Breaking News

မာန်သီဟထွန်း – ခူရှင်မ်မှ လက်မှတ်ထိုးသည်




မာန်သီဟထွန်း –  ခူရှင်မ်မှ လက်မှတ်ထိုးသည်

Sapiens – A Brief History of Humankind by Yuval Noah Harari
(မိုးမခ) ဩဂုတ် ၁၆ ၊ ၂၀၁၉ 
စာရေးသူခွင့်ပြုချက်နဲ့ ကူးယူဖော်ပြပါသည်

၄၆ခူရှင်မ်မှ လက်မှတ်ထိုးသည်


ရေးသားခြင်းဆိုတာ သင်္ကေတတွေနဲ့ သတင်းအချက်အလက်တွေကို ထိန်းသိမ်းတဲ့နည်းလမ်း တစ်ခုပါ။ ဆမေးရီးယန်းတွေရဲ့ အရေးအသားစနစ်ကို သင်္ကေတ ၂ မျိုးနဲ့ ဖွဲ့စည်းထားပြီး ရွှံ့ချပ်တွေပေါ် ကပ်ထားတာပါ။ ပထမသင်္ကေတ က ကိန်းဂဏန်းတွေကို ကိုယ်စားပြုတယ်။ ၁၊ ၁၀၊ ၆၀၊ ၆၀၀၊ ၃၆၀၀၊ ၃၆၀၀၀ စတာတွေကို ကိုယ်စားပြုတဲ့ သင်္ကေတတွေ ရှိပါတယ်။ ဆမေးရီယန်းတွေဟာ ၆ ဂဏန်းနှင့် ၁၀ ဂဏန်းကို အခြေခံတဲ့ ကိန်းစနစ်ကို အသုံးပြုခဲ့ကြပါတယ်။ သူတို့ရဲ့ ၆ ဂဏန်းကို အခြေခံတဲ့စနစ်ဟာ ကျွန်တော်တို့အတွက် အရေးပါတဲ့ အမွေအနှစ်တော်တော်မျာများ ချန်ထားခဲ့ပါတယ်။ ဥပမာ တစ်နေ့တာကို ၂၄ နာရီလို့ခွဲတာ၊ စက်ဝိုင်းကို ၃၆၀ ဒီဂရီ စိတ်ထားတာ စသည်ဖြင့်ပေါ့။ နောက် သင်္ကေတတစ်မျိုးက လူ၊ တိရိစ္ဆာန်၊ ကုန်ရောင်းကုန်ဝယ်၊ နယ်နမိတ်၊ နေ့စွဲ အစရှိတဲ့အရာတွေကို ကိုယ်စားပြုပါတယ်။ ခုလိုမျိုး သင်္ကေတ နှစ်မျိုးကို စုပေါင်းအသုံးပြုပြီး လူ့ဦးနှောက်က မှတ်နိုင်တာထက်၊ ဒီအဲင်အေကွင်းဆက်တွေက မှတ်သားနိုင်တာထက် အဆမတန် ပိုမိုများပြားတဲ့ သတင်းအချက်အလက်တွေကို ဆမေးရီးယန်းလူမျိုးတွေဟာ သိုလှောင်ထိန်းသိမ်းလာနိုင်ခဲ့ပါတယ်။

ခုလိုမျိုးအစောပိုင်းကာလမှာ ရေးသားခြင်းဆိုတာ အချက်လက်တွေ၊ ပုံတွေ လောက်သာ ရှိခဲ့တာပါ။ တကယ်လို့ အဲဒီတုန်းက ဆမေးရီးယန်းဝတ္ထုရှည်ကြီးတစ်ခုသာ ရှိခဲ့မယ်ဆိုရင် ရွှံပြားတွေပေါ်မှာ ရေးခဲ့မှာမဟုတ်ပါဘူး။ ရေးသားခြင်းဆိုတာ အလွန်အချိန်ပေးတဲ့အရာတစ်ခုဖြစ်ပြီး စာဖတ်တတ်တဲ့လူထုက အလွန်တရာနည်းပါး ပါတယ်။ ဒါကြောင့် ရေးသားခြင်းကို အရေးကြီးတဲ့ မှတ်တမ်းတွေကို ထိန်းသိမ်းတဲ့နေရာမှာ အသုံးပြုတာကလွဲပြီး တခြားဘာအတွက်နဲ့မှ မသုံးခဲ့ကြပါဘူး။ တကယ်လို့ လွန်ခဲ့တဲ့နှစ်ပေါင်း ၅၀၀၀ က ကျွန်တော်တို့ရဲ့ဘိုးဘေးတွေဆီက ပညာရှိစကားတွေကို ကျွန်တော်တို့ ရှာကြည့်မယ်ဆိုရင် အကြီးအကျယ်စိတ်ပျက်ရမှာ ဖြစ်တယ်။ ဥပမာအနေနဲ့ ကျွန်တော်တို့ရဲ့ ဘိုးဘေးတွေက ကျွန်တော်တို့ဖတ်ဖို့ ချန်ထားခဲ့ကြတာက ‘ဘာလီ ၂၉၀၈၆၊ ၃၇ လ၊ ခူရှင်မ်’ ဆိုတာမျိုးပဲ ဖြစ်တယ်။ ဒီစာကြောင်းရဲ့ အဖြစ်နိုင်ဆုံး အဓိပ္ပါယ်က ‘၃၇ လတာ အချိန်အတွင်း ဘာလီ စုစုပေါင်း ၂၉၀၈၆ ကို ရရှိပါသည်။ ခူရှင်မှ လက်မှတ်ထိုးသည်။’ လို့ဖြစ်မှာပါ။ ဟုတ်ပါတယ်ခင်ဗျာ… လူ့သမိုင်းရဲ့ ပထမဆုံးစာမှာ ဒဿနအမြင်၊ ကဗျာ၊ ဒဏ္ဍာရီ၊ ဥပဒေ၊ သို့မဟုတ် ဘုရင်တစ်ပါးရဲ့အောင်ပွဲ စတာတွေ တစ်..ခု..မှ မပါဘူး။။ ပျင်းစရာကောင်းတဲ့ စီးပွားရေးစာကြောင်းတွေ၊ အခွန်ကောက်ခံမှတ်တမ်းတွေ၊ ကြွေးမြီစုစုပေါင်း၊ ပစ္စည်းဥစ္စာပိုင်ဆိုင်ခြင်း စတဲ့ အရာတွေပဲ ဖြစ်နေပါတယ်။



 
ရှေးခေတ်က အဲဒီလိုမျိုးရေးသားပုံ နောက်တစ်မျိုး ရှင်သန်ကျန်ရစ်ပါသေးတယ်။ အဲဒါက ပိုလို့တောင် စိတ်ဝင်စားစရာ မကောင်းပါဘူး။ အဲဒီတစ်ခုက စကားလုံးတစ်ချို့ပဲ ပါတယ်။ ပြီးတော့ အဲဒီစကားလုံးတွေကိုပဲ စာကူးသူတပည့်တစ်ယောက်က စာရေးလေ့ကျင့်တဲ့အနေနဲ့ အထပ်ထပ်အခါခါ ကူးရေးထားတာပါ။ တကယ်လို့ စာကူးသူတပည့် တစ်ယောက်ယောက်က ဈေးစာရင်းတွေ ကူးရေးမယ့်အစား သူ့ကိုယ်ပိုင်ကဗျာလေး ရေးချင်ပါတယ် ဆိုရင်တောင် သူရေးနိုင်ခဲ့မှာ မဟုတ်ပါဘူး။ အစောပိုင်း ဆမေးရီးယန်း အရေးအသားဟာ မပြည့်စုံသေးဘဲ ‘တစိတ်တပိုင်းအရေးအသား’ ပဲ ဖြစ်လို့ပါ။ ‘ပြည့်စုံအရေးအသား’ ဆိုတာဟာ သင်္ကေတတွေကိုသုံးပြီး ကျွန်တော်တို့ပြောသမျှ စကားတွေအားလုံးကို အပြည့်အစုံနီးပါး ဖော်ပြနိုင်ပါတယ်။ ဒါကြောင့် ကဗျာတွေ အပါအဝင် လူတွေပြောသမျှအားလုံးကို ရေးသား ဖော်ပြနိုင်တယ်။ တခြားဘက်မှာတော့ တစိတ်တပိုင်းအရေးအသား ဟာ တချို့သောအကြောင်းအရာ၊ အချက်အလက်၊ လုပ်ဆောင်မှုတွေကိုသာ ဖော်ပြနိုင်တဲ့ သင်္ကေတစနစ်နဲ့ ဖွဲ့စည်းထားပါတယ်။ လက်တင်စာ၊ အီဂျစ်အရုပ်စာ (hieroglyphics)၊ မျက်မမြင်စာ (Braille) စတဲ့အရေးအသားတွေကတော့ ပြည့်စုံအရေးအသားတွေပါ။ အဲဒီစာတွေကိုသုံးပြီး အခွန်ကောက်ခံမှု၊ အချစ်ကဗျာ၊ သမိုင်းစာအုပ်၊ ဟင်းချက်နည်း၊ စီပွားရေးဥပဒေ စတဲ့အရာတွေကို ရေးသားနိုင်ပါတယ်။ အဲဒီလိုမဟုတ်ဘဲ ဆမေးရီးယန်း အရေးအသားကတော့ ဒီနေ့ခေတ် သင်္ချာသင်္ကေတတွေ၊ ဂီတသင်္ကေတတွေလိုပဲ တစိတ်တပိုင်းအရေးအသား ဖြစ်နေပါတယ်။ သင်္ချာသင်္ကေတတွေကို အသုံးပြုပြီး တွက်ချက်မှုအမျိုးမျိုး လုပ်လို့ရပါတယ်။ ဒါပေမယ့် အဲဒါတွေနဲ့ အချစ်ကဗျာတွေတော့ ရေးလို့မရပါဘူး။

ဆမေးရီးယန်းလူမျိုးတွေကတော့ သူတို့ရဲ့အရေးအသားနဲ့ ကဗျာတွေရေးလို့မရလည်း ဘာမှ စိတ်အနှောင့်ယှက် မဖြစ်ကြဘူး။ လူတွေရဲ့ ပြောစကားကို လိုက်လံတုပနိုင်ဖို့အတွက် သူတို့ထွင်ခဲ့ကြတာမှ မဟုတ်တာ။ တကယ်တော့ ပြောစကားနဲ့မလုပ်နိုင်တဲ့အရာတွေကို လုပ်နိုင်ဖို့ထွင်ထားတာ။ ကိုလံဘီယာနိုင်ငံက အင်ဒီးစ်တောင်တန်းမှာရှိတဲ့ အစောပိုင်း ယဉ်ကျေးမှုတစ်ချို့ကလည်း သူတို့သမိုင်း တလျှောက်လုံး တစိတ်တပိုင်းအရေးအသားတွေပဲ အသုံးပြုသွားတာ။ အဲဒီ တစိတ်တပိုင်းအရေးအသားက အကန့်အသတ်ရှိတာနဲ့ ပတ်သက်ပြီး သူတို့ရဲ့စိတ်ထဲမှာ ဘာမှမဖြစ်သလို ပြည့်ဝအရေးအသားတစ်ခု သူတို့ လိုအပ်တယ်လို့လည်း မယူဆခဲ့ကြဘူး။ အင်ဒီးစ်တို့ ရေးသားပုံဟာ ဆမားရီးယန်းတို့ရဲ့ရေးသားပုံနဲ့မတူဘဲ အလွန်ကွဲပြားပါတယ်။ အင်ဒီးစ်တို့ရေးသားပုံဟာ အလွန်မှပဲ ကွဲပြားလွန်းလို့ လူတော်တော်များများက သူ့ကို အရေးအသားတစ်ခု မဟုတ်ဘူးလို့ ငြင်းဆိုကြတယ်။ အင်းဒီးစ်အရေးအသားကို ရွှံချပ်ပေါ်၊ စာရွက်ပေါ်မှာ မရေးပါဘူး။ အဲဒီအစား ခီးဖူ (quipus) လို့ခေါ်တဲ့ အရောင်အမျိုးမျိုးရှိတဲ့ကြိုးတွေမှာ ကြိုးထုံးတွေထုံးပြီး ရေးသားကြတာပါ။ ခီးဖူတစ်ခုမှာ သိုးမွှေး သို့မဟုတ် ချည်နဲ့လုပ်ထားတဲ့ ရောင်စုံကြိုးတွေ ရှိတယ်။ ကြိုးတစ်ချောင်းချင်းစီရဲ့ နေရာအမျိုးမျိုးမှာ အထုံးတွေထုံးရတယ်။ ခီးဖူတစ်ခုမှာ ရာချီတဲ့ရောင်စုံကြိုး နှင့် ထောင်ချီတဲ့ ကြိုးထုံးတွေ ရှိပါတယ်။ အရောင်အမျိုးမျိုးနဲ့ကြိုးတွေမှာ အထုံးအမျိုးမျိုးကိုပေါင်းစပ်လိုက်ရင် များပြားလှတဲ့ ကိန်းဂဏန်း အချက်အလက်တွေကို မှတ်တမ်းတင်နိုင်ပါတယ်။ ဥပမာ အခွန်ကောက်ခံခြင်း၊ ပစ္စည်းဥစ္စာပိုင်ဆိုင်ခြင်း စသည်ဖြင့်ပေါ့။

မြို့ပြတွေ၊ နိုင်ငံတွေ၊ အင်ပါယာတွေရဲ့ စီးပွားရေးမှာ ခီးဖူတွေဟာ နှစ်ပေါင်းရာထောင်ချီကြာအောင် အလွန်အရေးပါခဲ့ပါတယ်။ လူဦးရေ ၁၀ သန်းကနေ ၁၂ သန်းအထိရှိပြီး ဒီနေ့ခေတ် ပီရူး၊ အီကွေဒေါ၊ ဘိုလီးဗီးယား နိုင်ငံတွေ အပါအဝင် ချီလီ၊ အာဂျင်တီးနား၊ ကိုလံဘီယာ နိုင်ငံတို့ရဲ့ တစိတ်တပိုင်းအထိ ပါဝင်ခဲ့တဲ့ အင်ကာ အင်ပါယာ လက်ထက်မှာတော့ ခီးဖူတွေရဲ့စွမ်းဆောင်ရည်ကို အမြင့်ဆုံးအထိ အသုံးပြုခဲ့ကြပါတယ်။ ခီးဖူတွေရဲ့ အကျိုးကျေးဇူးကြောင့် အင်ကာလူမျိုးတွေဟာ များပြားလှတဲ့ အချက်အလက်တွေကို ထိန်းသိမ်းလည်ပတ် နိုင်တာပါ။ အဲဒါတွေသာ မရှိရင် အဲဒီလောက်ကြီးမားတဲ့ အင်ပါယာမျိုးမှာ လိုအပ်တဲ့ ရှုပ်ထွေးလှတဲ့ အုပ်ချုပ်ရေးယန္တရားတွေကို ထိန်းသိမ်းနိုင်မှာ၊ လည်ပတ်နိုင်မှာ မဟုတ်ပါဘူး။


တကယ်တမ်းဆိုရင် ခီးဖူတွေဟာ အလွန်တိကျပြီး ထိရောက်မှုရှိလွန်းတဲ့အတွက် တောင်အမေရိကကို စပိန်လူမျိုးတွေကသိမ်းယူပြီး အစောပိုင်းနှစ်တွေမှာ သူတို့သိမ်းယူလိုက်တဲ့ အင်ပါယာအသစ်ကို အုပ်ချုပ်ဖို့အတွက် စပိန်တွေလည်း ခီးဖူတွေပဲ သုံးခဲ့ကြတယ်။ ပြဿနာက စပိန်တွေကိုယ်တိုင်ကတော့ အဲဒီခီးဖူတွေကို ဘယ်လိုဖတ်ရမယ်၊ အဲဒါတွေနဲ့ ဘယ်လိုမှတ်တမ်းတင်ရမယ် ဆိုတာ မသိခဲ့ကြဘူး။ ဒါကြောင့် ဒေသခံကျွမ်းကျင်သူတွေကိုပဲ သူတို့အားကိုးခဲ့တယ်။ တောင်အမေရိကတိုက်ရဲ့ အရှင်သခင်သစ် စပိန်လူမျိုးတွေက ခီးဖူကို မသိတာဟာ သူတို့ရဲ့ အာနည်းချက်ကြီးတစ်ခု ဖြစ်တယ်ဆိုတာ သဘောပေါက်ခဲ့တယ်။ ဒေသခံခီဖူးကျွမ်းကျင်သူတွေက သူတို့ကို အလွယ်တကူ လိမ်ညာလှည့်စားလို့ရတယ်။ ဒါကြောင့် စပိန်တွေ အဲဒီမှာ အခြေချတာ ခိုင်သွားပြီဆိုတာနဲ့ ခီးဖူတွေကို ဖျက်သိမ်းလိုက်ပါတယ်။ ပြီးတော့ အင်ပါယာအသစ်ရဲ့ မှတ်တမ်းတွေကိုလည်း လက်တင်ဘာသာ၊ လက်တင်ကိန်းဂဏန်းတွေ သက်သက်နဲ့ပဲ ရေးတော့တယ်။ စပိန်တွေရဲ့ နယ်ချဲ့အုပ်စိုးမှုအောက်မှာ ခီးဖူ နည်းနည်းပဲ ရှင်ကျန်ရစ်တယ်။ အဲဒီကျန်ခဲ့တဲ့ထဲက အများစုရဲ့ အဓိပ္ပါယ်ဟာလည်း ကျွန်တော်တို့ဖတ်လို့မရပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကံမကောင်းစွာနဲ့ပဲ ခီဖူးကိုဖတ်တဲ့ အတတ်ပညာ ပျေက်ကွယ်သွားပြီ ဖြစ်လို့ပါ။




၄၇ဗျူရိုကရေစီ၏ အံ့သြဖွယ်ရာလုပ်ဆောင်မှုများ


နောက်ဆုံးတော့လည်း မက်ဆိုပိုတေးမီးယားကလူတွေဟာ တစ်သံတည်းထွက်၊ တစ်ပုံစံတည်းပဲ သုံးလို့ရတဲ့ ကိန်းဂဏန်းအချက်အလက်တွေထက် ပိုတဲ့အရာကို ရေးသားလာချင်ခဲ့ကြတာပဲ။ ဆမေးရီးယန်း ရေးသားမှုစနစ်ထဲကို ဘီစီ ၃၀၀၀ နဲ့ ၂၅၀၀ ကြားမှာ များသထက်များလာတဲ့ သင်္ကေတတွေ ထည့်သွင်းလာခဲ့ကြတယ်။ တဖြည်းဖြည်းနဲ့ ကယူနီဖောင်း(cuneiform) လို့ ဒီကနေ့ကျွန်တော်တို့ခေါ်တဲ့ ပြည့်စုံတဲ့အရေးအသား ဖြစ်လာပါတယ်။ ဘီစီ ၂၅၀၀ လောက်လည်းရောက်ရော ဘုရင်တွေက အမိန့်တွေထုတ်ပြန်ဖို့၊ ပုရောဟိတ်တွေက နမိတ်ဟောစကားတွေမှတ်တမ်းတင်ဖို့၊ သာမန်ပြည်သူတွေက အချင်းချင်းပေးပို့တဲ့စာတွေ ရေးသားဖို့ စတဲ့နေရာတွေမှာ ကယူနီဖောင်းစာကို အသုံးပြုခဲ့ကြပါတယ်။ တပြိုင်နက်တည်းမှာပဲ အီဂျစ်တွေကလည်း အီဂျစ်အရုပ်စာ(hieroglyphics) ကို ထွင်ကြပြီးပါပြီ။ တခြား ပြည့်စုံအရေးအသားတွေကို တရုတ်မှာ ဘီစီ ၁၂၀၀ ဝန်းကျင်၊ အမေရိကတိုက်အလယ်ပိုင်းမှာ ဘီစီ ၁၀၀၀ - ၅၀၀ ဝန်းကျင်က ထွင်ခဲ့ကြပါတယ်။

ခုလိုမျိုးနေရာတွေကနေစပြီး ပြည့်စုံအရေအသားတွေဟာ အခြားဝေးလံကျယ်ပြန့်တဲ့နေရာတွေဆီကို ပုံစံသစ်အမျိုးမျိုးနဲ့ ပြန့်နှံ့သွားပါတယ်။ ဒီလိုနဲ့ ကဗျာ၊ သမိုင်းစာအုပ်၊ အချစ်ဝတ္ထု၊ ပြဇာတ်၊ ရှေ့ဖြစ်ဟော၊ ဟင်းချက်နည်း စတဲ့အရာတွေကို လူသားတွေ စတင်ရေးသားလာခဲ့ကြတယ်။ သို့ပေမယ့်လည်း ရေးသားခြင်းရဲ့ အရေးကြီးဆုံးတာဝန်ကတော့ ကိန်းဂဏန်းအချက်လက်တွေကို မှတ်တမ်းတင် ထိန်းသိမ်းခြင်းပဲဖြစ်ပါတယ်။ ဒါပေမယ့် တစိတ်တပိုင်းအရေးအသားကတော့ ကိန်းဂဏန်းအချက်လက်တွေကို မှတ်တမ်းတင်ထိန်းသိမ်းတာတစ်ခုပဲ လုပ်နိုင်ပါတယ်။ ဟီဘရူး ကျမ်းစာ၊ ဂရိတို့ရဲ့ အိလိယ ကဗျာရှည်၊ ဟိန္ဒူတို့ရဲ့ မဟာဘာရတ၊ ဗုဒ္ဓဘာသာဝင်တို့ရဲ့ တိပိဋကတ် စတာတွေ အားလုံးဟာ နှုတ်နဲ့အရင် မှတ်သားခဲ့ကြတာပါ။ မျိုးဆက်ပေါင်းများစွာအထိ သူတို့ကို နှုတ်နဲ့သာ လက်ဆင့်ကမ်း သင်ကြားပေးခဲ့ကြပါတယ်။ တကယ်လို့ ရေးသားခြင်းဆိုတာကို မထွင်ခဲ့ကြရင်လည်း အဲဒီအရာတွေ ဆက်ရှိနေကြဦးမှာပါ။ ဒါပေမယ့် အခွန်ကောက်မှတ်တမ်းတွေ၊ ရှုပ်ထွေးတဲ့ ဗျူရိုကရေစီတွေဟာ တစိတ်တပိုင်းအရေးအသားနဲ့အတူ တပါတည်း မွေးဖွားလာခဲ့ကြတာပါ။ ဒီနှစ်ခုဟာ ဒီနေ့အထိ တသားတည်းရှိနေကြတာဟာ ကိုယ်ချင်းဆက်အမွှာတွေလိုပါပဲ။ အဲဒါကို မိုက်ခရိုဆော့ဖ် Excel ဖိုင်တစ်ခုရဲ့ ဇယား နဲ့ ဇယားထဲကအကွက်တွေလို့ မြင်ယောင်လို့ရပါတယ်။

ရေးသားကြတဲ့အကြောင်းအရာတွေ များသထက်များလာတာနဲ့အမျှ အထူးသဖြင့် အုပ်ချုပ်ရေးမှတ်တမ်းတွေ များသထက် များလာတဲ့အတွက်ကြောင့် ပြဿနာအသစ်တွေလည်း ပေါ်လာခဲ့တယ်။ လူ့ဦးနှောက်ထဲမှာ သိမ်းထားတဲ့အချက်လက်တွေက ပြန်စဉ်းစားရတာလွယ်တယ်။ ကျွန်တော့် ခေါင်းထဲမှာ သန်းထောင်ချီတဲ့ အချက်အလက်တွေ ရှိတယ်။ ဒါပေမယ့်လည်း အီတလီနိုင်ငံရဲ့မြို့တော်ကို ဘာလဲဆိုတာ၊ ၂၀၀၁ ခုနှစ် စက်တင်ဘာ ၁၁ ရက်နေ့တုန်းက ကျွန်တာ် ဘာလုပ်နေခဲ့တယ်ဆိုတာ၊ ပြီးတော့ ဂျေရုဆလင်က ဟီဘရူးတက္ကသိုလ်ကို ကျွန်တော့်အိမ်ကနေ ဘယ်လိုသွားရတဲ့လမ်းက ဘယ်လိုဆိုတာတွေ အားလုံးကို မြန်မြန်ဆန်ဆန်နဲ့ တပြိုင်နက်နီးပါး ကျွန်တော်စဉ်းစားပြောပြနိုင်တယ်။ လူ့ဦးနှောက်က ဒါတွေအားလုံးကို ဘယ်လိုလုပ်သလဲဆိုတာလည်း ကျွန်တော်တို့မသိကြသေးတဲ့အရာတစ်ခုပါပဲ။ လူ့ဦးနှောက်ရဲ့ အချက်အလက်တွေပြန်မှတ်မိနိုင်စွမ်းဟာ အံ့သြစရာကောင်းလောက်အောင် ကောင်းမွန်တယ်ဆိုတာ ကျွန်တော်တို့သိတယ်။ ဒါပေမယ့် အဲဒီအထဲမှာ ကိုယ့်ကားသော့ ဘယ်နားထားမိမှန်း ပြန်စဉ်စားရတာတော့ မပါဘူး ခင်ဗျ။

ဒါဆိုရင် ခီးဖူကြိုး သို့မဟုတ် ရွှံ့ချပ်ပေါ်မှာ သိမ်းထားတဲ့ အချက်အလက်တွေကို ပြန်ရှာယူချင်တယ်ဆိုရင် ဘယ်လိုလုပ်ကြမလဲ။ ရွှံ့ချပ် ၁၀ချပ်၊ အချပ် ၁၀၀ လေက်ပဲရှိတယ်ဆိုရင်တော့ ပြဿနာမရှိပါဘူး။ ဒါပေမယ့် ဟမ်မူရာဘီနဲ့ ခေတ်ပြိုင်ဖြစ်ခဲ့တဲ့ မာရီဘုရင် ဇင်မရီလင်းမ် (King Zimrilim of Mari - ဒီနေ့ခေတ် ဆီးရီးယားနိုင်ငံ) ပိုင်ဆိုင်ခဲ့သလို ရွှံ့ချပ်တွေ ထောင်နဲ့ချီရှိရင် ဘယ်လိုလုပ်မလဲ။


ခုလက်ရှိအချိန်ဟာ ဘီစီ ၁၇၇၆ ခုနှစ်လို့ ခဏ စိတ်ကူးထဲ မြင်ယောင်ကြည့်ပါ။ မာရီမြို့သားနှစ်ယောက်ဟာ ဂျုံခင်းတစ်ခင်းကို ပိုင်ဆိုင်မှုနဲ့ပတ်သက်ပြီး ငြင်းခုံနေကြတယ်။ ဒီဂျုံခင်းကို အီဆောင်း ဆီကနေ လွန်ခဲ့တဲ့ နှစ် ၃၀ ကဝယ်ခဲ့တာလို့ ယာဂုပ် ကပြောတယ်။ တကယ်တော့ ယာဂုပ်ကို နှစ် ၃၀စာ ငှားထားတာလို့ အီဆောင်းကလည်း ပြန်ပြောတယ်။ အခု နှစ်၃၀ ပြည့်ပြီဆိုတော့ ဂျုံခင်းကို သူပြန်လိုချင်တယ်။ သူတို့အချင်းချင်း အော်ဟစ်ငြင်းခုံရင်း တစ်ယောက်နဲ့တစ်ယောက် တွန်းထိုးတဲ့အဆင့်ပါ ရောက်လာတယ်။ နောက်တော့လည်း သူတို့ပြဿနာကို တော်ဝင်မော်ကွန်းတိုက်မှာ သွားကြည့်ရင် ပြေလည်သွားမှာပဲဆိုတာ သတိရလာကြတယ်။ နိုင်ငံအတွင်းမှာရှိတဲ့ မြေယာရောင်းဝယ်မှုအားလုံးရဲ့ အရောင်းအဝယ်စာရင်းကို တော်ဝင်မော်ကွန်းတိုက်မှာ ထိန်းသိမ်းထားတာကိုး။ မော်ကွန်းတိုက်ရောက်တော့ အရာရှိတွေ တစ်ယောက်ပြီးတစ်ယောက် သူတို့ဖြတ်သန်းရတယ်။ အရာရှိတွေ လက်ဖက်ရည်သောက်နားတာ တစ်ခုပြီးတစ်ခု စောင့်ရတယ်။ အကုန်လုံး စောင့်ဆိုင်းဖြတ်သန်းလို့ပြီးသွားတော့ သူတို့ကို မနက်ဖြန်မှ ပြန်လာဖို့ပြောလွှတ်လိုက်တယ်။ ဒီလိုနဲ့ နောက်ဆုံးတော့ စာရေးတစ်ယောက်က သူတိုနဲ့သက်ဆိုင်တဲ့ ရွှံ့ချပ်တွေရှာဖို့ စိတ်မပါတပါ ညည်းညူရင်း ခေါ်သွားတယ်။ ဒီလိုနဲ့ တံခါးတစ်ခုကို ဖွင့်လိုက်တော့ ထောင်နဲ့ချီတဲ့ ရွှံ့ချပ်တွေကို ကြမ်းပြင်ကနေ မျက်နှာကျက်အထိ စီထားတဲ့ အခန်းကျယ်ကြီးတစ်ခုထဲ ရောက်သွားတယ်။ စာရေးမျက်နှာ ရှစ်ခေါက်ချိုးဖြစ်နေတာလည်း မပြောနဲ့.. လွန်ခဲ့တဲ့ နှစ် ၃၀ က ဂျုံခင်းအရောင်းအဝယ်ရွှံ့ချပ်တစ်ခုကို ဒီလောက်များတဲ့ရွှံ့ချပ်ပုံတွေကြားမှာ သူ ဘယ်လိုရှာမလဲ။ တကယ်လို့ ဂျုံခင်းနဲ့သက်ဆိုင်တဲ့ ရွှံ့ချပ်ကို စာရေးက ရှာတွေ့တယ်ဆိုရင်တောင်မှ လွန်ခဲ့တဲ့အနှစ် ၃၀ က သူတို့လုပ်ခဲ့ကြတဲ့ ရွှံ့ချပ်စာရွက်စာတမ်းမှန်း သေချာအောင် ဘယ်လိုစစ်ဆေးမလဲ။ တကယ်လို့ ရွှံချပ်ကို စာရေးက ရှာမတွေ့ခဲ့ဘူးဆိုရင် အီဆောင်းက ဂျုံခင်းကို မရောင်းခဲ့ဘူး သို့မဟုတ် မငှားခဲ့ပါဘူး လို့ သက်သေထူရမှာလား။ ဒါမှမဟုတ် အဲဒီရွှံ့ချပ်ပျောက်ဆုံးသွားတာ သို့မဟုတ် မော်ကွန်းတိုက်ထဲ မိုးရေစိမ့်ဝင်လို့ စာတွေဝါးကုန်တာလား။

သေချာတာကတော့ စာရွက်စာတမ်းတွေကို ရွှံ့ပြားပေါ် ပုံနှိပ်ထားတာဟာ တိကျတဲ့၊ လွယ်ကူတဲ့၊ လျင်မြန်တဲ့ အချက်အလက်သိမ်းဆည်းပြန်လည်ထုတ်ယူမှုမျိုးဖြစ်ဖို့ မလုံလောက်တာ အမှန်ပဲ။ အဲဒါကြောင့် ကတ်တလောက်လိုမျိုး၊ ဖိုတိုကော်ပီကူးစက်နဲ့ ကော်ပီပွားသလိုမျိုး၊ ကွန်ပျူတာ အယ်လဂိုရီသမ်နဲ့ လျင်မြန်တိကျစွာ အချက်လက်တွေ ပြန်ယူနိုင်သလိုမျိုး အချက်အလက်တွေကို စုစည်းနိုင်တဲ့နည်းလမ်းတွေ လိုအပ်လာပါတယ်။ ပြီးတော့လည်း ဒီနည်းလမ်းတွေကို ဘယ်လိုအသုံးပြုရမလဲ ဆိုတာသိတဲ့ (မျက်နှာထားချိုချိုနဲ့ဆို ကျေးဇူးတင်စရာကောင်းမယ့်) တိကျတဲ့ စာအုပ်ကြီးသမား စာရင်းစစ်တစ်ယောက် လိုအပ်လာပါတယ်။
အဲဒီလို အချက်အလက်ထိန်းသိမ်းထုတ်ယူနည်းစနစ်ကို ထွင်ရတာဟာ ရေးသားခြင်း ကိုထွင်ရတာထက် အများကြီးပိုခက်ခဲတာကို တွေ့ရတယ်။ ရေးသားခြင်းစနစ် တော်တော်များများဟာ တစ်ခုနဲ့တစ်ခု အချိန်ရော၊ နေရာရော ဝးကွာကြတဲ့ ယဉ်ကျေးမှုတွေမှာ သီးသန့်ဖြစ်ထွန်းလာကြတာ ဖြစ်တယ်။ အခုချိန်ဆိုလည်း ရှေးဟောင်းသုတေသနပညာရှင်တွေက ဆယ်စုနှစ်တစ်ခုလောက်ကြာရင် အရင်ကပျောက်ကွယ်သွားတဲ့ စာအရေးအသားတစ်ခု ပြန်ရှာတွေ့နေကြတာပဲ။ တစ်ချို့ဟာတွေဆို ဆမေးရီးယန်းတွေရဲ့ ရွှံချပ်အရေးအသားထက်တောင် ပိုရှေးကျဦးမယ်။ ဒါပေမယ့် အဲဒါတွေ တော်တော်များများကို ကျွန်တော်တို့မဖတ်နိုင်တော့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီစာတွေကို ထွင်ခဲ့တဲ့လူတွေက ရေးသားမှုအချက်အလက်တွေကို ကောင်းမွန်စွာ ထိန်းသိမ်းစုစည်းပြီး ပြန်ထုတ်ယူလို့ရနိုင်မယ့် နည်းလမ်းကို မထွင်ခဲ့ကြလို့ပါ။ ဒီနေရာမှာ ဆူမာ ဒေသက လူတွေနဲ့မတူတာက.. ရှေး ဖာရိုးဘုရင်တွေရဲ့ အီဂျစ်ပြည်၊ ရှေးတရုတ်ပြည်၊ အင်ကာ အင်ပါယာ စတဲ့ယဉ်ကျေးမှုတွေကတော့ သူတို့ရေးသားထားတဲ့ အချက်အလက်တွေကို မှတ်တမ်းတင်ဖို့၊ စုစည်းထားဖို့၊ ပြန်လည်ထုတ်ယူဖို့အတွက် ထိရောက်တဲ့နည်းလမ်းတွေ ထွင်ခဲ့ကြတယ်။ စာကူးရေးသူတွေ၊ စားရေးတွေ၊ စာကြည့်တိုက်သမားတွေ နှင့် စာရင်းကိုင်တွေအတွက် ကျောင်းတွေထောင်ပြီး ရင်းနှီးမြုပ်နှံခဲ့ကြပါတယ်။

အခုခေတ် ရှေးဟောင်းသုတေသနပညာရှင်တွေက ရှေးခေတ် မက်ဆိုပိုတေးမီးယားက ကျောင်းတစ်ကျောင်းမှာ စာရေးလေ့ကျင့်ကြတာကို ပြန်လည်ရှာဖွေတွေ့ရှိထားတာ ရှိပါတယ်။ အဲဒီတွေ့ရှိမှုကြောင့် လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀၀၀ က ကျောင်းသားတွေရဲ့ ဘဝတစိတ်တပိုင်းကို ကျွန်တော်တို့ လှမ်းမြင်နိုင်ပါတယ်။
ကျွန်တော်အခန်းထဲဝင်ပြီး ထိုင်လိုက်တယ်။ ဆရာက ကျွန်တော်ရေးထားတဲ့ ရွှံ့ပြားချပ်ကိုဖတ်ပြီး ‘မင်းရေးတာ တစ်ခုကျန်နေတယ်’ လို့ ပြောတယ်။

ပြီးတော့ ကျွန်တော့်ကို ရိုက်တယ်။
အကြီးအကဲတစ်ယောက်ကလည်းပြောတယ်.. ‘ငါ့ခွင့်ပြုချက်မရဘဲနဲ့ မင်းဘာဖြစ်လို့ ပါးစပ်ဟတာလဲ’ တဲ့။
ပြီးတော့ ကျွန်တော့်ကို ရိုက်တယ်။
စည်းကမ်းထိန်းသိမ်းတဲ့ တစ်ယောက်ကပြောတယ်.. ‘ငါ့ခွင့်ပြုချက်မရဘဲနဲ့ မင်းဘာဖြစ်လို့ မတ်တပ်ရပ်တာလဲ’ တဲ့။
ပြီးတော့ ကျွန်တော့်ကို ရိုက်တယ်။
တံခါးစောင့်က ကပြောတယ်.. ‘ငါ့ခွင့်ပြုချက်မရဘဲနဲ့ မင်းဘာကြောင့် အပြင်ထွက်တာလဲ’ တဲ့။ ပြီးတော့ ကျွန်တော့်ကို ရိုက်တယ်။
ဘီယာ ကရားကို ထိန်းသိမ်းတဲ့လူကပြောတယ်။ ‘ငါ့ခွင့်ပြုချက်မရဘဲနဲ့ မင်းဘာကြောင့်သောက်တာလဲ’ တဲ့။
ပြီးတော့ ကျွန်တော့်ကို ရိုက်တယ်။
ဆမေးရီးယန်းဆရာက ပြောတယ်.. ‘မင်းဘာလို့ အခေးဒီးယန်း(Akkadian) စကားပြောတာလဲ’ တဲ့။*
ပြီးတော့ ကျွန်တော့်ကို ရိုက်တယ်။
ကျွန်တော့်ဆရာက ပြောတယ်.. ‘မင်လက်ရေးက မကောင်းဘူး’။
ပြီးတော့ ကျွန်တော့်ကို ရိုက်တယ်။

ရှေးခေတ် စာကူးသူတွေဟာ ရေးဖို့၊ ဖတ်ဖို့လောက်သာ သင်ယူခဲ့ကြတာ မဟုတ်ပါဘူး။ အချက်အလက်တွေကို ဇယားတွေ၊ စာရွက်စာတမ်းတွေ၊ ပြက္ခဒိန်တွေ၊ အဘိဓာန်တွေ၊ ကက်တလောက်တွေကို ဘယ်လိုအသုံးပြုရမလဲဆိုတာပါ သင်ယူရတာပါ။ ကတ်တလောက်လုပ်ရတဲ့ နည်းလမ်းတွေကို သူတို့ အတွင်းကျကျလေ့လာကြတယ်။ လူ့ဦးနှောက်ထဲ သိမ်းဆည်းထားတာနဲ့မတူတဲ့ သတင်းအချက်အလက်တွေကို လည်ပတ်စေတာ၊ ထိန်းသိမ်းတာ၊ ခွဲခြားစုစည်းရတာကို လေ့လာကြတယ်။ ဦးနှောက်ထဲမှာ ရှိတဲ့အချက်အလက်တွေ အားလုံးဟာ လွတ်လွတ်လပ်လပ် အချိတ်အဆက်ရှိကြတာပဲ။ ဥပမာ- အိမ်သစ်တစ်လုံး အရစ်ကျဝယ်ဖို့ ဘဏ်ကို မိန်းမနဲ့ကျွန်တော်သွားတဲ့အခါ.. ပထမဆုံး အတူနေခဲ့ကြတဲ့နေရာကို ကျွန်တော်ပြန်အမှတ်ရတယ်။ အဲဒီကနေပဲ နယူးအော်လင်းကို ဟန်နီးမွန်းသွားခဲ့ကြတာ အမှတ်ရတယ်။ နယူးအော်လင်းဆိုလို့ မိကျောင်းတွေတောင် သွားစဉ်းစားမိတယ်.. မိကျောင်းတွေအကြောင်း စဉ်းစားရင်းနဲ့ နဂါးတွေကို သတိရမိတယ်။ ဒီလိုနဲ့ ဂျာမန်ဂီတဆရာ ရီဟားဒ် ဗာဒ်နာ ရဲ့ ‘နီးဘူးလုမ်၏လက်စွပ်’ (The Ring of the Nibelungen) ဆိုတဲ့ တေးသွားကို သွားသတိရမိရော။ ဒါနဲ့ပဲ ဇီးဖရီးဂ် လိုက်မိုထစ်ဖ် (Siegfried leitmotif) ဆိုတဲ့အပိုဒ်ကို ညည်းနေတဲ့ ကျွန်တော့်ကို ဘဏ်ကစားရေး အူကြောင်ကြောင်နဲ့ ကြည်နေတာပဲ။ ဒါပေမယ့် ဗျူရိုကရေစီမှာတော့ အရာအားလုံး ခွဲခြားထားရတယ်။ အိမ်ယာအရောင်းအဝယ်တွေကို အံဆွဲတစ်ခုမှာ ထားရတယ်။ လက်ထပ်စာချုပ်တွေကို နောက်တစ်ခုမှာ၊ တတိယတစ်ခုကကျတော့ အခွန်ကောက်ထားတာတွေ နဲ့ စတုတ္ထတစ်ခုက အမှုခင်းတွဲတွေကို ထားတယ်။ အဲဒီလိုမှာ မခွဲထားရင် ရှာဖို့ မလွယ်ပါဘူး။ စောစောက အံဆွဲတစ်ခုထက်ပိုတဲ့ အရာတွေကို ဥပမာ.. ဗာဒ်နာ(Richard Wagner) ရဲ့ ဂီတဇတ်လမ်းရှည် တွေကိုတော့ ပြဇတ်အံဆွဲမှာ ထားရမလား၊ ဂီတအံဆွဲမှာ ထားရမလား ဒါမှမဟုတ် ခေါင်းစဉ်အသစ်တစ်ခုနဲ့ သီးသန့်အံဆွဲတစ်ခုအောက်မှာ ထားရမလား စဉ်းစားရတာ တော်တော်ခေါင်းကိုက်တဲ့ အလုပ်ပါ။ ဒါကြောင့် တစ်ယောက်ယောက်က ဒီအံဆွဲတွေကို ပေါင်းထည့်ရတာ၊ ဖျက်ရတာ၊ ပြန်စီစဉ်တကျထားတာ စတဲ့အလုပ်ကို အမြဲလုပ်နေရမှာပါ။

ဒီစနစ် လည်ပတ်အလုပ်ဖြစ်စေဖို့အတွက် အံဆွဲတွေကို ထိန်းသိမ်းသူတွေဟာ လူသားတစ်ယောက်လို စဉ်းစားတွေးခေါ်တာရပ်ပြီး စာရင်းကိုင်တစ်ယောက်၊ စာရေးတစ်ယောက်လိုပဲ စဉ်းစားတွေးခေါ်ရမှာပါ။ ဟိုးရှေးခေတ်ကနေ ဒီနေ့ခေတ်အထိပဲ စာရင်းကိုင်တွေ၊ စာရေးတွေဟာ ရိုးရိုးလူတစ်ယောက်တွေးသလို မတွေးခေါ်ကြဘူးဆိုတာ လူတိုင်းသိပါတယ်။ အံဆွဲဗီရို တစ်ခုလိုပဲ သူတို့တွေးခေါ်ကြတယ်။ အဲဒါ သူတို့အမှားတော့ မဟုတ်ဘူး။ သူတို့ အဲဒီအံဆွဲတွေလို မတွေးခေါ်ဘူးဆိုရင် သူတို့ရဲ့အံဆွဲတွေ အကုန်ရောထွေးကုန် မှာပါ။ အဲဒီအခါကျရင် သူတို့ရဲ့ အစိုးရ၊ ကုမ္ပဏီ (သို့) အဖွဲ့အစည်းတွေလိုအပ်တဲ့ ဝန်ဆောင်မှုမျိုး သူတို့ပေးနိုင်တော့မှာ မဟုတ်ပါဘူး။ ရေးသားခြင်းရဲ့ လူ့သမိုင်းအပေါ် အရေးကြီးဆုံးသက်ရောက်မှုက ဒါပါပဲ။ လူသားတွေရဲ့ တွေးခေါ်ပုံနှင့် ကမ္ဘာကြီးကိုရှုမြင်ပုံကို တဖြည်းဖြည်း ပြောင်းလဲစေခဲ့တာပါ။ လွတ်လပ်စွာအချိတ်အဆက်ရှိတဲ့၊ အားလုံးကို ခြုံငုံရှုမြင်နိုင်တဲ့ အတွေးအခေါ်တွေက သီးသန့် အကန့်နဲ့စဉ်းစားတာတွေ၊ ဗျူရိုကရေစီ တွေးခေါ်မှုတွေကို နေရာဖယ်ပေးလိုက်တဲ့ သဘောပါပဲ။

*အခေးဒီးယန်းစကားဟာ အများသုံးဘာသာစကားဖြစ်ပေမယ့် ဆမေးရီးယန်းစကားက အုပ်ချုပ်ရေးဘာသာစကား ဖြစ်တဲ့အတွက် ရေးသားမှတ်တမ်းတင်ရာမှာ သုံးတဲ့ဘာသာစကား ဖြစ်နေတုန်းပါ။ အဲဒါကြောင့် စာကူးသူတွေဖြစ်ဖို့ ကြိုးစားနေတဲ့လူတွေဟာ ဆမေးရီးယန်းစကားကို ပြောကြရပါတယ်။

ဘာသာပြန် - မာန်သီဟထွန်း
စာဖတ်သူအားလုံးကိုယ်ချမ်းသာပြီး စိတ်ချမ်းမြေ့ပါစေ။ ကျေးဇူးတင်ပါတယ်..

ပုံတွေကိုအောက်ပါလင့်တွေကနေယူပါတယ်။
https://www.amazon.com/Wagner-Ring-Nibelungen-…/…/B00VVZUXRS
https://www.dreamstime.com/stock-photography-sumerian-cunei…
https://www.greatbigcanvas.com/…/babylonian-cuneiform-nume…/
https://www.freepik.com/…/hand-drawn-egyptian-hieroglyphics…

http://www.ancientscripts.com/sumerian.html
https://www.core77.com/…/Quipu-of-Secrets-A-Different-Kind-…
https://trvl.com/peru/the-city-built-where-it-was-impossible
https://www.bbcchannels.com/cbbc