Breaking News

ကမ္ဘာ့နိုင်ငံရေး မဟာဗျူဟာတွေ ကြားထဲက မြန်မာ့အရေး

မြန်မာနွေဦး ခရိုနီကယ် - ဇွန် ၂၅ မြင်ကွင်း

(မိုးမခ) ဇွန် ၂၆၊ ၂၀၂၃


ကမ္ဘာ့နိုင်ငံရေး မဟာဗျူဟာတွေ ကြားထဲက မြန်မာ့အရေး 

ခုရက်ပိုင်းအတွင်း အိန္ဒိယနိုင်ငံဝန်ကြီးချုပ် မိုဒီ အမေရိကန်ပြည်ထောင်စုကို အလည်အပတ် သွားရောက်ခဲ့ပါတယ်။ အိန္ဒိယနဲ့ အမေရိကန် ခေါင်းဆောင်နှစ်ဦး တွေ့ဆုံပြီးနောက်မှာ မြန်မာနိုင်ငံအရေး ကိစ္စနဲ့ပတ်သက်လို့ ထုတ်ပြန်ချက် တရပ်ကို ထုတ်ပြန်ခဲ့ကြပါတယ်။ မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ ရပ်တန့်ဖို့၊ ဥပဒေမဲ့ ဖမ်းဆီးထားသူတွေကို ပြန်လွှတ်ပေးဖို့၊ အားလုံးပါဝင်တဲ့ ဖက်ဒရယ် ဒီမိုကရေစီလမ်းကြောင်းပေါ် လျှောက်လှမ်းကြဖို့ ဆိုတဲ့ ယေဘုယျ သဘောဆန်တဲ့ထုတ်ပြန်ချက်ကို ထုတ်ပြန်ခဲ့ကြပါတယ်။ စစ်ကောင်စီကတော့ ဒီယေဘုယျ သဘောဆန်တဲ့ ထုတ်ပြန်ချက်ပင်လျှင် လက်မခံနိုင်ကြောင်း  ဥပဒေမဲ့ဖမ်းဆီးထားသူ တဦးတယောက်မျှ မရှိကြောင်း နိုင်ငံခြားရေးဌာနက သတင်းထုတ်ပြန်ပြီး တုံ့ပြန်ခဲ့ပါတယ်။ 

မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေကို ကြည့်ရင် အကြမ်းဖက်မှုတွေကိုဖြစ်ပွားနေတဲ့အကြောင်းနဲ့ပတ်သက်လို့  ပြည်တွင်းမှာ နေထိုင်သူတွေတင်မကပဲ နိုင်ငံတကာ အစိုးရတွေ၊ လူထုတွေထဲကတောင် မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ ဥပဒေမဲ့ ဖမ်းဆီးမှု၊ သတ်ဖြတ်မှု၊ နေအိမ်တွေ မီးရှို့ဖျက်ဆီးမှုတွေကို သတင်းတွေထဲ အထောက်အထားတွေနဲ့ ဖတ်ရှုမြင်တွေ့နေကြရလို့ သိရှိပြီးသား ဖြစ်နေသလို၊ တဖက်မှာလည်း စစ်ကောင်စီ သတ်ဖြတ်မှုနဲ့ မနှိုင်းသာပေမယ့် စစ်ကောင်စီ ဆန့်ကျင်တဲ့ အင်အားစုတွေဘက်က ကျူးလွန်တဲ့ စစ်ရေးပစ်မှတ်လို့ ရောထွေးပြောဆိုနေကြတဲ့ အရပ်သား လုပ်ကြံသတ်ဖြတ်မှုတွေ ရှိနေတာလည်း သတင်းတွေထဲ ဖတ်ရှုကြားသိနေကြရတာ ဖြစ်ပါတယ်။ 

အစိုးရ မဟုတ်တဲ့အဖွဲ့အစည်းက ကျူးလွန်မှု အပြစ်ဟာ အစိုးရလို့တာဝန်ယူထားတဲ့အဖွဲ့အစည်းက ကျူးလွန်တဲ့ အပြစ်နဲ့ ညီတူမျှတူ ချလို့မရကြောင်း နိုင်ငံတကာ စံနှုန်းတွေ ဥပဒေတွေနဲ့ ပြောဆိုကြတာတွေ ရှိပေမယ့် အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေ အနေနဲ့လည်း တာဝန်ခံမှုတော့ တချိန်မှာ ရှိလာနိုင်တာလည်း ဖြစ်ပါတယ်။ 

အခု အမေရိကန်-အိန္ဒိယ နှစ်နိုင်ငံခေါင်းဆောင်တွေ မြန်မာ့အရေးနဲ့ ပတ်သက်တဲ့ ထုတ်ပြန်ချက်ကတော့ အဓိကအားဖြင့် စစ်ကောင်စီကို ရည်ညွှန်းလိုတာ ဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံ အနေနဲ့ တဖက်မှာ ကြည့်ရင် မြန်မာနိုင်ငံက အာဏာသိမ်းစစ်ကောင်စီ အစိုးရကို တရားဝင် အစိုးရသဖွယ် ဆက်ဆံနေတာ၊ စစ်လက်နက် ပစ္စည်းတွေ ရောင်းချမှုတွေရှိနေတာ၊ သံတမန်ရေးအရ အသိအမှတ်ပြုထားပြီး အလယ်အလတ်အဆင့် ကိုယ်စားလှယ်တွေ၊ သံတမန်တွေ အပြန်အလှန် လည်ပတ်မှု ရှိနေတာတွေက စစ်ကောင်စီ ဆန့်ကျင်ရေး အင်အားစုတွေအဖို့ အိန္ဒိယနိုင်ငံရဲ့ မြန်မာ့ဒီမိုကရေစီအရေး ထောက်ခံမှုမရှိတာကို စိတ်ပျက်အားလျော့စေခဲ့တာလည်း ဖြစ်ပါတယ်။ 

အိန္ဒိယနိုင်ငံရဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံတဲ့ နိုင်ငံခြားရေး ပေါ်လစီဟာ စစ်ကောင်စီကို သံတမန်ရေးအရ အသိအမှတ်မပြုဖို့၊ ပိတ်ဆို့ဒဏ်ခတ်ဖို့ ဆိုတဲ့ အနောက်နိုင်ငံတွေရဲ့ ကျင့်သုံးမှုတွေနဲ့ ကွဲပြားနေတာလည်း ဖြစ်ပါတယ်။ ချင်းပြည်နယ်နဲ့ ထိစပ်နေတဲ့အပိုင်းမှာ မြန်မာနိုင်ငံဘက်က ထွက်ပြေးခိုလှုံနေကြသူတွေကို မီဇိုရမ်ပြည်နယ် အစိုးရအနေနဲ့သာ ပြည်နယ်အစိုးရလုပ်ပိုင်ခွင့် ဥပဒေဘောင်တွင်းက အတတ်နိုင်ဆုံးကူညီနေတာမျိုးသာ တွေ့ရပြီး အိန္ဒိယဗဟိုအစိုးရအနေနဲ့တော့ မြန်မာနိုင်ငံက ထွက်ပြေးခိုလှုံလာသူတွေကို အကူအညီပေးတာ စောင့်ရှောက်တာမျိုး မတွေ့ရပါဘူး။ ဒီအနေအထားတွေကို ကြည့်ပြီး ကမ္ဘာမှာ လူဦးရေအရဆို အကြီးဆုံး ဒီမိုကရေစီနိုင်ငံဖြစ်တဲ့ အိန္ဒိယအနေနဲ့ မြန်မာ့ဒီမိုကရေစီအရေးကို မျှော်လင့်သလောက် ထောက်ခံအားပေးမှု မရှိဘူးလို့ မြန်မာ့ဒီမိုကရေစီ အရေး လှုပ်ရှားသူတွေက ယူဆကြတာဖြစ်ပါတယ်။ 

တဖက်မှာလည်း အိန္ဒိယနိုင်ငံအနေနဲ့ အိမ်နီးချင်းလည်းဖြစ်နေပြီး ကမ္ဘာ့အရေးတွေမှာ မဟာအင်အားကြီးနိုင်ငံတနိုင်ငံ ဖြစ်လာနေတဲ့ တရုတ်နိုင်ငံကို မဲတင်းနိုင်ဖို့အတွက် အခြားသော မဟာမိတ်တွေ လိုအပ်နေတာဖြစ်ပါတယ်။ ဒီရှုထောင့်အရ အိန္ဒိယဟာ အမေရိကန်နဲ့ ဆက်ဆံရေး ကောင်းမွန်ဖို့ ကြိုးစားတာ ဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံအနေနဲ့ ရုရှားနဲ့ အတိုင်းအတာတခုထိ ရင်းနှီးတဲ့ ဆက်ဆံရေးရှိတာက တဖက်၊ တရုတ်ရဲ့ အင်အား လွှမ်းမိုးမှု၊ ဗိုလ်ကျမှုတွေကိုစိုးရိမ်ပြီး မဲတင်းဖို့ တရုတ်နဲ့ ဆန့်ကျင်ဘက်နိုင်ငံ အမေရိကန်ကို မဟာမိတ်အဆင့်တခုထား ဆက်ဆံဖို့လည်း တပြိုင်နက်ထဲ လိုအပ်တာဖြစ်ပါတယ်။ 

ဒီလို နိုင်ငံတကာ မဟာဗျူဟာတွေ၊ ကမ္ဘာလုံးဆိုင်ရာ အခင်းအကျင်းတွေအောက်၊ နိုင်ငံရေးအကျိုးစီးပွားတွေ အောက်မှာ မြန်မာ့အရေးက လျစ်လျူရှုခံရတော့မလား ဆိုတဲ့ စိုးရိမ်မှုတွေလည်း  စစ်ကောင်စီဆန့်ကျင်ရေး အင်အားစုတွေဘက်မှာ ပေါ်ထွက်လာခဲ့တာ ဖြစ်ပါတယ်။ မြန်မာ့ဒီမိုကရေစီ အရေးလှုပ်ရှားမှုကို အတက်ကြွဆုံး ထောက်ခံသူ၊ စစ်ကောင်စီကို ဝေဖန်၊ ဖိအားပေးတဲ့နိုင်ငံဖြစ်တဲ့  အမေရိကန် ပြည်ထောင်စုအနေနဲ့ မြန်မာ့ဒီမိုကရေစီအရေးကို ထောက်ခံသော်လည်း  ဒီမိုကရေစီအရေးတွက် လက်နက်ကိုင် တိုက်ခိုက်မှု၊ လက်နက်ကိုင် လှုပ်ရှားမှုတွေကိုတော့ ခုချိန်ထိ တိုက်ရိုက်ကူညီထောက်ပံ့မှု မရှိပါဘူး။ စစ်အာဏာသိမ်းပြီးစကတည်းက အမေရိကန် အစိုးရက လက်နက်ကိုင် နည်းလမ်းဟာ အရင်းအနှီးကြီးမားပြီး ဘေးထွက်သက်ရောက်မှု အကျိုးဆက်တွေရှိတာကြောင့် အမေရိကန်ပြည်ထောင်စုအနေနဲ့ ပါဝင်ခြင်း၊ အားပေးကူညီခြင်း မပြုဘူးဆိုတာကို သံတမန်စကားလုံးတွေနဲ့ ထုတ်ဖော်ပြောဆိုထားခဲ့ပြီး အဆိုပါ မူအတိုင်း ယခုအချိန်ထိ ကျင့်သုံးနေခဲ့တာလည်း ဖြစ်ပါတယ်။ 

တဖက်မှာ အမေရိကန်နဲ့ ကမ္ဘာ့အရေးကိစ္စတွေမှာ ပြိုင်ဘက် တနိုင်ငံဖြစ်တဲ့ တရုတ်နိုင်ငံ အနေနဲ့ မြန်မာနိုင်ငံအရေးမှာ ၄င်းတို့ရဲ့ ကိုယ်ပိုင် ချဥ်းကပ်မှု၊ ရှုမြင်မှုတွေ ရှိထားပြီး အဲဒီရှုထောင့်ကနေ အဖြေရှာဖို့ ကြိုးစားနေတာလည်း ဖြစ်ပါတယ်။ တရုတ်နိုင်ငံနဲ့ ဆန့်ကျင်ဘက်အမြင်တွေ ရှိတဲ့ အမေရိကန်ပြည်ထောင်စု၊ ထိုင်ဝမ်အရေး၊ တောင်တရုတ်ပင်လယ်အရေးတွေမှာ တရုတ်နိုင်ငံနဲ့ ဆန့်ကျင်ဘက် ရပ်တည်ချက်တွေ ရှိတဲ့အမေရိကန် ပြည်ထောင်စုအဖို့ မြန်မာ့အရေးမှာ တရုတ်နိုင်ငံနဲ့ ရပ်တည်ချက် တချို့ အကျိုးစီးပွားတချို့ တူကောင်းတူခဲ့ရင် မြန်မာ့အရေးကို ထိုင်ဝမ်အရေး ကိစ္စလောက်၊ တောင်တရုတ်ပင်လယ် အရေးကိစ္စလောက် ကမ္ဘာ့မဟာဗျူဟာ ကိစ္စမဟုတ်တဲ့ ကိစ္စတရပ်အဖြစ် လျစ်လျူရှုခံရမယ့် စိုးရိမ်မှုမျိုးလည်း ရှိနိုင်တာဖြစ်ပါတယ်။ 

အင်အားကြီးနိုင်ငံတွေ အနေနဲ့ တနိုင်ငံရဲ့ ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေး တရားမျှတမှုတွေထက် ကမ္ဘာလုံးဆိုင်ရာ အင်အားချိန်ခွင်လျှာ၊ အင်အားတန်ပြန်မဲတင်းဖို့ ဦးတည်ချက်မတူသော်လည်း အကျိုးစီးပွားတူတဲ့ နိုင်ငံအချင်းချင်း ယာယီအားဖြင့် အတူတကွ ရပ်တည်ကြတာတွေ ရဲ့ ကြားထဲမှာ မြန်မာ့အရေးက နောက်တန်းရောက်ပြီး လျစ်လျူရှုခံရမယ့် အရေးလည်း သတိပြုကာ ဘယ်လို ကြိုတင်ပြင်ဆင်သင့်သလဲ၊ ဘယ်လိုရှင်းပြ စည်းရုံးကြမလဲဆိုတာ တွေးဆထားကြရမယ့် အနေအထားလို့ ဆိုချင်ပါတယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar