Breaking News

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၃လ ၇ ရက် မြောက်နေ့ မြင်ကွင်း

Myit Kyi Nar Photo


မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၃လ ၇ ရက် မြောက်နေ့ မြင်ကွင်း

(မိုးမခ) မေလ ၇၊ ၂၀၂၁

အကန့်အသတ်စစ်ပွဲ၊ အကန့်အသတ်မဲ့ စစ်ပွဲ ၊ ပြည်တွင်းစစ်နဲ့ လက်နက်ကိုင် ပဋိပက္ခ


ခုရက်ပိုင်းအတွင်း သတင်းတွေမှာ မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်က တိုက်ပွဲသတင်းတွေ၊ နောက် စစ်ကိုင်းတိုင်း အထက်ပိုင်း ကလေး မုံရွာ ကားလမ်းပေါ်က ယင်းမာပင်၊ ကနီ ကျေးရွာတွေဘက်က ဒေသခံတွေရဲ့ ရရာလက်နက်နဲ့ ခုခံတိုက်ခိုက်မှု သတင်းတွေ၊ ချင်းပြည်နယ်တောင်ပိုင်းနဲ့ မြောက်ပိုင်း တမူးနယ်စပ်ဘက်မှာ ရရာလက်နက်နဲ့ ခုခံတိုက်ခိုက်နေတဲ့ သတင်းတွေ၊ ရှမ်းပြည်နယ် မြောက်ပိုင်း TNLA အပါအဝင် မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင် အချို့နဲ့ စစ်ကောင်စီတပ်တို့တိုက်ပွဲသတင်းတွေ၊ မြန်မာနိုင်ငံတောင်ပိုင်း ကရင်ပြည်နယ်က တိုက်ပွဲသတင်းတွေ၊ စခန်းသိမ်းတဲ့ သတင်းတွေက လွှမ်းမိုးနေတာ တွေ့ရမှာပါ။

မတ်လနဲ့ ဧပြီလထဲမှာကတည်းက ရန်ကုန်၊ မန္တလေးတို့လိုမှာ နေသူတချို့ ပြောကြသလို ပြည်တွင်းစစ်ဖြစ်တော့မယ်ဆိုတဲ့ စကားဟာ ရှေ့ပြေးနိမိတ်တွေလားလို့ ယူဆစရာတောင် ရှိပါတယ်။ အဲဒီအချိန်ကတော့ ခုလိုပြည်တွင်းစစ်ဖြစ်မယ်ဆိုတဲ့ စကားက စိုးရိမ်မှုလွန်တာလို့ ကောက်ချက်ချနိုင်ပေမယ့် အခြေအနေက တစတစ ဆိုးရွားလာတဲ့ အခါမှာ ပြည်တွင်းစစ်ဖြစ်တော့မယ်ဆိုတဲ့ စိုးရိမ်မှုဟာ အခြေအမြစ်မရှိတာ မဟုတ်တော့ အတိုင်းအတာ ပမာဏနဲ့ အချိန်ကာလတို့သာ ကွဲပြားမယ့် အနေအထားလည်း ဖြစ်လာပါပြီ။

ပြည်တွင်းစစ်ဆိုတာကို ဘယ်လို အဓိပ္ပါယ်ဖွင့်ကြသလဲဆိုတာမှာလည်း အနည်းငယ် ကွာခြားနိုင်ပါတယ်။ တကယ်တော့ ၁၉၄၉ ခုနှစ်ကတည်းက မြန်မာနိုင်ငံမှာ ပြည်တွင်းစစ်ဖြစ်ခဲ့တဲ့နောက် ဘယ်တုန်းကမှ ငြိမ်းချမ်းရေး မရပဲ နှစ်ပေါင်း ၇၀ ကျော်ကြာရှည်လာပါပြီ။ ကမ္ဘာမှာတောင် အရှည်ကြာဆုံး ပြည်တွင်စစ် တနည်း လက်နက်ကိုင် ပဋိပက္ခလို့ပြောလို့ရနိုင်ပါတယ်။ လက်နက်ကိုင်တိုက်ပွဲတွေက အရှိန်မြင့်လာလိုက် လျော့သွားလိုက်၊ အချို့အဖွဲ့တွေက အပစ်ရပ်လိုက် ပြန်ပြီး တိုက်ပွဲဖြစ်လိုက်၊ တချို့အဖွဲ့တွေ ပြိုကွဲသွားလိုက် အသစ်သော အဖွဲ့တွေ ပေါ်လာလိုက်နဲ့ မြန်မာနိုင်ငံရဲ့ သမိုင်းက ပြည်တွင်းစစ် သမိုင်းနဲ့ ယှဥ်ပြီး နားလည် သင်ယူရမယ့် သဘောဖြစ်ပါတယ်။

စစ်တပ်ဘက်ကတော့ ဒီပဋိပက္ခတွေကို ပြည်တွင်းစစ်လို့ ခေါ်ဆိုတာကိုလက်မခံခဲ့ပါဘူး။ ပြည်တွင်းစစ်လို့ ပြောရင် နုိင်ငံရေးအရ သဘောထား မတူညီတာလို့ အဓိပ္ပါယ် သက်ရောက်လို့ လက်နက်ကိုင် ပုန်ကန်မှု ၊ သောင်းကျန်းမှုဆိုပြီး အမည်နာမအားဖြင့် ပုံဖျက်ထားခဲ့ပေမယ့် တကယ့် အနှစ်သာရအားဖြင့် ပြည်တွင်းစစ်သဘောပဲ ဆိုတာ ငြင်းမရပါ။

၂၀၁၁/၁၂ ခုနှစ်နောက်ပိုင်း ငြိမ်းချမ်းရေးဆွေးနွေးမှုတွေ အပစ်ရပ်စာချုပ်တွေ၊ အန်စီအေတွေ ၊ ငြိမ်းချမ်းရေးညီလာခံတွေ လုပ်လာရာက ပြီးခဲ့တဲ့ ၃ လကျော်မှာ စစ်ကောင်စီက အာဏာသိမ်းတဲ့ ဖြစ်ရပ်ကြောင့် ငြိမ်းချမ်းရေး ကြိုးပမ်းမှုတွေအားလုံး သဲထဲရေသွန် သဖွယ်ဖြစ်သွားခဲ့ပြီလို့ ကောက်ချက်ချနိုင်ပါတယ်။ ခုတော့ အေအေ၊ အာရ်စီအက်စ်အက်စ်၊ ဝ ၊ ပအို့ဝ်၊ မွန်၊ ကေအန်ပီပီ အစရှိတဲ့လက်နက်ကိုင် အဖွဲ့တချို့ ကလွဲရင် ကျန်တဲ့ လက်နက်ကိုင် အဖွဲ့တွေအများအပြား အနေနဲ့ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲတွေ ပြန်ဖြစ်နေကြပြီဖြစ်ပါတယ်။

ရှိပြီးသား တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေတင်မကပဲ စစ်အာဏာသိမ်းပြီး ဆန္ဒပြမှုတွေကို ရက်စက်စွာ ဖြိုခွဲ ပစ်ခတ်သတ်ဖြတ်မှုတွေ နောက်မှာ ရပ်ရွာကာကွယ်ရေး လက်နက်ကိုင် တပ်ဖွဲ့တွေ (စစ်တပ်တတပ်လို ဖွဲ့စည်းပုံတွေ အခေါ်အဝေါ်တွေ နဲ့တိတိကျကျ မဟုတ်သော်လည်း) လည်းပေါ်ထွက်လာပါပြီ။ ဒီတပ်ဖွဲ့တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေ ဘယ်လိုပေါင်းစည်း ကြမလဲ၊ ဘယ်လို စုစည်းပြီး စစ်ကောင်စီတပ်ကို တိုက်မလဲဆိုတာတွေတော့ အခုအဆင့်အခြေအနေမှာ သဲသဲကွဲကွဲ မသိရသေးပေမယ့် အဲဒီအဆင့်တွေကို ဖြတ်သန်းနေကြတယ်လို့ အကဲခတ်ရပါတယ်။

နိုင်ငံရေး သိပ္ပံဘာသာရပ်မှာ လက်နက်နဲ့ ဖြေရှင်းတာဟာနိုင်ငံရေး နည်းနဲ့ အဖြေရှာလို့ မလွယ်ကူတော့တာကြောင့် လက်နက်ကိုင်စွဲကြရတာလို့ ယေဘုယျ ဖွင့်ဆိုကြပါတယ်။ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး ပြဿနာ အခက်အခဲ အကြပ်အတည်းကို အစဥ်အလာအားဖြင့် လက်နက်နဲ့သာ ဖြေရှင်းလေ့ရှိကြတာကိုလည်း သမိုင်းကိုလေ့လာကြည့်ရင် တွေ့နိုင်ပါတယ်။ ခုတကျော့ လက်နက်နဲ့ နိုင်ငံရေးပြဿနာကို အ ဖြေရှာကြဖို့ ကြိုးစားမှုက ဘယ်လောက်အောင်မြင် မလဲဆိုတာ ဆက်လက် လေ့လာစောင့်ကြည့်ရမယ့် ပြဿနာ တစ်ရပ်ဖြစ်လာနေပါတယ်။

နောက်တချက်ကတော့ သည်နွေဦးတော်လှန်ရေးမှာ မကြုံဖူးလောက်အောင် ပြည်သူလူထု၏ တက်ကြွနိုးကြားမှုအပြင် စစ်အာဏာရှင်အပေါ် ပြတ်သားတဲ့ ဆန့်ကျင်ချေမှုန်းရေးသဘောထားဟာ အရှိန်အဟုန်ဆက်လက် အားကောင်းနေတာ ဖြစ်ပါတယ်။ လက်နက်ကိုင်ထားတဲ့ ဖက်ဆစ်တပ်ကို လက်နက်ကိုင်ပြီး တွန်းလှန် ချေမှုန်းပစ်မယ်ဆိုတဲ့ သဘောထားနဲ့ အကောင်အထည်ဖော်မှုတွေ မြင်တွေ့နေရပါတယ်။ ဖက်ဆစ်ကို လက်နက်ဖြင့် တိုက်ခိုက်တွန်းလှန် တုန့်ပြန်တဲ့ တိုက်ပွဲတွေ ကျယ်ပြန့်လာတာနဲ့အမျှ စစ်ကောင်စီ၏ အကြမ်းဖက်အင်အားသုံးတာတွေ ဆိုးဝါးလာနို်င်ပါတယ်။ လက်နက်မဲ့လူထုနဲ့ လူမှုဘ၀တွေ ထိခိုက်နစ်နာမှု များစွာ ရင်ဆိုင်ကြရမှာ ဖြစ်ပါတယ်။ သည်စစ်ရေးပဋိပက္ခတွေကို ရေတိုရေရှည်မှာ ကန့်သတ်ဖို့ ထိန်းကွပ်ဖို့ အသာစီးရယူနိုင်ဖို့ စတဲ့အချက်တွေကို CRPH - NUG - NUCC တို့လို နိုင်ငံရေးဦးဆောင်သူတွေက ဘယ်လောက်အထိ ကြိုတင် ဆွေးနွေး တိုင်ပင် ပြင်ဆင်ထားပြီး ဖြစ်သလဲဆိုကလည်း စောင့်ကြည့်ကြရမှာ မေးခွန်းထုတ်ကြမှာ ဖြစ်ပါတယ်။

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar