၁၉၅၉ ခု၊ အောက်တိုဘာလ ကျွန်တော် မြန်မာ့အသံ၌ စက်မှုလက်ထောက်အဖြစ် အလုပ်ရသည်။ ရေကူးအသံလွှင့်စက်ရုံမှ တွဲဘက်အစီအစဉ်ကို ကြီးကြပ်ရန် VOA တွင် (၉) နှစ်ကျော်လုပ်ခဲ့သူ၊ ဂီတဗေဒဘာသာရပ်ဖြင့် B.A အောင်သူ မြန်မာနှစ်ဦးထဲ ပါဝင်သော ဦးသန်းမြင့်အား အဘဟုခေါ်ကြ၏။ ၁၉၅၉ - ၆၀ တကသအာဘော် အိုဝေးမဂ္ဂဇင်းမှ မောင်အောင်မွန်၏ ချွတ်ပွဲ ဝတ္ထုပြသ၍ ကျွန်တော့်အား မောင်အောင်မွန်ဟု အဘက ခေါ်၏။

WPD တွင် အပတ်စဉ် ဆောင်းပါးရေး၌လည်း Aba ကလောင်နာမည်နှင့် ရေးသည်။

(၂)
မြန်မာ့အသံ ကျော်ဦးဟု ထင်ရှားလာသူ ၁၉၅၅ ခု၊ ရန်ကုန်တက္ကသိုလ်ရောက်လာချိန်တွင် ကျွန်တော်က 1st yr B.sc (Engg) တက်နေပြီ။ သူက (၂) နှစ်ကျော် အသက်ကြီး၏။ သို့ဖြစ်ရာ အထူးအထွေ မညှိနှိုင်းရဘဲ မင်းနဲ့ငါနဲ့ ပြောကြသည်။ နှစ်အတန်ကြာ မြန်မာ့အသံသို့ ၃၃ဝိ စားဖြင့် သူရောက်လာတာ့ ကျွန်တော့်ထက်အဆင့်မြင့်သော်လည်း မင်းနဲ့ ငါနဲ့ နှုတ် ကျိုးနေပြီ။

(၃)
မဆလ ခေတ်၊ ပါတီကောင်စီခေတ်တွင် စာပေလုပ်သားကတ်ပြားပေါ်လာ၏။

တနေ့သော် မြန်မာ့အသံ၌ လူချစ်လူခင်အများဆုံး အဘ၏။ အစီအစဉ်မှူးစာပွဲတွင် (၃) ဦးဆုံကြစဉ် အဘက စာပေလုပ်သား ကတ်ပြားအကြောင်းမေးရာ ကျော်ဦးကိုမေး ... သူ့မှာရှိတယ်ဟု ဖြေလိုက်သည်။ မောင်အောင်မွန်က စာရေးဆရာ မဟုတ် လားဟု အဘက ဆက်၏။

ဒီလိုလေ... အဘသိတဲ့အတိုင်း... စာရေးတတ်လို့ စာရေးလို့ စာရေးဆရာဖြစ်နေမှတော့ ကတ်ပြားမလိုဘူးလေ။ စာလည်း မရေးတတ်... စာရေးဆရာလို့ အထင်ခံချင်သူတွေအတွက်နေမှာပေါ့အဘ။

တကယ်တော့ ကျောင်းသားဘဝကတည်းက စာရေးရုံမက အယ်ဒီတာပင် အကြိမ်ကြိမ်လုပ်ခဲ့သူကျော်ဦး ကသိကအောင့်ဖြစ် သွားပြီ။

ဘာကိစ္စ စာပေလုပ်သားဆိုတာကြီးက... ဟု အဘကဆက်ရာ... ကျွန်တော်ကပင်ဦးအောင်... ကျယ်ပြန့်အောင်လေ...၊ စာရေးဆရာအတုတွေ၊ စာစီသမားတွေ၊ စာအုပ်ချုပ်သူတွေ၊ စာရွက်ခေါက်သူတွေကို စာပေလုပ်သား ကတ်ပြားပေးတာနေမှာ ပေါ့၊ သေချာအောင် ကျော်ဦးကိုမေး...။

ဇာတ်လမ်းမပြတ်သေးပါ။

(၄)
ကျော်ဦးက အဘတွေ့လား...၊ ဘယ်လောက်စော်ကားနေလဲကြည့်...၊ ဟေ့ကောင် မင်းရဲရင်ဆက်ပြော...ငါဆွဲထိုးမိမယ်။ ချစ်သူငယ်ချင်း ကျော်ဦးသည် လူဝေး၍ သူ၏ရေလဲပုဆိုးကိုပင် ထိုးဖူးထိုးဝံ့သူမဟုတ်ပါ။ သို့သော် ဒေါသအိုးပေါက်ကွဲသော်...၊
ကျွန်တော်လည်း နောက်ငဲ့ကာ ကုလားထိုင်ရွှေ့ထိုင်လိုက်ပြီ။

ကိုယ့်စာပွဲမှာတော့ ထိုးလားကြိတ်လား မလုပ်ကြပါနဲ့...လာ ကန်တင်းသွားကြမယ်ဟု အဘကဆို၏။ ကျော်ဦးက မလိုက်ဘူး၊ ဝင်းအောင်က သူ့ထက်ရာထူးကြီးရင် ဘယ်သူကိုမှ လက်ဖက်ရည်မတိုက်ဘူးလို့ ကြေညာထားတာ...၊ စော်ကားလည်းခံရသေး...၊ကျွန်တော်မတိုက်နိုင်ဘူး။
လာပါကွာ... ကိုယ်စမိတဲ့ပြဿနာ... ကိုယ်တိုက်ပါ့မယ်ဟု အဘကဆို၏။

(၅)
အဘက အလယ်က (၃) ယောက်သား ကန်တင်းဘက်ထွက်ခဲ့စဉ် ကျွန်တော်က ... အဘရယ် စာရေးဆရာ မောင်အောင် မွန်ဟာ အသားမည်းသော်လည်း စာပေလုပ်သား အညစ်အကြေးနှင့် ကင်းစင်တယ်။ ကျော်ဦးက တောက်...၊ ထို့နောက်ဘာမှ ထပ်မပြောကြတော့။

ပိုက်ဆံထုတ်ပေးပြီး အဘက စားပွဲတွင်ထိုင်စောင့်နေသည်။

ကျွန်တော်တို့ (၂) ယောက် လက်ဖက်ရည် (၃) ခွက်ယူလာပြီးသောက်ကြရင်း စကားတွေဖောင်နေကြသည့်ထဲ စာပေ လုပ်သားကတ်ပြားအကြောင်း တလုံးမှမပါတော့ချေ။ ထပြန်ခါနီးတွင်... အဘက ကိုရင်တို့က ဟုတ်ကော ဟုတ်ကြရဲ့လား ကွာဟုမေးလိုက်ရာ ခြေမကိုင်မိ လက်မကိုင်မိ မျက်နှာပိုးသတ်ကာ ဟာ .. အဘကလည်းဗျာဟူ၍ ပြိင်တူဖြေလိုက်၏။

ကျွန်တော်တို့ (၂) ယောက် သူ့ဇနီး ကိုယ့်ဇနီး၊ သူ့ကိုယ်စောင့်နတ် ကိုယ့်ကိုယ်စောင့်နတ်မသိအောင် မဟုတ်တာတွေ လုပ်ခဲ့ကြဖူးပါ၏။ သို့သော် ကျွန်တော်တို့ လူမဖြစ်မီကတည်း လောကကြီး၌ကျင်လည်ခဲ့သော အဘ၏ မျက်စိတဖက်စီက ကြည့်လျှင်ပင် ကျွန်တော်တို့ တယောက်စီကိုယ်တွင်း အူဘယ်နှစ်ခွေရှိသည်ကို သိနိုင်မြင်နိုင်ပေလိမ့်မည်။

(၆)
နှစ်ပေါင်းများစွာ ကြာခဲ့ပါပြီ။

အဘလည်းမရှိတော့၊ ၂၀၁၃ ခု၊ ဖေဖေါ်ဝါရီလ စကားမပြောနိုင်တော့သောကျော်ဦးခုတင် တင်ပါးလွှဲထိုင်ကာ သူငယ်ချင်း၏ ဆံပင်ကို ပထမဆုံးနှင့် နောက်ဆုံးအကြိမ် ဖွပေးရာ... ပြုံးကြည့်နေသော သူ့မျက်နှာ...၊ သူလည်းကွယ်လွန်သွားပြီ။ မောင် အောင်မွန်သာ ပြန်ပြောပြဖို့ ကျန်နေသေးဟု တွေးမိကြောင်းပါ။

စာရေးနေဆဲ...။ ဆိုဗီယက်ယူနီယံတွင် (၃) နှစ်၊ အမေရိကန်တွင် (၂၃) နှစ်ကျော်နေသော်လည်း မွေးရာပါမို့ အသားကမည်း နေဆဲ...၊ ထို့ကြောင့် စာရေးဆရာ မောင်အောင်မွန်ဟာ အသားမည်းသော်လည်း စာပေလုပ်သား အညစ်အကြေးနှင့် ကင်း စင်တယ်ဟု ပြောဆိုနိုင်ဆဲပင်။

(၇)
သက်ကြီး မြန်မာ့အသံ ဝန်ထမ်းဟောင်းများအား ဂုဏ်ပြုပွဲဓာတ်ပုံများ မြင်ရ၍၊ ငွေရတု သောတရှင်မဂ္ဂဇင်းမှ ဓာတ်ပုံငေးရင်း၊ ယနေ့မြန်မာပြည်တွင် စာရေးဆရာဖြစ်ရန် ကတ်ပြားလိုလား၊ လိုင်စင်လိုလား၊ ဘာမှမလိုဘဲ ဘာစာမှ ဟုတ္တိပတ္တိမရေး... စင်ပေါ်တက်ရင်လည်း စာရေးဆရာဖြစ်သလားဟု တွေးမိကြောင်းပါ။

၂၀၁၉ ခု၊ စက်တင်ဘာလ (၁၅) ရက်နေ့။

(မှတ်ချက်။ ။ ပုံထဲအစွန်က မောင်အောင်မွန်သာ သေမင်းနှင့်ညှိနှိုင်းမရသေး၍ ရေးနိုင်တာပါ)