Breaking News

အနှစ်သာရအားဖြင့် ပျက်ပြားသွားတဲ့ NCA၊ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ PDF တွေရဲ့ တခုတည်းသော အမိန့်ပေးစနစ် ဖြစ်လာနိုင်မလား


မြန်မာနွေဦး ခရိုနီကယ် - သြဂုတ် ၁၀ မြင်ကွင်း

(မိုးမခ) ဩဂုတ် ၁၁၊ ၂၀၂၃


အနှစ်သာရအားဖြင့် ပျက်ပြားသွားတဲ့ NCA၊ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ PDF တွေရဲ့  တခုတည်းသော အမိန့်ပေးစနစ် ဖြစ်လာနိုင်မလား 

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက စစ်ကောင်စီ ခေါင်းဆောင်က နေပြည်တော်မှာ ခေါ်ယူတဲ့ အစည်းအဝေးမှာ ဝန်ကြီးဌာနတွေရဲ့ လုပ်ဆောင်မှုတွေ၊ မအောင်မြင်မှုတွေ၊ စိတ်တိုင်းမကျမှုတွေ ကို ပြစ်တင်ပြောဆိုခဲ့တယ်လို့ ဘီဘီစီမြန်မာပိုင်းမှာ ပါရှိပါတယ်။ အဲဒီအစည်းအဝေးမှာပဲ စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်က NCA” နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်ရေးစာချုပ်”အတိုင်း ဆက်လက်သွားမယ်လို့ ထပ်လောင်း ပြောဆိုခဲ့ပါတယ်။ ဖက်ဒရယ်စနစ်ကို သွားရာမှာ လူမျိုးစုကို အခြေခံတဲ့ စနစ်ထက် ဒေသကို အခြေခံတဲ့ စနစ်မျိုးသွားမယ်လို့လည်း ဆိုခဲ့ပြီး လက်ရှိ ၂၀၀၈ မှာ ဖက်ဒရယ်အခွင့်အရေးတွေ ပါရှိပြီးဖြစ်သလို အများပြည်သူသဘောဆန္ဒနဲ့ ကိုက်ညီရင် တပ်မတော်ကလည်း ပြင်ဆင်ဖို့ သဘောတူတယ်လို့ ဆိုပါတယ်။ 

ဒီနေရာမှာ ဖက်ဒရယ်စနစ်ကို ပြင်ဆင်ဖို့ သဘောတူတယ်ဆိုတာထက် NCA စာချုပ်ကို နှုတ်နဲ့ ဆက်လက်ကိုင်စွဲထားဆဲဖြစ်ပေမယ့် လက်ထဲမှာတော့ လက်နက်နဲ့ လေယာဥ်နဲ့ ပစ်ခတ်၊ ဗုံးကြဲ တိုက်ခိုက်နေ အရပ်သားတွေကို လက်နက်ကိုင် အဖွဲ့ဝင်တွေကို ထောက်ခံသူ၊ ကူညီသူအဖြစ်သတ်မှတ်ကာ သတ်ဖြတ်နေပါတယ်။ ဒါ့အပြင် နေအိမ်တွေကိုလည်း မီးရှို့ဖျက်ဆီးကာ ကျေးရွာတွေ ပြန်လည်ထူထောင်ဖို့ ခက်ခဲအောင် လက်နက်ကိုင် လှုပ်ရှားမှုမှာ မကူညီနိုင်အောင် အရင်းအမြစ်တွေ ပိုင်ဆိုင်မှုတွေကို ဖျက်ဆီးပစ်တာတွေက ဘယ်ကိုမှ ခရီးတွင်စရာ မရှိပါဘူး။ 

NCA ကို နှုတ်က ကိုင်စွဲထားပေမယ့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေ အနက် ကချင်၊ ကရင်၊ ကယား၊ ရခိုင်၊ တအန်း၊ ချင်း၊ စတဲ့ အဖွဲ့တွေနဲ့ ပြင်းပြင်းထန်ထန် တိုက်ပွဲတွေ ဖြစ်ပွားနေသလို ရှမ်းလက်နက်ကိုင် အဖွဲ့ ကြီး ၂ ဖွဲ့အနက် တဖွဲ့ဖြစ်တဲ့ SSPP/SSA နဲ့လည်း တိုက်ပွဲတွေ ဖြစ်ပွားနေတာ ဖြစ်ပါတယ်။ အန်စီအေ လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့တွေအနက် တိုက်ပွဲ မဖြစ်တာဆိုလို့ မွန်ပြည်သစ်ပါတီ၊ လားဟူ အဖွဲ့ တို့နဲ့ သာတိုက်ပွဲ ဖြစ်ပွားခြင်းမရှိတဲ့ အနေအထားလည်း ဖြစ်ပါတယ်။ 

ရှင်းအောင်ပြောရရင်တော့ စစ်အာဏာသိမ်းမှု ဖြစ်ပွားပြီးနောက် NCA ဟာ အနှစ်သာရအားဖြင့် ပျက်ပြယ်ခဲ့ပြီး လို့ဆိုရမှာဖြစ်ပါတယ်။ 

NCA မှာ လက်မှတ်ရေးထိုးထားခဲ့တဲ့ အဖွဲ့တဖွဲ့ဖြစ်တဲ့ ကေအန်ယူ အဖွဲ့ကလည်း NCA စာချုပ်ဟာ စစ်အာဏာသိမ်းပြီးကတည်းက ပျက်ပြယ်သွားပြီဖြစ်ကြောင်း ခုရက်ပိုင်း လုပ်ဆောင်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါသေးတယ်။ NCA ရဲ့ အခန်း (၁) ဖြစ်တဲ့ နိုင်ငံရေး ပြဿနာကို နိုင်ငံရေး နည်းနဲ့ ဖြေရှင်းရမယ်ဆိုတဲ့ အပိုင်းကို စစ်ကောင်စီက ချိုးဖောက် ဖျက်ဆီးခဲ့တာကြောင့် NCAက ပျက်ပြယ်ပြီးဖြစ်ကာ လိုက်နာစရာ မလိုတော့ကြောင်း ပြောဆိုသွားခဲ့တယ်လို့ သတင်းဖေါ်ပြမှုတွေမှာ ရေးသားနေကြတာ ဖြစ်ပါတယ်။ 

၂၀၁၁ ခုနှစ် ဧပြီလ မှာ ဦးသိန်းစိန် အစိုးရတက်လာပြီးနောက် တိုင်းရင်သားလက်နက်ကိုင် အဖွဲ့တွေကို ဖိတ်ခေါ်ကာ အလွတ်သဘောနဲ့ တရားဝင် ငြိမ်းချမ်းရေး ဆွေးနွေးပွဲပေါင်းမြောက်များစွာ၊  ညီလာခံ အကြိမ်ရေ အချို့နဲ့  နိုင်ငံလုံးဆိုင်ရာ အဆင့် သို့မဟုတ် ပြည်နယ်/တိုင်းဒေသကြီးအဆင့် လက်မှတ်ရေးထိုးမှု ပေါင်းများစွာ လုပ်ဆောင်ခဲ့ရာက နိုင်ငံရဲ့ ဒေသအတော်များများမှာ သေနတ်သံတိတ်ဆိတ်ခဲ့တာ ဖြစ်ပါတယ်။ သို့ပေမယ့် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုကြောင့် ဆယ်စုနှစ် တခုကြာ ဆွေးနွေးမှုတွေ၊ သဘောတူညီမှုတွေ၊ တည်ဆောက်မှုတွေအားလုံး သဲထဲရေသွန်သလို ဖြစ်ခဲ့ရတာ ဖြစ်ပါတယ်။ 

ဒီနေ့ အဖို့ နောက်အကြောင်းအရာတခုကတော့ ၂၀၂၁ ခုနှစ် မေလ နောက်ပိုင်းပေါ်ထွက်လာခဲ့တဲ့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေ အနေနဲ့ အမိန့်ပေးစနစ် တခုထည်းအောက်မှာ ရှိလာနိုင်မလားဆိုတဲ့ မေးခွန်းဖြစ်ပါတယ်။ PDF လို့ ယေဘုယျ အမည်နဲ့ ခေါ်ဆိုကြတဲ့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေ အနေနဲ့ မိမိတို့ ဘာသာ မိမိတို့ ရပ်တည်နေကြသူတွေ၊ အမျိုးသားညီညွတ်ရေး အစိုးရရဲ့ ကာကွယ်ရေး ဝန်ကြီးဌာန လက်အောက်က ဖွဲ့စည်းလှုပ်ရှားနေကြတဲ့ အဖွဲ့တွေ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေအောက်မှာ သို့မဟုတ် ၄င်းတို့ရဲ့ ထိန်းချုပ်နယ်မြေထဲ နေထိုင်ပြီး စစ်ကောင်စီတပ်ကို တိုက်ခိုက်နေတဲ့ အဖွဲ့တွေ စသဖြင့် ပေါ်ထွက်လာပုံ မတူတာ၊ ထောက်ပံ့တဲ့ အဖွဲ့အစည်း မတူတာ၊ လက်နက်ငွေကြေး ရရှိမှု မတူညီတာတွေအပေါ် ကွဲပြားပြီး မိမိတို့ အမိန့်ပေးစနစ်နဲ့ မိမိတို့ဘာသာ ရပ်တည်နေကြတဲ့ လက်နက်ကိုင်အဖွဲ့တွေ အများအပြားရှိလာတာ ဖြစ်ပါတယ်။ 

ယေဘုယျ အမည် PDF  နာမည်အောက်မှာ ဒေသအလိုက် နာမည်ပေးထားကြတာ သို့မဟုတ် အမှတ်အသား နာမည်တခုခု ပေးထားကြတာတွေ ရှိပြီး ဘုံရန်သူက စစ်ကောင်စီတပ်တွေ ဖြစ်တာမို့လို့ ဘုံရန်သူ တူသူချင်း ဘာမှ သဘောထားကွဲလွဲစရာ ညှိနှိုင်းလို့ မရနိုင်စရာမရှိဘူးလို့ ယေဘုယျအားဖြင့် နားလည် ထားကြပါတယ်။ သို့ပေမဲ့လည်း စစ်ကောင်စီတပ်တွေနဲ့ တိုက်ခိုက်တာတခုတည်းမဟုတ်ဘဲ PDF တပ်ဖွဲ့တွေအနေနဲ့ မြေပြင်မှာ အုပ်ချုပ်ရေး၊ အကောက်အခွန်၊ တဖွဲ့နဲ့ တဖွဲ့အကြား မသင့်မတင့်ဖြစ်တာ သဘောထားမတူတာ၊ အကျိုးစီးပွားချင်း ပဋိပက္ခဖြစ်တာတွေ ဖြစ်ပွားလာပြီဆိုရင် ဘယ်လို ဖြေရှင်းကြမလဲက မေးခွန်းဖြစ်လာပါတယ်။

အကျိုးစီးပွားချင်း ဆန့်ကျင်ဘက်ကျနေတာမျိုး၊ နယ်မြေစိုးမိုးမှုတွေ တဖွဲ့နဲ့ တဖွဲ့အကြား ထပ်နေတဲ့ ကျေးရွာ၊ မြို့တွေ ရှိလာတဲ့အခါ၊ အကောက်အခွန်တွေနဲ့ ပတ်သက်တဲ့ မူဝါဒ လက်တွေ့ ကျင့်သုံးမှုအပိုင်းတွေမှာ သဘောထား မတူညီကြတာ၊ နှုန်းထားမတူညီတာ သို့မဟုတ် နှစ်ထပ်ကောက်ခံတာမျိုးစတဲ့ လက်တွေ့ အုပ်ချုပ်ရေးဆိုင်ရာ ကိစ္စတွေ၊ လက်နက်ကိုင်ဆောင်တဲ့ အဖွဲ့ဖြစ်သည့် အားလျော်စွာ အာဏာအလွဲသုံးမှုတွေ၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဖြစ်ပွားလာတဲ့အခါမှာ ဘယ်လို အမိန့်ပေးစနစ်နဲ့ ထိန်းသိမ်းကြမလဲ၊ လိုက်နာအောင် ကြပ်မတ်ကြမလဲ စတာတွေက တကြောင်းတည်း ဖြေရခက်တဲ့ မေးခွန်းဖြစ်လာပါတယ်။

 ခုရက်ပိုင်း PDF တပ်ဖွဲ့အချင်းချင်းအကြား ပွတ်တိုက်မှုတွေ ၊ တပ်ခွဲ တပ်ရင်း ခေါင်းဆောင်ဖြစ်သူက တဖက်အဖွဲ့ရဲ့ မိသားစုဝင်တွေကို ဖမ်းဆီး၊ တဖန် တဖက်အဖွဲ့က ဝိုင်းပိတ်တိုက်ခိုက်ပြီး ခေါင်းဆောင်ကို ပစ်ခတ်သတ်ဖြတ်လိုက်တာတွေက မြန်မာနိုင်ငံအလယ်ပိုင်း PDF တပ်ဖွဲ့တွေအကြား ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ 

အလားတူ ဒီပဲယင်း မြို့နယ်မှာ အခြား PDF လက်နက်ကိုင် အဖွဲ့ဝင်ရောက်လာတာကို တားမြစ်တဲ့ အမိန့်ထုတ်ပြန်တဲ့ အဖြစ်လည်း ဖြစ်ပွားခဲ့သလို ယခင်လက မကွေးတိုင်း ရိုးမဧရိယာက PDF အဖွဲ့တွေအကြားမှာလည်း အဖွဲ့တဖွဲ့ရဲ့ ခေါင်းဆောင်ဖြစ်သူကို အစည်းအဝေး ဖိတ်ပြီး အများရှေ့မှာ ပစ်သတ်ခဲ့တဲ့ အဖြစ်အပျက်လည်း ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ 

ဒီအဖြစ်အပျက်တွေကို ကြည့်ရင် ဗဟိုအမိန့်ပေးစနစ် တခုတည်းအောက်မရှိတဲ့ PDF လက်နက်ကိုင် အဖွဲ့တွေအကြား နိုင်ငံရေးသဘောထား ၊ လက်နက်ကိုင် တပ်ရဲ့ စည်းမျဥ်းစည်းကမ်း၊ အုပ်ချုပ်ရေးနဲ့ လက်နက်ကိုင် အဖွဲ့ရဲ့ လုပ်ပိုင်ခွင့် ရောထွေးနေတာ၊ သို့မဟုတ် အုပ်ချုပ်ရေးကို သီးသီးသန့်သန့် မထူထောင်နိုင်သေးတဲ့ အနေအထားမှာ လက်နက်ကိုင် အဖွဲ့က အုပ်ချုပ်ရေး အာဏာကိုပါ ကိုင်စွဲ ကျင့်သုံးနေရာမှာ လက်နက်ကိုင် အဖွဲ့အချင်းချင်း အကြား ပြဿနာတွေဖြစ်ပွားလာရင် ဘယ်လို ဖြေရှင်းကြမလဲဆိုတဲ့ စနစ်မရှိတာလည်း ပိုပြီးပေါ်လွင်လာတဲ့ သဘောဖြစ်ပါတယ်။ ဒီပြဿနာတွေ ရှိနေတာကို အသိအမှတ်ပြုပြီး ဖြေရှင်းနိုင်ဖို့ ဘယ်လို ကြိုးစားမလဲ ၊ ဖြေရှင်းနိုင်ဖို့ ဘယ်လိုအခြေအနေတွေ အခြေခံအချက်အလက်တွေက မရှိမဖြစ် လိုအပ်နေသလဲ ဆိုတာလည်း မေးခွန်းတွေ ရှိနေဆဲ ဖြစ်ပါတော့တယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar