ခိုင်ကြည်သစ် - တရုတ်သမိုင်း မှတ်စုတို - ၂၉
ခိုင်ကြည်သစ် - တရုတ်သမိုင်း မှတ်စုတို - ၂၉
(မိုးမခ) ဖေဖော်ဝါရီ ၉ ၊ ၂၀၂၄
သုံးချောင်းထောက်ကြေးအိုးကြီးတွေရဲ့ အလေးချိန် သို့မဟုတ် ချူနိုင်ငံရဲ့ ဧကရာဇ်အိပ်မက်
ယန်စီမြစ်ဝှမ်းကို အခြေပြုပြီး ကြီးထွားလာတဲ့ ချူ(楚Chu) နိုင်ငံ ဟာ နောက်ပိုင်းမှာ မြောက်ပိုင်း မြစ်ဝါမြစ်ဝှမ်းက ကျို့ အင်ပါယာကို ခြိမ်းခြောက်လာပါတယ်။ ကျို့အင်ပါယာကို ဖျက်သိမ်းပြီး မင်းဆက်အသစ် ထူထောင်တာမျိုး မလုပ်နိုင်ခဲ့ပေမယ့် အနည်းဆုံးတော့ ကျို့ခေတ်ရဲ့ ဩဇာနဲ့ အင်အားကြီးတဲ့ ဘုရင်ခံနိုင်ငံအဖြစ် သမိုင်းမှတ်တမ်းရေးထိုးခံခဲ့ရပါတယ်။ ဒီအကြောင်း နည်းနည်းလေ့လာကြည့်ရအောင်ပါ။
အရှေ့ဘက်ကျို့ခေတ်ရဲ့ နွေဦးဆောင်းဦးကာလအတွင်း ဘီစီ ၆၈၅ ကနေ ဘီစီ ၆၂၁ အထိကြားကာလမှာ ချီ၊ စုန့်၊ ကျင် နဲ့ ချင် နိုင်ငံတွေက ဩဇာကြီးတဲ့ နိုင်ငံတွေအဖြစ် ကြီးစိုးခဲ့ကြပါတယ်။ ချီ နဲ့ ကျင် က ကျို့အင်ပါယာရဲ့ ဘုရင်ခံနိုင်ငံအဖြစ် တရားဝင် အသိအမှတ်ပြုခံခဲ့ရပါတယ်။ ဘီစီ ၆၂၁ နောက်ပိုင်းမှာ ကျင် နဲ့ ချီ နိုင်ငံတွေ အင်အားယုတ်လျော့လာပြီး ဘယ်သူက ဩဇာအကြီးဆုံးလဲဆိုတာ သတ်မှတ်ဖို့ ခက်ခဲလာပါတယ်။ တနည်းအားဖြင့် ဩဇာအာဏာ စုစုစည်းစည်းမရှိနေတော့ဘဲ ကွဲပြန့်နေတဲ့ အနေအထားပါ။
ဒီလိုအခြေအနေမှာ ကျို့အင်ပါယာရဲ့ တောင်ဘက် ချူ နိုင်ငံဟာ အင်အားကြီးမားလာပါတယ်။
အနောက်ဘက်ကျို့ခေတ်ကတည်းက ကျို့ နဲ့ ချူ ကြားမှာ စစ်ပွဲတွေ အများအပြားဖြစ်ခဲ့ဘူးပါတယ်။ ဒါပေမယ့် စစ်ပွဲအများစုမှာ ကျို့ဘက်က ရှုံးခဲ့တာများပါတယ်။ ဘီစီ ၆၃၂ မှာ ကျို့ဘက်က ကျင်ဘုရင်ဝမ် ဦးဆောင်ပြီးတိုက်တဲ့ ချန်ဖူးတိုက်ပွဲ (Changfu) တစ်ပွဲမှာပဲ ချူနိုင်ငံဘက်က ရှုံးနိမ့်ခဲ့ပါတယ်။ ဒါပေမယ့် အဲဒီနောက်ပိုင်းမှာ အင်အားပြန်လည်စုစည်းထားနိုင်ခဲ့ပါတယ်။
ချူနိုင်ငံဟာ သူနဲ့နီးစပ်တဲ့ နိုင်ငံငယ်တွေကို ချူနိုင်ငံအောက် သိမ်းသွင်းလိုက်ပြီး နိုင်ငံကာ ကျယ်ပြန့်လာတာနဲ့အမျှ မြောက်ပိုင်းက ကျို့နဲ့ ပိုပြီး နီးကပ်လာပါတယ်။ ဒါကြောင့် ကျို့ နန်းတော်ကို ပိုပြီး ခြိမ်းခြောက်သလို ဖြစ်လာပါတယ်။ ဒါကြောင့် ကျို့အင်ပါယာလက်အောက်ခံ တိုင်းပြည်တွေနဲ့ ချူ ကြားမှာ ပဋိပက္ခဖြစ်လာပါတယ်။ အဓိကအားဖြင့်တော့ ကျင် နိုင်ငံနဲ့ပါ။
ဒါပေမဲ့ ချန်ဖူးတိုက်ပွဲမှာ ချူတွေကို အနိုင်တိုက်ခဲ့တဲ့ ကျို့ဘုရင်ခံလည်းဖြစ် ကျင်နိုင်ငံရဲ့ ဘုရင်လည်းဖြစ်တဲ့ ဝမ် ကလည်း ဘီစီ ၆၂၈ မှာ သေဆုံးသွားပါတယ်။ အဲဒီနောက်မှာ ကျင် ဟာ ချူတွေကို ဖိဖိစီးစီး မတိုက်နိုင်ခဲ့ပါဘူး။ ကျင် အင်အားလျော့လာချိန်မှာ အင်အားကြီးလာတဲ့ ချင် နိုင်ငံရဲ့ ဘုရင်မူ ကလည်း တောင်ပိုင်းက ချူရဲ့ ကျူးကျော်မှုထက် မြောက်ပိုင်းက ရုန်း တွေကို အဓိကထား တိုက်ခဲ့ရတာပါ။ မူ ကိုယ်တိုင်ကလည်း ဘီစီ ၆၂၁ မှာ သေဆုံးပါတယ်။ ဒါကြောင့် ချန်းဖူတိုက်ပွဲနောက်ပိုင်း ချူ နိုင်ငံကို ဆက်လက်ထိန်းချုပ်ထားနိုင်စွမ်း မရှိတော့ဘူးလို့ ဆိုရမှာပါ။
ဘီစီ ၆၁၃ မှာ ချူနိုင်ငံမှာ ဘုရင်ကျောင်း (Zhaung莊) နန်းတက်ပါတယ်။ စစ်မာချန်းရဲ့ မှတ်တမ်းအရ ဘုရင်ကျောင်းဟာ နန်းတက်ပြီး ရှေ့ပိုင်း ၃ နှစ်လောက် အပျော်အပါးပဲ လိုက်စားနေခဲ့တယ်လို့ ဆိုပါတယ်။ ရည်မှန်းချက် သိပ်ကြီးကြီးမားမား မရှိသလို၊ တိုင်းရေးပြည်ရာလည်း စိတ်မဝင်စားခဲ့ဘဲ ရေလိုက်ငါးလိုက် နေနေခဲ့တာပါ။ သူ့ရဲ့ နေပုံထိုင်ပုံနဲ့ ပတ်သက်ပြီး ဝန်ကြီးနှစ်ပါးက အပြင်းအထန် စိန်ခေါ်မှုတွေ လုပ်လာတာကြောင့် နောက်ပိုင်းမှာ သူ့ကိုယ်သူ ပြုပြင်ပြောင်းလဲပြီး နိုင်ငံရေး၊ စစ်ရေးတွေကို အာရုံစိုက်လာတယ်လို့ ဆိုပါတယ်။ အဲဒီနောက်ပိုင်း ချူနိုင်ငံဟာ နဂိုသွားနေတဲ့ တိုးတက်မှုလက်ကြောင်းပေါ် ပြန်ရောက်လာတယ်လို့ ဆိုပါတယ်။
ချူနိုင်ငံ ဖွံ့ဖြိုးတိုးတက်ပြီး အင်အားကြီးမားလာရခြင်း အကြောင်းအရင်းနောက်တစ်ခုကတော့ စိုက်ပျိုးရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာလို့ပါ။ စိုက်ပျိုးရေးကဏ္ဍ တိုးတက်ရတဲ့ အကြောင်းအရင်းကတော့ မိုးကာလမှာ ရေကြီးရေလျှံတာကို ဟန့်တားနိုင်ပြီး၊ နွေအခါ မိုးရေမရချိန်မှာ ဆည်ရေတွေ စိုက်ခင်းထဲ သွင်းပြီး စိုက်နိုင်တာကြောင့်လို့ ဆိုပါတယ်။ ရေသွင်းစိုက်ပျိုးရေးစနစ် ထွန်းကားလာပြီ ဆိုတဲ့ လက္ခဏာပါ။
ဆည်ရေသောက်စိုက်ပျိုးရေးစနစ်ရဲ့ အဓိကမောင်းနှင်အားဖြစ်တဲ့ ဆည်တွေ၊ တမံတွေကို ဦးဆောင်တည်ဆောက်သူက ဆွန်းရှူးအောင် (孙叔敖 Sunshu Ao) ဖြစ်ပါတယ်။ ဆွန်းရှူးအောင် ဟာ ချူနန်းတော်က အားကိုးရတဲ့ ဆည်မြောင်း အင်ဂျင်နီယာ တစ်ယောက်ဖြစ်ပါတယ်။ ယန်စီမြစ် အထက်ပိုင်းက ရေတွေကို တာတမံတွေပိတ်ပြီး စိုက်ခင်းတွေကို ရေပေးဝေနိုင်ခဲ့တာကြောင့် စိုက်ပျိုးရေးအတွက် အင်မတန် အကျိုးများခဲ့တယ်လို့ ဆိုပါတယ်။ ဆွန်းရှူးအောင် ရဲ့ နောက်ပိုင်းမှာ ဒီကနေ့ခေတ် အန်းဟွေ့ (Anhui) ပြည်နယ် လို့ခေါ်တဲ့ နေရာမှာ ဆည်မြောင်းတွေ အများအပြား ထပ်မံပေါ်ပေါက်ခဲ့တယ်လို့ သိရပါတယ်။
ချူဘုရင် ကျောင်း ဟာ ဆွန်းရှူးအောင် ကို အမတ်ချုပ်ကြီး အဖြစ်လည်း ခန့်အပ်ခဲ့ပါတယ်။
တစ်ဖက်မှာ ချူဘုရင်က စစ်ရေးကို ဦးဆောင်ပြီး နိုင်ငံငယ်အတော်များများကို ချူအောက် သိမ်းသွင်းနိုင်ခဲ့တာကြောင့် စစ်ရေးအင်အား ကြီးမားလာချိန်မှာ၊ အခြားတစ်ဖက်မှာတော့ ဆွန်းရှူးအောင် ရဲ့ အားထုတ်မှုနဲ့ စိုက်ပျိုးရေးထွက်ကုန်တွေ ပိုမိုထုတ်လုပ်လာနိုင်ပြီး စီးပွားရေးကောင်းလာပါတယ်။
အဲဒီလို အင်အားပြည့်လာချိန်မှာ ဘုရင်ကျောင်း ဟာ ကျို့အင်ပါယာကို စိန်ခေါ်တော့တာပါပဲ။ အဲဒီအချိန်မှာ ကျို့နန်းတော်မှာတော့ ကျို့မင်းဆက်တစ်ခုလုံးရဲ့ ၂၁ ဆက်မြောက် နဲ့၊ အရှေ့ဘက်ကျို့ခေတ်ရဲ့ ၅ ဆက်မြောက် ဧကရာဇ် တင်း (定Ding) အုပ်ချုပ်နေချိန် ဖြစ်ပါတယ်။ ကျို့နန်းတော်ကို ကျောထောက်နောက်ခံပေးပြီး ကာကွယ်မယ့် ဘုရင်ခံနိုင်ငံ (Hegemony) တွေကလည်း အင်အားလျော့နည်းနေချိန်ပါ။
ခုနှစ်အထောက်အထား မတွေ့ရဘဲ မှတ်တမ်းတွေက ပြောကြတာကတော့ တစ်ခါမှာ ဘုရင်ကျောင်း ဟာ ကျို့နန်းတော်က လာတဲ့ သံတမန်တစ်ယောက်ကို ကျို့နန်းတော်မှာ ရှိတဲ့ သုံးချောင်းထောက် တော်ဝင်ကြေးအိုးကြီး (Tripod Cauldrons) ကိုးလုံးရဲ့ အလေးချိန်ကို မေးမြန်းခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီ ကြေးအိုးကြီးတွေကို တင်း (鼎Ding) လို့ ခေါ်ပါတယ်။ အဲဒီခေတ် ထုံးတမ်းအစဉ်အလာနဲ့ ယဉ်ကျေးမှုတွေ၊ အတွေးအခေါ်တွေအရ ကြေးအိုးကြီး ၉ လုံးဟာ မိုးနတ်မင်းရဲ့ ဗျာဒိတ်ခံ ဧကရာဇ် တို့သာ ပိုင်ဆိုင်ခွင့်ရှိတဲ့ အဆောင်အယောင်ဖြစ်ပါတယ်။ အဲဒီ ပထမဆုံးမင်းဆက်ဖြစ်တဲ့ ရှ ခေတ် ကို ထူထောင်တဲ့ ယွီ က သွန်းလုပ်ခဲ့တာ လို့ ယုံကြည်ကြပါတယ်။ ရှ နောက်က ရှန်းခေတ် မှာ ကြေးအိုးကြီး ကိုးလုံးကို ဧကရာဇ်ရဲ့ အမှတ်အသားအဖြစ် စတင်အသုံးပြုခဲ့တာပါ။
အဲဒီ ကြေးအိုးတွေရဲ့ အလေးချိန်ကို မေးတယ်ဆိုတာဟာ ကျို့ဧကရာဇ်ကို ဖြုတ်ချပြီး၊ ကြေးအိုးတွေကို ချူနန်းတော်ကို ရွှေ့ပြောင်းသယ်ဆောင်လာမယ် လို့ ခြိမ်းခြောက်စကား ဆိုလိုက်တာပဲ ဖြစ်ပါတယ်။
တနည်းအားဖြင့် ချူဘုရင် ကျောင်းရဲ့ အင်မတန်ကြီးမားတဲ့ ရည်မှန်းချက်ကို ထုတ်ဖော်ပြောဆိုလိုက်တာပဲ ဖြစ်ပါတယ်။ ဒါကြောင့် အဲဒီအဖြစ်အပျက်ကကို အခြေခံပြီး တရုတ်ယဉ်ကျေးမှုမှာ စကားအလင်္ကာတစ်ခု ပေါ်ပေါက်လာပါတယ်။ ဒီနေ့ခေတ် အီဒီယမ် (idiom) လို့ခေါ်တဲ့ စကားမျိုးပါ။ တရုတ်လိုတော့ အဲဒီ စကားအလင်္ကာမျိုးတွေကို ချန်းယွီ (成语) လို့ခေါ်ပြီး၊ ယေဘုယျအားဖြင့် စာလုံးလေးလုံးနဲ့ စုဖွဲ့ထားတဲ့ စကားစုတွေပါ။
ကျောင်းဘုရင်ရဲ့ သုံးချောင်းထောက်ကြေးအိုးကြီးတွေ အလေးချိန်မေးတဲ့ ဖြစ်ရပ်နဲ့ ဆက်စပ်ပြီး ပေါ်ပေါက်လာတဲ့ စကားအလင်္ကာကတော့ “ဝမ်တင်းကျုံးယွမ် (问鼎中原 Wen ding zhong yuan)” ရယ်လို့ ဖြစ်ပါတယ်။
ဝမ် (问Wen) ဆိုတာက “မေးမြန်းသည်” ဆိုတဲ့ အဓိပ္ပာယ်ပါ။ တင်း (鼎) ဆိုတာကတော့ “သုံးချောင်းထောက်ကြေးအိုးကြီး” ကို ဆိုလိုတာ ဖြစ်ပါတယ်။ ကျုံးယွမ်(中原zhong yuan) ဆိုတာက အလယ်ပိုင်းမြေပြန့်ဒေသ (Central Plain)ကို ဆိုလိုတာပါ။ မြစ်ဝါမြစ် အလယ်ပိုင်းနဲ့ အောက်ပိုင်းဒေသတွေကို ဆိုလိုတာ ဖြစ်ပါတယ်။ တရုတ်ပြည်ရဲ့ သမိုင်းအစဖြစ်တဲ့ ရှ၊ ရှန်း၊ ကျို့ အင်ပါယာ အဆက်ဆက်ဟာ မြစ်ဝါမြစ်ဝှမ်းဖြစ်တဲ့ ကျုံးယွမ် ဒေသကို အခြေခံပြီး ပေါ်ပေါက်ခဲ့တာပါ။ ဒါကြောင့် ဒီနေ့ခေတ်တရုတ်နိုင်ငံကို ကျုံးကော် (中国) လို့ ခေါ်တာ ဖြစ်ပါတယ်။ ချုပ်လိုက်ရင်问鼎中原 ကို တိုက်ရိုက်အနက်ပြန်ရရင် “အလယ်ပိုင်းမြေပြန့်ဒေသက သုံးချောင်းထောက်ကြေးအိုးကြီးတွေအကြောင်း မေးတယ်” လို့ အဓိပ္ပာယ်ရပါတယ်။ သွယ်ဝိုက်ပြီး ဆိုလိုတဲ့ အီဒီယမ်အဓိပ္ပာယ်ကတော့ “ရည်မှန်းချက် အလွန်ကြီးမားတယ်” ဆိုတာပါပဲ။
ဘုရင်ကျောင်း ဟာ သူ့ရဲ့ ကြီးမားတဲ့ ရည်မှန်းချက်ကို အကောင်အထည်ဖော်တဲ့အနေနဲ့ ကျို့အင်ပါယာလက်အောက်ခံ နိုင်ငံတွေနဲ့ အလျဉ်းသင့်သလို တိုက်ပွဲတွေ ဖော်ဆောင်နေခဲ့ပါတယ်။ အဲဒီလို တိုက်ပွဲတွေဖြစ်နေရင်းက ဘီစီ ၅၉၇ မှာ အနိုင်အရှုံးအဆုံးအဖြတ်ပေးမယ့် ပီ(邲 Bi) တိုက်ပွဲ (Battle of Bi) ဖြစ်ပွားခဲ့ပါတယ်။
ဘီစီ ၅၉၇ ဟာ ချူ အတွက် တကယ့်ကို အချိန်ကောင်းလို့ ဆိုရမှာပါ။ ဘာကြောင့်လည်းဆိုရင် ကျို့အောက်က နိုင်ငံတွေဟာ အင်အားချိနဲ့နေပြီး ကျို့နန်းတော်ကို ကာကွယ်ဖို့ ဘုရင်ခံနိုင်ငံတောင် တရားဝင် သတ်မှတ်ထားတာ မရှိတဲ့ အခြေအနေမို့ပါ။ ဒါ့အပြင် အင်အားအထိုက်အလျောက် ရှိတဲ့နိုင်ငံတွေဟာလည်း ဘုရင်အပြောင်းအလဲ ဖြစ်ပြီးခါစ အခြေအနေတွေပါ။
ချူဘုရင်ကျောင်း စပြီးတိုက်တာကတော့ ကျန်း (Zheng) နိုင်ငံငယ်ပါ။ ကျန်းနိုင်ငံဟာ အရှေ့ဘက် ကျို့ခေတ် အစမှာ အင်အားကြီးမားခဲ့ပြီး ကျို့နန်းတော်ကို ကာကွယ်ရတဲ့ နိုင်ငံကြီးတစ် နိုင်ငံပါ။ နောက်ပိုင်း ကျို့နဲ့ ဆက်ဆံရေးကျဲသွားပြီး စစ်ပွဲဖြစ်ကြလို့ အင်အားချိနဲ့သွားပါတယ်။ ကျို့လက်အောက်ခံအဖြစ် ဆက်နေနေရပြီး ကျင်နိုင်ငံနဲ့ မဟာမိတ် ဖွဲ့ထားပါတယ်။ (ကျို့ နဲ့ ကျန်း ဆက်ဆံရေးကို တရုတ်သမိုင်းမှတ်စုတို အမှတ် ၂၄ မှာ ပြန်လည်လေ့လာကြည့်နိုင်ပါတယ်။)
ကျန်းကို တိုက်တာမို့ မဟာမိတ် ကျင် နိုင်ငံက ကျန်းဘက်ကနေဝင်ကူပြီး ချူကို တိုက်ပါတယ်။ နောက်ပိုင်းမှာ ချူ က ကျန်းကို သူ့ဘက်ပါအောင် စည်းရုံးနိုင်ခဲ့ပါတယ်။ ဒါကြောင့် ကျန်းဟာ ကျို့လက်အောက်ကနေ ချူလက်အောက်ကို ရောက်သွားပါတယ်။
နောက်ဆုံးမှာတော့ ပီတိုက်ပွဲ ဟာ ချူနိုင်ငံရဲ့ အနိုင်ရလဒ် နဲ့ အဆုံးသတ်ပါတယ်။
အဲဒီ တိုက်ပွဲရလဒ်ကြောင့် ချူ ဟာ အင်အားအကြီးဆုံးနိုင်ငံ ဖြစ်လာပါတယ်။ ဒါပေမဲ့ ကျို့နန်းတော်ကတော့ သူ့ကို ဧကရာဇ်တစ်ပါးအဖြစ် အသိအမှတ်မပြုခဲ့သလို၊ ဘုရင်ခံအဖြစ်လည်း တရားဝင် အသိအမှတ်မပြုပါဘူး။
ဒါပေမဲ့ နှောင်းခေတ် သမိုင်းဆရာတွေကတော့ ဘီစီ ၆၁၃ ကနေ ဘီစီ ၅၉၁ အကြားကာလကို ချူနိုင်ငံ ဩဇာကြီးမားချိန်အဖြစ် သတ်မှတ်ကြသလို၊ ချူဘုရင် ကျောင်း ကိုလည်း နွေးဦးဆောင်းဦးကာလရဲ့ ဝူပါး လို့ခေါ်တဲ့ ဘုရင်ခံ ၅ ယောက်ထဲက တစ်ယောက်အဖြစ် မှတ်တမ်းတင်ကြပါတယ်။
~~~~~~~~~~~~~~~~~~~~
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar