Breaking News

ကျော်မောင် (တိုင်းတာရေး) – ကမ္ဘာလုံးဆိုင်ရာ ကိုဗစ်နှင့် ဂြိုဟ်သားများ



ကျော်မောင် (တိုင်းတာရေး) – ကမ္ဘာလုံးဆိုင်ရာ ကိုဗစ်နှင့် ဂြိုဟ်သားများ

(မိုးမခ) မေ ၂၊ ၂၀၂၀

ရှာတာက ဘာသာပြန်ဝတ္ထုတိုတွေထဲက တပုဒ်။ အင်တာနက်မှာ ရှာတာ။ ရှာနေရင်းနဲ့မှ ဆရာမြသန်းတင့် ဘာသာပြန်ထားတဲ့စာအုပ်တအုပ်ကို တွေ့တာနဲ့ အဲဒီစာအုပ်ထဲမှာများ ရှိလေမလားဆိုပြီး မာတိကာမှာ ရေးထားတဲ့ ဝတ္ထုတိုခေါင်းစဉ်တွေကို လိုက်ဖတ်ကြည့်မိတယ်။ ခေါင်းစဉ်ဖတ်ပြီးတဲ့အခါ ရှာနေတဲ့ ဝတ္ထုတိုလေးများလားဆိုပြီး ဖတ်ကြည့်ရင်းနဲ့ စွဲစွဲထင်ထင်ဖြစ်မိသွားတဲ့ ဝတ္ထုတိုတပုဒ်။ “The Game of Blood and Dust” တဲ့။ ရေးသူက အမေရိကန်သိပ္ပံဝတ္ထုရေးဆရာ Roger Zelazny။ ဘာသာပြန်ကို ဖတ်နေရင်းနဲ့မှ ဒီဝတ္ထုဟာ အရင်တုန်းကလည်း ဖတ်ဖူးပုံရတယ်ဆိုတာ အမှတ်ရမိတယ်။ အခုတခါ ပြန်ဖတ်ကြည့်တော့ တကမ္ဘာလုံးနီးပါး ကပ်ဘေးဆိုက်နေကြတဲ့အချိန်ဖြစ်လို့ သေသေချာချာဖတ်မိလျက်သားဖြစ်သွားတယ်။ မူရင်း ဝတ္ထုတိုကိုလည်း အင်တာနက်မှာ ရှာလို့ တွေ့တာနဲ့ နားလည်သလောက် ဖတ်ကြည့်မိတယ်။

ဆရာမြသန်းတင့် ဘာသာပြန်တဲ့ ဝတ္ထုတိုကို အကျဉ်းချုပ်ပြောပြရရင် ဂြိုဟ်သားနှစ်ဦး ကမ္ဘာမြေပြင်ပေါ်ရောက်လာရာက စတယ်။ သူတို့က လူသားသန်းပေါင်း နှစ်ထောင့်ငါးရာကို ကြည့်ပြီး ဂိမ်းကစားကြတယ်။ ဂြိုဟ်သားနှစ်ဦး ရောက်လာချိန်မှာ ကမ္ဘာ့လူဦးရေဟာ သန်းပေါင်းနှစ်ထောင့်ငါးရာရှိနေပြီလို့ ဆိုတယ်။ တယောက်က ဖုန်မှုန့် (Dust) လုပ်ပြီး ကျန်တယောက်က သွေးစက်(Blood)အဖြစ် လုပ်တယ်။ အဲဒါကြောင့် ဝတ္ထုတိုခေါင်းစဉ်က “The Game of Blood and Dust” လို့ ဖြစ်သွားပုံရတယ်။ ဆရာမြသန်းတင့်က “မကောင်းသူကယ် ကောင်းသူပယ်” ဆိုပြီး ခေါင်းစဉ်တပ်ပါတယ်။ “သိပ္ပံပညာ ယဇ်ပလ္လင်နှင့် အခြားအနာဂတ်ဆန်းကြယ်သိပ္ပံဝတ္ထုတိုများ” ဆိုတဲ့ စာအုပ်ထဲက ဝတ္ထုတိုတစ်ပုဒ်ဖြစ်ပါတယ်။

ကမ္ဘာမှာ ဖြစ်ခဲ့တဲ့ ဖြစ်ရပ်တွေကို အထက်က ဂြိုဟ်သားနှစ်ဦးက ဖုန်မှုန့်တလှည့် သွေးစက်တလှည့်နဲ့ ကစားပွဲလုပ်နေတဲ့ပုံစံ ဖန်တီးပြီး စာရေးသူက ပုံဖော်တယ်။ စထရွန်တီယန် ၉၀ ဗုံးကြီး ခေါင်းပန်းလှန်ပြီး ပေလီယိုလစ်သစ် ခေတ်ဦး၊ ဥရောပတောင်ပိုင်း သတ္တုသိုက်များ၊ အမတ်ကြီးမားကတ်စ်ပိုးရတ်စ်ကာတို၊ ဂျူးလီးယက်စ်အင်ဗရိုစီးယတ်စ်၊ ပန်းပုကျော် အဘူကစ္စကာဖာ၊ အိုက်ဇက်နယူတန်၊ ချားလ်ဘုရင် တို့ကို အသုံးပြုကာ ကစားပွဲတပွဲ ကစားကြတယ်။ ပထမကစားပွဲအပြီး ကမ္ဘာကြီးမှာ ပြောင်းလဲမှုတွေ ပေါ်လာတယ်။ နောက်ဆုံးမှာ အမှောင်ခေတ်ကို ရောက်သွားတယ်။

ဂြိုဟ်သားနှစ်ယောက်ပြန်ရောက်လာတယ်။ ပျက်စီးသွားတဲ့ ကမ္ဘာကြီးကိုကြည့်ပြီး ပျက်စီးသွားရတာဟာ သိပ္ပံပညာကြောင့်မဟုတ်ဘူး၊ လူတွေကြောင့်ဖြစ်ရတယ်လို့ ကောက်ချက်ချတယ်။ ဒုတိယပွဲအနေနဲ့ ထပ်ကစားတဲ့အခါမှာ အမတ်ကြီးကာတို၊ မာတင်လူသာ၊ ချားလ်ဘုရင်၊ သမ္မတလင်ကွန်း၊ ဝုဒရိုးဝီလဆင်၊ ကရူးရှော့တို့နဲ့ ပတ်သက်တဲ့အကြောင်းခြင်းရာများကို တယောက်တလှည့်စီ အကွက်ရွှေ့ပြီး ကစားကြပြန်တယ်။

သူတို့ကစားရင်းနဲ့ ဒုတိယတပွဲပြီးသွားတဲ့အခါမှာ ဖုန်မှုန့်က မကျေနပ်သေးလို့ ဆက်ကစားကြဖို့ တောင်းဆိုလိုက်ရင်း ဖုန်မှုန့်လုပ်ရတဲ့ ဂြိုဟ်သားပြောတာကို ဆရာမြသန်းတင့် ဘာသာပြန်ထားတဲ့အတိုင်း ဖော်ပြရရင် “ကျုပ်ကတော့ ဖုန်မှုန့်ပေါ့လေ၊ နောက်က လိုက်ရတော့မှာပေါ့” ဆိုပြီး မကျေပွဲဆက်ကစားဖြစ်တဲ့ပုံစံနဲ့ အဆုံးသတ်ထားတယ်။

ကမ္ဘာမှာ အခုဖြစ်ပျက်နေကြတာကိုများ စာရေးဆရာ Roger Zelazny (May 13, 1937 – June 14, 1995) သိခဲ့ရင် သိပ္ပံဝတ္ထုတိုတပုဒ်ဘယ်လိုများ ဆက်ရေးမလဲ။ ကမ္ဘာမှာ အခုဖြစ်ပျက်နေကြတာဆိုတာက ကမ္ဘာလုံးဆိုင်ရာ ကိုဗစ်ကူးစက်ရောဂါကို ညွှန်းတာပါ။

Roger Zelazny ကနေ ဒီလိုများ ပြောလေမလား

“ခင်ဗျားတို့ကို ကျုပ် ဝတ္ထုတိုတပုဒ်ရေးပြီး ကြိုတင်သတိပေးခဲ့တာပဲ၊ အခုပွဲက သုံးပွဲမြောက် ဖြစ်မှာပေါ့၊ ကျုပ်ရဲ့ အဲဒီဝတ္ထုတိုထဲမှာပါတဲ့ သွေးကပဲ အကွက်ရွှေ့လိုက်တာလား၊ ဖုန်မှုန့်ကပဲ အကွက်ရွှေ့ဖို့ စောင့်နေတာလားဆိုတာ ကြည့်ကြ” လို့ ဆိုချင်ဆိုပါလိမ့်မယ်။ သေချာတာကတော့ သွေးဖြစ်ဖြစ် ဖုန်မှုန့်ဖြစ်ဖြစ် သူတို့နှစ်ဦးစလုံးဟာ ဒီကမ္ဘာမြေကြီးက မဟုတ်ဘူး၊ ဂြိုဟ်သားတွေ ဖြစ်တယ်။ ကမ္ဘာကြီးရဲ့ ကောင်းကျိုး ဆိုးကျိုးတွေကို သူတို့က ကစားခုံပေါ်တင်ပြီး ကစားရက်နိုင်တဲ့ ဂြိုဟ်သားတွေလည်း ဖြစ်တယ်။

အစမှာပြောထားခဲ့တဲ့ ရှာနေတဲ့ ဝတ္ထုတိုဟာ အခုထိ မတွေ့သေးဘူး။ မတွေ့ပေမယ့် ဇာတ်ကြောင်းလေးလောက်ပဲ မှတ်မှတ်ရရရှိထားတာကိုတော့ ပြန်ဖောက်သည်ချဦးမှလို့ စဉ်းစားပါတယ်။ မှတ်မှတ်ရရရှိထားတယ်ဆိုပေမယ့်လည်း အလုံးစုံမှတ်မိတာတော့ မဟုတ်ပြန်ဘူး၊ ဇာတ်ကြောင်းမိရုံလောက်လေးပေါ့။ ခက်တာက မူရင်းရေးတဲ့သူကိုလည်း မမှတ်မိဘူး။ မူရင်းရေးတာ မြန်မာလို ဖြစ်ရင်လည်းဖြစ်မယ်၊ ဘာသာပြန်ရင်လည်း ဘယ်သူက ဘာသာပြန်တာလည်းဆိုတာ စဉ်းစားလို့မရ၊ လိုက်ရှာနေတာကလည်း မတွေ့။ ဂျပန်ဝတ္ထုကိုများ ဘာသာပြန်တာများလား၊ အမေရိကန်ဝတ္ထုကိုများ ဘာသာပြန်တာများလားဆိုပြီး ဟိုဟိုဒီဒီ လိုက်ရှာကြည့်မိသေးတယ်။

အဲဒီဝတ္ထုတိုလေးကို ဖတ်ဖူးတဲ့သူတယောက်ယောက်ကများ သေသေချာချာ အမှတ်ရမိပြီး ဘယ်သူရေးတာလဲ ဒါမှမဟုတ် ဘယ်သူဘာသာပြန်ထားတာလဲဆိုတာ ပြောပြပေးရင် ကျေးဇူးအထူးတင်ရမှာပါပဲ။

ဝတ္ထုအစမှာ ကမ္ဘာပေါ်ကို သတ္တုလုံးကြီးတလုံး ကျလာတာက စတယ်။ သတ္တုလုံးကြီးဆိုတာလည်း ဟုတ်ချင်မှ ဟုတ်မယ်၊ ငွေရောင်လုံးကြီးလည်း ဖြစ်ချင်ဖြစ်လိမ့်မယ်၊ ရုပ်ရှင်တွေထဲမှာ ပါတဲ့ ဒိုင်နိုဆောဥကြီးလိုဖြစ်မှာပေါ့၊ မှတ်ထားတာကတော့ သတ္တုလုံးကြီးပဲ။ အမှတ်မှားတာလဲ ဖြစ်ကောင်းဖြစ်နိုင်တယ်။ ဒီသတ္တုလုံးကြီးဟာ ဘာကြီးမှန်း မသိတဲ့အတွက် ကမ္ဘာပေါ်မှာ ရှိတဲ့ လူသားတွေက အမျိုးမျိုး စမ်းသပ်စစ်ဆေးကြတယ်။ သူတို့ကမ္ဘာမြေပေါ်ရောက်လာတဲ့ အလုံးကြီးကို ကြက်ဥ ဘဲဥခွဲသလို ဖရဲသီး အုန်းသီးခွဲသလို ထက်ခြမ်းခွဲလို့ရပြီး အထဲမှာ ဘာရှိသလဲဆိုတာ သိချင်ကြတယ်။ ဒီအလုံးကြီးဟာ ကမ္ဘာကို ဒုက္ခပေးမယ့် အလုံးကြီးလား သုခပေးမယ့် အလုံးကြီးလားဆိုတာလည်း ပညာရှင်အမျိုးမျိုးက မှတ်ချက်တွေပေးကြတယ်။ ဖြိုခွဲလို့ရရင်လည်း ဖြိုခွဲဖို့ကြိုးစားကြတယ်။ ဒါပေမယ့် ဖွင့်ကြည့်လို့လဲမရ၊ ဖျက်ဆီးလို့လဲမရတဲ့ အချိန်မှာပဲ အဲဒီ သတ္တုလုံးကြီးရှေ့မှာ ပျော်ရွှင်နေကြသူတွေလည်း ရှိတယ်၊ ကြောက်ရွံ့ပူဆွေးနေကြသူတွေလည်း ရှိတယ်၊ ပူဇော်ပသနေတဲ့သူတွေလည်း ရှိတယ်။ အမျိုးစုံအောင် ဖြစ်ပျက်နေကြတာ။

ဝတ္ထုရဲ့ နောက်ဆုံးပိတ်လေးကို ကြိုက်လို့ အခုထိ အမှတ်ရနေတာ ဖြစ်ကောင်းဖြစ်မယ်။ နောက်ဆုံးပိတ်မှာ အဲဒီအလုံးကြီးဆီကနေ ကြေငြာသံတသံ ထွက်လာတယ်။ အခု လွှင့်နေတဲ့ တိုက်ရိုက် ရိုက်ကူးရေးအစီအစဉ်ပြီးဆုံးပါတော့မယ်၊ ဒါဟာ သူတို့ဂြိုဟ်ရဲ့ ရိုက်ကူးရေးယာဉ်ကနေ ထုတ်လွှင့်နေတာပါ၊ သူတို့ကင်မရာရဲ့ရှေ့မှာ ကမ္ဘာသူ ကမ္ဘာသားတွေရဲ့ ဖြစ်ပျက်အစုံကို မြင်ရတဲ့အတွက် ကြည့်နေကြတဲ့ သူတို့ဂြိုဟ်က ဂြိုဟ်သူ ဂြိုဟ်သားတွေ ကျေနပ်တော်မူကြပါ စသဖြင့် အဲဒီလို ကြေငြာရင်း သတ္တုလုံးကြီးဟာ ကောင်းကင်ယံထက်ကို ပျံတက်သွားတယ်ဆိုပြီး အဆုံးသတ်ထားတယ်။

မှတ်မိသလောက် ပြန်ရေးပြတာမှာ မူရင်း(သို့)ဘာသာပြန်ကနေ နည်းနည်းများချဲ့ကားမိကောင်း ချဲ့ကားမိမယ့် အဲဒီဝတ္ထုတိုလေးကို ပြန်သတိရမိရင်း ဘယ်နိုင်ငံတွေမှာတော့ ကိုဗစ်၁၉ ဆိုတဲ့ကူးစက်ရောဂါကို ဘယ်လိုတိုက်ဖျက်နေကြတယ်၊ ဘယ်မှာတော့ ဘယ်လောက်အသေအပျောက်တွေရှိတယ်၊ ဘယ်နိုင်ငံမှာတော့ ရောဂါဖြစ်သူ အသစ်ထပ်မတိုးတော့ဘူး၊ ဘယ်နိုင်ငံမှာတော့ အသစ်တွေ့သူ ဘယ်နှစ်ယောက်၊ ဘယ်နိုင်ငံကတော့ ဒီရောဂါကို ထိန်းနိုင်ပြီ၊ ဘယ်နိုင်ငံကတော့ မထိန်းနိုင်တော့တဲ့ပုံစံဖြစ်နေပြီ စသဖြင့် ဖြစ်ပျက်နေတာတွေဟာ ဂြိုဟ်သားတွေအနေနဲ့ ကြည့်မိရင် သူတို့ကြည်နူးနိုင်ပါ့မလား၊ ပျော်ရွှင်မှုရသကိုရော ခံစားနိုင်ပါ့မလား။

နိုင်ငံအတော်များများမှာ အစိုးရနဲ့ ပြည်သူ စိတ်သဘောချင်း တူမျှပြီး ရောဂါဆိုးကြီးကို တက်ညီလက်ညီနဲ့ တိုက်ဖျက်နေကြတာတွေ၊ ကျန်းမာရေးဝန်ထမ်းတွေ ပညာရှင်တွေ ဝိုင်းဝန်းကူညီသူတွေကို ကျန်တဲ့ ပြည်သူပြည်သားတွေက စိတ်ဓာတ်ခွန်အားပေးကြပုံတွေ၊ ဘယ်နေ့ည ဘယ်နှစ်နာရီမှာ သူတို့တွေကို တို့တတွေ လက်ခုပ်တီးပြီး အားပေးကြရအောင်ဟေ့၊ သီချင်းတွေ ဆိုပြီး ဂုဏ်ပြုကြရအောင်ဟေ့လို့ တိုက်တွန်းပြီး လက်ခုပ်တီးအားပေးကြ၊ သီချင်းတွေသံပြိုင်ဆိုကြတာတွေ၊ ရောဂါဖြစ်နေသူတွေခံစားနေရတဲ့ ကိုယ်စိတ်ခံစားမှုတွေ ပင်ပန်းဆင်းရဲဖြစ်မှုတွေကို ပြေလျော့အောင် ကြိုးပမ်းဆောင်ရွက်နေကြပုံတွေ၊ တိုင်းပြည်ခေါင်းဆောင်တွေ ဆေးဘက်ဆိုင်ရာပါရဂူတွေ သိပ္ပံပညာရပ်ဆိုင်ရာပါရဂူပညာရှင်တွေဟာ ကိုဗစ်ရောဂါကို ဘယ်ပုံဘယ်နည်းနဲ့ အမြစ်ပြတ်အောင် တိုက်ထုတ်ရမလဲဆိုတာ နိုင်ငံတွေ နယ်နမိတ်တွေ ခြားနေပေမယ့် လူသားတွေရဲ့ တီထွင်မှုကနေပဲ ရရှိလာတဲ့ ခေတ်မီနည်းပညာရပ်တွေကို အသုံးပြုပြီး စုပေါင်းဆွေးနွေးတိုင်ပင်နေကြ အတွေ့အကြုံဖလှယ်နေကြတာတွေ၊ နောက်ပြီး ရောဂါတိုက်ဖျက်ဆေးဖြစ်ဖြစ် ကာကွယ်ဆေးဖြစ်ဖြစ် ရရှိလာအောင် ကမ္ဘာအရပ်ရပ်ကပညာရှင်တွေဟာ နေ့မအား ညမအား တီထွင်ကြံဆနေတာတွေ၊ ကိုဗစ်လွန်ကာလ စီးပွားရေးအတွက် ဘယ်သို့ဘယ်ပုံ ပြင်ဆင်နေကြပုံတွေ စတာတွေကို မြင်ရတဲ့အခါမှာ ဂြိုဟ်သားတွေဟာ ကမ္ဘာသားတွေရဲ့ အနိုင်မခံ အရှုံးမပေးဆိုတဲ့ ခိုင်မာတဲ့ စိတ်ဓာတ်တွေကို သဘောကျပြီး အံ့သြချီးကျူးနိုင်ကြလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။

ဂိမ်းကစားတယ်ဆိုရင်လည်း သွေးဖြစ်စေ ဖုန်မှုန့်ဖြစ်စေ စိတ်ကောင်းရှိတဲ့ ဂြိုဟ်သားက လှပတဲ့ရွှေ့ကွက်တွေ ရပြီး နိုင်စေချင်ပါတယ်။ သွေးဂြိုဟ်သားအလှည့်ပြီးလို့ ဖုန်မှုန့်ဂြိုဟ်သားကများ ရောဂါကုသဆေး ကာကွယ်ဆေးတွေကို လူသားတွေ မတွေ့တွေ့အောင် မြန်မြန်ဆန်ဆန်လေး ဆောင်ရွက်ပေးလိုက်တဲ့ ကစားကွက်ဖြစ်ဖြစ်ပေါ့။

ကိုဗစ်၁၉ ဆိုတဲ့ ရောဂါဆိုးကို ကမ္ဘာသူ ကမ္ဘာသားတွေ ဘယ်သို့ဘယ်ပုံတိုက်ဖျက်နေကြ ကာကွယ်နေကြပုံတွေကို ပြင်ပဂြိုဟ်တွေက မြင်ကြကြားကြသိရှိကြပြီး ဂြိုဟ်သားတွေလည်း သူတို့ကူညီနိုင်သလောက် စွမ်းသလောက်လေး လက်ကမ်းကြမယ်ဆိုရင် ကမ္ဘာသားတွေက ငြင်းဆန်လိမ့်မယ်မထင်ပါဘူး။

ဂြိုဟ်သားတွေရောက် ကိုဗစ်ပျောက်တဲ့ကမ္ဘာ မဖြစ်နိုင်ရင်လည်း လူသားတွေရဲ့ ပေါင်းစုအစွမ်းနဲ့ ကိုဗစ်တွေ ကမ္ဘာကနေ အလျင်အမြန်(ကြွ)မြန်းဖို့အချိန် ရောက်လာတော့မှာပါ။