Breaking News

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၂လ နဲ့ ၂၇ ရက် မြောက်နေ့ မြင်ကွင်း



မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၂လ နဲ့ ၂၇ ရက် မြောက်နေ့ မြင်ကွင်း

(မိုးမခ) ဧပြီလ ၂၇၊ ၂၀၂၁

အာဆီယံကို မလိမ့်တပတ်လုပ်မယ့် စစ်ကောင်စီ နဲ့ ကွမ်းယာဆိုင်တော်လှန်ရေးလား

ဧပြီလ ၂၄ ရက်နေ့အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမှာ လုပ်တဲ့ မြန်မာ့နိုင်ငံရဲ့ အကြပ်အတည်းအရေး အာဆီယံ အစည်းအဝေးမှာ စစ်ကောင်စီ ခေါင်းဆောင်မင်းအောင်လှိုင်က အာဆီယံကိုယ်စားလှယ်လာမှာကို မကန့်ကွက်ကြောင်း လက်ခံခဲ့လို့ အာဆီယံခေါင်းဆောင် အချို့က စိတ်သက်သာရာရခဲ့ကြတဲ့ သဘောမျိုး သတင်းဖေါ်ပြမှုတွေအရ သိရပါတယ်။

မြန်မာနိုင်ငံပြန်ရောက်ပြီး ၂ ရက်မကြာခင်မှာပဲ စစ်ကောင်စီအစည်းအဝေးမှာ အာဆီယံ အစည်းအဝေးနဲ့ပတ်သက်တာကို ပြန်ရှင်းပြရာမှာ နိုင်ငံတည်ငြိမ်မှုရပြီးနောက်မှ အာဆီယံကိုယ်စားလှယ်ကို လက်ခံမယ်လို့ မလိမ့်တပတ် ပြောခဲ့ပါတယ်။

မင်းအောင်လှိုင် အာဆီယံ အထူးအစည်းအဝေးကို သွားစဥ်ကတည်းက အခုလို မလိမ့်တပတ် လုပ်ဖို့ရည်ရွယ်ခဲ့တာ သံသယ ဖြစ်စရာမလိုပါဘူး။ အစည်းအဝေးကို လူကိုယ်တိုင်သွားတက်တာ ရဲ့ ရည်ရွယ်ချက်ကလည်း တရားဝင် အသိအမှတ်ပြုတာမဟုတ်ပေမယ့် မြန်မာနိုင်ငံရဲ့ စစ်ခေါင်းဆောင် အဖြစ် အသိအမှတ်ပြုခံချင်တဲ့ ရည်ရွယ်ချက်နဲ့ သွားခဲ့တဲ့ သဘောလို့ ယူဆရပါတယ်။

နောက်တချက်ကတော့ လတ်တလော လူထုရဲ့ ခုခံမှု ဆန္ဒပြမှု အုပ်ချုပ်ရေးထူထောင်ဖို့ ကို လူထုက လက်မခံ ဆန့်ကျင်ငြင်းဆန်နေမှုတွေကို အကြောင်းပြပြီး ဖိနှိပ်မှု ဖြိုခွဲမှု ဖမ်းဆီးမှု တွေလုပ်နေရတဲ့ သဘော ဆင်ခြေပေးဖို့လည်း ကြံစည်ထားပုံရပါတယ်။ အာဆီယံကိုယ်စားလှယ် လာရောက်ရေး အချိန် သတ်မှတ်ချက် အစရှိတာတွေ ဆွေးနွေးစဥ် ပါရှိခဲ့သလား မရှိခဲ့လားတော့ တိတိပပ မသိရပါ။ ခုလိုအာဆီယံရဲ့ ကြိုးပမ်းမှုကို အီးယူကပါ ကြိုဆိုထားတာကြောင့် ဒီအာဆီယံရဲ့ ကြားဝင်ဆောင်ရွက်မှုကို အချိန်ဆွဲပြီး လှည့်ဖျားဖို့ စစ်ကောင်စီက ကြံစည်ထားတယ်ဆိုတာ ထင်ရှားတဲ့သဘောပါ။

ယနေ့ အခြားသတင်းတွေ အနေနဲ့ဆို မင်းတပ်မှာ ဒေသခံတွေရဲ့ ခုခံမှုကြောင့် စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေ ကျဆုံးမှု ဆက်ရှိနေတယ်ဆိုတဲ့သတင်းပါ။ မနေ့က ၁၅ ဦးထက်မနည်း သေဆုံးခဲ့ပြီး ဒီနေ့မှာလည်း ဆက်လက်တင်းမာနေဆဲ စစ်ကောင်စီဘက်က ထပ်သေဆုံးမှုရှိတယ် ဆိုတဲ့သတင်းလည်း ထွက်ပေါ်နေပါတယ်။

အပစ်ရပ်စဲဖို့​ အခြားနယ်က ပို့လာတဲ့ တပ်ဖွဲ့တွေကို မင်းတပ်မြို့ထဲ ပေးဝင်ဖို့ မြို့မိမြို့ဖ ကနေတဆင့် ညှိနှိုင်းတယ်လို့ သတင်းတွေထဲမှာ ဖေါ်ပြထားပါတယ်။ ယခုလထဲမှာ ချင်းပြည်နယ် နယ်စပ် ကလေးမြို့ မှာ ပြင်းပြင်းထန်ထန် ခုခံတာ၊ အိန္ဒိယနယ်စပ် တမူးမြို့မှာ အလားတူ ခုခံမှုတွေ ဖြစ်ခဲ့ပြီးနောက် ခုတဖန် ချင်းပြည်နယ် တောင်ပိုင်းမင်းတပ်မြို့မှာ ဖြစ်ပွားလာတာပါ။ လက်နက်ကိုင် ပဋိပက္ခမရှိသလောက် ဖြစ်ခဲ့တဲ့ ချင်းပြည်နယ်မှာ အခုလို ပြင်းထန်တဲ့ ခုခံမှုတွေ ကြုံရလိမ့်မယ်လို့ စစ်ကောင်စီက တွက်ဆထားဟန် မရှိပါဘူး။

ဆယ်စုနှစ်များစွာ ရှည်ကြာခဲ့တဲ့ မြန်မာနိုင်ငံရဲ့ လက်နက်ကိုင် ပဋိပက္ခကို ချုပ်ငြိမ်းဖို့ လမ်းစများပေါ်လေပြီလားလို့ ၂၀၁၁ ၊ ၂၀၁၂ နောက်ပိုင်း မျှော်လင့်ခဲ့သမျှ ခု စစ်အာဏာသိမ်းမှုက ရိုက်ချိုးဖျက်ဆီးလိုက်သလိုပါ။ ခုဆိုရင် အရင် လက်နက်ကိုင် ပဋိပက္ခမရှိခဲ့တဲ့ နေရာ ဒေသတွေမှာပါ ပေါ်ထွက်လာမယ့် အရိပ်အရောင်တွေ မြင်တွေ့နေရြပီဖြစ်ပါတယ်။ တနည်းအားဖြင့် ပြောရမယ်ဆိုရင် စစ်အာဏာသိမ်းမှုက တိုင်းပြည်ကို လက်နက်ကိုင် ပဋိပက္ခ နွံထဲက ရုန်းမထွက်နိုင်အောင် ထပ်နစ်မြုပ်အောင် လုပ်ဆောင်လိုက်ပြီး လူထုကြားထဲ လက်နက်ကိုင်လမ်းစဥ်သည်သာ … … ဆိုတဲ့ အယူအဆကို လိုက်ကြမယ့် အနေအထားမျိုး မြင်နေရပါပြီ။

လက်နက်ကိုင်လမ်းစဉ်ကို တိုင်းပြည်လွတ်မြောက်ရေးအဖြေထဲက ဆွဲကိုင်ရမယ့်အချက်လို့ ယူဆပြီ ဆိုရင် ပြည်သူတွေကိုယ်တိုင် ၊ တိုက်ပွဲဝင်နေသူတွေနဲ့ မီဒီယာသမား၊ civil society သမားတွေ၊ လူမှုရေး ဘာသာရေးသမားတွေ ပညာရေး ကျန်းမာရေး နဲ့ essential work force တွေကိုယ်တိုင်လည်း မိမိတို့ အနေအထား ကို ရေတိုရေရှည် reposition, re-align ပြန်လည်ဖွဲ့စည်းမှု ပြန်လည်နေရာယူမှုတွေ လုပ်ဖို့ စဉ်းစားကြ ဆွေးနွေးထားကြဖို့ လိုပါတယ်။ အချိန်ဆွဲပြီး တရွတ်တိုက်လိုက်ရင်း အဖြေရှာမယ်လို့ စဉ်းစားမယ်ဆိုရင် မှားလိမ့်မယ် ထင်ပါတယ်။ CDM ကနေ Protest အဲသည်ကနေ Resistence နောက်တော့ Revolution ဆီကို အချိန် ၂ လကျော် ၃ လ မပြည့်ခင် အရှိန်မြန်ဆန်စွာ ပြောင်းလဲစီးဆင်းနေတာပါ။ တိုင်းပြည်လွတ်မြောက်ရေးဆိုတာ အရင်တုန်းကလို မိမိတို့အစုအဖွဲ့ကလေး လက်တဆုတ်လောက်လေးနဲ့ ကွမ်းယာဆိုင်ဖွင့်သလို မုန့်ဟင်းခါးဆိုင်ဖွင့်သလို လုပ်နေကြလို့ မရတော့ပါ။ တကမ္ဘာလုံးနဲ့ ချိတ်ဆက်ဖြန့်ကျက်လှုပ်ရှား သဘောထားကြီးကြီးထား အချိန်တိုတိုအတွင်း မြန်မြန်ထက်ထက် သွက်သွက် ဆောင်ရွက်ကြရမယ် ဖြစ်ပါကြောင်း။

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar