Breaking News

ခင်လေး (Aotearoa) - ကော်ဖီဆိုင်က ကိုးဗစ်

Image- Crd
ကော်ဖီဆိုင်က ကိုးဗစ်
ခင်လေး (Aotearoa)
(မိုးမခ) ဩဂုတ် ၁၁၊ ၂၀၂၂

နယူးဇီလန်ကို ကိုးဗစ် ၁၉ ရောက်ပြီး ၂ နှစ်ခွဲအကြာမှာ သမီးလေး ကော်ဖီဖျော် သင်တန်းသွာ းတက်ပါတယ်။ သူ့ရဲ့ဒီဇိုင်း ပရောဂျက် တခုအတွက် ကော်ဖီဆိုင် ဘယ်လိုအလုပ်လုပ်တယ်ဆိုတာသိရဖို့ဆိုတဲ့အကြောင်းပြချက်နဲ့ဆိုတော့လဲ... သွားပေါ့။ ၃ ရက်ကြာတဲ့ သင်တန်းရဲ့နောက် ဆုံးနေ့မှာတော့ လည်ချောင်းနာတယ်အမေ.. စစ်လိုက်ဦးမယ်ဆိုပြီး ပိုးရှိမရှိ အမြန်စစ်တဲ့ Rapid Antigen Test (RAT) လုပ်လိုက်တာ နှစ်လိုင်းလေး ထွက်လာပါရော။ သူ့အခန်းထဲမှာ သူ့ဘာသူ စစ်တာဆိုတော့ အဖြေလေးကို ဓာတ်ပုံရိုက်ပြီး ကိုယ်တို့ကို ဖုန်းကပို့ပြီး ပြရှာတယ်။ ဒါနဲ့ပဲ သူ့ အခန်းနားနီးတဲ့ ရေချိုးခန်း အိမ်သာ၊ သူ့ကိုအပိုင်ပေး သူ့အဝတ်တွေ သပ်သပ် လျော်၊ စားစရာ သောက်စရာတွေ သူ့အခန်းထဲပို့ လုပ်ရတော့တာပေါ့။

ကလေးတွေ ငယ်ငယ်လေး ကထဲက စွဲပြလာတဲ့ ဆရာဝန်ကြီးဆီဖုန်းဆက်တော့ သူ့ အမျိုးသမီး လာကိုင်တယ်။ ဆရာဝန်ကြီးက ကိုယ့်နံပါတ်ကိုလဲ အဖေ့နာမည်အောက်မှာမှတ်ထားတော့ သူ့အမျိုးသမီးက အောင်‌ရေ ဆရာမအားလို့ ဆရာ့အမျိုးသမီးပါလို့ ပြောတယ်။ အဲဒီတော့ ကိုယ်ကလည်း အတော်ပဲ ကျွန်မလည်း အောင့်အမျိုး သမီးပါ၊ သမီးလေး ကိုးဗစ်ရလို့ဆိုတော့ သူက ငါလဲ ဆရာဝန်ပဲဆိုတာ နင်သိတယ်မဟုတ်လား၊ ငါ အကြံပေးလို့ရလားလို့မေးတယ်။ သိပ်ချစ် စရာကောင်းတယ်နော်။ ဒါနဲ့ ဟုတ်ကဲ့ပါဆိုတော့ ဆယ်ကျော်သက် ကလေးတွေမှာဖြစ်တာ ပူစရာမလိုဘူး၊ ပါရာနဲ့ အိုင်ဗီပရိုဖင် တိုက်၊ ချောင်းဆိုးပျောက်ဆေးတိုက်၊ အရည်များများ တိုက်၊ နှာခေါင်းစည်းတပ်တဲ့။ ဆေးခန်းကို ဖုန်းဆက်၊ ကိုးဗစ် ဝက်ဘ်ဆိုဒ်မှာ ဖြစ်ကြောင်းမှတ်ပုံတင်၊ အဲဒါဆို အိမ်ကို ဆေး တွေ လိုအပ်တာတွေ အလကား လာပို့ပေးမယ်တဲ့။ ဒီမှာဆရာဝန်တွေ အလွတ်မကုကြပါဘူး။ လူနာတိုင်းမှာ လူနာနံပါတ်ရှိပြီး သူတို့အတွက် ကုသမှုမှတ်တမ်းတွေ အကုန်လုံးကို ကျန်းမာရေးမှတ်တမ်းထဲမှာ အကုန်သွင်းကြရတာဆိုတော့ မှတ်ပုံတင်ထားတဲ့ ဆေးရုံ ဆေးခန်းကနေပဲ တရားဝင်ကုသမှုတွေ ပေးကြရပါတယ်။ ခင်နေလို့ ဖုန်းကနေ ကူညီအကြံပေးနိုင်ပေမယ့် ဆေးပေးတာကျတော့ တရားဝင်နေရာကယူတာ အားလုံးအတွက် အကောင်းဆုံးပါ။ 

ဒါနဲ့ ညတွင်းချင်း လုပ်လို့ရတဲ့ ရောဂါဖြစ်ကြောင်း မှတ်ပုံတင်ဖို့ သမီးကိုပြော၊ သူတို့ ကျောင်း၊ ကိုယ့်ကျောင်း၊ အဖေ့အလုပ်ကို အကြာင်းကြားတို့ လုပ်ကြရပါတယ်။ နှစ်ပတ်တာ ကျောင်းပိတ် ရက်ရဲ့ နောက်ဆုံး သောကြာ နေ့မှာဖြစ်တာဆိုတော့ နောက်တပတ်မှာ ကျောင်းသွားဖို့ ပြင်နေတာတွေ ရပ်ပေါ့။ တမိသားစုလုံး self-isolate လုပ်ကြရတော့မှာကိုး။ တပတ်လုံး အပြင်မထွက်ပဲအိမ်ထဲမှာနေရမှာ ပျော်စရာကြီးလို့ အရင်တုန်းကထင်ထားပေမယ့် ပြင်းလှတဲ့ သမီးရဲ့ ချောင်း ဆိုးသံကိုကြားရတာ မသက်သာလှပါဘူး။ သူသက်သာစေမယ်ထင်ရတဲ့ စား စရာသောက်စရာလေးတွေ ကြိုးစားလုပ်၊ ဘာလိုချင်လဲမေး၊ ကျန်တဲ့သူတွေကို ကူးမှာစိုး၊ ဆရာဝန်က နှာခေါင်းစည်းတပ်ဆိုပေမယ့် အိမ်ထဲမှာ ဘယ်သူက တပ်ချင်မှာတုန်း။ ဒါနဲ့ပဲအဖေ ချောင်းစဆိုးလာပါတယ်။ နှာတွေလဲ စေး၊ စစ်ကြည့်တော့ တလိုင်းပဲ ပေါ်တယ်၊ အင်္ဂါနေ့ကျတော့ ချောင်းက သားဆီရောက်၊ စစ်ကြည့်တော့လဲ တစ်လိုင်းပဲ။ နောက်တနေ့ကျ ကိုယ့်အလှည့်၊ နှာစေး၊ ချောင်း ဆိုး၊ ကိုယ်ပူတက်လိုက် ကျလိုက်။ ကိုယ်က နှာခေါင်းထဲ၊ လည်ချောင်းထဲမှာရှုပ်နေရင် မနေတတ်ဘူး၊ အကုန်ညှစ်ထုတ် ထွေးထုတ်ပစ်ရမှ။ ခါတိုင်းဆို တခါ ရှင်းထုတ်ပြီးရင် အနည်းဆုံး ၁၅ မိနစ်လောက်တော့ အေးအေး နေရတယ်။ ဒီတခေါက်က ခုပဲရှင်းပြီး လှည့်ထွက်တာ နှစ်လှမ်းမပြည့်သေးဘူး နှာရည်တွေက စီးကျလာပြန်ရော၊ မျက်နှာသစ် ဇလုံမှာ ရေပူဖွင့်ပြီး အနည်းဆုံး ၁၅ မိနစ်ကနေ နာရီဝက်လောက် နေနေရတယ်။ 

ဟင်းချက်ပြန်တော့လဲ တဒုက္ခ။ ကိုယ်က အနံ့နဲ့ ချက်တဲ့သူ၊ တော်ရုံမြည်းတာမဟုတ်ဘူး၊ အခုက ဘာဖြစ်သလဲဆိုတော့ အနံ့တော့မပျောက်ဘူး၊ တချို့ အနံ့တွေ မခံနိုင်ဖြစ်တာ။ သမီးလေးက မုန်လာဥချဥ်ရေ အလွန်ကြိုက်။ သူမုန်လာဥ ချဥ်ရေ စားချင်တယ်ဆိုလို့ အဖေ့သူငယ်ချင်းက မုန်လာဥဝယ်လာပြီး အိမ်ရှေ့မှာ လာချပေးတယ်။ ကိုယ်က အားရပါးရ ချက်မယ်ပေါ့ဆို အား လုံးပြင်ဆင်ပြီး ဆီသတ်၊ ငါးပိထည့်၊ မုန်လာဥထည့်၊ ခရမ်းချဥ်သီးထည့်၊ မန်ကျည်းရေထည့်၊ ပုံမှန်အတိုင်းဆို ထွက်လာတဲ့အနံ့က စားချင်စဖွယ်နော်၊ ဒီတခါ အဲဒီလိုမဟုတ်ဘူး။ ဘာဖြစ်တယ်ရယ်မသိ၊ ခေါင်းကိုက်တာလဲမဟုတ်၊ အဲဒီအနံ့ကြောင့် စိတ်တွေ တိုလာတာ။ အနားက လူတွေ (အနားမှာက အဖေပဲရှိ) ကို ရန်လုပ်ချင်လာတာ။ တော်တော်ဆိုးတာနော်။ မဖြစ်သေးပါဘူးဆို မီးပိတ် အိုးအဖုံးပိတ်ပြီး ကိုယ့်အခန်းထဲကိုယ်ပြန်လာ၊ ရေချိုး အဝတ်လဲပြီးတော့မှ လူက နည်းနည်း ဆောက်တည်ရာ ရသွားတယ်။ 

မကြာခဏ ခါးနာတတ်တဲ့ကိုယ့်အတွက် ပါရာစီတာမောက အလုပ်မလုပ်လေတော့ အိုင်ဗီပရိုဖင်သောက်ပေါ့။ တညလုံး နှာခေါင်းပိတ် ချောင်းဆိုး အိပ်မရ။ ဒါနဲ့ မနက်ကျ စစ်ကြည့်တော့ နှစ်လိုင်းဖြစ်ပါလေရော။ ဝမ်းမနည်းပဲ သမီးလေးဆီသွားလို့ရပြီဆိုပြီး ကိုယ်ပျော်ပါတယ်။ သားကလဲ နှစ်လိုင်း၊ အဖေကလဲ အားကျမခံလိုက်စစ်တော့ နှစ်လိုင်း၊ ကိုးဗစ် မိသားစုစစ်စစ် ဖြစ်ကရော။ ဝမ်းသာအားရ သမီးလေးအခန်းထဲသွား၊ မိသားစု ၄ ယောက် huggee တွေလုပ်၊  တကယ်ပျော်တာ။ ကိုယ်တို့က အမြဲတမ်း ပူးပူးကပ်ကပ်မနေကြပေမယ့် အနည်း ဆုံး ညအိပ်ခါနီး၊ ဝမ်းနည်းစရာအချိန်၊ ဝမ်းသာစရာအချိန်တွေမှာ အချင်းချင်း ထွေးထွေးပွေ့ပွေ့ huggee လုပ်လေ့ရှိတာ သမီးလေး မွေးကထဲကဆိုတော့ နေမကောင်းလို့ ဝမ်းနည်းနေတဲ့အချိန် မထိရတာ၊ အနားတောင် ကပ်လို့မရတာ တကယ့်ကို စိတ်ဆင်းရဲစရာပါ။ 

သျူးသျူးလေးက ပိုဆိုးတာပေါ့။ သူ့နာမည်အပြည့်အစုံက မက်သျူးတဲ့၊ အိမ်က ပူစီညောင်လေး။ သူက ငှက်ဖမ်းကျွမ်းကျင်တဲ့တောကြောင်မျိုးဆိုတော့ နေ့ခင်းဖက်ကိုယ်တို့ကျောင်းသွားရင် အိမ်ထဲမှာ ပိတ်ထားခဲ့ရတာ။ ဒီတော့ သူက နေ့ဖက်ဆိုအိပ်၊ ညဘက်ဆို သောင်းကျန်း၊ အဆော့ကလဲ သန်၊ အသန့်ကလဲကြိုက်။ 

အခုအချိန် နယူးဇီလန်မှာက ဆောင်းတွင်း ဆိုတော့ အေးစိမ့်ပြီး မိုးရွာတာ အမြဲလိုလိုပါပဲ။ မိုးရွာတဲ့ ဆောင်းညတွေမှာအေးစက်နေတဲ့ မိုး‌ပေါက်တွေ သူ့အမွှေးရှည်ရှည်တွေပေါ် တင်လာပြီဆိုရင် သျူးကလေးဟာ အိမ်ထဲကို အမြန်ပြေးဝင်လာပြီး သမီးလေး အခန်းရှေ့မှာ ရပ်လို့ သူ့ကို ရေသုပ်ပေးဖို့ ခေါ်တတ်ပါတယ်။ ကိုယ်က ထွက်သွားမိရင် ကိုယ့်ကို ဘုကြည့်ကြည့်ပြီး သမီး အခန်းတံခါးနားကို ပိုနီးအောင် ရွှေ့သွားတတ်ပါတယ်။ အမေမလာနဲ့ မမကိုခေါ်နေတာဆိုတဲ့ သဘောပေါ့လေ။ ဟိုကလဲထွက်လာပြီး အို သျူးသျူးလေးစိုလာသလား လာလာဆိုပြီး အနှီးလေးနဲ့ ဖွဖွလေးသုပ်ပေးရင် တခူးခူးနဲ့ မျက်စေ့မှိတ်ပြီး ဇိမ်ခံတတ်ပါတယ်။ ကိုယ်ဆိုရင်တော့ စိုမယ်မှန်းသိရက်နဲ့ ထွက်ရသလား၊ လာစမ်းဆိုပြီး မခြောက်ခြောက်အောင် ဂုတ်ကကိုင်ပြီး သေချာခြောက်အောင် သုတ်တော့ ဇိမ်လဲမရှိ အဆူလဲခံရ‌သေးဆိုသလိုပေါ့။ သူက မကြိုက်။ကိုယ်တို့ မိသားစုမှာ သမီးတယောက်ပဲ သူ့ကိုဖမ်းပြီးချီတဲ့အလုပ်မလုပ်လေတော့ သျူးကလေးက သမီးကိုပိုယုံပါတယ်။ သူ အေးအေးဆေးဆေး အနှောင့် အယှက်ကင်းကင်းနေချင်ရင် သမီး အိပ်ရာပေါ်မှာ ခွေခွေလေး သွားအိပ်နေတတ်ပါတယ်။ အဲဒါဆို မမကလဲ သဘောတွေကျပြီး အိပ်ရာအနွေးပေးတဲ့ ခလုပ်ပါ ဖွင့်ထားပေးလေတော့ နှစ်ကောင်လုံး ဇိမ်ကောင်တွေ ဖြစ်နေကြတာပေါ့။ 

အခုသမီးက သျူးသျူးကို ကူးမှာစိုးလို့ဆိုပြီး သူ့အခန်းတံခါးကို မဖွင့်လေတော့ သျူးတကောင် သူ့မမအခန်းနား မယောင်မလည်လုပ်ရင်း ဘာများဖြစ်လို့ပါလိမ့်ဆိုတဲ့မျက်နှာထားနဲ့  သူ့နား ‌ရောက်လာတဲ့ ကိုယ့်ကို ကြည့်တတ်ပါတယ်။ သမီးကလဲ သျူးသျူးI miss you ဆိုပြီး အခန်းထဲကနေပြောပြီး နှစ်ကောင်သား အလွမ်းသယ်နေကြတာ။ တအိမ်လုံး positive ဖြစ်ပြီလဲဆိုရော အမေကို ဝတ်ကျေတန်းကျေ နှုတ်ဆက်၊ သျူးသျူးကို ချီလို့ရပြီလားဆို အေးလို့လဲ အဖြေရ‌ရော ကိုကိုမက်သျူးဆီ အပြေးသွားတော့တာပဲ။

ဒါနဲ့ပဲ ကိုယ်လဲ ကိုးဗစ် မှတ်ပုံတင်တဲ့အလုပ်ကို လုပ်ရတော့တာပေါ့။ တော်တော်လေး တိကျပါတယ်။ ကိုယ့် ကျန်းမာရေးအကောင့်မှာဝင်ပြီး စာရင်းသွင်းတော့၊ လိုတာတွေအကုန်လုံး မေးတာ၊ ဘယ်တုန်းက စဖြစ်တာလဲ၊ မဖြစ်ခင် ဘယ်သွားသေးလဲက စလို့ self-isolate လုပ်တဲ့ အချိန်မှာ နေစရာ စားစရာရှိရဲ့လားဆိုတာပါ ပါသေး တာ။ ဒါနဲ့ နှစ်ပတ်လုံး အိမ်ထဲမှာ ပိတ်မိနေခဲ့ပါတယ်။ အရင်တုန်းက အဲဒီလိုသာပိတ်မိနေရင် လုပ်ချင်တာတွေ လုပ်လို့ရမှာထင်ထားမတာတက်တက်စင်အောင် လွဲပါတယ်။ ကွန်ပျူတာနဲ့လဲ အကြာကြီး အလုပ်မလုပ်နိုင်၊ ရုပ်ရှင်ကြည့်လဲ ခေါင်းကိုက်၊ ကိုယ့်အကြိုက်ဆုံး သိုးမွှေးထိုးစက်တောင် ဖြောင့်အောင် သုံးလို့မရဘူး။ 

ပိုးကူးပြီး တစ်ပတ်တိတိကြာတဲ့ နေ့ကျတော့မှ ပိုးမရှိကြောင်း negative အဖြေရပါတယ်။

ကျန်းမာရေး ဌာနကလည်း negative အဖြေရရင် ထွက်လို့ရပြီပြောတာနဲ့ ကိုယ်ကျောင်းသွားပါတယ်။ ကျောင်းမှာလဲ ဆောင်းတွင်း တုပ်ကွေးကွေးတဲ့သူတွေရယ် ကိုးဗစ်ဖြစ်တဲ့သူတွေရယ်ပေါင်းပြီး ကျောင်းသားရော ဆရာရော နည်းနည်းပဲ ရှိပါတယ်။ သမီးတို့ကျောင်းကားလဲ ကားမောင်းတဲ့သူတွေ ကိုးဗစ်ကြောင့် self-isolate လုပ်လို့ ကားနှစ်စီးကနေ တစ်စီးပဲဆွဲနိုင်တော့တယ်။ အဖေတို့ရုံးမှာလဲ လူနည်းတာပဲတဲ့။ ဒီနေ့ ကျောင်းမှာ ဆရာမတယောက်က နယူးဇီလန်က ကိုးဗစ်လူနာဦးရေဟာ သူ့ထက် လူဦးရေအဆမတန်များတဲ့နိုင်ငံတွေက လူနာဦးရေထက်တောင်များနေတယ်လို့ ရေဒီယိုမှာကြားလိုက်ကြောင်းပြောနေတယ်။ ကိုးဗစ်ဖြစ်ပြီး ပြန်လာတဲ့သူတွေလဲ ဘယ်သူမှ အရှင်းမပျောက်ကြပါဘူး၊ ကိုယ်က ချောင်းဆိုးကျန်တယ်၊ တချို့က နည်းနည်းလုပ်ရင် များများပင်ပန်းတယ်၊ တချို့က ကိုယ်တွေ လက်တွေ နာနေတယ်တဲ့။ ဒုက္ခသစ္စာတွေပေါ့လေ။

ဘေးရန်ကင်းကြပါစေ။
ခင်လေး (Aotearoa)
11:48 p.m. 10.08.2022Wednesday
-

oin Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar