ကိုနီတွတ် - သမိုင်းပေးတာဝန်
ကိုနီတွတ် - သမိုင်းပေးတာဝန်
(မိုးမခ) ဖေဖော်ဝါရီ ၁၆ ၊ ၂၀၂၅
The ballot is stronger than the bullet.
(Abraham Lincon)
မဲပုံး (ballot) များသည် ကျည်ဆန် (bullet) ကိုအားကိုးပြီး အာဏာသိမ်းလိုသည့် အာဏာရူး၊အာဏာရှင်များကို အကောင်းဆုံး ဆန့်ကျင်သည့်လက်နက်တစ်ခု ဖြစ်နေခြင်းကြောင့် အမေရိကန်သမ္မတကြီးက အထက်ပါကမ္ဘာကျော်စကားကို ပြောခဲ့ခြင်း ဖြစ်ပေလိမ့်မည်။ ကမ္ဘာပေါ်ရှိ မည်သည့်ဒီမိုကရေစီနိုင်ငံမဆို မဲပုံးများကို အသုံးပြု၍ နိုင်ငံတော်၏ အကြီးအကဲ သို့မဟုတ် သမ္မတကို ရွေးချယ်တင်မြှောက်ကြသည်ကို ကြည့်ခြင်းအားဖြင့် ပြည်သူ သဘောမတူဘဲ မည်သူမှ အတင်းအဓမ္မနည်းဖြင့် လုပ်ခွင့်ရကြလိမ့်မည်မဟုတ်။ ဒီမိုကရေစီ၏အဓိပ္ပာယ်ဖွင့်ဆိုချက်တွင်လည်း ဒီမိုစ် (demos) ပြည်သူ၊ ကရာတို့စ် (kratos) အင်အား၊ အာဏာဟု ဖွင့်ဆိုထားရာ ပြည်သူ့အင်အား၊ ပြည်သူ့အာဏာ ဖြစ်ပါ၏။ ပြည်သူသာ အဓိကဖြစ်ရာ ပြည်သူများ မိမိစိတ်ကြိုက်ရွေးချယ်မဲပေးခွင့်ရှိမှသာ ဒီမိုကရေစီနည်းကျရွေးကောက်ပွဲမည်သည် မဟုတ်ပါလော။
မြန်မာပြည်တွင် မကြာသေးခင်က ထိုသို့ မဲပုံးကို အသုံးပြု၍ ကျင်းပခဲ့သော ရွေးကောက်ပွဲကို အာဏာရူးမင်းအောင်လှိုင်က ကျည်ဆန်ဖြင့် ဖျက်ဆီးပစ်လိုက်သည်။ အနှီလူယုတ်မာက သူ ကျည်ဆန်ဖြင့် ဖျက်ပစ်ခဲ့သော မဲပုံးကို အသုံးပြု၍ ၂၀၂၅ ခုနှစ်တွင် ရွေးကောက်ပွဲ ကျင်းပမည်ဟူသတတ်။ ကြားရ နားဝ မသက်သာ။ သူ တည်မှ ဘုရား၊ သူ ဟောမှ တရား၊ သူ ပြောမှစကား၊ နားရှိလို့သာ ကြားရသည်။ မျက်စိရှိလို့သာ မြင်ရသည်။ အမှတ်သညာရှိ၍သာ သိရသည်။ ရေနေသတ္တဝါ များစေလိုသော်လည်း စောက်မနက်ပုံက လုပ်သမျှ အရှုပ်အပွချည်းသာ။ အာဏာရူးကား မဖြစ်မနေ ရွေးကောက်ပွဲကို လုပ်ပါလိမ့်မည်။ လက်နက်အားကိုးဖြင့် ၂၀၂၀ နိုဝင်ဘာ ၈ သမိုင်းဝင် ရွေးကောက်ပွဲကို ဖျက်ဆီးခဲ့သလို ယခုတော့ ပြည်သူများ အလှည့်ရောက်ချေပါပကော။ လက်စားချေလို၍ မဟုတ်ပါ။ ဤလူယုတ်မာကို ဤနည်းဖြင့် တောထုတ်ဖို့သည် မဖြစ်မနေ လုပ်ရမည့် မြန်မာပြည်သူပြည်သားများ၏ သမိုင်းပေးတာဝန် ဖြစ်ပါ၏။
မင်းအောင်လှိုင် ခေါင်းဆောင်သည့် လူယုတ်မာတစ်အုပ်သည် သုံးစလောင်းကုန်၍ ဂျုံမှန်း ပြောင်းမှန်း မသိ။ ဝါးလုံးကိုချေးသုတ်ပြီး ဗရုတ်သုတ်ခ လျှောက်လုပ်နေသည်။ နာဂစ်ကြောင့် ဒုက္ခရောက်ခဲ့သော ဧရာသားတို့ကို လျစ်လျူရှုပြီး ၁၆ နှစ်ကျော် ရေးဆွဲခဲ့သော မပြည့်မစုံ ၂၀၀၈ ဖွဲ့စည်းပုံကို အသေဆုပ်ကိုင်ပြီး အာဏာထိန်းပါသတတ်။ အကြောင်းပြချက်ကာ မဲမသမာမှုကို မဖြေရှင်းပေး၍ ဟူသတည်း။ တရုတ်သိုင်းစာအုပ်ထဲကလို "မည်သို့ ပြုလုပ်လိုက်သည် မသိ၊ မြေပြင်ပေါ်၌ လူ ၅ ယောက် သွေးအိုင်ထဲတွင် စန့်စန့်ကြီး သေနေ၏ " ဆိုသကဲ့သို့ ကြိုတင်ယုတ်မာထားသည့် excel file ထဲတွင် မဲလိမ်မဲခိုး ၁၀ သန်းကျော် ကွာလေ၏တဲ့။ သေနတ်ကိုင်အဖွဲ့ကြီးသည် မဆီမဆိုင်စာရင်းအင်းဝန်ထမ်းများ ဖြစ်သွားပုံမှာ အာဂကျွမ်းကျင်လေသော ဒေါ်စိန်အေးကျောင်းဆင်းများပါတည်း။ Covid-19 ကြားက ကျင်းပခဲ့ရသော ၂၀၂၀ နိုဝင်ဘာ ၈ ရွေးကောက်ပွဲ၏ မှန်ကန်မှုမှတ်ကျောက်ကို ကမ္ဘာ့နိုင်ငံရေးခေါင်းဆောင်များ ချီးကျူးခဲ့ကြသည်မှာ ရူးနေကြ၍လော။
မြန်မာပြည်အနှံ့ မဲရုံများတွင် မဲရုံမှူး၊ ဒုမဲရုံမှူးနှင့် အဖွဲ့ဝင် ဆရာ၊ ဆရာမများက ရိုးသားဖြောင့်မတ်စွာ တာဝန်ကျေစွာ ဆောင်ရွက်ခဲ့ကြသည်။ ကျွန်ုပ်ကိုယ်တိုင်လည်း မဲရုံမှူး တာဝန်ထမ်းခဲ့၏။ မဲပေးပွဲတွင် ရဲများ(ယာယီရဲများ)၊ ရပ်ကျေး၊ မဲရုံ စောင့်ကြည့်ရေးများ၊ စိတ်ဝင်စားသူများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ဆရာ ဆရာမများ၏ ရှေ့မှောက်တွင် မဲပေးခြင်း၊ မဲရေတွက်ခြင်းများကို ဆောင်ရွက်ခဲ့ရသည်မှာ လူတိုင်း အသိ။ မဲခိုးရန် နေနေသာသာ နံနက် ၆ နာရီမှ ညနေ ၄ နာရီအတွင်း မဲပေးလုပ်ငန်းအဆင်ပြေ ချောမွေ့အောင်၊ ပြဿနာမပေါ်အောင်၊ မဲပေးခွင့်ရှိသူများ မကျန်ရစ်စေဘဲ အချိန်မီ မဲပေးခွင့်ရအောင် ဇယ်ဆက်သလို အဆက်မပြတ် လုပ်ဆောင်ခဲ့ရသည်။ ယား၍ပင် မကုတ်အား၊ ဆောင်းရာသီ ဖြစ်သော်လည်း ချွေးတလုံးလုံးဖြင့် အချိန်နှင့်တပြေးညီ ဖြစ်စေရန် စိတ်နှစ်၍ လုပ်ဆောင်ခဲ့ရသည်မှာ တကယ့်ကို လူပန်း စိတ်နွမ်း။ အိပ်ရေးလည်း ပျက်ခဲ့ရသလို မဲပေးချိန်၊ စာရင်းဇယားများနှင့် မဲထုပ်များ အပ်ချိန်၊ အူလိပ်အောင် ထမင်းအငတ်ခံခဲ့ရသည်။ ထိုရွေးကောက်ပွဲ၏ ပြည်သူ့အသံများ အချို့ကို နားဆင်ကြည့်ပါဦး။
"-ဖြတ်သွားရသော လမ်းခရီးသည် ရွေးကောက်ပွဲ ကျင်းပခွင့်မရသော နယ်မြေများတည်း။ မဲပေးခွင့်ဆုံးရှုံး၍ သူတို့၏ မကျေနပ်ချက်များ ကျွန်တော်တို့အပေါ် ကျလေမလား စိုးရိမ်စိတ်ဖြင့် အဖြူအစိမ်း ယူနီဖောင်းဝတ်၊ ပညာရေးရင်ထိုးတံဆိပ်များ တပ်ဆင်၍သွားခဲ့ရသော်လည်း မဲရုံမရောက်မချင်း စိတ်တုံးတုံးမချနိုင်သေးပါ"
"-လူတိုင်းက ကိုယ့်ခံယူချက်နှင့်ကိုယ်မို့ အပြစ်လို့လည်း မဆိုသာ၊ ကျွန်တော်ကတော့ ရာဇပလ္လင်ပေါ် ခွေးတက်သည်ထက် နန်းရင်ပြင် နန်းကြမ်းပေါ်မှာပင် ခွေးသရမ်း အတက်မခံနိုင်၊ပြည်သူထောက်ခံသူနှင့်သာ ထိုက်တန်သည်လေ"
"-ဘာမျှော်လင့်လို့ မဲလာထည့်တာလဲ မေးခွန်းကို သူ့အဖြေက ရိုးရိုးရှင်းရှင်းပါ။ ယုံကြည်ရတဲ့ ပါတီ၊ နိုင်ငံတိုးတက်အောင် လုပ်နိုင်တဲ့သူကို ဆက်ပြီးအုပ်ချုပ်စေချင်လို့တဲ့"
"-ချိုင်းထောက်နဲ့ ခြေတစ်ဖက်မသန်တဲ့သူက ဝင်တန်းစီနေတာ မြင်ရတော့ ရင်ထဲက မကောင်းဘူး။ ဒါပေမဲ့ လေးစားပါတယ် နိုင်ငံသားတစ်ယောက်ရဲ့ တာဝန်ကို ကျေပွန်လို့"
"-ခရီး ဘယ်လောက်ဝေးဝေး မဲလာပေးတဲ့ ပြည်သူတွေက ချီးကျူးစရာပဲ။ သူတို့ဘဝ၊ သူတို့ဒေသအတွက်လား။ တစ်စုတစ်ဖွဲ့အတွက်လား။ ပြည်ထောင်စုကြီးတစ်ခုလုံးအတွက်လား ဆိုတာ သူတို့မှာ အဖြေကိုယ်စီ ရှိကြပါလိမ့်မယ်"
"- ခုလို ဆန္ဒမဲပေးခွင့်ရအောင် လူတစ်စုက ကိုယ့်သဘောနှင့်ကိုယ် တိုင်းပြည်ကို အုပ်ချုပ်လို့မရအောင် အနစ်နာခံ ဘဝအပျက်ခံပြီး ကြိုးပမ်းခဲ့ကြတဲ့ လူတချို့ရဲ့ကျေးဇူးပေါ့"
"- အဘွားကတော့ ရှင်ကြီးဝမ်းရော၊ ရှင်ငယ်ဝမ်းရော ဝင်ခဲ့ပြီးပြီ၊ အီးစော်နံနေတာပဲ အဖတ်တင်တယ်၊ ဒီတစ်ခါ ရှင်မဝမ်းပဲ ဝင်တော့မယ်"
"- သံရုံးက ကြေညာချက်ကို ထုတ်ပြန်ရာ fb စာမျက်နှာကို အားကိုးလွန်းပါတယ်၊ ရာနဲ့ချီတဲ့ ဓာတ်ပုံများကို တစ်ကြိမ်တည်း စုပြုံတင်လေတော့ ကြိုတင်မဲစာရင်းမှာ ကိုယ့်နာမည် ပါ မပါ ရှာရာမှာ အင်မတန်အားထုတ်ရတယ်"
"- လသားအရွယ် ကလေးလေးကို ရင်ခွင်ထဲပိုက်ပြီး မဲလာပေးတဲ့ ပုခက်လွှဲတဲ့ လက်ပိုင်ရှင် မေမေကိုလည်း တွေ့ခဲ့ရတယ်"
"- သံရုံးကို သွားရင်း လမ်းတလျှောက်မှာ လျှပ်စစ်မီးတွေ၊ တိုက်တာအထပ်မြင့်တွေ၊ သန့်ရှင်းသပ်ရပ်တဲ့ လမ်းမတွေကို မျှော်ငေးရင်း ကျွန်တော်တို့ မြန်မာပြည်ကြီးလည်း တစ်နေ့ကျရင် ဒီလိုတောက်ပြောင်ပါစေ"။
အလွန်အံ့သြစရာကောင်းလောက်အောင် အထက်ပါအသံများကို "နိုဝင်ဘာ ၈ ဒိုင်ယာယီ" အမည်ဖြင့် Pen Myanmar အဖွဲ့က မှတ်တမ်းတင်ခဲ့သည့် စာအုပ်တွင် အနယ်နယ်အရပ်ရပ်ရှိ ကလောင်ရှင် ၁၅၆ ဦးတို့၏ မဲပေးပွဲ အတွေ့အကြုံများအဖြစ် ရင်သပ် လှိုက်မောဖွယ် ဖတ်ခဲ့ရပါသည်။ လူယုတ်မာ မအလ စွပ်စွဲခဲ့သည့် မဲလိမ် မဲမသမာမှု တစ်ခုမှ မတွေ့ရ။ ရခိုင်တွင် ရခိုင်ပါတီ၊ ကချင်တွင် ကချင်ပါတီ၊ ရှမ်းတွင် ရှမ်းပါတီ၊ ပလောင်တွင် ပလောင်ပါတီ၊ မွန်တွင် မွန်ပါတီ၊ချင်းတွင် ချင်းပါတီ၊ NLD ကြီးစိုးရာ မြေပြန့်တွင် NLDပါတီ စသဖြင့်အသီးသီး အနိုင်ရကြမည်မှာ သေချာပါ ခြိမ့်။ မဲရုံအထွက်တွင်လည်း လက်သန်း မင်ပြာဆွတ်ရသည်ကလည်း လိုမှ မဲထပ်ပေးမရအောင် စီစဥ်ထားသည်။ ထိုစွပ်စွဲချက်များ မမှန်ကန်ကြောင်း မဲရုံမှူးအသီးသီးတို့၏ မကျေနပ်ချက်များ FB လူမှုကွန်ရက်တွင် ပလူပျံအောင် ရှိခဲ့သည်ကလည်း သက်သေ။ လူ ၁၀ သန်းကျော်ကွာဟမှုသည် မည်သို့ရသနည်း။ လူယုတ်မာတစ်အုပ်သည် တရုတ်သိုင်းဝတ္ထုများကို ဖတ်ရင်း အကြံရဟန်တူ၏။ အာဏာရူး၏ ဝါးတားတား လုပ်ရပ်များကား တရုတ်သိုင်းကားထဲက မသေနိုင်သော နှစ်၁၀၀၀ သစ်သီးကို ရှာပုံကဲ့သို့သာတည်း။
ထိုလူယုတ်မာကိုယ်တိုင်က ၂၀၀၈ စာအုပ်အစိမ်းအရ ကာလုံအစည်းအဝေးလုပ်ပြီး ယူထားသည့်ရာထူးမဟုတ်။ အနားယူရန် ဖြစ်သော်လည်း ပင်စင်မယူဘဲ ခပ်တည်တည် ညွှန်ချုပ်တာဝန်ကို အတင်းအဓမ္မ ဝင်ထိုင်နေခြင်း။ ထိုအချိန်က မြန်မာပြည်အခြေအနေသည် ဖွံ့ဖြိုးတိုးတက်မှု အားယူစအချိန်၊ ပြည်သူနှင့် အစိုးရ ညီညီညာညာ လက်တွဲ လုပ်နေသည်။ အခက်အခဲပေါင်းစုံကြုံတွေ့ရသော်လည်း ပြည်သူ ကြည်ဖြူတော့ ရွေးကောက်ပွဲတိုင်း သောင်ပြိုကမ်းပြို အနိုင်ရခဲ့သည်။ အာဏာသိမ်းရန် ကြံစည်နေသော အာဏာရူး ခဲလေသမျှ သဲရေကျသွားသည်။ ယုတ်ယုတ်မာမာ ကြံစည်အာဏာသိမ်းခဲ့သည်ကို ကလေးကအစ ခွေးအဆုံး အကုန်သိ။ မည်သို့ရှိစေ သမ္မတ တက်လုပ်ချင်သေးပြန်ရာ ဥပဒေကြောင်းအရ ကာချုပ်တာဝန် ရပ်စဲ၊ ရွေးကောက်ပွဲဝင်ရန်လိုသည် မဟုတ်လော။ ယခုတော့ မနိုင်မှန်းလည်းသိရော ဇူဇကာပုဏ္ဏား အစားမဆင်ခဲ့ပုံက ထင်းနေသည်။ ကာလုံအစည်းအဝေးကိုလည်း သမ္မတကြီး မပါဘဲ ဒုသမ္မတများက လုပ်ခွင့်မပါ။ယာယီသမ္မတလည်း လုပ်ဆောင်ခွင့်မရှိ။ မအလသည် ရူးနေရသည့်အထဲ လက်ထဲတွင် ဓားတစ်ချောင်းကိုင် ဖြုတ်ချင်ရာဖြုတ်၊ လုပ်ချင်ရာလုပ်၊ ခုတ်ချင်ရာ ခုတ်နေသည်။ ယာယီအစိုးရဖွဲ့ပြီး ရွေးကောက်ပွဲ ကျင်းပခွင့်ကလည်း စာအုပ်ထဲတွင် မတွေ့။ ခြင်ဆေးခွေ မအလ သည် ကြွက်ခွံတောင်းတော့ လင်းနို့ယောင်ဆောင်၊ လင်းနို့ခွံ တောင်းတော့ ကြွက်ယောင်ဆောင်၊၊ ကနားလည်းဝင်ချင်သည်၊ ထဘီက အစုတ်ကြီး။ ကြိုးမဖြုတ်ဘဲ တက်သုတ်လှေလှော်နေပုံမှာ သွားသာသွား၏ ရှေ့မရောက်၊ လှေပေါက်ကြီးက နစ်တော့မည်။
မည်သို့ပင်ဆိုဆို၊ မည်သို့ပင် အကြောင်းပြပြ၊ မည်သို့ပင် လုပ်လုပ်၊ ခွေးတိုးပေါက်မှလွဲ၍ ဥပဒေကြောင်းအရ ရွေးကောက်ပွဲ ကျင်းပခွင့်မရှိ။ သမ္မတလုပ်ခွင့် ဆိုသည်မှာ ဟိုး အဝေးကြီးမှာ၊ ပြပြပင်မမြင်ရ။ ပြည်သူ မထောက်ခံတော့ လူသတ်၊ မြို့ ရွာ မီးရှို့၊ မြန်မာပြည်အနှံ့ ဗုံးကြဲဖျက်ဆီး၊တရုတ်ထံ တိုင်းပြည်ထိုးရောင်းကာ သမ္မတအိပ်မက် မက်နေပုံကား တကယ့်မဖွယ်မရာကြီး။ကျောင်းသားအရွယ် ကလေးဘဝက ပြောခဲ့ကြသည့် "ကိုယ်နှင့်မဆိုင် ခွင့်မပိုင်၊ ဆွဲကိုင်ကြည့်မှု သတိပြု" စကားလေးလောက်ကိုပင် နားလည်နိုင်စွမ်းကင်းမဲ့ပုံက ရာဇပလ္လင်ပေါ် ခွေးတက်ထိုင်ပုံနှင့်တူ၏။ သူ အသေဆုပ်ကိုင်ထားသည့် စာအုပ်အစိမ်းအရ ကြည့်ကြည့်၊ လောကနီတိအရ ဆိုဆို၊အားနာပါးနာလေးပဲ ပြောပြော၊ အာဏာရူး၏ အိပ်မက်အကောင်အထည်ပေါ်ရန်သည် တစ်မြူ၊တစ်မှုံ၊ တစ်ဆံချည်မျှပင် မရှိ။ ကိုယ်ကျိုးကလွဲပြီး ဘာမှမကြည့်သူတွေက ကိုယ်ကျိုးကလွဲပြီး အရာရာ ကြည့်နေရတဲ့သူများကို ကျော်နိုင်မတဲ့လား။
ဆရာဘုဏ်းနွယ်၏ ကဗျာလေး တစ်ပိုဒ်ကို အလွန်နှစ်သက်မိပါ၏။
"ပေးစရာဆိုလို့
လိုချင်ရင် မေတ္တာရမယ်။
လက်သန်းပြာတွေရမယ်။
သားအဖနှစ်ယောက်ကို ခေါင်းစဥ်တပ်ခဲ့တဲ့
စတုတ္ထနိုင်ငံတော်ဆိုတဲ့ ကဗျာရမယ်"တဲ့။
၂၀၂၀ နိုဝင်ဘာ ၈ ရွေးကောက်ပွဲကလည်း ကမ္ဘာသိ သန့်ရှင်းစွာ ပြီးခဲ့ပြီ။ ဤစတုတ္ထနိုင်ငံတော် တည်ဖို့ နွေဦးတော်လှန်ရေးကြီးကလည်း အရှိန်အဟုန်ကောင်းလာနေသည်။ NUG အမျိုးသားညီညွတ်ရေးအစိုးရလည်း ကြားကာလအစိုးရအဖြစ် ရှိနေပြီ။ ကုလသမဂ္ဂ နိုင်ငံရေးစင်မြင့်တွင်လည်း နိုင်ငံတော်အကြီးအကဲများကား ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးဝင်းမြင့်။
ဤစတုတ္ထနိုင်ငံတော်ကို ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံသစ်အဖြစ် တည်ထောင်နိုင်ရန်လည်း ညီနောင်သားချင်းများနှင့် ညှိနှိုင်းတိုင်ပင်ထားကြလေပြီ။ ဘယ်အကြောင်းနှင့်မှ လူသတ်သမား၊ လူယုတ်မာ၊ICC ဝရမ်းပြေးက သမ္မတလုပ်မည့် ရွေးကောက်ပွဲကို ခွင့်ပြုရမည်နည်း။ ဘယ် တရုတ်၊ ဘယ် ရုရှားများက ဘယ်လောက်ပဲ ကူကူ၊ တို့မြန်မာပြည်သူများက သဘောတူ ခေါင်းညိတ်ရန် အကြောင်းမရှိ။ မြန်မာပြည်သူများ၏ သမိုင်းပေးတာဝန်ကား မပျက် ပျက်အောင် ဖျက်ရန်မှအပ ဘာအကြောင်းမှ မရှိပါတည်း။
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar