ဆယ်ပေါင်တူ - အပူသည်မလေး တပင်တိုင် မိကြင်စိုး
ဆယ်ပေါင်တူ - အပူသည်မလေး တပင်တိုင် မိကြင်စိုး
(မိုးမခ) ဇွန် ၂၈ ၊ ၂၀၂၃
မိကြင်စိုး ဆိုတာ မည်သူမည်ဝါပါလိမ့်ဟု မေးခွန်းထုတ်မည့်သူများ ရှိနိုင်သည့်အတွက် မိကြင်စိုးအကြောင်းက စ ရပါလိမ့်မည်။ စမည့်သာ စလိုက်ရသည် သိပ်တော့များများစားစား ရေးစရာမရှိ။ မိကြင်စိုးသည် ဘာမှမဟုတ်ဟု ရေးလိုက်သည်နှင့်ပင် လုံလောက်လေသည်။ အမှန်တကယ်ပင် ရပ်ထဲရွာထဲတွင် မိကြင်စိုးသည် ဘာဆိုဘာမှ မဟုတ်၊ လောက်လောက်လားလား စာရင်းထဲ မည်သူကမျှ မထည့်ကြ။
ရွာ့ကျက်သရေဆောင် ကွမ်းတောင်ကိုင် ပန်းတောင်ကိုင် ဆိုသည့် နေရာမျိုးဆိုလျင် အဝေးမှအဝေးကြီး၊ မိကြင်စိုး အနားသို့ပင် မသီနိုင်။ ပြောစရာရယ်ဆိုလို့ အရင်ရွာသူကြီးလက်ထက် ခြေသလုံးနင်းနှိပ်ပေးသည့်အတွက် ရွာ၏ ပွဲလမ်းများတွင် ဟိုဟာကိုင် ဒီဟာကိုင် တမင်နေရာ ဖန်တီးပေးသည်များကိုသာ ဂုဏ်ဆာပြနိုင်ပေသည်။ တခုခု ကိုင်နေရလျှင် ပြီးရောဆိုသည့် မိကြင်စိုးကလည်း ဒါမျိုးကို ရှာကြံဂုဏ်ယူတတ်သည်။
ကောင်းကွက်ရှာဖွေ၍ ရေးစရာက မရှိပေသည့် မကောင်းသည်များကတော့ အပုံအပင်။ ထိုအထဲကမှ မိကြင်စိုးကို လောလောလတ်လတ် ဒုက္ခအကြီးအကျယ်ပေးခဲ့သည်က ဖုံးဖိမရသည့် မနာလိုစိတ် ဖြစ်သည်။ မိကြင်စိုးက သူ့ ရုပ်သူ့ရည်မှ အားမနာ ကွမ်းတောင်ကိုင် ပန်းတောင်ကိုင် အသေအလဲ ဖြစ်ချင်နေသည်။ ဤရုပ်ဤရည်မျိုးကို ရွာ အနေနှင့်လည်း မည်သို့မျှ လက်ခံ၍မရ။
ဒါတွေကို မိကြင်စိုး သိလင့်ကစား သူကများ အချောင်နေရာ ယူလို့ရမည်လားဟု တွေးကာ ကလိန်စေ့ငြမ်းဆင်ပြီး ကွမ်းတောင်ကိုင် ပန်းတောင်ကိုင်များအကြောင်း သွားပုပ်လေလွင့် ပြောလေသည်။ ယုံသည် မယုံသည် ဖြစ်နိုင်သည် မဖြစ်နိုင်သည် စဉ်းစားမနေတော့ပဲ သိက္ခာကျလျှင် ပြီးရောဟုဆိုကာ ကွမ်းတောင်ကိုင် ပန်းတောင်ကိုင်တို့ ပွဲလမ်းသဘင်များ လှည့်လည်သည့်အခါ ဆွမ်းအုပ် ကွမ်းအုပ်ထဲ ပါလေသမျှ ခိုးနှိုက်တတ်ကြကြောင်း ဆိုသည်မျိုးကိုလည်း အရပ်ထဲ လှည့်လည်ပြောဆိုသည်။
တကယ်က ဆွမ်းအုပ် ကွမ်းအုပ်ထဲ ဘာမျှပင် ထည့်မထား၊ အကယ်၍ ထည့်ထားခဲ့လျင်တောင်မှ လူပုံအလယ်တွင် မည်သူက လုပ်ဝံ့ပါမည်နည်း။လက်တွေ့တွင်လည်း ဘာမျှမပျောက်ရှ၍ တရွာလုံးက မိကြင်စိုး ပြောလေသမျှကို မယုံကြည်ကြ။ ထိုသို့ မယုံကြလေ၊ မိကြင်စိုးက ဒေါသထွက်လေဖြစ်ကာ တရွာလုံးကို အယုတ္တ အနတ္တ စကားများဖြင့် ဆဲရေးတိုင်းထွာပါတော့သည်။
တယောက်တည်း ဆဲဆိုနေရသည့်အတွက် ‘ငါးယာ’စား အနည်းအကျဉ်းခေါ်ကာ အားပေးအားမြှောက် လုပ်စေသည်။ (စကားချပ်- ‘ငါးယာ’သည် ငွေအသပြာ ‘ငါးရာ’ကို မှားရေးမိခြင်း မဟုတ်၊ တယောက်ကို ကွမ်းယာ ငါးယာဖြင့် နေ့စား ဟိုအော် ဒီအော် လုပ်စေခြင်းကို ဆိုလိုခြင်း ဖြစ်သည်)
အဖော်အပေါင်းလေး အနည်းငယ် အားကိုးရှိလာတော့ ဆဲဆိုသည့်အဆင့်မှ တဆင့်တက်ကာ နေပြည်တော် လမ်းမပေါ်မှာ (ရွာလယ်လမ်းမကြီး၏နံမည်ကို နေပြည်တော်လမ်းမဟု ခေါ်တွင်သည်။ မယုံကြည်ပါက ဂူဂဲလ် မြေပုံမှာ ရှာကြည့်နိုင်သည်) မရိုသေ့စကား ဟိုလှန်ပြ ဒီလှန်ပြ လုပ်လေတော့သည်။ ထိုသို့ပြုမူလျှင် ရွာထဲမှလူများ သာမက ရွာနီးချုပ်စပ်မှပင် လာ၍ကြည့်ရှု အားပေးကြလိမ့်မည်ဟု မည်ကာမတ္တပါလာသော ဦးနှောက်သေးသေးလေးဖြင့် စဉ်းစားပြုလုပ်ခြင်း ဖြစ်သည်။
မိကြင်စိုးနှင့် ‘မှန်းချက်နှင့် နှမ်းထွက်မကိုက်’ဆိုသည့် စကားသည် အမြဲတစေ တထပ်တည်း ကျလေ့ရှိရာ ယခုလည်း အထင်နှင့်အမြင် တက်တက်စင်အောင် လွဲပြန်လေသည်။ အစကတော့ စနည်းနာ ကြည့်ရှုသူ နည်းနည်းပါးပါး ရှိသော်လည်း အခုတော့ ခွေးတစီစီပင် အနားမှာမရှိ။ ရွာနီးဝန်းကျင်မှ ပေါက်ဖော်ကြီးနှင့် ဘာဘူကြီးကတော့ ဘာကို မြင်ချင်တွေ့ချင်နေလည်း မသိ၊ ဟိုလိုလို ဒီလိုလိုနှင့် မသိမသာ လာချောင်းကြည့်တတ်သည်။
နဂိုကမှ မကောင်းသည့် မိကြင်စိုး၏နာမည်သည် ယခုအခါ တနေ့ထက်တနေ့ ပိုပုပ်စော်နံလာသည်ဟု ဆိုနိုင်သည်။ ရွာထဲမှလူများက အဆက်အဆံ မလုပ်ကြတော့သည့်အပြင် အခုရက်ပိုင်း မြို့ကလူတွေကပင် မိကြင်စိုး၏ အပေါင်ဆိုင်နှစ်ခုကို နာမည်ပျက်စာရင်းသွင်းကာ ယင်းတို့မှတဆင့် ငွေပေးငွေယူ မလုပ်ကြတော့ဟု ဆိုလာကြသည်။
မြို့ကလူတွေ ဆိုတာကလည်း အခက်သား၊ သူ့ဇာတ်ရှုပ်တွေနဲ့သူ။ မိကြင်စိုးကို စိတ်မပါ့တပါ ဆက်ဆံသည့် (ပေါင်းသင်းဆက်ဆံရေးကို ဆိုလိုပါသည်) ကိုပုတင်ကို ကြည့်ပါလား၊ အခု သူ့လူယုံသတ်လို့ ဗျာများနေရတဲ့ကိန်း။ ဒီလိုအချိန်မျိုးမှာ မိကြင်စိုးကို အငယ်အနှောင်း စာရင်းထဲ ထည့်ချင်ထည့်ပါလို့ ဖြားယောင်းပြောဆိုလည်း လှည့်လို့တောင် ကြည့်နိုင်မည်မထင်။
ကိုယ့်လူများဟု သတ်မှတ်ထားသည့် ‘လေးသုံးဆယ်’ အုပ်စုတွေကလည်း ပျောက်ချင်းမလှ ပျောက်နေကြပြီ။ ‘မယ်စဲ့’ဘက်က (၄၃၀) နှင့်တော့ ရောမသွားစေလိုပါ၊မိကြင်စိုးဆီမှာ စိုက်ပျိုးစားသည့် လယ်ကွက်သေးသေးများ လာပေါင်နှံရင်း အပေါင်ဆုံးသွားကြသူတွေကို ‘လယ်သေးဆုံး’ - ‘လေးသုံးဆယ်’ များဟု အမည်ပေးထားခြင်းသာ ဖြစ်သည်။
မိကြင်စိုး နောက်မှနေ၍ ဝေလေလေ လိုက်လုပ်ပေးပါက အပေါင်ဆုံး လယ်များ ပြန်ပေးမည်ဟု စည်းရုံးထားခဲ့ ပေသည့် အခုမှာတော့ မိကြင်စိုးကို ခြေစုံကန်သွားခဲ့ကြလေပြီဟု သိရသည်။ မိကြင်စိုးခမျာ ကိုယ့်အနားက ပစ်ခွါ သွားကြသူတွေအကြောင်း လူသိလည်းမခံဝံ့၊ တိတ်တဆိတ် ကြိတ်ခံပြင်းနေရရှာသည်။
ဤသို့ဖြင့် မိကြင်စိုး ကိုယ့်အခြေအနေကိုယ် ပိုသဘောပေါက်လို့လာသည်။ တရွာလုံးနှင့် တယောက် ဖြစ်လာသည့် အခြေအနေကနေ ပြောင်းလဲနိုင်ဖို့အတွက် အောင်သည့်နှစ် မတူသော်လည်း သူငယ်တန်းကို ခိုးချပြီး တကျောင်းတည်းက အောင်မြင်ခဲ့ကြသည့် မိမဲလုံးနှင့် တိုးတိုးတိတ်တိတ် တိုင်ပင်ကြည့်မိသည်။
မိမဲလုံးက ရွှေသွေး၊ တေဇ၊ ကာတွန်းစာအုပ်များကို မိကြင်စိုးထက် ပိုဖတ်ထားသူပီပီ အကြံဉာဏ် ပိုထွက်သည်။ အချိန်ယူ စဉ်းစားဟန်ဆောင်ပြီးသည့် သကာလ မိမဲလုံးက ‘ဆဲထားတဲ့သူတွေကို ခြေသလုံးဖက် တောင်းပန်ဖို့ပဲ ရှိတော့တယ်’ဟု ပြောလာသည်။ မိကြင်စိုးက အငြိုးအတေး အာဃတကြီးသူပီပီ ဒါကိုတော့ မည်သို့မျှ လက်ခံ၍ မရ။ ‘ခြေသလုံးဖက် တောင်းပန်မယ့်အစား ခြေသလုံးပဲ ဖက်ကိုက်မယ်’ ဟု မာန်ဖီသည်။
ဒီလိုဆက်လုပ်နေ၍ မရကြောင်း မိမဲလုံးက ကျိုးသင့်ကြောင်းသင့် နားချရတော့သည်။ အနီးအနားရှိသူများကလည်း ဝင်ထောက်ခံသည်။ နောက်ဆုံး ခြေသလုံးလည်း ဖက်ရာရောက် မိကြင်စိုးလည်း အရှက်ပြေရလေအောင် ဝိုင်း၍ အကွက်ချ ကြံစည်ပေးကြသည်။
‘မိကြင်စိုးက ဒီနေ့ကစ ဘုန်းကြီးပျံတွေမှာ ဧယဉ်ကျူးတဲ့အလုပ်ကို လုပ်ပြီလို့ကြေညာပြီး တကယ်လည်းလုပ်ပြ။ ဆဲဆိုခံထားရတဲ့ ကွမ်းတောင်ကိုင် ပန်းတောင်ကိုင်တွေနဲ့ ရွာထဲကလူတွေ ဘုန်းကြီးပျံ လာကြတဲ့အခါ မပဋာ မြေ လူး အရူးမီးဝိုင်းပုံနဲ့ လူးလှိမ့် ဧယဉ်ကျူးရင်း သူတို့ခြေထောက်ကို ဟောသလို လှမ်းပြီးဖက်လိုက်’
ခြေသလုံးဖက် အထူးကျွမ်းကျင်သူ မိမဲလုံးက ပြောလည်းပြော အမူအယာနှင့်လည်း ဟန်ပါပါ လုပ်ပြလိုက်သည်။
‘အဲဒီအချိန်ကျ ကျုပ်တို့က ဓါတ်ပုံရိုက်ပြီး ဖေ့ဘုတ်ပေါ် တင်ပေးလိုက်မယ်၊ မိကြင်စိုး ခြေသလုံးဖက်ပြီး တောင်း ပန်နေပြီပေါ့၊ ယောင်တောင် ပေါင်တောင် လူတွေနဲ့ ရွာနီးချုပ်စပ်က သနားရင် သနားလာမှာပေါ့၊ အင်း ညည်းက တရွာလုံး လှည့်ပတ်ရမ်းထားတော့ သိပ်တော့မသေချာဘူးနော်၊ အာမမခံနိုင်ဘူး။ ဘာပဲဖြစ်ဖြစ် လုပ်စရာဆိုလို့ ဒီတနည်းပဲ ရှိတယ်’
‘သူတို့ပြောတာလည်း ဟုတ်တုတ်တုတ်ပဲ၊ အရှုံးတော့မရှိပါဘူး လုပ်ကြည့်ရင်ကောင်းမယ်’ဟု မိကြင်စိုး စဉ်းစားလိုက်သည်။ ‘ဒါပေမဲ့ ဘုန်းကြီးပျံလိုဟာမျိုးမှာ ဧယဉ်ကျူးပြီး သနားအောင် မျက်ရည်ချူရမှာ ရှက်စရာကြီး’ ကုပ်ကပ်ကော်ထုတ်ရင်တောင် ထွက်ကျလာဖို့ မသေချာသည့် လက်ကျန် အရှက်ကလေးက ပေါ်လာပြန်သည်။
‘ဘာရှက်စရာရှိလဲ တချို့ဆို မျက်နှာပြောင်နဲ့ ဘုန်းကြီးပျံတွေမှာ အခေါင်းထမ်းပြီး အရှက်ကို တစက်လေးမှမရှိ၊ သနားစိတ်များ ဝင်မလားဆိုပြီး ဟန်ဆောင်လုပ်ပြကြတာ’
ဒါလည်းဟုတ်တာပဲဟုဆိုကာ မိကြင်စိုး သဘောတူလိုက်သည့်အတွက် မိမဲလုံးတို့တသိုက် အိမ်ရှေ့မှာ ဆိုင်းဘုတ် တင်ဖို့ ပြင်ဆင်တော့သည်။ မိကြင်စိုးက ဆိုင်းဘုတ်ကို ခဏစိုက်ကြည့်လိုက်ကာ ‘အပူသည်ဆိုတာကတော့ ဟုတ်ပါပြီ၊ ငါ့မှာ နေ့နေ့ညည ပူလောင်နေရတာ ဆိုတော့၊ တပင်တိုင်ဆိုတာက ဘာ့ကြောင့် ထည့်ရတာလဲ’
‘အငြိမ့်မင်းသမီးတွေက တပင်တိုင်ဆိုတဲ့ စကားလုံးကို ထည့်သုံးတတ်ကြတယ်လေ၊ ဒါပေမယ့် ညည်းကျတော့ တ ရွာလုံးနဲ့တယောက် ဖြစ်နေလို့ အနားမှာဘယ်သူကမှ မထောက်ခံ၊ ဘယ်သူကမှ မပတ်သက်ချင်တော့လို့ တ ကောင်တည်း (အဲလေ) တယောက်တည်း ဖြစ်နေတာကို ထည့်ရေးတာ’
မိကြင်စိုး အောင့်သက်သက်နှင့် အသာနားထောင် နေရသည်။
‘ဆယ်ပင်တစည်းဆို၊ အခုက တပင်ထဲဆိုတော့ ကိုးပင်လိုနေသေးတယ် ထပ်နှုပ်လိုက်ဦးလေ ဂျီးဒေါ်ကြင်’
ဖေ့ဘုတ်လိုက်ဖ် အကြည့်များသည့် ဘေးနားက သကောင့်သား သကောင့် သမီးလေးများက ဘာမသိညာမသိ ဝင် ဝင်ပြောနေသဖြင့် ခေါင်းခေါက် လွှတ်လိုက်ရသေးသည်။
ရပ်ထဲရွာထဲမှာလည်း သတင်းလွှင့်ထားရသည်။ မိကြင်စိုးတယောက် ရပ်ရွာအကျိုး ရှေးရှုပြီး ကြေရာကြေကြောင်း ပြေရာပြေကြောင်း ခြေသလုံးဖက်ကာ အနှေးနှင့်အမြန် ပြန်တောင်းပန်တော့မည် ဆိုသည်ကို။
ပြောမည့်သာပြောရသည်၊ မိကြင်စိုး အနားကလူတွေမှာ ရင်တမမ ဖြစ်နေကြရတုန်းပင်။ အဘယ်ကြောင့်လဲဆို တော့ မိကြင်စိုးက စိတ်သိပ်မှန်သူ မဟုတ်လေတော့ ဇာတ်တိုက်ထားသလို မပဋာမြေလူး အရူးမီးဝိုင်း မတတ်ဖြစ်ပြရင်း ခြေသလုံးဖက် တောင်းပန်ရမည့်အစား ခြေသလုံးကိုများ ပြေးဖက်ကိုက်လေမည်လားဟု တွေးပူနေမိကြ၍ ဖြစ်သည်။
တကယ်က အားလုံးဝိုင်း စိုးရိမ်ကြမည်ဆိုလျှင်လည်း စိုးရိမ်စရာပင်။ မိကြင်စိုး ဆိုတာကလည်း လူစိတ် ပျောက်နေသည့် အချိန်က ခပ်များများ ဆိုလေတော့။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar