ခွန်ဆိုင်း - ကိုဗစ် ဒိုင်ယာရီ - ၄
ခွန်ဆိုင်း - ကိုဗစ် ဒိုင်ယာရီ - ၄
(မိုးမခ) မတ် ၂၂၊ ၂၀၂၀
ကမ္ဘာတခုလုံး ကိုပျံ့သွားတဲ့ ကိုဗစ် ရိုက်ချက်တွေ တရက်ထက် တရက် ပို ပြင်းထန် လာသလိုပဲ ။ ရောဂါ ဆိုး ထိုးနှက်ရာ အချက်အခြာ ဥရောပ ရဲ့ ဗဟို အီတလီ မှာ သုဿန်ဝင်းကြီး ထဲကို မောင်းဝင် သွားနေတဲ့ - တာရဘတ် တွေနဲ့ အလုံပိတ် ထားတဲ့ - စစ်ကားတန်းရှည်ညိုညိုမှိုင်းမှိုင်း တွေ။ သူတို့ရဲ့ တိတ်ဆိတ် တဲ့ အသုဘ အခန်းအနား ။ သူတို့ဆီကို သွားလို့ မရဘူး။ သူတို့ကို လိုက်ပို့လို့ မရဘူး ။ သွားနှုတ်ဆက်လို့ မရဘူ၊ ရုပ်သံအဝေး က သာ လှမ်း ကြည့်ခွင့် ရတဲ့ ကမ္ဘာ လူသား တွေ အဖို့ ကြေကွဲစရာ - ခြောက်ခြားစရာ။ ဆွေမျိုးမိတ်ဆွေတွေ လိုက်ပို့ခွင့် မရှိတဲ့ ဒီ အစုလိုက် အပြုံလိုက် လူသားတွေရဲ့ နောက်ဆုံးခရီးဟာ ခုလို ကြီးပဲလား လို့ မေးခွန်းထုတ်ရင်း ကိုဗစ်ကို ဆက်လက်ရင်ဆိုင်နေကြရမယ့် ကာလကြီးကလဲ မသိကိန်းတခုဖြစ်ဆဲ ။
ကမ္ဘာတခုလုံး ကိုပျံ့သွားတဲ့ ကိုဗစ် ရိုက်ချက်တွေ တရက်ထက် တရက် ပို ပြင်းထန် လာသလိုပဲ ။ ရောဂါ ဆိုး ထိုးနှက်ရာ အချက်အခြာ ဥရောပ ရဲ့ ဗဟို အီတလီ မှာ သုဿန်ဝင်းကြီး ထဲကို မောင်းဝင် သွားနေတဲ့ - တာရဘတ် တွေနဲ့ အလုံပိတ် ထားတဲ့ - စစ်ကားတန်းရှည်ညိုညိုမှိုင်းမှိုင်း တွေ။ သူတို့ရဲ့ တိတ်ဆိတ် တဲ့ အသုဘ အခန်းအနား ။ သူတို့ဆီကို သွားလို့ မရဘူး။ သူတို့ကို လိုက်ပို့လို့ မရဘူး ။ သွားနှုတ်ဆက်လို့ မရဘူ၊ ရုပ်သံအဝေး က သာ လှမ်း ကြည့်ခွင့် ရတဲ့ ကမ္ဘာ လူသား တွေ အဖို့ ကြေကွဲစရာ - ခြောက်ခြားစရာ။ ဆွေမျိုးမိတ်ဆွေတွေ လိုက်ပို့ခွင့် မရှိတဲ့ ဒီ အစုလိုက် အပြုံလိုက် လူသားတွေရဲ့ နောက်ဆုံးခရီးဟာ ခုလို ကြီးပဲလား လို့ မေးခွန်းထုတ်ရင်း ကိုဗစ်ကို ဆက်လက်ရင်ဆိုင်နေကြရမယ့် ကာလကြီးကလဲ မသိကိန်းတခုဖြစ်ဆဲ ။
မနေ့ညက ဝန်ကြီးချုပ်ဘောရစ်ဂျွန်ဆင် ပေါ်လာပြီး ဗြိတိန် တနိုင်ငံလုံး ရှိရှိသမျှ အရက်ဆိုင် လက်ဘက်ရည်ဆိုင် စားသောက်ဆိုင် အားကစား ရုံ ကဇာတ်ရုံ ရုပ်ရှင်ရုံ၊ ဒီလို လူသားတွေ စုဝေးနိုင်ရာ နေရာ အားလုံး ဒီ ည နောက်ဆုံးထား ပိတ်ကြပါ လို့ အမိန့်ထုတ်ပြန်ခဲ့တဲ့ အခါ သတင်းဝေဖန်သူ မှတ်ချက် က နေ့ချင်းညချင်း ဗြိတိန်နိုင်ငံသား ၆၆ သန်းရဲ့ ဘဝတွေ ဇောက်ထိုးမိုးမျှော်ဖြစ်သွား ကြပြီတဲ့ ။ တကယ်လဲ နိုင်ငံသားတွေ အဖြစ်က လိုတရဘဝတွေ ကနေ ချက်ချင်းလျောကျ အခု -လိုတ မရနိုင်တော့ဘူး။ လွတ်လပ်ရေး တစိတ်တပိုင်း ဆုံး ရှုံးသွားပြီ။ ကိုယ့်အိမ်ထဲမှာ ကိုယ် အချုပ်အ လိုလို ကျ နေကြ ပြီ ။ အခက်အခဲ -အကြောင့်အကျမရှိ တသက်လုံး နေထိုင်ကြီးပြင်း ရာ ခေတ်မီ ဖွံ့ဖြိုး တိုးတက်တဲ့ စက်မှု နိုင်ငံကြီးတခုမှာ အသက်တောင်ရဲရဲ မရှုရဲတဲ့ ဘဝ။ အားကိုးရာမဲ့ နေပုံတွေ ။ ပုံမှန် လူမှုဘဝတွေမဟုတ်တော့ပုံတွေ၊ တမဟုတ်ချင်း လျောကျ နိမ့်ဆင်း။ကြိုတင် မျှော်လင့်မထား အပြောင်းအလဲ များစွာ ကို နဖူးတွေ့ဒူးတွေ့ ရင်ဆိုင်နေရလို့ ။ ကိုဗစ် လက်သည်းတွေဟာ ဗြိတိန်နိုင်ငံ သားတယောက်ချင်းစီရဲ့ ဝင်သက်ထွက်သက်တိုင်း ကို ဖြစ်ညှစ်ထားကြပြီ။
လန်ဒန် အီပီရီယာလ် ကောလိပ် တွက်ချက်မှုမှာ အစိုးရကသာ ဘာမှ မလုပ်ပဲလွှတ်ထားရင် ကိုဗစ်ကြောင့် လူ ၅သိန်း အထိ သေဆုံးနိုင်တယ်လို့ တွက်ပါတယ်။
ရောဂါစတင် ရာ ဇစ်မြစ်တွေကို မြန်မြန် လိုက်ဖေါ်ထုတ်ခွဲခြားပါ ။ ရောဂါရှိမရှိ စစ်ဆေးတာတွေကို များများ လုပ်ပါ။ မြန်မြန်လုပ်ပါ ။ လူစုဝေးရာနေရာတွေကို မြန်မြန် လူစုခွဲ ပါ ။ စင်္ကာပူ ဟောင်ကောင် ထိုင်ဝမ်တို့မှာလုပ်သလို လုပ်နိုင်ရင် အသေအပျောက်နဲပါးမယ် ။ ဒီလို အချက်အလက်တွေ ရရှိချက်တွေက ပြဆိုနေတာကြောင့် လူစုဝေးရာ၊ ရောဂါပျံ့နိုင် ဖြန့်ဖြူးနိုင်တဲ့ ဆိုင်တွေ စီးပွါးရေး လုပ်ငန်းတွေ ကို အတင်းအကြပ်ပိတ်သိမ်းခိုင်းရတာပဲ ။
ပြီးခဲ့တဲ့ ရက်ပိုင်း အီတလီ စပိန် ပြင်သစ် မြို့ကြီးတွေ မှာ သေဆုံးတဲ့ ဦးရေ ။ ကူးစက်တဲ့ ဦးရေတွေ တရိပ်ရိပ်တက် ခဲ့တဲ့ အတွက် အပြင်မထွက်ရ အမိန့်တွေ ထုတ်လာ တဲ့အခါ ဗြိတိန်မှာ လဲ မကြာခင် လူတွေ ကို ထိန်းချုပ် လာနိုင်တယ်လို့တွက်ကြပါတယ်။ ကုန်တိုက်တွေ ကို အပြေးအလွှား သွား ။ စားစရာတွေကို ကြောက်လန့်တကြား ဝယ်ကြ စုကြတဲ့လူတွေကြောင့် စားစရာတချို့ ပြတ်လတ်စ ပြု တယ်။
အရေးပေါ် အသည်းအသန် ဌါနမှာ နေ့ ည ဆက်တိုက် တာဝန်ကျရာက ဂျူတီထွက်လာတဲ့ အထူးသူနာပြုတယောက် ဟာ သူ ဂျူတီ ထွက် ချိန် အိမ်အပြန်လမ်းမှာ စားစရာများ ဝင်ဝယ်တဲ့ အခါ ဘာမှ ဝယ်မရတော့ပဲ ခါလီကျနေတဲ့ ကုန်တိုက်ကြီးတွေ စတိုးဆိုင်တွေကိုသာ တွေ့နိုင်တော့ တယ်။ သူ့ကိုလဲတချက် ငဲ့ ကြပါဦးလို့ ( သတင်းထောက်တွေ သွား မေးတာတဲ့ အခါ) သူ့ကားထဲကနေ ငိုပြီး ပြောနေတာ တွေ့ပါတယ် ။
ဗြိတိန်နိုင်ငံသားအတော်များများဟာဘယ်တုန်းကမှ စားစရာကို အများကြီး သိုလှောင် ထား တာ၊ အိမ်မှာ ပုံမှန် ချက်စားတာမျိုး အလေ့အထ သိတ် မရှိကြပါဘူး။ အချိန်မရွေး ကြိုက်တာကို ၂၄ နာရီ ဝယ်စားလို့ရနေတဲ့ ဘဝမှာ ကြီးပြင်းလာကြ ။ အိမ်က ရေခဲသေတ္တာမှာ စားစရာ အနည်းငယ်ရှိရင် မပူတတ်တဲ့ လူမျိုး ။ အခုတော့ ကိုဗစ် က ပေးတဲ့ အကြောက်တရားတွေ နဲ့ လူတွေ သူ့ထက်ငါဦး အစာလု ၊ အစာစု ကုန်ကြပါပြီ။
ဆိုင်တွေ စီးပွါးရေးလုပ်ငန်းတွေကို ပိတ်ခိုင်းလိုက်ခြင်း ဟာ မြို့ရွာတွေကို အသက်နှုတ်လိုက်တာ ၊ လိပ်ပြာနှုတ်လိုက်တာနဲ့ တူတယ်။ အသွားအလာမရှိတော့သလောက် ဖြစ်သွားပြီ ။ နေ့ချင်းညချင်း အလုပ်လက်မဲ့ နိုင်ငံသား သန်းပေါင်းများစွာ ဟာ အိမ်မှာ ငုတ်တုတ်ထိုင်ရင်း အိမ်လခ ဘယ်လိုရှင်းကြ မလဲ ။ ယူထားတဲ့ ဘဏ်အတိုးတွေ ဘယ်လိုဆပ်မလဲ တွေးနေကြပါပြီ ။
ဆိုင်တွေ စီးပွါးရေးလုပ်ငန်းတွေကို ပိတ်ခိုင်းလိုက်ခြင်း ဟာ မြို့ရွာတွေကို အသက်နှုတ်လိုက်တာ ၊ လိပ်ပြာနှုတ်လိုက်တာနဲ့ တူတယ်။ အသွားအလာမရှိတော့သလောက် ဖြစ်သွားပြီ ။ နေ့ချင်းညချင်း အလုပ်လက်မဲ့ နိုင်ငံသား သန်းပေါင်းများစွာ ဟာ အိမ်မှာ ငုတ်တုတ်ထိုင်ရင်း အိမ်လခ ဘယ်လိုရှင်းကြ မလဲ ။ ယူထားတဲ့ ဘဏ်အတိုးတွေ ဘယ်လိုဆပ်မလဲ တွေးနေကြပါပြီ ။
ခုတော့ လူတွေဘဝက ကူးစက် ရောဂါရမှာ စိုးတဲ့ အကြောက်တရားက တခု ။ အစားငတ်မှာ စိုးတဲ့ သောကတရားက တခု ။ ညကကြေငြာချက်နဲ့ အတူ အခုမနက် အလုပ်မရှိ အလုပ်ပြုတ်ကြ လို့ ဝင်ငွေ မရှိတော့ဘူး ဆိုတဲ့ ဒုက္ခက တခု။ ဒုက္ခကို ဒုက္ခ ပတ်နေကြတာ ပေါ့။
ဘောရစ်ဂျွန်ဆင်က ၃လ ဆိုရင် ပုံမှန်ပြန်ကောင်းနိုင်ပါတယ်ဆိုပေမယ့် အဲဒီယူဆချက်ကို ပညာရှင်တချို့က သံသယ ရှိနေပါ တယ်။ ၃လထဲနဲ့ တိုင်းပြည်ထဲက လူနာတွေ မှာ ဗိုင်းယပ်စ်ပိုး လုံးဝ ကုန်စင်သွားအောင် ကုလို့ ရမှာလား။ နှိမ်နင်းလို့ နိုင်မှာ လား ။ နဲနဲ ကျန်ခဲ့ရင် လူတွေကို ခဏလေး ပြန်ကူးစက် မှာပဲ ။ အဲဒီအခါ မှ အခုလို တခါ ပြန်ပိတ်ဆို့မယ်ဆိုရင် ပိတ်လိုက် ပြန်ဖွင့်လိုက်- ကိုဗစ် သံသရာ အခါခါလည်နေ နိုင်တယ်လို့ တွက်ကြပါတယ်။ အကြာကြီး ပိတ်ထားပြန်တော့ စီးပွါးရေး လုပ်ငန်းတွေ အကုန်ရပ်နေရမယ့် အဖြစ်။ ကုမ္ပဏီအားလုံးက သူတို့ အားလုံး ဘယ်နည်းနဲ့မှ ခုလို ကြာကြာ တောင့်ခံမထားနိုင်ဘူးလို့ ပြောပါတယ်။
အစိုးရက အလုပ်လက်မဲ့ ဖြစ်သွားတဲ့ လူတွေကို လစာရဲ့ ၈၀ ရာခိုင်နှုန်း ထောက်ပန့်မယ်လို့ ပြောတယ်။ ဘယ်လောက်ကြာအောင် ထောက်ပန့်ထားနိုင်မလဲ မသိဘူး ။ ပေးနေရတဲ့ အိမ်လခတွေ ကို ၃လ ဆိုင်းငံ့ပေးမယ်။ လစဥ် ဘဏ်တိုး ပေးနေရတာတွေလဲ ၃လ ဆိုင်းငံ့ပေးမယ်။ အိမ်ငှါးနေရတဲ့ ဘယ်သူမဆို အိမ်လခ ၃လ ပေးစရာမလို။ အိမ်ရှင်ကလဲ မတောင်းရ ။ နှင်မချရ ။ အစိုးရက အရေးပေါ်အမိန့်တွေနဲ့ ကြီးကြပ်ပါတယ်။
အားလုံး အဆင်ပြေအောင်ကတော့ ဘယ်နည်းနဲ့ မှ သူ မလုပ်ပေးနိုင်ဘူး ကုမ္ပဏီ ကြီးကြီး မဟုတ်ပဲ ကိုယ်ပိုင်လုပ်ငန်းလေးတွေနဲ့ ထူထောင်စီးပွါး ရှာ တဲ့ တချို့ လူတွေမှာ အလုပ်မလုပ်နိုင်တော့တာ။ ဝင်ငွေမရှိတာကိုတော့ ထောက်ပန့်မယ့် အစီအစဥ် မရှိသေးဘူး မဆွဲနိုင်သေးဘူး ဆိုတော့ အစိုးရခင်မျာ လူထု ပြစ်တင် ဝေဖန်တာကို ခံနေရပြန်တယ်။
ဥပမာ မင်္ဂလာဆောင်တွေ အခန်းအနားတွေမရှိတော့ အဲဒီမှာ လိုက်ဖြေဖျော်ပေးနေတဲ့ ဂီတပညာရှင် မှာ အလုပ်မရှိတော့ဘူး။ အိမ်ပေါက်စေ့ မီးလိုက်ပြင်နေရတဲ့ မီးပြင်သမား ၊ ရေပိုက်သမားမှာ အလုပ်မရှိတော့ဘူး။ သူတို့ ဘာနဲ့ ထမင်းစားမလဲ ။
( Hospitality) ပျုငှါ ဖေါ်ရွေခြင်း အဓိပ္ပါယ် ကို ကိုရိုနာဗိုင်းယပ်စ် က ကြည့်မရဘူး ။ တယောက်နဲ့တယောက် ပူး ပူးကပ်ကပ်မနေကြနဲ့ နော်လို့ ကိုဗစ်က ခြိမ်းခြောက် တယ်။ မလိုက်နာရင် ဒုက္ခရောက်မယ် လို့ ကြိမ်းဝါးတယ်။ ဒီတော့ အစိုးရများကလဲ social distancing ကြပါ ။ self isolation ကြပါလို့ အပ်ကြောင်းထပ် အောင် လူထုကို မှာနေ ရတယ်။ တံခါးများ အကုန်ပိတ်ထားကြ ဆိုတဲ့ တံခါးပိတ်ဝါဒ ဗိုလ်ရှုသဘင်မှာ မိန့်မိန့်ကြီး စင်ခံတဲ့ ကာလပေါ့ ။ လူတိုင်း ရောဂါ ရမရ မသေချာပေမယ့် လူတိုင်း စီးပွါး ပျက်ကြမှာကတော့ သေချာနေပါပြီ။
အမေရိကားမှာ ၂၁ ဇန်နဝါရီနေ့က ကိုရိုနာ ပိုးရှိတဲ့ လူနာတယောက်ကို စတွေ့တယ်။ မတ်လ၂၁ ရက် ရောက်တဲ့ အချိန် (၂လအတွင်းမှာ ) အရေးပေါ်အခြေအနေကြေငြာခဲ့ရပြီးပြီ။ ပြည်နယ်တွေ ကို အကုန် ကူးစက်ပြီးပြီ ။ စတော့ ရှယ်ယာစျေး ရေနံစျေး အကုန်ထိုးကျ။ လူထောင်ချီကူးစက် ရာချီသေဆုံး ။ နယ်စပ်တွေအကုန်ပိတ် ခဲ့ရပြီ။
မြန်မာမှာ မတွေ့ပဲနေသေး တာ ဘုရားမတာလား ။ ပြင်ဆင် ချိန်ပေးထားတာလား။ သူများတွေ ဘယ်လို ခုခံကြသလဲဆိုတာသိအောင် သင်ခန်းစာ အရင်ယူကြပါလို့ အချိန်ပေးနေတာလား ။
မိတ်ဆွေတယောက် ( Moe Maung Maung ) က မြန်မာပြည်မှာ ဝက်တုတ်ကွေးဝင်မွှေ ထားတာ မကြာသေးလို့ ရွှေမြန်မာတွေ ကိုယ်ခံအား မြင့်နေ ကြတာ။ နေကောင်းနေကြတာ ။ ဗိုင်းယပ်စ် အစွမ်းနဲ့ မြန်မာ့တွေ မှာ ရှိနှင့်ပြီးသား ကိုယ်ခံအား အစွမ်း အားပြိုင်နေတဲ့ ကာလ များဖြစ်နေသလား ။ ပြိုင်နေကြရင်း မြန်မာတွေမှာ ရှိတဲ့ ကိုယ်ခံအားက နိမ့်သွားရင် ဗိုင်းယပ်စ်က ပိုအစွမ်းထက်တဲ့ ဗိုင်းယပ်စ် ဘဝကို ဗီဇပြောင်းပြီး ( Mutation ဖြစ်ပြီး ) တကယ်ပို စွမ်းတဲ့ ကိုရိုနာဖြစ်နိုင်သေးတယ်လို့ စဥ်းစားပါတယ်။ ကျွန်တော့်ကို ဘယ်လိုမြင်သလဲလို့ မေးပါတယ်။
ဗိုင်းယပ်စ်တွေ ဗီဇပြောင်းတာ - မျူတေးရှင်းဖြစ်တာ ဖြစ်တတ်တဲ့ သဘာဝ ။ ဘယ်အချိန်ဖြစ်မလဲ ဆိုတာတော့ မသိပါဘူး။
ဗိုင်းယပ်စ်ဗေဒ ပညာရပ်မှာတော့ အခု ပိုး ဟာ မျိုးစိတ်အသစ်ချပ်ချွတ်ဖြစ်နေတာမို့ မြန်မာတွေမှာ ကိုယ်ခံအား ရှိမထားပါဘူး ။ ဝက်တုတ်ကွေး ဝင်ပြီးသားမို့ ဒီ ဗိုင်းယပ်စ်ကို ပြီးတယ်ဆိုတာ မဖြစ်နိုင်ပါဘူး ။
စိတ်ဝင်စားစရာ ကောင်းတာက ဒီ နင်ဂျာဗိုင်းယပ်စ်ဟာ ဥရောပလိုအေးတဲ့ နေရာမျိုး ကိုရန်စွယ်ငေါငေါ အသဲအမဲ တိုက်ခိုက်နေပေမယ့် အာရှအာဖရိက လို လူနေထူထူ - အပူကဲကဲ ဒေသမျိုးရောက်သွားတဲ့ အခါ ဒုက္ခ သိတ်မပေးသလို လုပ်နေတဲ့ အချက်ဟာ သူ့ ဗီဇ သဘော လား ။ အေးတဲ့ အရပ်မှာ အစွမ်းထက်ပြီး
အပူလွန်တဲ့ အနေအထားကျရင် တိုက်ခိုက်နိုင်စွမ်း ကျဆင်း အားကုန်တတ်သလား။ ဒီမေးခွန်းကို အချိန်အများကြီး ဆက် သုတေသန လုပ်ကြရဦးမှာပါ ။ ဘယ်ပညာရှင်မှ သေချာ ရတိပြတ် မပြောနိုင်သေးပါဘူး။
ဒီအချက် သာ တကယ် မှန်ကန်နေရ င် အပူကဲတဲ့ မြန်မာပြည်ဟာ ကံကောင်းပါ လိမ့်မယ်။ ကံကောင်းမယ်ဆိုပြီးတော့ ဆူးပုံနင်းဘို့ တော့ အရမ်းကို စောပါသေးတယ်။ လက်နိုင်နိုင်ဆေးနေရဦးမယ့်ကာလကြီးပါ။
အိမ်နီးခြင်း တရုတ်ပြည်ကြီးကတော့ ၃ ရက်မြောက် ဆက် ပြီး အောင်ပွဲခံလို့ပေါ့ ။ ထပ်တိုးလူနာမရှိ ။ နှာခေါင်းစည်း ပါ ရင် ပန်းခြံတွေထဲကို ပြန်ထွက်လည်နိုင်ကြပြီ။ ပြန်လည်ခွင့်ရကြပြီ။ အင်တာဗျူးမှာအစိုးရ အစီအမံတွေကို လက်ခံတယ်။ ဆောင်ရွက်ချက်တွေကို ယုံကြည်တယ်လို့ ပန်းခြံထဲမှာ ကလေးတွေနဲ့ ထွက်ဆော့နေတဲ့ တရုတ်လူထုက ပြုံးပြုံးရွှင်ရွှင် အင်တာဗျူးနေတာတွေ့ ပါတယ်။
တရုတ်က ၃ ၇က်မြောက် ဆက်တိုက်အောင်ပွဲခံနေတဲ့ အချိန်မှာ အီတလီဟာ အလူးအလဲ ။ စပိန်ဟာ ဒလိမ့်ခေါက်ကွေး ။ ဂျာမဏီ ဟာ နယ် ၂ခု ပိတ်ဖို့လုပ်နေရပြီး အင်္ဂလန် ကလဲ ပိတ်ချခဲ့ ပါပြီ ။
ကိုဗစ် ရဲ့ မာယာ ကို ကျွန်တော်တို့ သိတ်မသိသေးဘူး။ သူ့လာခြင်းက အာရှကို ဆုံးမဖို့ လား ဥရောပကိုဆုံးမဖို့ လား။
သူ လက်ကလေးနဲ့ တောက်ချလိုက်တာ ကို လောလောဆယ်တော့ လိမ့်နေအောင်ခံကြဦး ပေါ့ ။
ခွန်ဆိုင်း ( ၂၁ .၀၃.၂၀၂၀ )