အမျိုးသားညီညွတ်ရေး အစိုးရဖွဲ့စည်းခြင်း ၂ နှစ်တာ သမင်လည်ပြန်
မြန်မာနွေဦး ခရိုနီကယ် - ဧပြီလ ၁၆ မြင်ကွင်း
(မိုးမခ) ဧပြီ ၁၇၊ ၂၀၂၃
အမျိုးသားညီညွတ်ရေး အစိုးရဖွဲ့စည်းခြင်း ၂ နှစ်တာ သမင်လည်ပြန်
၂၀၂၃ ခုနှစ်ရဲ့ သင်္ကြန်အခါ သမယက ကုန်ဆုံးဖို့တရက်သာကျန်တော့တာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ ရိုးရာအစဥ်အလာအရ နှစ်သစ်ကူးပြောင်းတဲ့ အချိန်အခါသမယလို့ မှတ်ယူကြပြီး အညစ်အကြေးတွေကို ဆေးကြောကာ နှစ်သစ်ကို စိတ်ထားအသစ်နဲ့ ကူးပြောင်းကြတဲ့ သဘောလည်း ဖြစ်ပါတယ်။ ၂၀၂၁ခုနှစ် စစ်အာဏာသိမ်းပြီးကတည်းက မြန်မာနိုင်ငံက ပြည်သူလူထုအနေနဲ့တော့ နှစ်သစ်ကူး သင်္ကြန်အခါသမယက နှစ်ဟောင်းကနေ နှစ်သစ်ကူးပြောင်းတဲ့ အခါသမယ၊ အားလပ်ရက်မှာ အနားယူ၊ ပျော်ရွှင်စရာဖြတ်သန်း ကုန်ဆုံးပြီး မြန်မာပြက္ခဒိန်အရ နှစ်သစ်ကို ကူးပြောင်းတာကို ကြိုဆိုကြတဲ့ ကာလ တခုမဟုတ်တော့ဘဲ ကြီးမားတဲ့ နိုင်ငံရေး သဘောထား ကွဲလွဲမှု၊ အရှိန်မြင့်လာတဲ့ စစ်ပွဲတွေ၊ အသက်ဆုံးရှုံးမှုတွေ၊ စစ်ပွဲက ထွက်ပြေးတိမ်းရှောင်ရပြီး နေအိမ်နဲ့ ပိုင်ဆိုင်မှုတွေ ဖျက်ဆီးခံရခြင်းတွေ၊ လုပ်ကြံသတ်ဖြတ်မှုတွေ၊ ဖမ်းဆီးနှိပ်စက် သတ်ဖြတ်မှုတွေ၊ ရာဇဝတ်မှုတွေ မကြုံဖူးလောက်အောင် မြင့်တက်လာတာတွေ နဲ့ ဖုံးလွှမ်းနေခဲ့တာ ဖြစ်ပါတယ်။
၂၀၂၁ ခုနစ်ရဲ့ နှစ်ဆန်းတရက်နေ့မှာ NUG လို့ အတိုကောက်ခေါ်ဆိုတဲ့ အမျိုးသားညီညွတ်ရေး အစိုးရအဖွဲ့ ဖွဲ့စည်းကြောင်း ထုတ်ပြန်ခဲ့တဲ့ နေ့လည်းဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ် သင်္ကြန်ကာလ မှာတော့ ပြည်တွင်းစစ်က အရင် ရွေးကောက်ပွဲမတိုင်မီကာလက အနေအထားမျိုးမှာပဲ ရှိနေသေးပြီး လက်နက်ကိုင်တပ်ဖွဲ့တွေ ဖွဲ့စည်းဖို့ ပြင်ဆင်နေကြတဲ့ကာလမှာပဲ ရှိခဲ့တာ ဖြစ်ပါတယ်။ မြို့တွေမှာ သပိတ်မှေက် ဆန္ဒပြမှုတွေ လျော့ကျသွားပြီး တိုင်းရင်းသားလက်နက်ကိုင် ဧရိယာ လွတ်မြောက်နယ်မြေတွေကို တိမ်းရှောင်ကာ လက်နက်ကိုင် တိုက်ခိုက်ရေး သင်တန်း၊ ဖောက်ခွဲရေး ဆိုင်ရာသင်တန်းတွေ တက်ရောက်ကြဖို့ စတင်ခဲ့ကြတဲ့ ကာလလည်း ဖြစ်ပါတယ်။
၂၀၂၁ ခုနှစ် သင်္ကြန်ကာလဟာ ဖေဖေါ်ဝါရီ၊ မတ်လ နဲ့ ဧပြီလဆန်းအထိ ကာလတွေအတွင်း အသက်ဆုံးရှုံးခဲ့ကြရတဲ့ ဆန္ဒပြသူတွေ အတွက် ဝမ်းနည်းမှုတွေနဲ့ နောက်ထပ် အသစ်စာမျက်နှာဖြစ်လာမယ့် လက်နက်ကိုင်တပ်ဖွဲ့ ပေါ်ထွက်လာဖို့ ဆွေးနွေးပြင်ဆင်နေကြတဲ့ ကာလလည်း ဖြစ်ပါတယ်။ မြို့တွေပေါ်က ဆန္ဒပြသူတွေ လူငယ်တွေက နောက်တဆင့် တက်မယ့် တိုက်ပွဲအတွက် နယ်မြေ အလိုက်မဟာမိတ်အဖွဲ့အစည်းတွေကို ချဥ်းကပ်ကြ ပြင်ဆင်ကြတဲ့ ကာလလို့ ဆိုရမှာဖြစ်ပါတယ်။ ကရင်ပြည်နယ်၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်တို့မှာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေဆီ ဦးတည်ဆက်သွယ်ကြပြီးနဲ့ မကွေးတိုင်း စစ်ကိုင်းတိုင်းတို့မှာတော့ မိမိတို့ ဒေသမှာ ကိုယ်ထူကိုယ်ထဖွဲ့စည်းတဲ့ လက်နက်ကိုင် အဖွဲ့ အစည်းတွေ စတင်ပြင်ဆင် ဖွဲ့စည်းကြတဲ့ ကာလလို့ဆိုရမှာ ဖြစ်ပါတယ်။ စစ်ကိုင်းတိုင်း ယင်းမာပင်၊ ပုလဲ စတဲ့ဒေသတွေက စစ်ကိုင်းတိုင်းထဲက အစောဆုံး လက်နက်ကိုင် အဖွဲ့တွေ ပေါ်လာတဲ့ ဒေသတွေ ဖြစ်တာတွေ့ရပါတယ်။
အဲဒီလို ပြည်တွင်းစစ် စစ်မျက်နှာဖွင့်ဖို့ စတင်ပြင်ဆင်ခဲ့ကြတာ အခုဆို ၂ နှစ်တင်းတင်းပြည့်ပြီလို့ ဆိုရမှာပါ။ အဲဒီအချိန်ကာလနောက်ပိုင်း နိုင်ငံရဲ့ဒေသအများအပြားမှာ လက်နက်ကိုင် တပ်ဖွဲ့တွေ အများအပြား ပေါ်ထွက်လာခဲ့တာ ဖြစ်ပါတယ်။ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း တို့လို တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေ အခြေစိုက်ခြင်းမရှိတဲ့ ဒေသတွေမှာ မြို့ရွာအလိုက် အမည်နာမတွေနဲ့ သို့မဟုတ် မိမိတို့ဘာသာမှည့်ခေါ်ထားကြတဲ့ လက်နက်ကိုင် အဖွဲ့နာမည်တွေနဲ့ ပေါ်ထွက်လာတာ ဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ် မေလဆန်း NUG က PDF အဖွဲ့ဆိုတဲ့ အမည်နာမနဲ့ မကြေညာခင်အထိ စစ်ကောင်စီဆန့်ကျင်ရေး လက်နက်ကိုင်လှုပ်ရှားမှုရဲ့ ယေဘုယျ အမည်ဖြစ်တဲ့ PDF ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဆိုတဲ့ အမည်မဟုတ်ကြသေးပဲ အခု ၂ နှစ်ကြာကာလမှာတော့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ PDF ဆိုတဲ့အမည်က ယေဘုယျ အမည် အဖြစ်သုံးစွဲနေကြပြီဖြစ်ပါတယ်။
PDF တွေ စတင်ပေါ်ထွက်လာပြီးနောက် ၂ နှစ်အကြာမှာ စစ်ကောင်စီကို ဘယ်လောက်ထိ ခြိမ်းခြောက်နိုင်ပြီလဲ၊ စစ်ကောင်စီရဲ့ လက်နက်ကိုင်တပ်တွေကို အနိုင်ယူတိုက်ခိုက်နိုင်ပြီလား ဆိုတဲ့ မေးခွန်းတွေက အခုနေအခါ ပြန်လည်သုံးသပ်ကြည့်ဖို့ လိုအပ်တဲ့ မေးခွန်းတွေ ဖြစ်ပါတယ်။ အင်အားအနေနဲ့ စစ်ကောင်စီရဲ့ အမြဲတမ်းတပ်အင်အားက ပြီးခဲ့တဲ့ ၂ နှစ်အတွင်း တိုက်ပွဲတွေမှာ သေဆုံးမှုတွေကြောင့် လျော့ပါးလာနေပြီး လျော့ပါးသွားတဲ့ အင်အားကို ပြန်လည်ဖြည့်ဆည်းဖို့ရာမှာလည်း အခက်အခဲတွေရှိနေတာ တွေ့ရမှာ ဖြစ်ပါတယ်။ PDF တွေဘက်မှာတော့ လူအင်အားက လိုအပ်တာထက်ကို ပိုနေတယ်လို့ ဆိုလို့ရတဲ့ အနေအထားဖြစ်ပါတယ်။ အားလုံးကို လက်နက်တပ်ဆင်ဖို့ အခက်အခဲကလည်း ရှိနေဆဲ၊ လက်နက် ခဲယမ်းက မှောင်ခိုစျေးကွက်ကို အားကိုးနေရတာကြောင့် မတန်တဆ ဈေးနှုန်းတွေနဲ့ ပေးဝယ်နေရဆဲ အနေအထားလည်းဖြစ်တာ၊ နိုင်ငံရဲ့ သယံဇာတကို စီမံခန့်ခွဲ အသုံးပြုနိုင်တဲ့အနေအထား မဟုတ်တာကြောင့်လည်း ဘဏ္ဍာရေး အခက်အခဲ အကန့်အသတ်ရှိနေတာလည်း တွေ့ရမှာဖြစ်ပါတယ်။ နောက်တချက်က PDF တွေ လက်နက်ကိုင် တပ်ဖွဲ့တွေက တခုထဲသော အမိန့်ပေးစနစ်အောက်၊ ထောက်ပံ့ရေးစနစ်အောက်၊ ဗဟိုမှ လက်နက်နဲ့ ရိက္ခာ အကူအညီပေးမှုအောက်မှာ မရှိနိုင်သေးတဲ့အချက်လည်း ဖြစ်ပါတယ်။ နယ်အသီးသီးမှာဖွဲ့စည်းကြတဲ့ PDF အဖွဲ့တွေကို ဗဟိုက လုံလောက်တဲ့ လက်နက်နဲ့ ရိက္ခာအထောက်အပံ့ မပေးနိုင်သေးတဲ့အနေအထားမှာ အမိန့်ပေးစနစ် တခုတည်းအောက် ထည့်သွင်းဖို့လည်း အခြေအနေ မရှိသေးတာ ဖြစ်ပါတယ်။
PDF တွေ တိုင်းရင်းသားလက်နက်ကိုင်တွေ အနေနဲ့ မဟာဗျူဟာမြောက် တိုက်ပွဲတွေ တိုက်နိုင်ဖို့ ယန္တရား တပ်လို၊ ဗျူဟာမြောက် လက်နက်နဲ့ ရံပုံငွေအရင်းအမြစ်တွေ စတဲ့ လိုအပ်ချက်တွေလည်း ရှိနေတာဖြစ်ပါတယ်။ အဲလို မတပ်ဆင်နိုင်သေးတဲ့ အနေအထားမှာ တိုက်ပွဲတွေက ပြောက်ကျားစစ် လို့သာ ဆိုနိုင်ဦးမှာဖြစ်ပြီး နယ်မြေတွေကို ထိန်းချုပ်ထားနိုင်တဲ့အဆင့်ထိရောက်ဖို့ မြို့တွေ သိမ်းပြီးထိန်းချုပ်ထားနိုင်တဲ့ အဆင့်ရောက်ဖို့ ဗျူဟာမြောက် လက်နက်၊ တပ်ဖွဲ့တွေ လိုအပ်ဦးမယ့် သဘောလည်း ဖြစ်ပါတယ်။
NUG အစိုးရ အနေနဲ့ အားသာချက် ဖြစ်တဲ့ လူအင်အားကို အသုံးချဖို့ လိုအပ်ချက်က ဘဏ္ဍာငွေ၊ ဗျူဟာမြောက် လက်နက်တွေ၊ စစ်ရေးအတွေ့အကြုံရှိတဲ့ စစ်ရေးခေါင်းဆောင်တွေနဲ့ အခြေစိုက် နယ်မြေရှိပြီးဖြစ်တဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေနဲ့ နားလည်မှု အပြည့်အဝရှိပြီး စစ်ရေးအရ အပြည့်အဝ ပူးပေါင်းဆောင်ရွက်မှုတွေ လိုအပ်မှာဖြစ်ပါတယ်။
၂ နှစ်တာကာလမှာ ရောက်နေတဲ့ နေရာ နောက်ထပ်သွားမယ့် ပန်းတိုင် ရည်မှန်းချက်နဲ့ ဖြည့်ဆည်းဖို့ လိုအပ်တဲ့အရာတွေကို ဓမ္မဓိဋ္ဌာန်ကျကျ သုံးသပ်ပြီး လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရင် အမြန်ဆုံး အောင်ပွဲရမှာဖြစ်ပြီး မသုံးသပ်နိုင်သေးရင် မဖြည့်ဆည်းနိုင်သေးရင်တော့ တိုက်ပွဲတွေ ရှည်ကြာနေဦးမယ့် အနေအထား ရောက်နေတာ အမှန်ပဲဖြစ်ပါတယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar