Breaking News

မသီတာ (စမ်းချောင်း) - ပိတ်မိနေတဲ့စိတ်တွေကို ဆွဲဖွင့်ရုန်းထွက်ကြရအောင်


မသီတာ (စမ်းချောင်း) - ပိတ်မိနေတဲ့စိတ်တွေကို ဆွဲဖွင့်ရုန်းထွက်ကြရအောင်
(မိုးမခ) ဇန်န၀ါရီ ၁၀၊ ၂၀၂၂

သမိုင်းကြောင်းတလျှောက် အတွေ့အကြုံတွေက ကျမတို့လူ့အဖွဲ့အစည်းကို ပိတ်မိနေတဲ့စိတ်တွေ ဖြစ်စေပါတယ်။ ပြောရရင် ပဒေသရာဇ်စနစ်ကို တွန်းလှန်ဖို့ရယ်လို့ လူ့အဖွဲ့အစည်းတစ်ခုလုံးအနေနဲ့ ဘယ်တုန်းကမှ အားမထုတ်ခဲ့ဲ့လေတော့ မင်းလောင်းမျှော်တဲ့စိတ်၊ သူရဲကောင်းကို အားကိုးချင်တဲ့စိတ်၊ ကယ်တင်ရှင် ထိုင်စောင့်တဲ့စိတ်တွေ ရှိနေကြပါတယ်။ အဲဒီလိုပဲ ပဒေသရာဇ်အုပ်ချုပ်ရေးကနေ တန်းပြီး ကိုလိုနီလက်အောက် ကျွန်ဘဝ ရောက်ခဲ့ရတာ နှစ်ရာချီကြာခဲ့ပြီးနောက်မှာလည်း နာမည်အမျိုးမျိုးနဲ့ စစ်အာဏာရှင်အုပ်ချုပ်ရေးကို ကြုံတွေ့ခဲ့ရတော့ အုပ်ချုပ်သူအစိုးရများကို ဆန့်ကျင်ပုန်ကန်တဲ့စိတ်၊ အစိုးရ မုန်းတီးစိတ်၊ အုပ်ချုပ်သူ တော်လှန်စိတ်တွေဟာလည်း အခြေခိုင် အမြစ်တွယ်လာခဲ့ပါတယ်။ အဲဒီစိတ်နှစ်စိတ်ဟာ ဆန့်ကျင်ဘက် စိတ်အနေအထားတွေလို့ ဆိုရမှာ ဖြစ်ပေမဲ့ ကျမတို့လူ့အဖွဲ့အစည်းထဲကလူတွေဟာ အဲဒီစိတ်ထားနှစ်ခုကြားမှာ ပိတ်မိနေတာမို့ အခြေအနေ၊ အချိန်အခါကိုလိုက်ပြီး အဲဒီဆန့်ကျင်ဘက် စိတ်ထားနှစ်ခုကြားက ချိန်သီးလို လွှဲရမ်းလှုပ်ခါပြီး တည်ငြိမ်တဲ့အနေအထားကို ဘယ်တော့မှ မရောက်နိုင်ဖြစ်နေကြတယ်လို့ မြင်မိပါတယ်။ ပိတ်မိတယ်ဆိုတာ ငြိမ်နေမှ မဟုတ်ဘဲ အမြဲတစေ အစွန်းနှစ်ဘက်ကြား ကူးလာခေါက်တုံ့ ဝေခွဲမရ ဖြစ်နေကြရတာကိုလည်း ပိတ်မိနေတယ်လို့ပဲ ဆိုရမှာ မဟုတ်လား။ 

စစ်ကောင်စီဘက်ကိုကြည့်ရင် သူတို့ရဲ့ ပိတ်မိနေတဲ့စိတ်ကတော့ ‘အာဏာ’ ကို ယုံကြည်တဲ့စိတ်၊ တစ်ယောက် တည်းသော စစ်ခေါင်းဆောင်ကိုသာ အားထားကိုးစားတဲ့စိတ်၊ သဘောမကျ ဖြစ်လာတဲ့တိုင် မရုန်းထွက်ချင်တဲ့စိတ်၊ မရုန်းထွက်ရဲတဲ့စိတ်တွေ ဖြစ်နေကြပါတယ်။ အထွေထွေ ဗဟုသုတတွေ အားနည်းလေတော့ ဘာသာတရားနဲ့ လူမျိုးရေးတွေကို အသုံးချပြီး လှည့်ဖျားထားတာကို မသိကြဘဲ (ဒါမှမဟုတ် မသိချင်ယောင်ဆောင်ကြပြီး) ဝါဒဖြန့်ထားတဲ့အမှားတွေကိုသာ မမှိတ်မသုန် ယုံကြည်နေကာ ပိတ်မိနေတာမျိုးပေါ့။ တစ်ယောက်ချင်းစီမှာ သီးခြားအိပ်မက်တွေ မရှိနိုင်ကြရှာတော့ ခိုင်းတာလုပ်နိုင်ရင်ကို သစ္စာရှိသူရယ်လို့ ခံယူကာ အသေခံ မျက်ကန်းလေးတွေဖြစ်ပြီး ပိတ်မိတာမျိုးပေါ့။ အဲဒီလို ဖြစ်နေတာကတော့ ချောင်တစ်ခုထဲမှာ အငြိမ်သား ပိတ်မိနေတာမျိုးလို့ ဆိုရပါမယ်။

နွေဦးတော်လှန်ရေးအတွင်း မြင်တွေ့လာရတဲ့ နိုင်ငံရေးဆိုင်ရာ သဘောထား ကွဲလွဲမှုတွေမှာလည်း ပိတ်မိတဲ့ သဘောတရားက ထင်ရှားနေပြန်ပါတယ်။ အငြိမ်သားပိတ်မိနေတာမျိုးတော့ မဟုတ်ပါဘူး။ အာဏာရှင် မှန်သမျှ လက်မခံဘူးဆိုတဲ့ ပုန်ကန်စိတ်က ပြင်းပြသလောက် ကိုယ့်အုပ်စုကသာ တခြားအုပ်စုထက် ပိုသိ ပိုတတ် ပိုလုပ်နိုင်တယ်ဆိုပြီး သူရဲကောင်း၊ ကယ်တင်ရှင် ဖြစ်ချင်စိတ်တွေကို လွှတ်မချနိုင်ဖြစ်နေကြတာမျိုးပေါ့။ တဘက်မှာ နိုင်ငံတည်ဆောက်ရေးအတွက်ကို မျှော်မြင်ဆွေးနွေးကြပြန်တော့လည်း ကိုယ်အထင်မကြီးပါဘူးလို့ ထုတ်ပြောပြစ်တင်နေတဲ့အုပ်စုဆီက ကတိကဝတ် ရမှဖြစ်မယ်ဆိုပြီး ပြောလာကြပြန်တယ်။ ဒီလိုဖြစ်နေတာတွေကိုကြည့်ရင် အဲဒီအုပ်စုကို အထင်သာမကြီးပြနေတာ အဲဒီအုပ်စုဆီက ကတိကဝတ်ကပဲ အခရာ ကျနေပြီး အများလူထုရဲ့သဘောထားဆိုတာထက် အဲဒီအုပ်စုကသာ အရာရာ အဆုံးအဖြတ်ပေးပိုင်ခွင့် ရှိနေသူတွေပဲလို့ မသိစိတ်က လက်ခံနေကြတာလား။ ဒါမှမဟုတ် ‘အစိုးရ’ ဆိုတဲ့ ခေါင်းစဉ်အောက်ရောက်သွားရင် ဘာကြီးဖြစ်ဖြစ် ဆန့်ကျင်တော်လှန်ကြမှဖြစ်မယ်လို့ ဆုံးဖြတ်လိုက်ကြတာလား။ ဘယ်လိုပဲဖြစ်ဖြစ် ပိတ်မိနေတဲ့စိတ်သဘောဟာ မြင်နေရပြန်ပါတယ်။ 

တော်လှန်ရေးဆိုတာဟာ ဘယ်အစုအဖွဲ့တခုရဲ့ ကတိကဝတ်၊ သဘောတူခွင့်ပြုချက်ကိုမှ စောင့်ဆိုင်းနေရမှာမျိုး မဟုတ်ပါဘူး။ ရေရှည် နိင်ငံတည်ဆောက်ရေးအတွက် ဆွေးနွေးမှုဆိုတာ အတိုင်းအတာတစ်ခုအထိ ရှိပြီးရင် အသေးစိတ်တွေအတွက်တော့ ဘယ်အစုအဖွဲ့ကမှ ခုကတည်းက ဆုံးဖြတ်အတည်ပြုပိုင်ခွင့် မရှိနေသင့်ပါဘူး။ အခုလို အနေအထားဟာ ပြည်သူတရပ်လုံးရဲ့ နိုင်ငံပြု/တည် ဆန္ဒသဘောထား အစစ်အမှန်ကို ရအောင် လုပ်ဖို့ ခဲယဉ်းနေတဲ့ အနေအထား ဖြစ်ပါတယ်။ ခုချိန်မှာ နိုင်ငံရေးအစုအဖွဲ့ကဖြစ်ဖြစ် အရပ်ဘက်အဖွဲ့ကဖြစ်ဖြစ် လက်နက်ကိုင်တော်လှန်ရေးအဖွဲ့ကဖြစ်ဖြစ် ပြည်သူတရပ်လုံးကိုယ်စား အဆိုပြုတာကို လုပ်နိုင်ပေမဲ့ အတည်ပြုတာကိုတော့ လုပ်လို့ မသင့်တော်တာ အမှန်ပါ။ အခြေအနေ တည်ငြိမ်မှု မရှိဘဲ (တနည်းအားဖြင့် လွတ်လပ်စွာ စုဝေးခွင့် မရနိုင်ဘဲ) လူတိုင်းရဲ့ လွတ်လပ်စွာ ထင်မြင်ယူဆခွင့်နဲ့ ရေးသားထုတ်ဖော်ပြောဆိုခွင့်တွေကို     အာမမခံနိုင်ဘဲ အနာဂတ်အတွက် အရေးကြီးတဲ့ အဆုံးအဖြတ်တွေ၊ ကတိကဝတ်တွေကို အတည်ပြုတာဟာ မဖြစ်သင့်ပါဘူး။ 

ကျမတို့ လူ့အဖွဲ့အစည်းမှာ အလိုအပ်ဆုံး လိုအပ်နေတာဟာ ပူးပေါင်းဆောင်ရွက်တတ်တဲ့စိတ်ပါ။ အဓိက ပူးပေါင်းဆောင်ရွက်ရမှာက နိုင်ငံရေးစနစ်/ပါတီ/အစုအဖွဲ့အသီးသီးရဲ့ လုပ်မှားကိုင်မှားမှုအပေါင်းကို ခါးစည်းခံရပြီးတဲ့တိုင် ဒီနိုင်ငံ အေးချမ်းတိုးတက်ဖို့အတွက် ဘာပဲလုပ်ရလုပ်ရ လုပ်ကြမယ်လို့ ဆုံးဖြတ်ထားကြတဲ့၊ နိုင်ငံရေးဩဇာ မရှိရှာကြတဲ့ အများပြည်သူအပေါင်းသာ ဖြစ်ပါတယ်။ သူတို့က ဘာကို လိုချင်တယ်ဆိုတာကို ပြောပြီးနေပါပြီ။ အထူးသဖြင့် နွေဦးရဲ့လုလင်ပျို၊လုံမပျိုအများစုဟာ သူတို့အသက်တွေ ချွေးတွေနဲ့ ဆင်နွှဲနေတဲ့ တော်လှန်ရေးကို အမြန်ဆုံး ပူးပေါင်းပံ့ပိုးပေးဖို့ လိုလားနေကြပါတယ်။ အများစုက ဘယ်အစုအဖွဲ့ ခေါင်းစဉ်အောက်က ဖြစ်စရာ မလိုပါဘဲ သူတို့ရဲ့တော်လှန်ရေးကို ပူးပေါင်းပေးကြစေချင်တာပါ။ တော်လှန်ရေး အဆုံးသတ်ပြီးရင် နိုင်ငံတည်ဆောက်ရေး ဆွေးနွေးပွဲတွေ စနစ်တကျနဲ့ ကျယ်ကျယ်ပြန့်ပြန့် လုပ်လာနိုင်တဲ့အခါ သူတို့ရဲ့အတွေ့အကြုံတွေအရ ပါဝင်ဆွေးနွေးခွင့် ပီပီပြင်ပြင် ရလာမှာပါ။ အဲဒီတော့မှ သဘောတူညီချက်တို့ ကတိကဝတ်တို့ကို အတည်ပြုကြမယ်ဆိုရင် ပိုပြီး ဒီမိုကရေစီနည်းကျမှာ ဖြစ်ပါတယ်။ 

နိုင်ငံအကြပ်အတည်း ဖြစ်နေချိန်မှာ ကိုယ် အားသန်ရာ နည်းလမ်းတွေနဲ့ ကိုယ် ထက်သန်ရာ ရလဒ်ကို အတည်ဖြစ်အောင် ကြိုးပမ်းတာဟာ မဖြစ်သင့်တာလို့ မြင်ပါတယ်။ စစ်ကောင်စီက လူထုအတွက် ငြိမ်းချမ်းရေးရအောင်ဆိုတဲ့ ကိုယ့်ဘာသာ ပြန်ညာထားတဲ့ ရလဒ်အတွက် ပီဒီအက်ဖ်ကို အပြုတ်တိုက်မယ်ဆိုကာ လူထုတွေအပေါ် စစ်ခင်းတဲ့ သူ အားသန်ရာ နည်းလမ်းနဲ့ ကြိုးပမ်းနေတာဟာ လမ်းမှားပါ။ သူ့ရဲ့ ချောင်ပိတ်မိနေတဲ့ စိတ်ကိုသာ သူ ပြန်ရုန်းကန်မှ တနည်းအားဖြင့် လူထုရဲ့ အစစ်အမှန်ဆန္ဒကို လက်ခံလိုက်မှ နိုင်ငံလည်း ကောင်း၊ သူလည်း ပိတ်မိတဲ့စိတ်အနေအထားကနေ လွတ်မြောက်သွားမှာပါ။

အဲဒီလိုပါပဲ။ တော်လှန်ရေးဘက်ခြမ်းမှာလည်း အုပ်စုအသီးသီးဟာ ကိုယ် အားသန်ရာ နည်းလမ်းတွေနဲ့ ကိုယ် ထက်သန်ရာ ရလဒ်ကို အတည်ဖြစ်အောင် တွန်းတွန်းတိုက်တိုက်ဆိုတာမျိုး အားထုတ်နေကြတာကို သတိပြုမိပါတယ်။ ကယ်တင်ရှင်သူရဲကောင်းစိတ်နဲ့ အစိုးရမုန်း သူပုန်စိတ်၊ အစွန်းနှစ်ဘက်ကြား လွန်းထိုးနေတဲ့   ပိတ်မိစိတ်အခြေခံကြောင့် ဖြစ်နေကြတယ်လို့များ ဆိုနိုင်မလားပဲ။ အများပြည်သူလူထုနေရာကနေ တွေးမြင်ခံစားကြဖို့အတွက် ကိုယ့်စံ၊ ကိုယ့်ပေတံ(ဒါမှမဟုတ် နိုင်ငံတကာဘုတ်အုပ်ကြီးထဲကဟာ)တွေကို နေရာတကာ ထုတ်မသုံးမိကြဖို့ အရေးကြီးတယ်လို့ မြင်ပါတယ်။ အထူးသဖြင့် သမိုင်းတလျှောက်မှာ ဘယ်တုန်းကမှ မညံ့ခဲ့တဲ့ လူထုကြီးကို နိုင်ငံရေးအီလစ်တွေက လျော့မတွက်ကြဘဲ သူတို့ရဲ့ အခန်းကဏ္ဍကို ပိုပြီးဦးစားပေး နေရာချန်ပေးထားကြဖို့ လိုပါမယ်။ တော်လှန်ရေးအရွေ့အတွက် လူထုအများစုရဲ့ ဆန္ဒကို နားထောင်ပြီး နိုင်ငံရေးအရွေ့အတွက်တော့ လူထု ပူးပေါင်းပါဝင်လို့ ရမယ့် အခင်းအကျင်းကို စနစ်တကျ စောင့်ဆိုင်းဖန်တီးပေးဖို့ အားထုတ်မယ်၊ အစုအဖွဲ့တွေကြား ပူးပေါင်းဆောင်ရွက်မှုကို ပိုအားထုတ်ကြမယ်ဆိုရင်တော့ ပိတ်မိနေတဲ့စိတ်ကနေ လွတ်မြောက်နိုင်ကြမှာ ဖြစ်ပါတယ်။ 

နွေဦးတော်လှန်ရေးဆိုတာ အနှစ်နှစ်အလလက ပိတ်မိနေခဲ့သမျှတွေကို ဆွဲဖွင့်လိုက်ကြဖို့ မဟုတ်ပါလား။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar