Breaking News

ခိုင်မာကျော်ဇော - ကော်ဖီတခွက်၊ ဟင်ဘာဂါတယှက်နဲ့ ကိုဗစ်၁၉ကြားထဲက အမေရိကန်တွေ


ခိုင်မာကျော်ဇော - ကော်ဖီတခွက်၊ ဟင်ဘာဂါတယှက်နဲ့ ကိုဗစ်၁၉ကြားထဲက အမေရိကန်တွေ

(မိုးမခ) မေ ၁၊ ၂၀၂၀

(သူ့ဖေစ့်ဘွတ်က ယူပါတယ်)

ယူအက်စ်မှာ ဒီနေ့ထိဆို ကိုးဗစ်ရောဂါကူးစက်ခံရသူက ( ၁)သန်းကျော်၊ သေဆုံးသူက( ၆) သောင်းကျော်သွားပါပြီ။ တစ်လကျော်အတွင်းမှာ ဖိတ်စင်ခဲ့ရတဲ့ လူတွေရဲ့ အသက်တွေ။

သတင်းတွေကြည့်ပြီး ဝမ်းနည်းကြ ကြေကွဲကြ စိတ်မကောင်းဖြစ်ကြပေမဲ့ အမေရိကန်တွေကို ကြည့်ရတာ သိပ်ပြီး ကြောက်ပုံ လန့်ပုံ မရကြ လမ်းပေါ် မှာအရင်လို ကားအသွားအလာတွေ မများဘူးဆိုပေမဲ့
သိပ်တော့လည်း မနည်းလှ။

အိမ်ထဲမှာ (၃)ပတ်လောက်နေပြီး ရိက္ခာပြတ်သလောက်ရှိလာလို့ စျေးဝယ်ထွက်တော့ ဆိုင်တွေမှာ လူတွေက အပြည့်။ ဆိုင်အဝင်မှာ ဆိုရှယ်ဒစ်စတန့်တင်းကို စည်းတွေတား၊ တယောက်နဲ့ တယောက်ခြောက်ပေခွာ စီတန်းရပ်စောင့်ခိုင်း စည်းဝယ်လှည်းတွေကို ဝန်ထမ်းတွေက သန့်ရှင်းလုပ်ပေး အဝင်အထွက် လူဦးရေ အကန့်အသတ်တွေစောင့်ကြည့် ခွင်ပြုတာတွေ လုပ်ကြပေမဲ့ ဆိုင်ထဲ ရောက်နေသူတွေကလည်း မနည်းလှ။

အဝင်မှာ လိုင်းတွေတားပြီး ဘယ်လိုဘဲ ခြားထား ခြားထား ဆိုင်ထဲရောက်သွားတော့လည်း ပူးကပ်သွားကြတာဘဲ၊ ပစ္စည်းယူ ပစ္စည်းရွေးကြတာလည်း ပူးပူးကပ်ကပ်၊ တယောက်က မထွက်သေးဘူး နောက်ထပ် နှစ်ယောက် သုံးယောက်က ဝင်ရွေး ကောက်ယူနေကြပြီ။

ဆိုင်ထဲဝင်ဖို့ မက်ခ်ကိုတပ်ကြပေမဲ့ ဆိုင်ထဲရောက်တော့ လူအများစုရဲ့ မတ်ခ်တွေဟာ သူတို့ရဲ့ မေးစေ့အောက်ကို ရောက်ကုန်ကြပြီ။ ဒါက စျေးဆိုင်တွေမှာ မြင်ရတာ ။ လုပ်ငန်းခွင်တွေမှာလည်း ထူးမခြားပါဘဲ။ မတ်တွေတော့တပ်ကြပါရဲ့ လူတွေက တပူးပူးတတွဲတွဲ။

ဒါဆို ကိုးဗစ်ကို အမေရိကန်တွေ မကြောက်ကြဘူးလားလို့ မေးရင် ကြောက်သူတွေလည်းရှိပါတယ်။ ဒါပေမဲ့နည်းတယ်။ ဒါကလည်း လုပ်ငန်းခွင် အတွေ့ အကြုံအရရော စျေးဝယ်မြင်ကွင်းရော၊ အိမ်ရှေ့ပြတင်းက အသွားအလာ မြင်ကွင်းတွေအရ ပြောတာပါ။

မွေးကတည်းက လူ့အခွင့်အရေးအပြည့်အဝနဲ့ ကြီးပြင်းလာရတဲ့ အမေရိကန်တွေဟာ အိမ်ထဲမှာ အစားအစာ၊ နောက်ဆုံးပေါ် စက်ကရိယာ၊ နည်းပညာ၊ ဇိမ်ခံပစ္စည်း၊ ရေ၊ မီးအစုံနဲ့ နေရတာကို မနေနိုင်ကြဘူး။ ကော်ဖီလေးတခွက်၊ ဟန်ဘာကာလေးတခုလောက် ဝယ်ဖို့အတွက် အိမ်ပြင်ထွက်ဖို့ တာစူနေကြတာကို အံ့ဩရတယ်။

အိမ်ရှေ့အရောက် အချိန်မှီ အရောက်ပို့ပေးတဲ့ အွန်လိုင်း ဝန်ဆောင်မှု ကောင်းတွေကလည်း သူတို့အတွက် အသင့်။ အိမ်ရှေ့ အိမ်ဘေး အိမ်နီးချင်းတွေဟာ အိမ်ထဲနေတဲ့ နှစ်ပတ်အတွင်းမှာ အွန်လိုင်းကနေ စျေးဝယ်တာ တရက်မှ မပြတ်ဘူး ။ Amazon ကမှာတဲ့ ပါဆယ်ထုပ်တွေက တနေ့ကို နှစ်ထုပ် သုံးထုပ် အမြဲတွေ့ရတယ်။ ပီဇာ ပို့တဲ့ကားကလည်း သူတို့ အိမ်ရှေ့မှာ နေ့တိုင်းလိုလိုမြင်ရတယ်။
ဒါလည်း ကလေးလေး အကြောင်းပြ၊ ခွေးလေး အကြောင်းပြပြီး တနေ့တခေါက်တော့ အပြင်ကိုရောက်နေကြတာဘဲ။

အမေရိကန်တွေ စားတဲ့ အစားအစာဟာ အာရှသားတွေစားသလို ထုရ၊ ထောင်းရ၊ လှီးရ၊ ဖြတ်ရ၊ တုံးရ ထစ်ရ၊ နွင်ရခွာရ ဆီသတ် ချက်ပြုတ် အလုပ် မရှုတ်ပါဘူး။  ပေါင်မုန့်ပြားပေါ် ချိတပြားတင်၊ အသားပြားလေးထပ်၊ ကြိုက်တပ်ရင် အရွက်လေးဘာလေးထည့် ကော်ဖီလေးတခွက်နဲ့ ပြီးလို့ရတယ်။ ပီဇာတို့ အသားကင်တို့ဆိုလည်း အသင့်ဝယ်ထား စားချင်တဲ့အချိန် အာဘင်ထဲထည့် ပူပူနွေးစားလို့ရတယ်။ ဇီဇာမကြောင်ရင်ပြောတာပါ။
အသိ သတိရှိရှိနေထိုင်ရမဲ့ ဒီလိုကာလမျိုးမှာ အမေရိကန်တွေက ဇီဇာကြောင်ကြတယ်။ တခုခုဆို အထွန့်တက်ချင်ကြတယ်။ သူရဲကောင်းလိုလို ဝန်ထမ်းကောင်းလိုလို လုပ်ချင်ကြတယ်။

ရောဂါအတွက် ဆေးမရှိသေးတာကိုလည်း သိတယ်။ ဘယ်လို သွားလာနေထိုင်ရင် ရောဂါက ဘယ်လို ကူးစက်ပြီး နောက်ဆက်တွဲ အကျိုးဆက်တွေ ဘယ်လောက်ကြီးတယ်ဆိုတာ သိလည်းသိကြတယ်။ သတင်းကြည့်တာလည်း သူတို့အပြင်မရှိဘူး။ စာဖတ်တာလည်း သူတို့။ လူစွမ်းကောင်းဖြစ်ချင်တာလည်း သူတို့ဘဲ။

ကိုးဗစ်ကာလမှာ ထာမ့်လို ပလောင်းပလဲ သမ္မတ၊ အခုပြော အခုပျောက်၊ အခုတမျိုး တော်ကြာ တမျိုး၊ စိတ်ရူးပေါက်ရင် သတင်းထောက်နဲ့ ရန်ဖြစ်ဖို့ ဝန်မလေးသလို၊ လွှတ်တော်ထဲလည်း ကလေးဆန်ဆန် အပြုအမူ အပြောအဆိုတွေ လုပ်ဖို့ ဝန်မလေးတဲ့ အရူးသမ္မတ နဲ့ လူစွမ်းကောင်းလုပ်ချင်ကြတဲ့ အမေရိကန်တွေ လိုက်လည်း လိုက်ကြပါတယ်။

စီးပွားရေး သမ္မတနဲ့ လူစွမ်းကောင်း အမေရိကန်တွေ တိုင်းပြည်မှာ ဒီလောက်လူတွေ ဖိတ်စင်နေတာကို ပိတ်တာတွေကို ဖွင့်ချင်နေကြတယ်။ တချို့ပြည်နယ်တွေကလည်း ဆန္ဒတွေပြလို့ ပြန်ဖွင့်တဲ့ ပြည်နယ်တွေလည်း ဖွင့်နေကြပါပြီ။

​တနေ့ တစ်ထောင်ကျော် လူတွေ သေနေတာထက်ကို စီးပွားရေး မသေဖို့က အဓိက အင်အားကြီးဆိုတဲ့ နာမဝိသေသနကြီး မသေဖို့က အဓိကကျနေ​ေရာ့သလားဘဲ။