Breaking News

CDM လုပ်ခြင်း၊ မလုပ်ခြင်းနဲ့ ဆက်စပ်နေတဲ့ လုပ်ကြံသတ်ဖြတ်မှု

မြန်မာနွေဦးခရိုနီကယ် - ဇွန် ၁၆ မြင်ကွင်း

(မိုးမခ) ဇွန် ၁၇၊ ၂၀၂၅

CDM လုပ်ခြင်း၊ မလုပ်ခြင်းနဲ့ ဆက်စပ်နေတဲ့ လုပ်ကြံသတ်ဖြတ်မှု

အကြမ်းမဖက် အာဏာဖီဆန်ရေး CDM မလုပ်တာကို အကြောင်းခံပြီး ဒေသန္တရ ပြည်သူ့ကာကွယ်ရေး လက်နက်ကိုင်အဖွဲ့တွေက ညောင်ဦးမြို့နယ်ထဲက ကျေးရွာတရွာမှာ ကျောင်းအုပ်ဆရာမကြီး နဲ့ ခင်ပွန်းကို နေအိမ်အရှေ့မှာ ပစ်သတ်ခဲ့တဲ့ အဖြစ်အပျက် ဇွန်လ ၁၅ ရက်နေ့မှာ ဖြစ်ပွားခဲ့ပါတယ်။ ဆိုင်ကယ်နဲ့ ရောက်လာတဲ့ လက်နက်ကိုင် အဖွဲ့အချို့က ကျောင်းဝင်းထဲက ဝန်ထမ်းလိုင်းခန်းကနေ ကျောင်းအုပ်ဆရာမကြီးနဲ့ ခင်ပွန်းဖြစ်သူကို ခေါ်ထုတ်ပြီး နေအိမ်ပြင်ပမှာ ပစ်သတ်ခဲ့တယ်လို့ သတင်းတွေမှာ ဖော်ပြထားကြပါတယ်။

ဒေသခံတွေကတော့ ဒေသတွင်းက ပြည်သူ့ကာကွယ်ရေး လက်နက်ကိုင်တွေ သတ်ဖြတ်တယ်လို့ ကောက်ချက်ချကြပါတယ်။ သတင်းတပုဒ်မှာတော့ ဒေသကာကွယ်ရေးအဖွဲ့ ဖြစ်တဲ့ ညောင်ဦး ပကဖ တာဝန်ခံက သတင်းမီဒီယာကို မှတ်ချက်ပေးရာမှာ စစ်ကောင်စီတွေနဲ့ ပေါင်းပြီး ရွာကိုလည်း ဘယ်သူ့မှ ဂရုမစိုက်ဘူးဆိုတဲ့ သဘောကြောင့် ဝင်ရှင်းလိုက်တယ်ဆိုတဲ့ ပြောစကားနဲ့ ဖြေကြားထားပြီး ဒေသလက်နက်ကိုင် အဖွဲ့အနေနဲ့ လူမှုကွန်ရက်မီဒီယာလိုမျိုးက ပေ့ချ်တွေ သတင်းပြန်ကြားရေးတွေမှာ လူသိရှင်ကြား ထုတ်ပြန်ပြောဆိုတာမျိုးတော့ မတွေ့ရပါဘူး။

အခု အဖြစ်အပျက်ဖြစ်ပွားတဲ့ ညောင်ပင်ကန်ရွာဟာ ညောင်ဦးနဲ့ ကျောက်ပန်းတောင်းကားလမ်းရဲ့ အရှေ့ဘက်မှာ တည်ရှိတဲ့ ကျေးရွာဖြစ်ပါတယ်။ ညောင်ဦး၊ မြင်းခြံ၊ ပခုက္ကူ စတဲ့ဒေသတွေမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ လှုပ်ရှားလျက်ရှိပြီး အခု လုပ်ကြံသတ်ဖြတ်မှုကို လုပ်ဆောင်တဲ့ လက်နက်ကိုင်အဖွဲ့ဟာ အမျိုးသားညီညွတ်ရေး အစိုးရရဲ့ ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်က ဟုတ်၊ မဟုတ်တော့ ရှင်းရှင်းလင်းလင်း မသိရှိရပါဘူး။ သတ်ဖြတ်ရတဲ့ အကြောင်းရင်းက မကြာခင်က စတင်တဲ့ ကျောင်းဖွင့်ရာသီ မှာ စာသင်ကျောင်းဖွင့်လှစ်တာ၊ CDM မလုပ်ဘဲ စစ်ကောင်စီရဲ့ လက်အောက် ပညာရေးဝန်ကြီးဌာန လက်အောက်မှာ ဆက်လက်တာဝန် ထမ်းဆောင်တာကြောင့်လို့ ကနဦး ကောက်ချက်ချရပါတယ်။ ရပ်ရွာကို ဂရုမစိုက်ဘူး၊ ဒေသခံမဟုတ်ဘူး ဆိုတဲ့ ပြောဆိုချက်တွေ ရှိနေသည့်တိုင် CDM လုပ်ခြင်း၊ မလုပ်ခြင်းအပေါ် မူတည်ပြီး လက်နက်ကိုင် အဖွဲ့အစည်း မဟုတ်တဲ့ စစ်ကောင်စီ ဝန်ကြီးဌာန တခုဖြစ်တဲ့ ပညာရေးဝန်ကြီးဌာနအောက်က ဝန်ထမ်းဖြစ်တာကြောင့်လို့ ကောက်ချက်ချရပါတယ်။

အခုရက်ပိုင်းတွေမှာ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ CRPH  အတည်ပြုပြဋ္ဌာန်းလိုက်တဲ့ အကြမ်းမဖက်အာဏာဖီဆန်ရေး လှုပ်ရှားမှုဆိုင်ရာ နိုင်ငံ့ဝန်ထမ်းဥပဒေ ( အများအခေါ်အားဖြင့် CDM ဥပဒေ) နဲ့ ပတ်သက်လို့ လူမှုကွန်ရက်မှာ အခြေအတင်ရေးသားနေကြရာမှာ ရပ်ရွာခေါင်းဆောင်တဦးက အခုလို ဥပဒေပြဌာန်းချက် ပေါ်ထွက်လာရင် အောက်ခြေမှာ CDM မလုပ်သူတွေကို လုပ်ကြံသတ်ဖြတ်တဲ့ အဖြစ်အပျက်တွေ ပိုမိုများပြားလာနိုင်ကြောင်း မှတ်ချက်ပေးရေးသားထားတာလည်း တွေ့ရပါတယ်။ အဆိုပါ ရပ်ရွာခေါင်းဆောင် စိုးရိမ်မှုတွေကို အခုဖြစ်ရပ်က သက်သေပြတဲ့ အနေအထားလည်း ဖြစ်ပါတယ်။ 

အခု လုပ်ကြံမှုကို ရက်ပိုင်းအတွင်း ပြဋ္ဌာန်းတဲ့ ဥပဒေကြောင့်လို့ သတ္တုမချနိုင်ပေမယ့် ဥပဒေပြဋ္ဌာန်းတာကြောင့် စစ်ကောင်စီဘက်က လက်တုံ့ပြန်တဲ့ လုပ်ရပ်တွေအဖြစ် CDM တွေကို သတ်ဖြတ်ဖို့ အထောက်အကူဖြစ်စေတဲ့ အကြောင်းခံဖြစ်လာမှာကို စိုးရိမ်ကြတာလည်း ဖြစ်ပါတယ်။ အရပ်ဘက် ဝန်ထမ်းတွေကို လုပ်ကြံသတ်ဖြတ်မှုနဲ့ ပတ်သက်လို့ အမျိုးသားညီညွတ်ရေး အစိုးရလက်အောက်က လူ့အခွင့်အရေးဝန်ကြီးဌာန၊ ကာကွယ်ရေး ဝန်ကြီးဌာနတို့အနေနဲ့ ရှင်းလင်းတဲ့ သဘောထား၊ ညွှန်ကြားချက်၊ လမ်းညွှန်ချက် နွေဦးတော်လှန်ရေး စတင်စဥ်ကတည်းက အခုလက်ရှိအချိန်ထိ ထုတ်ပြန်ပြောဆိုထားတာမျိုး မတွေ့ရပါဘူး။ စစ်ရေး ပစ်မှတ်အဖြစ် သတ်မှတ်ခြင်းနဲ့ သက်ဆိုင်တဲ့ ပြောဆိုမှု တချို့ရှိခဲ့ပြီး မူဝါဒ၊ လမ်းညွှန်ချက်၊ ညွှန်ကြားချက်လိုမျိုးနဲ့ တာဝန်ခံမှုဆိုင်ရာ ပြတ်သားတဲ့ သဘောထားမျိုး မတွေ့ခဲ့ရပါဘူး။

ညောင်ဦးမြို့နယ်အပိုင် ညောင်ဦး-ကျောက်ပန်းတောင်းကားလမ်း ဝဲယာမှာ ရှိတဲ့ ကျေးရွာတွေမှာ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ ဖွဲ့စည်းထားကြပြီး အုပ်ချုပ်ရေးမှူးတွေကို လုပ်ကြံသတ်ဖြတ်တဲ့ အဖြစ်အပျက်တွေ မကြာခဏ ဖြစ်ပွားလေ့ရှိပါတယ်။ အခု နောက်ဆုံး ဖြစ်ပွားတဲ့ ညောင်ပင်ကန်ရွာနဲ့ မနီးမဝေးမှာ ရှိတဲ့ မြေသင်းတွင်းရွာမှာ အုပ်ချုပ်ရေးမှူး အပါ အရပ်သား ၅ ဦး ဧပြီလအတွင်း သတ်ဖြတ်ခံခဲ့ ရသလို၊ ယခုလထဲမှာ ဂန့်ဂါရွာ ဓမ္မာရုံမှာ အစည်းအဝေးလုပ်နေစဥ် ပစ်ခတ်သတ်ဖြတ်မှု ဖြစ်စဥ်မှာလည်း ပျူစောထီးခေါင်းဆောင်နဲ့ အခြား အရပ်သား ၇ ဦး သေဆုံးခဲ့တဲ့ ဖြစ်စဥ်တွေ ဖြစ်ပွားခဲ့ပါတယ်။ ဒီဖြစ်စဥ်တွေနဲ့ ပတ်သက်လို့ မြို့နယ်အဆင့် တာဝန်ခံ ပြောကြားမှုမျိုး ရှင်းလင်းမှုမျိုး မတွေ့ခဲ့ရပါဘူး။ အညာဒေသ ဖြစ်တဲ့ မန္တလေးတိုင်း၊ မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်းတို့မှာ အဆင့်ဆင့် တာဝန်ခံမှု အမိန့်ပေး ညွှန်ကြားနိုင်မှုတွေ အားနည်းတာ တွေ့ရပြီး ရပ်ရွာအလိုက် လှုပ်ရှားနေကြတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကို ဘယ်အဖွဲ့အစည်းက အမိန့်ပေး တာဝန်ခံနေသလဲဆိုတာ ရှင်းရှင်းလင်းလင်း မရှိတဲ့ အနေအထားမျိုးလည်း တွေ့ရပါတယ်။

အခုလို လုပ်ကြံသတ်ဖြတ်မှုတွေ တစတစ များပြားလာတဲ့ အခါမှာ ပြည်သူ့ကာကွယ်ရေးတပ်တွေရဲ့ ဂုဏ်သတင်းကို ထိပါးစေမှာဖြစ်ပြီး လက်နက်ကိုင် အဖွဲ့အစည်းတွေကို အောက်ခြေက နေအထက်အထိ အမိန့်ပေးမှု၊ တာဝန်ခံမှုစနစ် မရှိတဲ့ အခြေအနေကိုလည်း မီးမောင်းထိုးပြသလို ဖြစ်စေပါတယ်။



Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar