Breaking News

ကိုသန်းလွင်် - တူရကီ နှင့်တရားစီရင်ရေး


ကိုသန်းလွင်် - တူရကီ နှင့်တရားစီရင်ရေး

(မိုးမခ) ဧပြီ ၂၃၊ ၂၀၂၀

(၁)

တူရကီတရားရုံးက ထင်ရှားသော လူအများအကျိုးကိုဆောင်ရွက်နေ သူတစ်ဦးနှင့် အပေါင်းအပါရှစ်ဦး တို့ ကို သမ္မတ (Recap Tayyip Erdogan) ၏အစိုးရကိုဖြုတ်ချရန်ကြံစည်သည်ဆိုသော အမှုကို ပလပ်လိုက်သော အခါအများတကာက အံ့သြဝမ်းသာခဲ့ကြရပါသည်။ သို့သော် ကာဗာလာ (Osman Kavala) ကိုနာရီပိုင်းအတွင်း ပြန်လည်ဖမ်းဆီးခဲ့ပါသည်။ ၂၀၁၆ခုနှစ်က ဖြစ်ခဲ့သော စစ်တပ်၏အာဏာသိမ်းရန်ကြံစည်မူနှင့် ပါတ်သက်၍ စစ် ဆေးမေးမြန်းရန်ရှိသည်ဟု ဆိုပါသည်။

ညနေပိုင်းတွင် မစ္စတာကာဗာလာမှာရဲတို့၏အချုပ်အနှောင်အောက်သို့ ပြန်လည်ရောက်ရှိသွားပြီး ပိုမို ဆိုးရွားသော စွတ်စွဲချက်များကိုရင်ဆိုင်ရ ရန်ရှိပါသည်။ သူ့ကိုလွတ်မည်ဟုစောင့်ဆိုင်းနေကြသော သူ့အကျိုး လိုလားသူတို့က ပြင်ပမှ စောင့်ဆိုင်းနေကြစဉ်မှာပင်မစ္စတာကာဗာလာမှာ အစ္စတန်ဘူမြို့အကျဉ်းထောင်မှရဲဌာန ရုံချုပ်သို့ ရွှေ့ပြောင်းပြီး ဖြစ်နေပါသည်။

(၂)

ဤကိစ္စမှာရည်ရွယ်ချက်ရှိရှိစီစဉ်ထားသော ရက်စက်ကြမ်းကြုတ်မှုတခုဖြစ်ပြီး အကျဉ်းထောင်ထဲတွင် နှစ်နှစ်ခွဲခန့်နေခဲ့ရပြီးဖြစ်သော မစ္စတာကာဗာလာအဖို့ မျှော်လင့်ချက်ပျောက်ဆုံးသွားခြင်းလည်းဖြစ်ပါသည်။ တူရကီသမ္မတ မစ္စတာအက်ဒဝမ်မှာ ၂၀၁၆ခု စစ်တပ်မှအာဏာသိမ်းရန်ကြံစည်မှုဖြစ်ပွားပြီးကတည်းကဖမ်းဆီး ချုပ်နှောင်မှုများ ကို ဆက်တိုက်ပြုလုပ်နေခဲ့ရာ ယနေ့အထိမပြီး နိုင်ဘဲရှိနေပါသည်။

မစ္စတာကာဗာလာနှင့် အပေါင်းအပါများမှာ ၂၀၁၃ခု တပ်ဆင်စကွဲယား ( Taksim Square) ဆန္ဒပြပွဲများ တွင် ပါတ်သတ်ခဲ့မှုနှင့် အမှုအစွဲခံကြရခြင်းဖြစ်ပါသည်။

ဆန္ဒပြသူများကထိုအချိန်က မြို့တော်၏ မများလှသောပန်းခြံတခုအတွင်းတည်ဆောက်နေသော ဈေး (Shopping Mall)တစ်ခုတည်ဆောက်ခြင်းကိုဆန္ဒပြခဲ့ကြခြင်းဖြစ်ပါသည်။မစ္စတာအက်ဒဝမ်မှာထိုရှော့ပင်မောလ် တည်ဆောက်ခြင်းကိစ္စတွင်ကိုယ်တိုင်ပါဝင်ပါတ်သက် နေခဲ့ပါသည်။ ထိုသို့ မောလ်တည်ဆောက်ခြင်းကိုကန့် ကွက်သည်ဆိုခြင်းမှာ သူ့အုပ်ချုပ်မှုကို တိုက်ရိုက်ချဲ့လင့်လုပ်သည်ဟု ယူဆခဲ့ပြီး ပုလိပ်များ၊ မျက်ရည်ယိုဗုံးများ ဖြင့်ဆန္ဒပြခြင်းတို့ ဖြိုခွဲခဲ့ပါသည်။

ရှေ့နေများက မစ္စတာကာဗာလာ အပါအဝင် လူသုံးယောက်အပေါ် တစ်ဦးတည်းချုပ်နှောင်(Solidary confinement) ပြီး အယူခံခွင့် မရှိဘဲ တသက်တကျွန်း ပစ်ဒဏ်များချမှတ်ရန်တောင်းဆိုခဲ့ကြပါသည်။ ကျန်လူ များ ကိုအနှစ် ၂၀ ချမှတ်ရန်ဖြစ်ပါသည်။ စုစုပေါင်းလူ ၁၆ယောက်အပေါ်စွဲတင်ခဲ့ကြရာ ၉ ယောက်မှာ လွတ်သွား ခဲ့ပြီး လူ ၇ ယောက်မှာ နိုင်ငံရပ်ခြားရောက်နေသောကြောင့် သူတို့အပေါ်ဖမ်းဝရမ်းများကို ရုတ်သိမ်းခဲ့ပါသည်။

လူ့အခွင့်အရေးဆိုင်ရာ ပုဂ္ဂိုလ်များက ပြစ်မှုအတွက် လုံလောက်သောသက်သေမရှိသဖြင့် အမှုကြောင်း အရ ခိုင်လုံမှုမရှိပါဟု ယူဆထားခဲ့ကြပါသည်။ လွှတ်ပေးခြင်းမှာ နိုင်ငံရေးအရဖြစ်နိုင်ပြီး မစ္စတာကာဗာလာကို လွှတ်ပေးရန်အနောက်နိုင်ငံများက တစိုက်မတ်မတ်တောင်းဆိုခဲ့ကြပါသည်။

ထိုလူများကို အပြစ်မယူဘဲလွှတ်ပေးလိုက်ခြင်းမှာ တိုင်းပြည်တွင်းနိုင်ငံရေးလေကြောင်းပြောင်းလဲနေပုံ ကို သရုပ်ဖော်လိုက်ခြင်းလည်း ဖြစ်နိုင်ပါသည်။ ယမန်နှစ်မြို့တော်ဝန်ရွေးချယ်ပွဲတွင် အက်ဒဝမ်၏ပါတီမှာကြီးစွာ ရှုံးနိမ့်ခဲ့ပါသည်။

မစ္စတာ အတ်တလေ (Can Atalay) ဆိုသောလွတ်မြောက်လာသည့် လူတစ်ဦးကမူ တိုင်းပြည်မှာအ ပြောင်းအလဲတွေဖြစ်နေပြီ ဟုပြောပါသည်။ အပြစ်မှလွတ်ကြောင်း ဆုံးဖြတ်ချက်ကိုတရားရုံးတော်မှာ ဖတ်ကြား ရာတွင် အံ့သြလက်ခုတ်သံ များဖြင့်ဆူညံနေခဲ့ပါသည်။

ဤတရားစစ်ဆေးမှုမှာရှစ်လကျော်ကြာလာချိန်တွင် အစ္စတန်ဘူမြို့တော်ဝန်အသစ်၏ထောက်ခံမှုကို လည်းတရားခံ များက ရခဲ့ကြပါသည်။ အီမိုဂလူ (Ekrem Imamoglu) သူက တွစ်တာမှစကားပြောရာတွင် သူသည် ဆန္ဒပြမှုများတွင်အကြိမ်များစွာ တက်ရောက်ခဲ့သည်ဟုဆိုပါသည်။

ဆိုရှယ်မီဒီယာများတွင် ဆန္ဒပြပွဲများအကြောင်း ထောက်ခံရေးသားကြရာ အချို့က သူတို့ကိုယ်သူတို့ တပ်ဆင်စကွဲယားတွင် ဓါတ်ပုံများရိုက်ခါ တင်ခဲ့ကြပါသည်။ “ဤတရားရုံး၏ စီရင်ချက်မှာ နိုင်ငံရေးအရ ထိပ်ပိုင်း အရာရှိများပါဝင်ကြောင်းမှာယုံမှားသံသယဖြစ်စရာ အကြောင်းမရှိပါ” ဟု တရားခံများဘက်မှလိုက်ပါရသော ရှေ့နေက ပြောကြားပါသည်။

တရားရုံး၏ ဆုံးဖြတ်ချက်မှာရယ်ဖွယ်ဖြစ်ပြီး “ပန်းကလေးတပွင့် ပွင့်ရုံဖြင့် နွေဦးရာသီ ရောက်ပြီ” ဟု မပြောနိုင်ကြောင်းပြောပါသည်။ တူရကီနိုင်ငံ၏တရားစီရင်ရေးပုံသဏ္ဍာန်သည် မပြောင်းလဲသေးဟုဆိုပါသည်။

အသက် ၆၃နှစ်ရှိပြီးဖြစ်သော မစ္စတာကာဗာလာက တရားရုံးတော်သို့ ဝင်လာရာတွင် ပလပ်စတိတ် အပြာရောင်တစ်ခုကို ကိုင်ထားပြီး သူ့ကိုထောက်ခံကြသူများကို အသိအမှတ်ပြုရုံ လက်ကိုသာ မြှောက်ပြပြီး ဘေးဘီသို့ လှည့်လည်ကြည့်ရှု့ခြင်းမရှိပါ။ ဥရောပကောင်စီတရားရုံးမှ ဤအမှုတွင် အမှုအတွက် ခိုင်လုံသော သက်သေများမရှိကြောင်း ပြောဆိုခဲ့ပါသည်။ လူ့အခွင့်အရေးရှေ့နေက ဥရောပကောင်စီတရားရုံးက ဒီဇင်ဘာ လအတွင်းကချမှတ်ခဲ့သော ဆုံးဖြတ်ချက်မှာ ဤအမှုတွင် အရေးပါကြောင်းပြောကြပါသည်။ ဥရောပကောင်စီ တရားရုံးနှင့် ဆန့်ကျင်မှုမဖြစ်စေရန်လိုက်လျောရန်မျှော် လင့်ခဲ့ကြပါသည်။

မစ္စတာအက်ဒဝမ် မှာ ဥရောပကောင်စီ၏ ဖိအားပေးခြင်းကိုခံနေရပြီး ဥရောပကောင်စီသို့ ဝင်ရောက် လာသောတူရကီနိုင်ငံအတွက် မစ္စတာ ကာဗာလာနှင့်အပေါင်းပါများကိုလွှတ်ပေရန် တောင်းဆိုမှုများကို ကြုံတွေ့ နေရပါသည်။ အမှုမစမီကလူ့အခွင့်ရေးဆိုင်ရာကော်မရှင်(Amnesty International) မှလူ့အခွင့်အရေးချို့ယွင်း နေသော တူရကီနိုင်ငံတွင် လူ့အခွင့်အရေးမှာ မည်မျှအရေးပါ အရာရောက်ကြောင်း ပြသလိမ့်မည်ဟု ကြိုတင် နိမိတ် ဖတ်ခဲ့ပါသည်။

မစ္စတာအက်ဒဝမ် ကို ထောက်ခံသူများကမှု ပြစ်ဒဏ်မကျဘဲ လွှတ်လိုက်ခြင်းကို ရှုံ့ချလိုက်ပြီး ဤကိစ္စ သည် သမ္မတကိုနောက်တစ်ကြိမ်ပြန်အရွေးချယ် မခံရအောင် ဆောင်ရွက်ခြင်းဖြစ်သည်ဟု စွတ်စွဲပါသည်။ အချို့ ကလည်း အမေရိကန်၌ရှိသော မစ္စတာဂူလင် (Fethullah Gullen) နှင့် ပါတ်သတ်နေပြီး ၂၀၁၆ အာဏာသိမ်းမှု ဖြစ်ကတည်းက သူနှင့်ပါတ်သတ်နေသည်ဟုပြောထားပါသည်။ အစိုးရကိုထောက်ခံနေသည့် ဆားဗား (Sabah) သတင်းစာ၏သတင်းထောက်တစ်ယောက်ကမူဤကိစ္စမှာ မစ္စတာအက်ဒဝမ် ကို ပြန်လည်အရွေးမခံရအောင် လုပ်သော နိုင်ငံရေး လှည့်ကွက်တခုဖြစ်သည်ဟု ပြောပါသည်။ သူက တယ်လီဗေးရှင်းချယ်နယ် (A Haber) မှာလည်းပြောဆိုခဲ့ပါသည်။

တူရကီနိုင်ငံ စက်မှုဝန်ကြီးဖြစ်သူက တွစ်တာအကောင့်မှနေ၍ ပြောကြားရာတွင် တပ်ဆင်စကွဲယားမှ ဆန္ဒပြမှုများသည် တူရကီနိုင်ငံ၏ ဒီမိုကရေစီရေးနှင့် စီးပွားရေးကိုပျက်စီးအောင် ပြုလုပ်ခြင်းဖြစ်ပါသည်။ ဒီမိုကရေစီနည်းကျကျရွေးကောက်တင်မြှောက်ထားသောအစိုးရကိုပြုတ်ကျအောင် စေ့ဆော်နေခြင်းဖြစ်ပြီး ဤလုပ်ရပ်မှာ အစွန်းဖက်သူတို့လုပ်ရပ်နှင့် အတူတူပင်ဖြစ်သည်ဟု စွတ်စွဲပြောကြားပါသည်။

လူ့အခွင့်အရေးဆိုင်ရာဘက်မှလည်း ဘာမှသက်သေအထောက်အထားမရှိဘဲ တိုင်းပြည်အစိုးရကိုပြုတ် ကျအာင်လုပ်သည်ဟု စွတ်စွဲခြင်းမှာ လက်ခံနိုင်စရာမရှိကြောင်၊း တရားခံဘက်မှ ရှေ့နေများက ပြောသည်မှာ တရားရုံးတွင်သက်သေအဖြစ်တင်ကြသောဖုန်းရီကော့ကိုကြည့်ခွင့်မရသောကြောင့်၄င်းတို့နှင့် ပါတ်သတ်၍ မေးခွန်းထုတ်ခွင့် စစ်ဆးကြည့်ရှု့နိုင်ခွင့် ဘာမှမရှိကြောင်း ငြီးငြူပြောဆိုကြပါသည်။

(၃)

တရားခံတစ်ဦးဖြစ်သော ဗိသုကာပညာရှင် ရာပီချီ (Mucella Yapici) ကသူ၏လျှောက်လဲချက်ကို နိဂုံးချုပ်ရာတွင် ၂၀၁၃ ခုနှစ်က ဆန္ဒပြပွဲတွင်သေဆုံးခဲ့ကြသူများကို အလေးပြုလိုက်ပြီး “ကျမဟာကျဆုံးသွား သူတွေကိုအလေးပြုလိုက်ကြောင်း သူ့တို့ကျဆုံးတာကို မမြင်ရတဲ့လူတွေရှိနေကြောင်း၊ ဆုံးဖြတ်ချက်ကတော့ ရှင်တို့ဘဲချရမှာပါ” ဟုပြော ဆိုလိုက်ရာ ပရိတ်သတ်မှ ကျယ်လောင်စွာဟစ်အော်၍ သြဘာပေးခဲ့ကြပါသည်။

ကိုသန်းလွင်
Ref: A Hint of Freedom for a Turkish Activist Then Back to Jail, New York Times Feb18 2020