Breaking News

မောင်စွမ်းရည် - တောင်သူလယ်သမား ပါမောက္ခကြီး



မောင်စွမ်းရည် - တောင်သူလယ်သမား ပါမောက္ခကြီး

(မိိုးမခ)မေ၂၊ ၂၀၂၀ 

တောင်သူလယ်သမား ပါမောက္ခ ဆိုတာ အရှိုချင်းလူမျိုး စိုက်ပျိုးရေးပါမောက္ခ ဒေါက်တာဆလိုင်ထွန်းသန်းကို ဆိုလိုပါတယ်။ ဆရာဟာ လယ်သမား ပါမောက္ခဖြစ်ရုံမက ပါမောက္ခ လယ်သမားလည်း ဖြစ်ပါတယ်။ တကယ် တောင်သူလယ်သမားဘဝက လာပြီး စိုက်ပျိုးရေးပညာနဲ့ ပါမောက္ခ ဖြစ်လာတယ်။ ပါမောက္ခ ဖြစ်တော့လည်း တကယ်ပဲ စိုက်ပျိုးသူ ဖြစ်ပါတယ်။

ဆရာ ဆလိုင်းထွန်းသန်း ပျိုရွယ်စဉ်အခါမှာသာ ဗမာပြည် ခေတ်ကောင်းနဲ့ ကြုံခဲ့လို့ အစိုးရက စက်မှုလယ်ယာနိုင်ငံ ထူထောင်မယ် ဆိုပါစို့။ ဆရာဟာ ဦးဆောင် အကောင်အထည်ဖော်နိုင်မယ့် ပုဂ္ဂိုလ် ဖြစ်ပါတယ်။ ဝါသနာ၊ စေတနာ၊ ပညာနဲ့ ပြည့်စုံတဲ့ပုဂ္ဂိုလ် ဖြစ်ပါတယ်။

စိုက်ပျိုးရေးပညာ ဆိုတာ ဝိဇ္ဇာပညာ၊ စာပေပညာ မဟုတ်။ လက်တွေ့ လုပ်ဆောင်ရတဲ့ သိပ္ပံပညာ ဖြစ်ပါတယ်။ ဆရာဟာ သူ့ဇာတိရပ်ရွာမှာရော၊ သူ့ကျောင်းမှာရော စိုက်ပျိုးမွေးမြူရေးပညာကို တပည့်တွေနဲ့ လက်တွေ့ အသုံးချ၊ အကောင်အထည်ဖော်ရာမှာ အောင်မြင်တာချည်းပဲ ဖြစ်ပါတယ်။ ဆရာ့ရဲ့ စိုက်ပျိုးရေးလုပ်ငန်းမှာ သမဝါယမသဘော၊ စုပေါင်းလုပ်ဆောင်မှုလည်း ပါဝင်တယ်လို့ သိရပါတယ်။

ကျွန်တော်တို့ မန်းတက္ကသိုလ် ပင်မအဆောင်အအုံကြီးဟာ မူလက စိုက်ပျိုးရေးတက္ကသိုလ် ဖြစ်ပါတယ်။ မန္တလေး ဥပစာကောလိပ် ဖွင့်တော့မှ စိုက်ပျိုးရေးအဖွဲ့က တောင်ဘက်ကို ရွှေ့ပေးရပါတယ်။ ဒါပေမဲ့ မန်းတက္ကသိုလ်နဲ့ စိုက်ပျိုးရေးတက္ကသိုလ်တို့ဟာ တစပ်တည်း ဖြစ်နေလို့ စိုက်ပျိုးရေးဘက်က ဆရာ ဆလိုင်းထွန်းသန်းဟာ မန်းတက္ကသိုလ်ဆရာအဖွဲ့အစည်း၊ ဝန်ထမ်းအဖွဲ့ အစည်း၊ နိုင်ငံရေးအဖွဲ့အစည်း(မ.ဆ.လ) တွေမှာ ပူးတွဲပါဝင်နေရတာချည်း ဖြစ်ပါတယ်။

ဆရာသန်းထွန်း၊ ဆရာဆန်းထွန်း၊ ဆရာထွန်းသန်း နာမည်တူတွေကလည်း ထပ်နေလေတော့ တချို့လည်း ဘယ်သူက ဆရာသန်းထွန်း၊ ဘယ်သူက ဆရာထွန်းသန်း မသိလိုက်တော့ပါဘူး။ ဆရာ ဆလိုင်းထွန်းသန်းကိုတော့ ဆရာဆလိုင်းလို့ အဖျားဆွတ်ခေါ်ကြလို့ လူသိများလှပါတယ်။ ကျွန်တော်က ယူတီစီတက္ကသိုလ် လေ့ကျင့်ရေးတပ်မှာ ပါခဲ့တော့ ဆရာဆလိုင်းကိုလည်း ဗိုလ်မှူးဆရာအဖြစ်နဲ့ မြင်ဖူး၊ သိဖူးခွင့် ရနေပါတယ်။ နောက်တော့ ဆရာဆလိုင်းတို့ ပျဉ်းမနား ရေဆင်းကို ပြောင်းသွားတော့မှ မန်းတက္ကသိုလ်နဲ့ ဆရာဆလိုင်းတို့နဲ့ ကွဲကွာသွားကြရပါတယ်။

ဆလိုင်းထွန်းသန်း ဆိုတာက ဆရာ။ ကျွန်တော်တို့က ကျောင်းသား၊ ဆရာက စိုက်ပျိုးရေးဘာသာ၊ ကျွန်တော်က ဘူမိဗေဒဘာသာ။ ဒါကြောင့် ပညာရေးအသိုင်းအဝိုင်း၊ လူမှုအသိုင်းအဝိုင်း မတူကြလို့ ဆရာနဲ့ တပည့် အလှမ်းကွာခဲ့ပါတယ်။ အပေါင်းအသင်းလည်း မဖြစ်ခဲ့၊ ဆရာရင်း တပည့်ရင်းလည်း မဖြစ်ခဲ့ရပါ။ ဒါပေမဲ့ နောင်နှစ်ပေါင်း သုံး လေး ငါးဆယ် ကြာတော့ အမေရိကန်ပြည်ထောင်စုမှာ စစ်ဘေးဒုက္ခသည်ချင်းအဖြစ် ပြန်ဆုံရပါတယ်။ ဆရာအောင်ဗလ(ကြေးမုံဦးသောင်း)၊ ကဗျာဆရာ တင်မိုး၊ ဝတ္ထုရေးဆရာ မောင်သာရ၊ ကဗျာဆရာ မောင်စွမ်းရည်၊ ပန်းချီဆရာ ဝင်းဖေ (ဒါရိုက်တာ၊ ဝတ္ထုတိုရေးဆရာ)။

ဆရာအောင်ဗလ ကလွဲလို့ အားလုံးဟာ မန်းတက္ကသိုလ် ကျောင်းထွက်တွေချည်းပါပဲ။ ဆရာ ဆလိုင်းကို အဝေးကတော့ တွေ့ဖူး၊ မြင်ဖူးတဲ့လူချည်းပါပဲ။

ဆရာဆလိုင်းမှာ သမီးတယောက်က ဆန်ဖရန်စစ္စကိုမှာ ရှိတယ်လို့ သိရပါတယ်။ ကျွန်တော်တို့က စာရေးဆရာတွေချည်း ဆိုတော့ ဆန်ဖရန်စစ္စကို စာပေဟောပြောပွဲတွေကို နှစ်စဉ် ဆင်နွှဲကြရပါ တယ်။ ဒါကြောင့် ဆရာနဲ့ ဆုံမိကြတယ်။ အဲဒီကာလမှာ ပြည်တွင်းက စာရေးဆရာတွေကို ဖိတ်ခေါ် လို့မရတော့ ကျွန်တော်တို့ အဘိုးကြီးတွေပဲ နှစ်စဉ် ဟောပြောနေကြရပါတယ်။ ကျွန်တော်တို့လည်း လူသာ ထပ်စေ၊ ဟောစာ မထပ်စေနဲ့ ဆိုတဲ့ သဘောနဲ့ အားထုတ်ပြီး ဟောကြ ပြောကြရပါတယ်။ ဆရာဆလိုင်းထွန်းသန်းလည်း ကျွန်တော်တို့နဲ့အတူ ဟောပြောရပါတယ်။ ဆရာအောင်ဗလက သူ့ဇနီး ပါလာလို့ ကျွန်တော်တို့နဲ့အတူ အိပ်လို့မရဘူး။ အတူအိပ်လို့ရတယ် ထားဦး၊ သူက နားအလွန် လေးနေလို့ တယောက်ချင်း နားချင်းကပ်၊ ပါးချင်းအပ် ပြောမှရတဲ့ဘဝ။ (ခု ကျွန်တော်လည်း အဲဒီဘဝ ရောက်နေပြီ။) အဲဒီတုန်းက ဟောပြောပွဲ စီစဉ်သူတွေထဲမှာ မိုးမခမောင်ရစ်က ဦးဆောင်သူ တဦးအဖြစ် ပါဝင်နေပါတယ်။ သူက တက္ကသိုလ်ဘက်မှာ အလုပ်လုပ်တာဆိုတော့ ကျွန်တော်တို့ အတူအိပ်၊ အတူစကားပြောလို့ရအောင် တက္ကသိုလ်က အခန်းတခုကို ငှားပေးပါတယ်။ ကံကောင်းတာက အညာဒေသ မိသားစုခုတင်ကြီးလို ခုတင်ကြီးတလုံး ပါတဲ့ အခန်းတခန်း ရပါတယ်။ ခုတင်တလုံးတည်းမှာ လူ လေးယောက်။ တင်မိုး၊ ဆရာဆလိုင်းထွန်းသန်းနဲ့ မောင်စွမ်းရည်တို့အပြင် ဧည့်သည် သားဂျာနယ်ကျော်မိုးဟိန်းပါ အားလုံး လေးဦး။ ပြားအိပ်ကြပါ တယ်။

အခုအခါမှာ ဆရာဆလိုင်းထွန်းသန်းနဲ့ ကျွန်တော်တို့ဟာ ရွယ်တူ မဟုတ်ပေမယ့် ရန်တူ၊ ရည်တူ သူငယ်ချင်းတွေ ဖြစ်သွားကြပြီမို့ ရင်းရင်းနှီးနှီး စကားတွေ ပြောကြပါတယ်။ ဆလိုင်းထွန်းသန်း၊ တင်မိုး၊ မောင်စွမ်းရည်တို့ဟာ အရင်းစစ်တော့ အားလုံး တောသားတွေချည်းပါပဲ။ ဒါကြောင့် မောင်ရစ်က ကျွန်တော်တို့ကို ‘တောသားကြီး သုံးယောက်’လို့ ခေါ်ပါတယ်။ တောသားကြီး သုံးယောက်ဟာ နေ့ရော ညပါ တတွဲတွဲနဲ့ စကားပြောကြပါတယ်။ ပြဿနာက ဆရာတင်မိုးက အိပ်ရာထဲမှာ ဆေးလိပ်သောက်တာပါပဲ။ ဆောင်းတွင်း ဆိုတော့ တံခါးဖွင့်လို့လည်း မရဘူး။ မီးခိုးတွေ က အခန်းထဲမှာပဲ ပိတ်မိပြီး မိုးမွှန်နေတယ် ဆိုတာမျိုး ဖြစ်နေလို့ မနေနိုင်ဘဲ ထွက်ပြေးရသူက သားဂျာနယ်ကျော်ပါပဲ။ သူ့ခမျာ ထကိုပြေးရရှာတာ။ အပြင်ဘက် ထွက်ပြီး လေကောင်းလေသန့် ရှူလိုက်၊ ပြန်ဝင်လိုက်နဲ့။ နောက်ဆုံးတော့ ကြမ်းပြင်ပေါ် အဝေးဆုံးတနေရာမှာ စောင်လေးခင်းပြီး အိပ်ရရှာတော့တယ်။

ဆရာဆလိုင်းက စကားပြောကောင်းလှပါတယ်။ အတွေ့အကြုံကလည်း စုံတယ်။ သူက အမေရိကမှာ ပါရဂူဘွဲ့ယူခဲ့တာဆိုတော့ အမေရိကန်အကြောင်းလည်း ကောင်းကောင်းသိသူ ဖြစ်ပါတယ်။ စိုက်ပျိုးရေးပညာဆိုတာက အတွေးအခေါ် ဘာသာရပ် မဟုတ်။ လက်တွေ့လုပ်ရတာ ဆိုတော့ စာသင်ရင်လည်း စိုက်ပျိုးမွေးမြူတာတွေ လုပ်ခဲ့ရတာကိုး။ ရေဆင်းတက္ကသိုလ်မှာ ကျောင်းသားတွေနဲ့ စိုက်ပျိုးရေးလုပ်ခဲ့ပုံဟာ စိတ်ဝင်စားဖွယ်ကောင်းပါတယ်။ သူ့ရဲ့ ဇာတိရပ်ရွာမှာ သူ့တပည့် အပေါင်းအသင်းတွေနဲ့ စိုက်ပျိုးရေးလုပ်ခဲ့ပုံကလည်း စိတ်ဝင်စားစရာပါ။ စိုက်ပျိုးရေ ရရှိအောင် ဝါးပိုက်နဲ့ ရေသွယ်ရေး လုပ်ခဲ့ရပုံကိုလည်း စိတ်ဝင်စားဖွယ် ပြောပြပါတယ်။ ဝါးဆစ်ကို ဖောက်ပြီး ရေပိုက်လုပ်ရတာပါ။ နောက်တော့ ပလတ်စတစ်ပိုက်တွေ ပေါ်လာလို့ ပိုပြီးလွယ်သွား တယ်။ တောသားကြီးသုံးယောက်ဟာ အနာဂတ်စိုက်ပျိုးရေးအတွက် စိတ်ကူးယဉ်ကြပါတယ်။ ဆရာ ဆလိုင်းရဲ့ စိုက်ပျိုးခင်းတွေကို လိုက်ကြည့်ဖို့ကတော့ ပထမဆုံး စီမံချက်ပါ။ ဒီမိုကရေစီ ရရင် ဆိုတာလည်း ပါတာပေါ့။ (လာမယ်၊ ကြာမယ်ပေါ့။)

စပ်မိလို့ ပြောရရင် စိုက်ပျိုးရေးနဲ့ ကျေးလက်ဖွံ့ဖြိုးရေးကို အထူးစိတ်ဝင်စားသူက တင်မိုးပါ။ ဒါပေမဲ့ စိုက်ပျိုးရေးဗဟုသုတ အနည်းဆုံးပါ။ ကျွန်တော်က ကျောင်းပိတ်ရင် ရွာပြန်ပြီး ထွန်ယက် စိုက်ပျိုးတာတွေ လက်တွေ့လုပ်လာခဲ့ရဖူးပါတယ်။ အဖေက သူရင်းငှားနဲ့ အတူတွဲပြီး ကျွန်တော့်ကို ခိုင်းခဲ့တာပါ။

တခါတော့ သူငယ်ချင်း တင်မိုးကို “ခင်ဗျားက စိုက်ပျိုးရေးဗဟုသုတ သိပ်နည်းတယ်။ ခင်ဗျားရဲ့အိမ်မှာလည်း ဘာပင်လေးမှ မစိုက်ဘူး။ လူပျင်းပဲ”လို့ ကျွန်တော်က သူ့ကို အပြစ်ဆိုပါ တယ်။ သူက မျက်ရည်ကျမတတ် ဝမ်းနည်းသွားခဲ့ဖူးရှာတယ်။

“မင်း အရမ်းမပြောနဲ့၊ ငါက မင်းလို မြေပိုင်ရှင် သူကြီးသား မဟုတ်ဘူး။ စိုက်စရာမြေ မရှိဘူး။ အိမ်မှာ ခြံစည်းရိုးတလျှောက် စိုက်ချင်တာတောင် ရေမရှိလို့ မစိုက်နိုင်ဘူး” လို့ ပြောခဲ့ရှာပါတယ်။

ကျွန်တော်ကပဲ ပြောမိတာ မှားပါတယ်လို့ ပြန်တောင်းပန်ရပါတယ်။ သူတို့ရွာက ‘အဝီစိနဲ့ ဝေးတဲ့ရွာ’ ပါ။ ရေတွင်းတူးရ ခက်သတဲ့။

ဆရာဆလိုင်းက စိုက်ပျိုးရေးအကြောင်းသာမက ချင်းရိုးရာပုံပြင်တွေအကြောင်းလည်း ပြောတတ်ပါ တယ်။ ဟာသပုံပြင်တွေလည်း အလွန်အပြောကောင်းပါတယ်။

“တခါက ချင်းလူမျိုးတယောက် ရန်ကုန်မှာ ဘတ်စ်ကား စီးသတဲ့။ လူတယောက် ကြက်ခြင်းတောင်း အလွတ်တခုကို ကားပေါ် တွန်းတင်လိုက်တော့ ကားဆရာက ‘ကားပေါ် ခြင်းမတင်ဘူး၊ ခြင်းမတင်ဘူး’လို့ ဆီးအော်သတဲ့။ ဒီတော့ ကားပေါ်က ချင်းလူမျိုးက ‘ချင်းလည်း လူပဲကွ၊ လူမျိုးမခွဲပါနဲ့’လို့ ဝင်ပြီး အော်သတဲ့။ ခြင်းတောင်း တင်မယ့်လူက မလိုက်လာတော့လို့ ကားပေါ်မှာ ပြဿနာတခု ပြီးသွားတယ်။ ဒါပေမဲ့ နောက်တခုက အမျိုးသမီးတွေဟာ ကားပေါ်မှာ လက်ဆွဲခြင်း တွေ ပါလာကြတဲ့ ကိစ္စတခု ပေါ်လာပြန်တယ်။ ဒီတော့ ကားစပယ်ယာက ‘အမျိုးသမီးများခင်ဗျား၊ နေရာအခက်အခဲရှိလို့ ခြင်းများကို ပေါင်ပေါ်တင်စီးကြပါ’လို့ အော်လိုက်ပြန်သတဲ့။ ဒီတော့ ချင်းလူမျိုး ခရီးသည်က ‘ဒီလိုတော့လည်း ဗမာတွေ သဘောကောင်းသားပဲ’လို့ မှတ်ချက်ချသတဲ့”

အဲဒါ ဆရာ ဆလိုင်းထွန်းသန်းရဲ့ ချင်းပုံပြင်ပါ။ တခြားပုံပြင်တွေလည်း အများကြီးပါ။

ဆရာဆလိုင်းက တနေ့တော့ သူ့ရဲ့ အတ္ထုပ္ပတ္တိစာအုပ် လက်နှိပ်စက်မူတခုကို ယူလာပြီး ကျွန်တော် တို့ကို ပြပါတယ်။ ဆရာတို့ ဖတ်ကြည့်ပါ။ ထုတ်ဝေရေးအတွက်လည်း အကြံပေးပါဦးလို့ ပြောလာပါတယ်။ ဆရာက အင်္ဂလိပ်လို ရေးထားတာမို့ တင်မိုးက ဗမာလို ရေးပါ။ ဘာသာပြန်ပါလို့ တိုက်တွန်းပါတယ်။ ဗမာလို ဘာဖြစ်လို့ မရေးသလဲဆိုတော့ ဆရာဆလိုင်းက သူ့ရဲ့ တကိုယ်တော် ဆန္ဒပြပွဲနဲ့ ထောင်တွင်းအတွေ့အကြုံ ပါမောက္ခ အကျဉ်းသားအကြောင်းကို ကမ္ဘာသိအောင် ရေးချင် လို့ပါလို့ ဖြေပါတယ်။ ကျွန်တော်ကတော့ ဖတ်ကြည့်မယ် ဆိုပြီး ယူထားတာ။ ဆယ်နှစ်လောက်များ ကြာသွားသလား မသိပါ။ ဆရာနဲ့ကလည်း တပြည်တည်း နေပေမယ့် တမြေစီ ခြားနေလို့ မတွေ့ဖြစ်တော့ပါ။ ဒါပေမဲ့ ကျွန်တော်က နယူးယောက်မှာ နေတာဆိုတော့ နယူးယောက် မြန်မာသံရုံးမှာ ကုလသမဂ္ဂ အမြဲတမ်းကိုယ်စားလှယ်အဖြစ် ရောက်လာတဲ့ ချင်းလူမျိုးတယောက်နဲ့ ဆုံကြပါတယ်။ သူက သံရုံးမှာ ကျင်းပတဲ့ လွတ်လပ်ရေးနေ့ အထိမ်းအမှတ်ပွဲ ကျင်းပလို့ ကျွန်တေ်ာတို့ကို ဖိတ်တော့ ကျွန်တော်တို့ကလည်း သူ့ကို စာပေဟောပြောပွဲတွေ ပြန်ဖိတ်တာနဲ့ ရင်းနှီးသွားကြပါတယ်။

ကုလသမဂ္ဂ အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီးရဲ့ နာမည်က ဦးဟောက်ဒိုဆွမ်း တဲ့။ သူက မန္တလေးကျောင်းထွက်ပါ။ သမိုင်းပါမောက္ခ ဒေါက်တာသန်းထွန်း၊ မြန်မာစာဆရာကြီး အရှင်ဉာဏိဿရ လူထွက် ဆရာဦးဆန်းထွန်းတို့ရဲ့ တပည့် ဖြစ်လို့ ကျွန်တော်နဲ့လည်း ပညာရေး ညီအစ်ကို တော်စပ်ပါတယ်။ ဆရာ ဆလိုင်းထွန်းသန်းနဲ့လည်း ဆွေမျိုးမကင်းပါဘူး။ ဒါကြောင့် ဆရာဆလိုင်းရဲ့ စာမူကြီးအကြောင်းကို စကားစပ်မိကြပြီး ဖြစ်တဲ့နည်းနဲ့ ထုတ်ဖို့ စီစဉ်ကြပါတယ်။ ဒါကြောင့် ကျွန်တော် ဗမာပြည်ပြန်တော့ စာမူကြီးကို ယူသွားပါတယ်။ တနည်းနည်းနဲ့ ထုတ်ဖြစ်‌ အောင် ထုတ်ဖို့ဆိုတဲ့ ဆုံးဖြတ်ချက်နဲ့ ယူသွားတယ်။ ဆရာထွန်းသန်း သို့မဟုတ် တယောက်ယောက်က ဗမာလို ဘာသာပြန်ဖြစ်ရင် ဗမာလိုပါ စာအုပ်ထုတ်ဖြစ်ဖို့ ကြိုးစားမှာပါ။ ခုတော့ အင်္ဂလိပ်လို ထုတ်မှာပါ။

ဒီစာအုပ်မှာ အဓိကအပိုင်း သုံးပိုင်း ပါတယ်။ (၁) အတ္ထုပ္ပတ္တိ အကျဉ်း၊ (၂) တကိုယ်တော်ဆန္ဒပြပွဲ။ ပါမောက္ခတယောက်ဟာ ဘွဲ့ဝတ်စုံဝတ်ပြီး မြို့တော်ခန်းမရှေ့မှာ အစာငတ်ခံ ဆန္ဒပြတာပါ။ တိုင်းပြည်ဟာ ကမ္ဘာအမွဲဆုံးနိုင်ငံ ဖြစ်ပြီး ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးတို့မှာ နောက်တန်းကျ အောက်တန်းကျနေပြီ၊ စစ်အစိုးရ ဖယ်ပေးပါလို့ တောင်းဆိုတာပါ။ (၃) ထောင်ထဲမှာ ကျန်းမာရေးနဲ့ မညီဘဲ နေရ ထိုင်ရ၊ စားရ သောက်ရပုံတွေကို ရေးသားတင်ပြတာပါ။

ဆရာဆလိုင်းဟာ ခုအခါမှာ အသက် ၉၀ တန်း ရောက်နေပါပြီ။ ကျန်းကျန်းမာမာပါပဲ။ ကျွန်တော့်မှာလည်း ဆရာဆလိုင်း ပေးတဲ့ ပက်လက်လှန်စက်ဘီးစီး ခြေထောက်လေ့ကျင့်ခန်းကို မှန်မှန်လုပ်လို့ ကျန်းမာရေး ကောင်းနေပါတယ်။ နယူးယောက် ဆောင်းတွင်းမှာ အပြင်ထွက် လမ်း မလျှောက်နိုင်ရင် ဆရာဆလိုင်း နည်းအတိုင်း အိပ်ရာထဲမှာပဲ လေ့ကျင့်ခန်း လုပ်ရတာပေါ့။ ဆရာ့ စာအုပ်ဖွင့်ပွဲလေး နယူးယောက်မှာ လုပ်ဖြစ်ရင် ကျွန်တော်တို့ အဘိုးကြီး ညီအစ်ကို ပြန်ဆုံဖြစ်ကြဦးမှာပါ။ အဲဒီပွဲမှာတော့ ဆရာဆလိုင်းနဲ့ ချင်းပုံပြင်လေး တပုဒ်၊ နှစ်ပုဒ်တော့ နားသောတဆင်ချင်ပါသေး။ ဆရာဆလိုင်း အသက်ရာကျော်ရှည်ပြီး ချင်းပုံပြင်တွေကို အများကြီး လက်ဆင့်ကမ်းနိုင်ပါစေတသည်း။

မောင်စွမ်းရည်
၂၀၂၀ ဖေဖော်ဝါရီ ၂၂ ရက်
နယူးယောက်