Breaking News

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၈ လ ၁၅ ရက်မြောက်နေ့ မြင်ကွင်း

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၈ လ ၁၅ ရက်မြောက်နေ့ မြင်ကွင်း
(မိုးမခ) အောက်တိုဘာ ၁၆၊ ၂၀၂၁

• NCA ၆ နှစ်ပြည့်၊ အာဆီယံအစည်းအဝေးတက်ခွင့်နဲ့ အာဆီယံရဲ့ မဟာမိတ်
အောက်တိုဘာလ ၁၅ ရက်နေ့ဟာ သမ္မတဦးသိန်းစိန်လက်ထက် ၂၀၁၅ ခုနှစ်က နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်စာချုပ် NCA ကို လက်မှတ်ထိုးခဲ့တဲ့နေ့ဖြစ်လို့ နှစ်စဥ် NCA အထိမ်းအမှတ် အခမ်းအနားတွေ လုပ်ခဲ့ကြတာဖြစ်ပါတယ်။ ကြံ့ခိုင်ရေးပါတီအစိုးရ ဖြစ်လာတဲ့ ၂၀၁၁ ခုနှစ် နောက်ပိုင်းတိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေကို ဖိတ်ခေါ်တာ၊ သွားရောက်တာတွေ၊  အစည်းအဝေးပေါင်းများစွာ ကျင်းပပြီးနောက်မှာ ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့် အပစ်ရပ်စာချုပ် ချုပ်ကြနဲ့ နှစ် ၇၀ ကြာပြည်တွင်းစစ်ရဲ့ အကြောင်းရင်းကို နိုင်ငံရေးအရ ဆွေးနွေးကြဖို့ လမ်းစအနေနဲ့ NCA ဆိုတာကို လက်မှတ်ထိုးဖို့ ပြင်ဆင်ခဲ့ကြပြီး ဦးသိန်းစိန် အစိုးရရဲ့ သက်တမ်းမကုန်ခင် လအနည်းငယ်အလို ရွေးကောက်ပွဲမတိုင်ခင် ၁ လခွဲအလိုမှာ ဆယ်စုနှစ်များစွအတွင်း တိုင်းရင်းသားလက်နက်ကိုင် ၈ ဖွဲ့နဲ့ ပြည်မအစိုးရတို့အကြား ပထမဆုံးအကြိမ် အပစ်ရပ်စာချုပ်ကို ၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၅ ရက်မှာ ထိုးခဲ့ကြတဲ့နေ့ဖြစ်ပါတယ်။ 

အထက်က ကြံ့ခိုင်ရေး အစိုးရလက်ထက် ကြိုးစားခဲ့တဲ့ ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခချုပ်ငြိမ်းဖို့ရာ အဖြေရှာဖို့ ငြိမ်းချမ်းရေးလုပ်ငန်းစဥ်ကို အန်အယ်လ်ဒီလက်ထက်မှာ ၂၁ ရာစုပင်လုံဆိုတဲ့အမည်နဲ့ ဆက်လက်လုပ်ဆောင်ခဲ့ပါတယ်။ အန်အယ်လ်ဒီအစိုးရအနေနဲ့ အာဏာသက်တမ်း ငါးနှစ်အတွင်း  နိုင်ငံစီးပွားရေး၊ အလုပ်သမားအခွင့်အရေး၊ လူ့အခွင့်အရေး စတာတွေထက် လက်နက်ကိုင် ပဋိပက္ခကို ချုပ်ငြိမ်းဖို့အဖြေရှာတဲ့ ငြိမ်းချမ်းရေးဘက်ကို ပိုအားစိုက်ခဲ့တာ ဖြစ်ပါတယ်။ 

သို့ပေမယ့် အဲဒီ ၂၀၁၆မှ ၂၀၂၀ ခုနှစ်ထိ အာဏာရတဲ့ အန်အယ်လ်ဒီဦးဆောင်တဲ့ အစိုးရအနေနဲ့ အိမ်ရှေ့မှာ ငြိမ်းချမ်းရေးဆွေးနွေးနေကြပေမယ့်  အိမ်နောက်ဖေးမှာတော့ စစ်တပ်က တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့  ရန်တကျက်ကျက်နဲ့ ဆိုသလို တိုက်ပွဲတွေ ပစ်ခတ်မှုတွေ ဝင်ရောက်မှုတွေ၊ ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာလက်နက်ကိုင် အဖွဲ့ကို နှိမ်နှင်းမယ်ဆိုကာ အရပ်သား သောင်းနဲ့ချီ သတ်ဖြတ် နှင်ထုတ်ခဲ့တာတွေ၊ အေအေ အဖွဲ့နဲ့  ၂ နှစ်ကြာ ပြင်းထန်တဲ့စစ်ပွဲတွေ  ဖြစ်ပျက်ခဲ့ပြီး ငြိမ်းချမ်းရေးဆိုတာက အလှမ်းဝေးနေဦးမယ့် အနေအထားကို အန်အယ်လ်ဒီအနေနဲ့ တနည်းအားဖြင့် ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ၂၀၂၀ အစပိုင်းကျတော့ သဘောပေါက်လာခဲ့ပါတယ်။ 

ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အစိုးရလက်ထက်  ငြိမ်းချမ်းရေးဆွေးနွေးမှုတွေမှာ ဖက်ဒရယ်နဲ့ပတ်သက်လို့ ရပ်တည်ချက်၊ အရပ်ဖက်အဖွဲ့အစည်းတွေနဲပတ်သက်လို့ ရပ်တည်ချက်တချို့ကိုလည်း ဝေဖန်စရာတွေရှိခဲ့သလို တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တချို့အနေနဲ့ အန်အယ်လ်ဒီအပေါ် ဒေါ်အောင်ဆန်းစုကြည်အပေါ် အရင်တုန်းကထားခဲ့တဲ့ မျှော်လင့်ချက်တွေ အတိုင်းအတာတခုထိ လျော့ပါးလာခဲ့တာ တွေ့ရပါတယ်။ 

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ငြိမ်းချမ်းရေး လုပ်ဆောင်မှုတွေ အောင်မြင်မှုများများစားစားမရအောင် တပ်ကလည်း နောက်က ကန့်လန့်ခံထားသလို အန်အယ်လ်ဒီအနေနဲ့လည်း ဖက်ဒရယ်နဲ့ပတ်သက်ရင် အမြင်ကျယ်ပြီး စည်းရုံးရေးကောင်းတဲ့အနေအထားမျိုးမဟုတ်ဘူးလို့ ခံစားမှုမျိုးလည်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဘက်မှာ မြင်ခဲ့ကြတာမျိုးဖြစ်ပါတယ်။ 

ဒီနှစ်ကျရောက်တဲ့ အောက်တိုဘာ ၁၅ ရက် NCA နှစ်ပတ်လည်မှာတော့ နေပြည်တော်မှာ တပ်က ဦးစီးလုပ်တဲ့ အထိမ်းအမှတ်အခမ်းအနားကို အဓိကအင်အားကြီးတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ EAOs အများစု မတက်ရောက်ကြပဲ ၄ ဖွဲ့သာ နေပြည်တော်အခမ်းအနားကိုတက်ပြီး အချို့က အွန်လိုင်းကနေ သဝဏ်လွှာပို့ကြတယ်လို့ သတင်းထဲ တွေ့ရပါတယ်။ 

တချိုန်က အနာဂတ်ငြိမ်းချမ်းရေး မျှော်လင့်ချက်တွေနဲ့ အရောင်တောက်နေခဲ့တဲ့ NCA ဟာ အခုအချိန်မှာတော့ လွှတ်ချရအခက် ကိုင်ထားရအခက် စာချုပ်တခု သဖွယ်ဖြစ်နေပါပြီ။ အာဏာသိမ်းစစ်တပ်နဲ့ စကားပြောဆွေးနွေးမယ်ဆိုတဲ့အချက်ဟာ ရေပန်းမစားတော့တဲ့ အကြောင်းအချက်တရပ်ဖြစ်နေသလို အာဏာသိမ်းစစ်တပ်ကို လက်နက်ကိုင် ဖြုတ်ချမှ ရမယ်ဆိုတဲ့ အယူအဆက ရေပန်းစားနေချိန် ဖြစ်တာမို့ ငြိမ်းချမ်းရေး ဆွေးနွေးတယ်ဆိုတဲ့ ခေါင်းစဥ်က လူကြိုက်မများ ထောက်ခံမှုမရတော့တဲ့ စကားလုံးဖြစ်နေချိန်လည်း ဖြစ်ပါတယ်။ 

အာဏာသိမ်းစစ်တပ်ကတော့ ခုချိန်မှာ တိုင်းရင်းသားလက်နက်ကိုင်တွေထဲက အချို့ကို အပစ်ရပ်ထားဖို့ နကိုကမပေးခဲ့တဲ့ လိုက်လျောမှုတွေလိုမျိုးပေး အချိုသပ်ထားပြီးနောက်၊ သူတို့စစ်ကောင်စီက  ဦးစားပေးတိုက်ရမယ့် ဒေသ၊ အဖွဲ့ စတာတွေကို ရင်ဆိုင်မှာ အမှန်ပဲဖြစ်ပါတယ်။ စစ်ကိုင်းတိုင်းက လက်နက်ကိုင် တိုက်ခိုက်မှုတွေလို၊ ချင်းပြည်နယ်နဲ့ ကယားပြည်နယ်က လက်နက်ကိုင် အဖွဲ့တွေ အသစ်ပေါ်ထွက်လာတဲ့ ပီဒီအက်ဖ်တွေကို လတ်တလော ဦးစားပေးတိုက်ရမယ့်သူတွေ အဖြစ်သတ်မှတ်ကာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အချို့ကို လိုက်လျောတဲ့ ဆက်ဆံမှုမျိုးလုပ်မှာလည်း ဖြစ်ပါတယ်။ အဲသည်အတွက် စစ်ကိုင်း ချင်း ကယားမှာ စစ်ကောင်စီ အလုံးအရင်းနဲ့ ဖိလာချိန်မှာ ကျန်တဲ့ ပြည်နယ်နဲ့ တိုင်းတွေမှာ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေကြားမှာ ငြိမ်သက်နေတယ်လို့ ဆိုနိုင်ပါတယ်။

ဒီလိုနည်းပရိယာယ်တွေဟာ ၁၉၈၈ ခုနှစ် စစ်အာဏာသိမ်းမှု အလွန်ကာလတွေမှာ ကျင့်သုံးခဲ့ပြီးလည်းဖြစ်ပါတယ်။ 

ဒီနေ့အတွက် အခြားသတင်းတပုဒ်ကတော့ လာမယ့်လကုန်မှာ ကျင်းပဖို့ရှိတဲ့ အာဆီယံပုံမှန်အစည်း အဝေးမှာ စစ်အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်ကို တက်ခွင့်ပြုရေး မပြုရေးနဲ့ပတ်သက်လို့ အာဆီယံအဖွဲ့တွင်း ဆွေးနွေး ဆုံးဖြတ်ခဲ့ကြပါတယ်။ သတင်းကို အောက်တိုဘာ ၁၆ ရက်နေ့ စနေနေ့မှာမှ တရားဝင်ထုတ်ပြန်မှာ ဖြစ်ပေမယ့် သတင်းတွေထွက်ရှိလာတာအရတော့ စစ်အာဏာသိမ်း ခေါင်းဆောင်မင်းအောင်လှိုင်ကို တက်ရောက်ခွင့်မပြုဖို့ ဆုံးဖြတ်လိုက်တယ်လို့ ဆိုပါတယ်။ ဒီလိုဆုံးဖြတ်ချက်ဟာ စစ်အာသိမ်းအစိုးရကို သံတမန်ရေးအရ အထိနာစေတဲ့ ဆုံးဖြတ်ချက် တရပ်ဖြစ်ပါတယ်။ တဖက်မှာလည်း မြန်မာနိုင်ငံရဲ့ စစ်အစိုးရတွေရဲ့ ထုံးစံအတိုင်း နိုင်ငံတကာ သံတမန်ရေး တွေထက် ပြည်တွင်းက အင်အားစုတွေကို အနိုင်ရရေးကိုသာ အာရုံစိုက်ပြီး နိင်ငံတကာအသိုင်းအဝိုင်းမှာ အသိအမှတ်မပြု မဝင်ဆံ့လည်း အရေးမကြီးဘူးဆိုတာမျိုး ယူဆထားပုံရပါတယ်။ 

အာဆီယံက ဒေသတွင်းနိုင်ငံတွေရဲ့ ရပ်တည်ချက် အကျိုးစီးပွား သက်သက်တင်မဟုတ်တော့ပဲ အင်အားကြီးနိုင်ငံတချို့ရဲ့ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ မူဝါဒတချို့ကို ကိုယ်စားရပ်တည် ဖေါ်ဆောင်ပေးဖို့ ပါဝင်လာတာမျိုးလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ အာဆီယံအဖွဲ့ အနေနဲ့ ယခင်က အဖွဲ့ဝင် နိုင်ငံအချင်းချင်းရဲ့ ပြည်တွင်းရေးတွေကို ဝင်စွက်ဖက်တာမျိုးမလုပ်ဖို့ မူဝါဒချခဲ့ကြပေမယ့် အခုဆုံးဖြတ်ချက်က အဆိုပါ မူကို သွေဖီသွားတယ်လို့ ထင်မြင်ယူဆစရာ ရှိလာလို့လည်း ဖြစ်ပါတယ်။

စစ်ကောင်စီဟာ လွန်ခဲ့တဲ့ အနှစ် ၃၀ကျော် ၈၈ ကာလ အာဏာသိမ်းစဉ်က အထီးကျန်ရပ်တည်မှုလမ်းစဉ်ကို ကိုင်စွဲပြီး ဒီမိုကရေစီအင်အားစုတွေကို ပြင်းထန်စွာ ချေမှုန်းနင်းခြေခဲ့ပါတယ်။ ဒီမိုကရေစီအင်အားစုတွေကို ဖမ်းဆီးနှိမ်နင်း ဖိနှိပ်ချုပ်ခြယ်ထားပြီးတော့မှ အိမ်နီးချင်း ဆက်ဆံရေး နိုင်ငံတကာဆက်ဆံရေးဘက်ကို ဦးလှည့်ခဲ့ပါတယ်။ အဲသည်တုန်းကလည်း ပြည်ပကပိတ်ဆို့မှု ဒို့မမှုပါလို့ ပေါ်လစီတေး ဟစ်ကြွေးခဲ့ကြပါတယ်။ အခုအချိန်မှာတော့ စစ်ကောင်စီဟာ  ပြည်ပမှာသာမက ပြည်တွင်းမှာပါ အထီးကျန်ရပ်တည်နေရတာ လပေါင်းများစွာ ကြာမြင့်လာပြီး တိုင်းပြည်၏ ကျရှုံးနိုင်ငံအခြေအနေမှတ်ကျောက်ကလည်း ဆိုးသည်ထက် ဆိုးနေတာကို လက်တွေ့ကျကျ လက်ခံဖို့ လိုနေပါပြီ။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar