Breaking News

တရုတ်နှစ်သစ်ကူး အခမ်းအနားတက်တဲ့ စစ်ကောင်စီခေါင်းဆောင်၊ စစ်မီးတောက်လောင်နေဆဲ စစ်ကိုင်းတိုင်း

မြန်မာနွေဦး ခရိုနီကယ် - ဇန်နဝါရီ ၂၂ မြင်ကွင်း

(မိုးမခ) ဇန်နဝါရီ ၂၃၊  ၂၀၂၃


တရုတ်နှစ်သစ်ကူး အခမ်းအနားတက်တဲ့ စစ်ကောင်စီခေါင်းဆောင်၊ စစ်မီးတောက်လောင်နေဆဲ စစ်ကိုင်းတိုင်း 

တရုတ်နှစ်သစ်ကူးနေ့ ဖြစ်တဲ့ ဇန်နဝါရီ ၂၁ ရက်နေ့မှာ တရုတ်သံရုံးက ကမကထပြုလုပ်ကျင်းပတဲ့ တရုတ်နှစ်သစ်ကူး အကြိုနေ့  အခမ်းအနားကို စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်တက်ရောက်ခဲ့တဲ့ ဓါတ်ပုံတွေ ဆိုရှယ်မီဒီယာမှာ ပထမဆုံး ပေါ်ထွက် လာပြီးနောက် သတင်းတွေမှာ စစ်ကောင်စီ ခေါင်းဆောင် မင်းအောင်လှိုင်က မြန်မာနိုင်ငံဟာ တရုတ်နိုင်ငံရဲ့ အိမ်နီးချင်းကောင်း အဖြစ်နဲ့ ဆက်လက်ရှိနေမှာ ဖြစ်တယ်လို့ ပြောကြားလိုက်တဲ့ သတင်းတွေ ဖေါ်ပြထားကြတာတွေ့ရပါတယ်။ စစ်ကောင်စီ ခေါင်းဆောင် အနေနဲ့ ဗုဒ္ဓဘာသာအပြင် အခြားသော ဘာသာရေး အခမ်းအနားနေ့တွေရဲ့ ပွဲတွေကို တက်ရောက်တာဟာ မထူးဆန်းပေမယ့် တရုတ်နိုင်ငံသံရုံးက ကြီးမှူးကျင်းပတဲ့ တရုတ်ရိုးရာ နှစ်သစ်ကူး အခမ်းအနားကို တက်ရောက်ခြင်းဟာ အခြားသော ကိုးကွယ်ရာဘာသာကို လေးစားတယ်ဆိုတဲ့ ပုံရိပ်မျိုးပြသချင်တာထက်ကို ပိုလွန်ပြီး၊ အပြင်ပန်းအမြင်အရ ဆက်ဆံရေး အေးစက်သလို ဖြစ်နေတဲ့ တရုတ်နိုင်ငံနဲ့ ဆက်ဆံရေး ကောင်းလိုတဲ့ ဆန္ဒလို့ ယူဆစရာ ကောက်ချက်ချစရာလည်း ဖြစ်နေပါတယ်။ 

တရုတ်နိုင်ငံအနေနဲ့ လက်ရှိ အနေအထားမှာ စစ်ကောင်စီကို လက်နက်ရောင်းချပေးတဲ့ အဓိကနိုင်ငံတခု အနေအထားမဟုတ်ပေမယ့် အိမ်နီးချင်းနိုင်ငံ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ နိုင်ငံ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အချို့အပေါ်မှာ သြဇာရှိတဲ့ နိုင်ငံဖြစ်နေခြင်း ကမ္ဘာမှာလည်း အင်အားကြီးနိုင်ငံတနိုင်ငံဖြစ်နေသလို ကုလသမဂ္ဂလိုမျိုးမှာ မြန်မာ့အရေးနဲ့ပတ်သက်လို့ အမြဲတမ်းလုံခြုံရေးကောင်စီဝင် ဖြစ်ခြင်း၊ အနောက်နိုင်ငံတွေကို ဆန့်ကျင်မဲတင်းပေးမယ့် ရပ်တည်ချက် ရှိခြင်းတွေကြောင့် မြန်မာစစ်ကောင်စီအနေနဲ့ တရုတ်ရဲ့ အရေးပါမှုကို လျစ်လျူရှုလို့ မရတဲ့ သဘောဖြစ်ပါတယ်။ 

တဖက်မှာလည်း တိုင်းရင်းသားလက်နက်ကိုင်တချို့အပေါ် သြဇာရှိခြင်း၊ လက်နက် အကူအညီ အထောက်အပံ့တွေ ပေးနေတာရှိတယ်လို့ ယူဆခြင်းတွေကြောင့် စစ်အာဏာမသိမ်းမီနှစ်တွေကတည်းက တရုတ်နိုင်ငံနဲ့ စစ်တပ်အကြား ဆက်ဆံရေးက အေးနေခဲ့တာ ဖြစ်ပါတယ်။ အန်အယ်လ်ဒီအစိုးရလက်ထက် တရုတ်နိုင်ငံအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း တရုတ်နိုင်ငံ ဖိတ်ကြားခဲ့သလို မြန်မာနိုင်ငံကိုလည်း တရုတ်နိုင်ငံခေါင်းဆောင် လာရောက်ကာ သဘောတူညီချက် ၃၃ ခု လက်မှတ်ရေးထိုးခဲ့တဲ့အထိ ရင်းနှီးတဲ့ ဆက်ဆံရေးတွေ ရှိခဲ့တာ ဖြစ်လို့ စစ်အာဏာသိမ်းပြီးနောက် စစ်တပ်နဲ့ တရုတ်နိုင်ငံအကြား ဆက်ဆံရေးက ခပ်တန်းတန်းဖြစ်နေခဲ့တာ ခုချိန်ထိ ဖြစ်ပါတယ်။ 

တဖက်မှာတော့ မြန်မာ့နိုင်ငံအရေးမှာ စစ်ကောင်စီရဲ့ အာဏာသိမ်းမှုကို ဆန့်ကျင်ကန့်ကွက်ကြတဲ့ အနောက်နိုင်ငံတွေရဲ့ ဦးဆောင်နိုင်ငံဖြစ်တဲ့ အမေရိကန် ပြည်ထောင်စုနဲ့ တရုတ်နိုင်ငံတို့ ဆန့်ကျင်ဘက် တဖက်စီမှာရှိနေခြင်းကလည်း စစ်ကောင်စီအနေနဲ့ တရုတ်နိုင်ငံကို မဟာမိတ် အဖြစ် ပေါင်းသင်းထားဖို့ လိုကိုလိုအပ်တာ ဖြစ်ပါတယ်။ ရုရှားအနေနဲ့ ယူကရိန်းစစ်ပွဲနွံမှာ နစ်နေချိန် တရုတ်နိုင်ငံဟာ ကမ္ဘာ့အင်အားကြီးနိုင်ငံတွေ ထဲပိုမိုပြီး စစ်ရေး၊ စီးပွားရေး ခိုင်မာလာတဲ့ အနေအထားလည်း ဖြစ်တာကို စစ်ကောင်စီအနေနဲ့ သတိမပြုမိပဲ မရှိပါဘူး။ 

ဒီအခြေအနေတွေကို ထောက်ချင့်ပြီး စစ်ကောင်စီအနေနဲ့ တရုတ်နိုင်ငံကို ခယဆက်ဆံတဲ့အနေအထား မဟုတ်သည့်တိုင် ကောင်းမွန်တဲ့ ဆက်ဆံရေး ထိန်းထားဖို့ ခုအနေအထားထက် လျော့ကျမသွားအောင် ကြိုးစားနေတဲ့ သဘောမျိုးလို့ ယူဆရပါတယ်။ တရုတ်နိုင်ငံဟာ စစ်မက်ဖြစ်ပွားခြင်းထက် သံတမန်အင်အား၊ စီးပွားရေးအင်အားကို သုံးပြီးတဖက်နိုင်ငံကို ဖိအားပေးလေ့ရှိတာကြောင့် မြန်မာ့အရေးမှာလည်း ၄င်းတို့နိုင်ငံရဲ့ အကျိုးစီးပွား ရှုထောင့်ကကြည့်ကာ မြန်မာ့အရေးမှာ ၄င်းတို့ လိုချင်တဲ့အဖြေမျိုး ထွက်ဖို့ လမ်းကြောင်းပေးလိမ့်မယ်လို့ ယူဆရပါတယ်။ 

ဒီနေ့ သတင်းတွေထဲမှာ စစ်ကိုင်းတိုင်းထဲက အင်းတော်မှာ ထီးချိုင့်က ဒေသခံ ၃ ဦး စစ်ကောင်စီက ဖမ်းဆီးခေါ်ဆောင်သွားပြီး လမ်းမှာ အလောင်းပြန်တွေ့ရတဲ့ သတင်း၊ ကန့်ဘလူမြို့နယ်ထဲ စစ်ကြောင်းထိုးလို့ ဒေသခံ ၃ ထောင်ကျော် ထွက်ပြေးတိမ်းရှောင်နေရတဲ့ သတင်း၊ မကွေးတိုင်း မြိုင်မြို့နယ်က ကျေးရွာတရွာမှာ PDF တွေ အကာအကွယ်နဲ့ ဖွင့်လှစ်ထားတဲ့ ဆေးခန်းကို လေကြောင်းက တိုက်ခိုက်ခဲ့လို့ အမျိုးသမီးတဦး ထိခိုက်သေဆုံးတဲ့ သတင်းတွေ ဖတ်ရှုရပါတယ်။ စစ်ကိုင်းတိုင်းက ကျေးရွာတွေကို စစ်ကောင်စီတပ်တွေက ဝင်လိုက် ထွက်လိုက် မီးရှို့လိုက်လုပ်ဆောင်တာ၊ ပီဒီအက်ဖ်လို့ သံသယရှိသူ သို့မဟုတ် ထောက်ပံ့သူလို့ ယူဆကာ သတ်ဖြတ်တာတွေဟာ ဖြစ်နေကျ အဖြစ်အပျက်တွေလို ဖြစ်နေပြီး စစ်ကိုင်းတိုင်းမှာရဲ့  ကျေးရွာအများအပြားမှာ နေ့စဥ်လိုလို ဖြစ်ပွားနေတာဖြစ်ပါတယ်။ 

ဒီအခြေအနေတွေမှာ ကျေးရွာတွေရဲ့ နေအိမ်တွေ မီးရှို့ခံရတာ အခွင့်အလမ်း လျော့နည်းအောင်၊ အရပ်သား အသက်ဆုံးရှုံးမှုတွေ တတ်နိုင်သမျှ မရှိအောင် လုပ်ဆောင်ကြဖို့ အရေးတကြီး နည်းလမ်းရှာဖို့ လိုအပ်နေပြီလို့ ထင်ပါတယ်။ ဒေသခံတွေအနေနဲ့ စစ်အာဏာရှင် ဖြုတ်ချရေး လှုပ်ရှားမှုကို ထောက်ခံတာ မှန်ပေမယ့် အချိန်ကြာလာသည်နှင့်အမျှ အသက်ဘေး၊ ပိုင်ဆိုင်တဲ့ နေအိမ်ဆုံးရှုံးမှုနဲ့ ရိက္ခာဆုံးရှုံးမှု၊ အသက်မွေးဝမ်းကျောင်း အလုပ်ဖြစ်တဲ့ စိုက်ပျိုးရေးကို မလုပ်နိုင်တဲ့အနေအထားကနေ ငတ်မွတ်မှုဘေးတွေ အထိရောက်ရှိလာပြီး တော်လှန်ရေးကို ထောက်ခံအားပေးနိုင်တဲ့အင်အားတွေ လျော့နည်းလာမယ့် အန္တရာယ်လည်း ရှိနိုင်တာ ဖြစ်ပါတယ်။ ဒီလို သတ်ဖြတ်မှု မီးရှို့ဖျက်ဆီးမှုတွေက စစ်ကောင်စီဘက်က ကျူးလွန်နေတာဖြစ်လို့ ၄င်းတို့ အပေါ်မှာသာမူတည်တယ်လို့ ဆိုပေမယ့် တော်လှန်ရေး လက်နက်ကိုင် အဖွဲ့တွေအနေနဲ့ အရပ်သားလူထုကို အကာအကွယ်ပေးနိုင်ဖို့ အဆုံးအရှုံးနည်းအောင် နည်းလမ်း ရှာနိုင်ဖို့ အရေးတကြီး လိုအပ်နေတာလည်း ဖြစ်ပါတယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar