Breaking News

မောင်မောင်စိုး - AA အပစ်ရပ်ခြင်း - အပိုင်း (၂)



မောင်မောင်စိုး - AA အပစ်ရပ်ခြင်း - အပိုင်း (၂)
(မိုးမခ) စက်တင်ဘာ ၁၄၊ ၂၀၂၁
 
၂။ သဘောတူညီချက်များ ပျက်ပြားခြင်း 
Legal Aid network ၏ ရေးသားဖေါ်ပြချက်တွင် နှုတ်ဖြင့်ပြုလုပ်သည့် ကတိကဝတ်များသည် ပျက်ပြားလွယ်သည်။ နှုတ်ကတိသည် အစိုးရ/တပ်မတော်က အလိုမကျသောအခါ တိုင်းရင်းသားခုခံစစ်ဆင်အဖွဲ့အစည်းများအတွက် မည်သို့မျှ အကာအကွယ်မပေးခဲ့။ တိုင်းရင်းသားအဖွဲ့အစည်းတခုမှာ လက်နက်ဖြုတ်သိမ်းခံခဲ့ရသည်ဟု ဖေါ်ပြသည်။ သို့သော် UWSP နှင့်တပ်မတော်ကြား နှုတ်ကတိနှင့်ပတ်သက်၍ နှုတ်ကတိအောက်တွင်စတင်ရရှိထားခဲ့သောနှစ်ဖက်သဘောတူညီချက်သည် ကြောက်စရာကောင်းအောင်ခိုင်မာခဲ့သည်ဟုဖေါ်ပြထားသည်ကို တွေ့ရသည်။ သို့ဖြစ်ရာ ထိုအချက်ကိုသုံးသပ်ရလျင် ဤသို့သောအခြေအနေကိုတိုင်းရင်းသားအဖွဲ့တိုင်းသိကြသည်။ တကယ်တော့ ဤသို့ဖြစ်ခြင်းသည် နှုတ်ကတိကြောင့်မဟုတ်ပေ။ နှုတ်ကတိကြောင့် ဖြစ်ပျက်နေခြင်းမဟုတ်ပေ။တိုင်းရင်းသားက်နက်ကိုင်အဖွဲ့၏ အင်အားပေါ်အခြေပြုပြီး ဖြစ်ပျက်‌နေခြင်းသာဖြစ်သည်။ ဤသည်ပင်လျင် မြေပြင်တွင်တည်ရှိနေသည့်အင်အားပေါ်အခြေပြုသည့် မြန်မာနိုင်ငံရေး၏ ပကတိကြောင်းအချက်ပင်ဖြစ်တော့သည်။ နှုတ်ကတိကြောင့်ထင်နေခြင်းက မှားယွင်းပေလိမ့်မည်။ 

ထို့ပြင် legal aid network ကသုံးသပ်ရာတွင် ၁၉၉၄ ခုနှစ် အစိုးရနှင့် KIO စာချုပ်ပျက်ပြယ်သွားခြင်းသည် စာချုပ်တွင်ရှိသင့်သော အင်္ဂါရပ်များ မပြည့်စုံ၍ဟု ဆိုထားသည်ကိုတွေ့ကသည်။ legal aid network, ကဖေါ်ပြသည့် စာချုပ်ချိုးဖေါက်ပါက အရေးယူခွင့်ရှိစေမည့်အချက်၊ တတိယအင်အားစု ဖန်တီးခြင်း၊ လူအခွင့်အရေးဆိုင်ရာသဘောတူညီချက် စသည်တို့မပါဝင်ခြင်း၊ စာချုပ်ကိုကိုင်၍ဖြေရှင်းပေးမည့်ယန္တယား တိတိကျမရှိ၍ ဖြေရှင်းနိုင်ခြင်းမရှိဟုဆိုထားသည်။ ပြောရလျင် ဥပဒေရှုဒေါင့်က သုံးသပ်ထားသည်။ တကယ်တမ်းမြေပြင်တွင် ပြိးပြည့်စုံသော စာချုပ်တရပ် ချုပ်ဆိုရန်ဆိုသည်မှာ လုံးဝမဖြစ်နိုင်သော စိတ်ကူးစံတခုသာဖြစ်ပြီးလက်‌တွေ့မကျပေ။ ထို့ပြင် တိုင်းပြည်၏အမြင့်ဆုံးအခြေခံဥပဒေပင်လျင် နှစ်ကြိမ်တိုင် ဖျက်သိမ်းခြင်းခံရသောတိုင်းပြည်တပြည်တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တခုက ပြီးပြည့်စုံသောစာချုပ်တခုဖန်တီးနိုင်လျင် မဖျက်သိမ်းနိုင်ဟု ယူဆနေခြင်းသည် လွန်စွာရိုမန်းတစ်ဆန်လှပေစွဆိုရမည်။ 

၃။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ဥပဒေ 
AA အနေနှင့် တပ်မတော်နှင့်အပစ်ရပ်ရာတွင် သဘောတူစာချုပ်တရပ်လိုအပ်သည်ဟုဆိုနေသော Legal Aid Network က အထူးရည်ညွန်းနေသည်မှာ ဥပဒေကြောင်းအရရှုမြင်သုံးသပ်ချက်ပေါ် အခြေခံလာသည်ကိုတွေ့ရသည်။ တကယ်တော့ AA အပါ တိုင်းရင်းသားက်နက်ကိုင်အဖွဲ့အစည်းများဆိုသည်မှာ ဥပဒေပအဖွဲ့အစည်းများဖြစ်သည်။ တိုင်းပြည်၏အမြင့်ဆုံးဥပဒေဖြစ်သည့် တည်ဆဲအခြေခံဥပဒေဘောင်တွင်းက ဖြေရှင်း၍ မရ၍ ထိုအခြေခံဥပဒေကိုလက်မခံဘဲ တော်လှန်ပုန်ကန်နေကြသူများဖြစ်သည်။ ထို့ကြောင့် ဥပဒေအရ ဘောင်မဝင်ပေ။ တိုင်းရင်းသားလက်နက်ကိုင်များသည် သူတို့၏လိုလားချက်များကို မည်သည့်တရားရုံး၊ မည်သည့်ဥပဒေ၊ မည်သည့်ရှေ့နေနှင့်မှ ဖြေရှင်းနိုင်ခြင်းမရှိသည့် အခြေအနေအောက်တွင် လက်နက်ကိုင်ပုန်ကန်တိုက်ခိုက်နေခြင်းဖြစ်သည်။ ပြောရလျင် တည်ဆဲဥပဒေများနှင့် ဖြေရှင်းမရတော့၍ နိုင်ငံရေးအရ ဖြေရှင်းနေခြင်းဖြစ်သည်။ တိုင်းရင်းသားပြသနာသည် မြန်မာပြည်တွင်းဥပဒေများသာမက နိုင်ငံတကာတရားရုံးများတွင်လည်းသွားရောက်ဖြေရှင်းမရသည့် နိုင်ငံရေးပြသနာဖြစ်သည်။ စစ်ပွဲဆိုသည်မှာ နိုင်ငံရေး၏ အဆက်ဖြစ်သည်။ ထို့အတူ စစ်ပွဲခေတ္တရပ်ပြီး ဆွေးနွေးရန်ပြင်ဆင်ခြင်း၊ ဆွေးနွေးခြင်းမှာလည်း နိုင်ငံရေးအရ ဖြေရှင်းရန်ကြိုးပမ်းခြင်းဖြစ်သည်။ ဥပဒေကြောင်းအရ ဖြေရှင်းရန်ကြိုးပမ်းခြင်း မဟုတ်ပေ။ 

Legal aid network က AA အနေနှင့် သဘောတူညီချက်ယူသင့်သည်ဆိုခြင်းနှင့်ပတ်သက်ပြီး အထူးညွှန်းဆိုနေသည်မှာ ၂၀၁၇ ဩဂုတ်လကုန်ပိုင်းနှင့် စက်တင်ဘာလဆန်းပိုင်းက ရခိုင်ပြည်နယ်တွင်ဖြစ်ပွါးခဲ့သော အဖြစ်အပျက်နှင့်ပတ်သက်၍ နိုင်ငံတကာတရားရုံးက အရေးယူဆုံးဖြတ်ထားချက်များကို လိုက်နာထိမ်းသိမ်းစောင့်ရှောက်ရန် ဦးတည်သည်ကိုတွေ့ရသည်။ နှုတ်ကတိဖြင့်အပစ်ရပ်ခြင်းသည်  နိုင်ငံတကာအဆင့် ပြစ်မှုများဖြင့် စွပ်စွဲခံထားရသော တပ်မတော်ခေါင်းဆောင်များကို အားပေးအားမြှောက်ပြုရာရောက်သည့်အနေအထားသို့ ရောက်မည်စိုး၍ဟုအကြောင်း ပြထားသည်ကို တွေ့ရသည်။ ထို့ပြင် Legal Aid network မှ အဓိကလိုလားသည်မှာ  အပစ်ရပ်စဉ်ကာလ၌ ICJ တရားရုံး မှချမှတ်ထားသောအမိန့်အား လိုက်နာမည်ဆိုသည့်အချက် သဘောတူညီချက်အဖြစ် ထည့်သွင်းစေလိုသည်က အဓိကဖြစ်သည်ကိုတွေ့ရသည်။ 

တကယ်‌တော့ မြန်မာပြည်တွင် ICJ ရောက်နေသည့် ပြသနာတခုတည်းဖြစ်နေသည့်မဟုတ်ပေ။ ပြည်တွင်းစစ် စကထဲက ကရင်ပြည်နယ်၊ မွန်ပြည် နယ်၊ ကယားပြည်နယ်၊ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်တို့တွင် အလားတူပြသနာများ နှစ်ပေါင်းများစွာ  ကြုံတွေ့ခဲ့ရသည်သာစ်သည်။ ယခုတိုင်လည်း ပြည်တွင်း၌ရော ထိုင်းနိုင်ငံတွင်ပါ ဒုက္ခသည် တသန်းခန့်ရှိ‌နေသည်။သို့သော် ထိုပြသနာများသည် ICC/ICJ တို့မရောက်သကဲ့သို့ ထိုတရားရုံးတို့မှ မည်သည့်ဆုံးဖြတ်ချက်မှလည်း မရှိပါ။ ထိုသို့ မရှိ၍ အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ရယူရာတွင် ထိုအချက်များကို ထည့်သွင်းစဉ်းစားစရာမလို ICJ လို တရားရုံးဆုံးဖြတ်ချက်ရှိပါမှ ထည့်သွင်းစဉ်းစားသင့်ဟုယူဆပါက အလွဲကြီးလွဲမည်ဖြစ်သည်။ 

တကယ်တော့ လက်နက်ကိုင်တိုက်ခိုက်ခြင်း သို့မဟုတ် အပစ်ခတ်ရပ်စဲရေး၊ ဆွေးနွေးညှိနိုင်းရေး (လမ်းစဉ်အမှားအမှန် အငြင်းပွါးနိုင်သော်လည်း) ဆိုသည်က နိုင်ငံရေးအရအရ ပြသနာဖြေရှင်းခြင်းဖြစ်သည်။ တာဝန်ရှိသူကို ဥပဒေအရ အရေးယူခြင်းဆိုသည်က နိုင်ငံရေးအရဖြေရှင်းခြင်း၏ အစိတ်အပိုင်းတပိုင်းသာဖြစ်သည်။လက်အောက်ခံပြသနာသာဖြစ်သည်။ 

တစိတ်တပိုင်းပြသနာသာဖြစ်သည့် ဥပဒေရေးကို ရှေ့တန်းတင်ပါက တခုလုံးနှင့်ဆိုင်သည့် နိုင်ငံရေးပြသနာကို မဖြေရှင်းနိုင်ပေ။ ထို့အတူ တိုင်းရင်းသားလက်နက်ကိုင်ပြသနာသည် နိုင်ငံရေးပြသနာဖြစ်ရာ နိုင်ငံရေးရှုဒေါင့်မှ ကြည်မြင်သုံးသပ်ဖြေရှင်းရန်လိုသည်။ ဥပဒေရှုဒေါင့်မှ ကြည့်မြင် ချဉ်းကပ် ဖြေရှင်း၍မရနိုင်ပေ။ 

ဆက်လက်ဖေါ်ပြပါမည် 
မောင်မောင်စိုး

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar