Breaking News

ခွန်ဆိုင်း - ကိုဗစ် ဒိုင်ယာရီ ၃၉

Facebook Photo


ခွန်ဆိုင်း  - ကိုဗစ် ဒိုင်ယာရီ ၃၉

(မိိုးမခ)  မေ၇၊ ၂၀၂၀ 

တွင်းအောင်းနေရပေမယ့် ဝပ်ကျင်း က မထွက်မဖြစ် အနည်းဆုံး တပတ်တခါ အပြင်တော့ ထွက်ရတယ်။ စျေးဝယ်ရတဲ့ကိစ္စမျိုး ပေါ့ ။
ပြီးခဲ့တဲ့ အပတ်မှာ အိမ်သူ က သူ့ အလုပ်ပိတ်ရက်နဲ့ တိုက်နေတော့ စျေးလိုက်လာတယ်။ အဓိကအကြောင်း က - စျေး လိုက်လာပြီး ဆဲလ်ဖီတုတ်တချောင်း ( Selfie stick) ဝယ်တာ ။ ကျနော် သွားနေကျ မော်ရစ်ဆင်ကုန်တိုက်နား ကပ်ရက်မှာ Pound Land ဆိုတဲ့ ဆိုင် တဆိုင် ရှိတယ်။ စုံစီနဖာ- တိုလီနစ တွေ အကုန်ရောင်းတဲ့ဆိုင်မျိုးပေါ့ ။ ဘာပစ္စည်း ဝယ်ဝယ် -တပေါင် ချည်း မို့ တပေါင်ဆိုင်လို့ ခေါ်ကြတာ ။ ဆဲလ်ဖီတုတ် ဝယ်ရတဲ့ အကြောင်းက ဆဲဖီဆွဲကြဖို့ မဟုတ်ပါဘူး။ သူကော ကျနော်ကော ဆဲဖီတုတ် မသုံးပါဘူး ။ ဆဲဖီဆွဲရတဲ့ အရွယ်တွေ မဟုတ်တာလဲ ဖြစ်မယ် ။ အခု မှ အဲဒီ တုတ်က သူ့အတွက်လိုလာတာ ။ သူ့အတွက် PPE လို အဆောင်မျိုး ဖြစ် မလား - မဖြစ်ဘူးလား - တပေါင်မက တန်မလား -မတန်ဘူးလား ။

ကိုဗစ် - စစ်ကြီးထဲ မှာ မိသားစုတိုင်း - စိတ်ပင်ပန်းစွာ ရင်ဆိုင်ရတဲ့ နေ့တဓူဝ ကိစ္စတွေရှိနေတာ ငြင်းမရတဲ့ အမှန်တရားပဲ ။ လူတိုင်း အိမ်မှာ နေပေးကြ ပါ ။ အဲဒါ ကိုယ့်ကိုယ်ကို ကာကွယ်တာ -ကိုယ့်မိသားစုကို ကာကွယ်တာ- ကျန်းမာရေးဌါနကို ကာကွယ်တာ - လူသားတွေ ကို ကာကွယ်တာ ( Stay home , Protect the NHS, Save lives ) စတဲ့ စတဲ့ အဓိပ္ပါယ်ရတဲ့ ဘဝ နေနည်း -ထုံးစံ သစ် ( New Normal ) တွေ နေ့ချင်းည ချင်း ပေါ်လာ တယ်။ အိမ်သူ ဆိုရင် သူ့ အလုပ်က ပြန်လာတဲ့ အခါ အိမ်ထဲကို တခါတည်း မဝင်နိုင်ရှာဘူး။ အိမ်ဘေးက နေ တဆင့် နောက်က ခြံထဲအရင်ဝင် ။ တဲလေးထဲမှာ သူ့ အဝတ်တွေ အကုန် ချွတ် - ဆပ်ပြာရည်စိမ်တယ်။ လက်သေချာဆေး အဝတ်နောက်တစုံ လဲ ပြီးမှ အိမ်ထဲ ဝင် ရတယ်။ ဒါမျိုး က ထုံးစံလား ။ ဘယ်နှစ်လ ကြာမလဲ ။
လူတိုင်း- နိုင်ငံတိုင်း ဘဝနေနည်းသစ်တွေ- ကို ရုတ်တရက် တဆစ်ချိုး နေရာများစွာ မှာ ပြောင်းပေးလိုက်ရတယ်။ ထုံးစံသစ် တွေ ချရတယ်။ အလုပ်ရောက်ရင် လက်ဆေး ။ အိမ်ရောက်ရင် လက် ဆေး ။ အိမ်မှာနေလို့ရသမျှနေ ။ အပြင်ထွက်ရင် မျက်နှာဖုံးစွပ် ။ စျေးဝယ်ရင် ၆ပေ လူချင်းခွါ ။ အသုဘချရင် ၅ယောက် ။ မင်္ဂလာဆောင်ရင် ၂ယောက် ။ ဘုရားကျောင်းမှာ မစုနဲ့။ ဘုရားကို အိမ်ကနေ အာရုံပြု ။ နေမကောင်း-ချောင်းဆိုး- ဆေးခန်းလာစရာမလိုပါ ။ အိမ်မှာပဲ နေ ။အသက်ရှုကြပ်မှ အရေးပေါ် ကား ခေါ် ပါ ။ ဒါတွေအားလုံး ထုံးစံသစ် ( New Normal ) တွေ လား ။

တနိုင်ငံနဲ့ တနိုင်ငံ မကူးသန်းရခြင်း ။ မြို့ တွင်း အသွားအလာများ ကိုပိတ်ခြင်း( Lock Down ) ။ စျေးဝယ်ရင် ၆ပေခြား နေရာယူ ခြင်း ( 2meters rule )၊ လူ အချင်းချင်း- ခွါပေါင်းသင်း -စိတ်ချင်း နီးကြစေ ( Social Distancing ) ။ စတဲ့ စတဲ့ အကျင့်အကြံသစ် - ဝေါဟာရအသစ်တွေကို လူသားတွေ အချိန်တိုတိုနဲ့ သင်ကြား ယဥ်ပါးရတယ်။ဒီ ဥပဒေသစ်တွေက နားမလည်ပါးမလည် ၅ နှစ်သားလေးလဲ အကျုံးဝင် သလို အသက် ၈၀ အဖွားကြီးလဲ လိုက်နာဘို့ လိုတယ်။ အရာရာ ဘေးတိုက်သွားတတ်တဲ့ ဂဏန်းလိုလူတွေအတွက်လဲ ဘောင်ဝင်တယ်။ ကိုဗစ်က ပါးနပ်သလောက် လူသားတချို့ မလိုက်နိုင်ဘူး ။ လူသားတိုင်း သိပ္ပံသမားမဟုတ်ဘူး ။ တချို့လူသားက ထုံပေပေ။ ယောင်နန။ တချို့ မပြည့်စုံ - ချို့တဲ့နေ ။ လူသာမန်တွေအတွက် -မျက်နှာဖုံး ၊ လက်အိပ်၊ လက်ပွတ်ပိုးသတ်ဆေး( Mask, gloves, hand sanitizer ) စတဲ့ တကိုယ်စာ အကာအကွယ်တွေ ( Personal PPE ) ၊ ဆေးရုံ ဝန်ထမ်းတွေ- အရေးပေါ်ကားမောင်းတဲ့ လူတွေ- အလောင်းသယ်သူတွေ အတွက် နှာခေါင်းကာ- မျက်စိကာ မျက်နှာကာ- ဝတ်ရုံ ( N95FFP3 mask , Eye cover , Face Shield, Gown ) စတဲ့ စတဲ့ အသုံးအဆောင်အသစ်တွေ ရုတ်တရက် လိုအပ်လာကြတယ်။ ကိုဗစ်က သူ့ ကိုယ်ပျောက်တပ်ဖွဲ့တွေကို တိတ်တဆိတ် တပ်ချတယ်။ လူသားတွေကို အသံတိတ် သယ်ယူပို့ဆောင်ရေးယာဥ်လို သုံးတတ် တယ်။ ရုတ်တရက်တနေရာမှာ သူ့တိုက်ခိုက်တဲ့ အမှု ပေါ်လာတဲ့ အချိန် ။ လူသားက တုန့်ပြန့်တဲ့ အချိန် မှာ သူက တခြားတနေရာကို ကြိုတင် ရောက်ရှိ သွားပြီး တိုက်ခိုက်ဖို့အသင့် ရှိထားပြီးပြီ။ သူ့ နည်းဗျူဟာတွေ ကို ခုမှ လူသားက အသည်းအသန်လေ့လာနေရတုန်း။ ကိုဗစ် လေထဲ ပျံ မပျံ ငြင်းနေကြတုန်း မှာ သူက လေယာဥ်စီးပြီး တကမ္ဘာလုံးကို ၂လလောက် အချိန်အတွင်း စစ်မျက်နှာ ဖြန့်ကျက်လိုက်ပြီး ပြီ။ လူသားတွေ ရဲ့ နောက်ဆုံးပေါ် စစ်နည်းဗျူဟာတွေကို အားကောင်း ရေဒါတွေကို သူက သာသာလေး အနိုင် ယူ အောင်မြင် ကျော်ဖြတ်သွားတယ် ။

လူသားတွေလုပ်တဲ့ အလုပ် အမျိုးအစားတွေထဲမှာ ရုတ်တရက် အရေးပါတာနဲ့ မပါတာ ။ သေတွင်းနီးတာနဲ့ မနီးတာ( ရုတ်တရက်ကြီး ) ကွာသွား တယ်။ သွားဆရာဝန် က သူ့ အလုပ်နားလိုက်ရပြီး မေ့ဆေးဆရာဝန်က အကြီးအကျယ်အလုပ်ရှုပ်လာတယ်။ ဆရာဝန် ဆရာမတွေ- အရေးပေါ်လူနာတင်ယာဥ်မောင်းသူတွေ သေဘေးနီးလာကြပြီး အဝတ်အထည်ရောင်းသူက အငတ်ဘေးနီးလာတယ်။ ဆံပင်ညှပ်ဆရာက အလုပ်လုပ်ခွင့်မရ တော့ပဲ သုဘရာဇာက ၂၄နာရီ အလုပ်မပြတ်တော့ဘူး ။ရဲနဲ့ မီးသတ် က အလုပ်ပိုများလာတဲ့ အချိန် စစ်တပ်က ဆေးရုံမှာ အကူဝန်ထမ်းလာဖြစ်တယ်။ လူအိုတွေကို ထမင်းထုတ်လိုက်ဝေနေရ တယ်။ ကျောင်းဆရာနဲ့ ဘိသိက်ဆရာမှာ လုပ်စရာ မရှိ တော့ ပဲ လေယာဥ်မယ်လဲ အလုပ်ပြုတ်တဲ့အထဲပါရှာ တယ်။ ဟော်တယ်မန်နေဂျာက အိမ်မှာ ထိုင် တီဗွီ ကြည့်နေရပြီး တက္ကဆီသမား နဲ့ ဆိုက်ကားဆရာတွေ ဗိုက်မှောက်ရချိန်မှာ အွန်လိုင်း စျေးသည်တွေ က တချိန်လုံး ရောင်းအားတွေ တက် စီးပွါးဖြစ် နေ တယ်။

စျေးသည်ချင်း အတူတူ မှာ စားသောက်ဆိုင် တွေ ပိတ်ရပြီး ကုန်တိုက်ကြီးတွေကျတော့ ဖွင့်ခွင့်ရနေတယ် ။ပါလီမန်အမတ်တွေ အိမ်က ထိုင်ပြီး လွှတ်တော်လုပ်ငန်းတွေ လုပ်နေကြ တယ်။ သတင်းစာ ရှင်းလင်းပွဲဆိုတာမျိုးကို နေ့စဥ်လုပ်ဖို့ လိုပေမယ့် မျက်နှာချင်းဆိုင် လုပ်နေစရာမလိုတော့ ဘူး။ သတင်းထောက်တွေက သူတို့ အိမ် ဧည့်ခန်းတွေထဲကနေ အေးအေးလေး အွန်လိုင်းတက်ပြီး သတင်းစာရှင်းလင်းပွဲ ခန်းမထဲက အစိုးရ အဖွဲ့ဝင် ဝန်ကြီးတွေ ဆေးမှူးချုပ်တွေ ဒုက္ခရောက်မယ့် မေးခွန်းတွေ မနားတမ်း လှမ်း ထုတ်နေကြတယ်။ ကုန်တိုက်ဝန်ထမ်းတွေက မရှိမဖြစ် လုပ်သား( Essential workers ) အမျိုးအစား တွေ ဖြစ်လာကြပြီး , ဆေးရုံ ဓါတ်ခွဲခန်း ဝန်ထမ်း ၊ လူနာတင်ကားမောင်းသူတွေက သော့ချက်လုပ်သား( key workers ) အမျိုးအစားထဲ -သူတို့ ကိုယ်တိုင် ကြိုက်ကြိုက် မကြိုက်ကြိုက် ၊ လုပ်ချင်ချင် မလုပ်ချင်ချင် အထည့်ခံကြရတယ်။ အဆိုတော်တွေ ရုပ်ရှင်သရုပ်ဆောင်တွေ က Key Workers တွေ မဟုတ်ဘူး ။နားနေကြပါ။ ကမ္ဘာကျော် ဘောလုံးသမားတွေ ဘောလုံးကွင်းထဲ မဆင်းကြနဲ့ ။ အိုလံပစ်အတွက် ရွေးထား ပြီးသား ပြေးခုန်ပစ်ချန်ပီယံလောင်းတွေ - ရွှေတံဆိပ်မှန်းထားသူတွေ လဲ ကိုယ့် အိမ်ခြံဝင်းထဲမှာ လေ့ကျင့်ကြပေဦးတော့ ။

ဧပြီ ၂၉ ရက်နေ့က နစ်မာတင် ( Nick Martin from Bake Well , Derbyshire ) ဆိုတဲ့ သတင်းထောက်က ဗြိတိန် ကျန်းမာရေးဝန်ကြီး မာက်ဟန်းကော့ Mark Hancock ကို လူအိုရုံ ကျန်းမာရေးစောင့်ရှောက်တာနဲ့ ပတ်သက်ပြီး အွန်လိုင်းပေါ်ကနေ မေးခွန်းတခု မေးတယ်။ အစိုးရက သေချာ ကာကွယ်မှု မပေးလို့ လူအိုရုံတွေမှာ သေဆုံးကြရတဲ့ သက်ကြီးရွယ်အိုတွေ ရဲ့ မိသားစုတွေကို အစိုးရက တောင်းပန်ဘို့အစီအစဥ် ရှိမရှိ - ဆိုတာ ။ မက် ဟန်းကော့က လူအိုရုံတွေဟာ ထိခိုက်လွယ်တဲ့ အုပ်စုမို့ အစကတည်းက ဦးစားပေး ထည့်စဥ်းစားပါတယ် လို့ ဖြေရှင်းတယ်။ လက်တွေ့မှာက PPE မထောက်ပန့်နိုင်ဘူး။ ကိုဗစ် ပိုး ရှိမရှိ ထိရောက်တဲ့ စမ်းသတ်ပေးမှုတွေ မလုပ်နိုင်ခဲ့ ဘူး။ ငွေကြေး ထောက်ပန့်မှု ချို့တဲ့တယ်။ ဆေးရုံတွေကနေ သေချာ ဆေး မစစ်ဆေးနိုင်ပဲ လူအိုရုံတွေကို ပြန်ပို့တယ်။ ဒီတော့ ကိုဗစ် ပိုးကို တယောက်က သယ်လာမိတဲ့ အခါ လူအိုရုံတခုလုံးကို ပျံနှံ့သွားအောင်လုပ်သလို ဖြစ်တယ်။ တရားဝင် စာရင်းတွေ ထွက်လာတဲ့ အခါ ကိုဗစ်ကြောင့် ဆုံးပါးရတဲ့ လူ ၃ပုံတပုံဟာ လူအိုရုံက လူနာတွေ ဖြစ်နေတယ်လို့ ဆိုလာပါတယ်။ မတ်လလောက်အထိ အစိုးရက သေဆုံးစာရင်းကိုနေ့စဥ် ကြေငြာပေး တာ ဆေးရုံ စာရင်းကို ပဲ ကြေငြာနေခဲ့တာ။ အခုတော့ ဝေဖန်တာများလာလို့ သတင်းကြေငြာရင် ဆေးရုံ- လူအိုရုံနဲ့ အရပ်ထဲကရတဲ့သေဆုံးစာရင်းများ ဆိုပြီး ပြောင်းလဲ ကြေငြာနေတာတွေ့လာရပါတယ်။ မနေ့က သတင်းထုတ်ပြန်တာမှာတော့ ဧပြီ ၂၄ ရက် နေ့ စာရင်း အထိ လူအိုရုံ က သေဆုံးစာရင်း အတိအကျ ဟာ ၇၉၁၁ ယောက် ရှိသွားပြီလို့ ပြောပါတယ်။စုစုပေါင်းမှာ ကိုဗစ်ကြောင့် အင်္ဂလန် က သေဆုံးစာရင်း က ၃သောင်းကျော်လာပြီး ဥရောပမှာ ထိပ်ဆုံးနေရာ ကို ရောက်လာပါတယ်။


လူအိုရုံတွေဟာ ဥရောပ အမေရိက လူ့အဖွဲ့အစည်း မှာ ဖြစ်တည်လာခဲ့တာ နှစ် ပေါင်း ရာနဲ့ချီ ကြာခဲ့ပါပြီ။ အသက်ရလာတဲ့ လူကြီး အတော်များများက လွတ်လပ် အမှီအခိုကင်း သီးသန့် နေထိုင်ရတာကို ကြိုက်ကြ တယ်။ ပင်စင်စားတွေ သီးသန့် နေထိုင်ဘို့ အစိုးရက ဆောက်ပေးထားတဲ့ လူအိုတွေ နေတဲ့ သီးသန့် အကွက်ကလေးတွေ- လမ်းက လေးတွေ လဲ ရှိတယ်။ တယောက်စာ တထပ်နေအိမ် နဲ့ ခြံကလေး။ ၂ယောက်စာတထပ် နေအိမ်နဲ့ ခြံကလေး တွေ ရှိသလို ပင်စင်စား လူအို ၃၀၀လောက် စု နေလို့ရတဲ့ ၃ထပ်၄ထပ် လူအိုရုံတိုက်တာကြီးတွေလဲ ရှိပါရဲ့ ။ အဲလို လူအိုများများရှိတဲ့ တိုက်ကြီးတွေဆိုရင် နပ်စ် က အဆင့်သင့် ၂၄ နာရီ ရှိတယ်။ မြို့ထဲ ကို ပုံမှန်ပြေးတဲ့ ဘစ်စ်ကား တွေ ပုံမှန်လာရပ် ပေးတယ်။ ပိုက်ဆံရှိတဲ့ လူအိုတွေအတွက် ပုဂ္ဂလိကတွေက ထူထောင်ထားတဲ့ ကိုယ်ပိုင် လူအိုရုံတွေလဲ တနိုင်ငံလုံးမှာ ၂သောင်းခွဲလောက် ရှိမယ်ထင်ပါတယ်။ အဲဒီမှာ နေထိုင်ကြတဲ့ လူအိုပေါင်း သန်း ဂဏန်း ရှိနေခဲ့တာပါ ။

များသောအားဖြင့်အသက် ၆၅ လောက်ကနေ ၈၀ - ၉၀ ကျော်အထိ နေကြတာဆိုတော့ အနည်းနဲ့ အများ ရောဂါ စုံ ရှိတယ်။ ဆီးချို ကျောက်ကပ် အဆစ်အမြစ် ကင်ဆာ နှလုံးသွေးတိုး အကုန် ကံထရိုက်ဆွဲ တဲ့ နေရာဌါနလဲ ဖြစ်တယ်။ အခု ကိုဗစ် စစ်ပွဲ ဖြစ်လာတဲ့ အခါ သူက ကိုဗစ် ဗဟို ပစ်ကွင်းတခုဖြစ်လာရပါရော ။ လူအိုတွေဟာ နေ့တိုင်ဆေးရုံ နဲ့ အသွားအလာ အဆက်အဆံ မပြတ်ကြ ဘူး။ ဆေးရုံကား အရေးပေါ်ကားတွေ အဝင်အထွက် မပြတ်ဘူး။ ပြတ်ကြရတာက သားသမီးတွေ ဆွေမျိုးတွေ ။ လာခွင့်မရ-တွေ့ခွင့်မရကြတော့တာ ။ ရောဂါ အကူးသက်သာအောင် ဆိုပြီး လူအိုရုံတွေကို မိဘဆွေမျိုး ဧည့်သည်လူစိမ်းအဝင်အထွက် တွေ ကိုဗစ်ဖြစ်ကတည်းက ပိတ်လိုက်ပေမယ့် မထိန်းချုပ်နိုင်တဲ့ လမ်းကြောင်းက လူအိုတွေ ဆေးရုံ ကို ပုံမှန်သွားပြနေကြရတဲ့ လမ်း ကြောင်း ။ ဆေးရုံတွေမှာ ကိုဗစ် ရောဂါသည်တွေ ဒင်းကြမ်းပြည့်ကြပ်နေတဲ့ အခါ လူအိုတွေက ရောဂါ ကို သွားသယ်သလို -ရောဂါ ဖြန့်သလို ဖြစ်လာကြပါတယ်။ ဆေးရုံတွေ က ကိုဗစ် လူနာတွေနဲ့ ပြည့်နေတဲ့ အခါ လူအိုတွေအတွက် ဆေးရုံမှာ ကုတင်မရှိ။ လူအိုရုံ ကိုပဲ ပြန်ပြီး နေကြရ - ကွယ်လွန်ကြရပါတယ်။

မိဘတယောက်ရဲ့နောက်ဆုံးအချိန်မှာ သားသမီးတွေ မြေးမြစ်တွေက သူတို့မိဘဖိုးဖွားတွေကို နောက်ဆုံး မြင်ချင် နှုတ်ဆက်ချင်တာ လူသားတို့သဘာဝ။ အမေ အဖေ-အဖိုး အဖွား- ရောဂါသည်းလို့ မျောနေတဲ့တိုင် -မောနေတဲ့တိုင်- ဖေါက်နေတဲ့တိုင် သား သမီးက- အမေ့ကို့ အဖေ့ကိုဖက်ခွင့်မရပေမယ့် နှုတ်ဆက်ချင်တယ်။ ချစ်တယ်ဆိုတာလောက်တော့ ပြောခွင့်ရ ချင်တယ်။

ဒီအချိန်မှာ လူအိုတွေကို ပြုစုရတဲ့ ဝန်ထမ်းတွေက ခေတ်ပေါ် နှုတ်ဆက်နည်းတွေကို သုံးပြီး သားသမီးနဲ့မိဘ ကြားက နောက်ဆုံးနာရီတွေကို ချိတ်ဆက်ပေးကြရပါတယ်။ ဒီမန်းရှားလို့ ခေါ်တဲ့ အရာရာကိုမေ့လျော့နေတဲ့ လူကြီးတွေက လွဲလို့ ဖုံးပြောနိုင်- ဖုံးကိုင်နိုင်တဲ့ လူကြီးတွေက သူတို့ နောက်ဆုံးအချိန် အထိ မက်ဆင်ဂျာ တွေ -ဗိုင်ဗာတွေ- စကိုက်တွေ ကနေ သူတို့ သားသမီးတွေကို အပြန်အလှန် စကားပြောဆက်သွယ်နေကြပေမယ့် နောက်ဆုံးနာရီတွေ ရောက်လာတဲ့ အခါ ဖုန်းကိုင်ပေးရမယ့် လူ- အကူ လိုလာပါတယ်။

တဖက်မှာ မိဘနဲ့ သားသမီးဆိုတဲ့ သံယောဇဥ် ချစ်ခြင်းနှောင်ကြိုး နဲ့ နောက်ဆုံး နာရီတွေ ရှိတယ်။ ကြားမှာ တိုက်ခိုက်ဖို့ အသင့်စောင့်နေနိုင် တဲ့ ကိုဗစ် ရှိတယ်။ ဖုန်းကိုလဲ အဆက်အသွယ် မပြတ်စေချင်ဘူး ။ ဘယ်လိုလုပ်ရမလဲ ။

ဆဲဖီ တုတ်တချောင်း နဲ့ လူ့ လက်တံတခုပေါင်းလိုက်ရင် ၅ပေလောက်တော့ ကွာသွားမှာ ပေါ့ ။ လူတိုင်း ပြောကြတဲ့ ခပ်ခွါခွါနေနည်းသစ် ( Social Distancing ) အမျိုးအစား တခုပါပဲ ။ ဆဲဖီတုတ်ကို အသုံးမပြုရဘူး ဆိုရင်တော့ အကောင်းဆုံးပါပဲလို့ အိမ်သူရေ လို့ - ကိုယ်က ပြောရတယ်။ မြေကမ္ဘာ အမြန်ကျန်းမာပါမှ ။

( ၆.၀၅.၂၀၂၀ )