Breaking News

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၁၁ လ ၇ ရက်မြောက်နေ့ မြင်ကွင်း



မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၁၁ လ ၇ ရက်မြောက်နေ့ မြင်ကွင်း

(မိုးမခ) ဇန်နဝါရီ ၈၊ ၂၀၂၁
ဇန်နဝါရီ ၇ ရက် - စစ်မီးကျယ်ပြန့်လာတဲ့ ကယားပြည်နယ်၊ ဆက်သွယ်ရေး အခွန်အကောက်တိုးမြှင့်လိုက်ပြန်


ပြည်နယ်မြို့တော်တွေအနက်က ကယားပြည်နယ်မြို့တော် လွိုင်ကော်မြို့ရဲ့ ရပ်ကွက်အချို့မှာ လက်နက်ကြီးကျည်ကျပြီးတာ တိုက်ပွဲနီးကပ်စွာ ဖြစ်ပွားနေတာကြောင့် လွိုင်ကော်မြို့ရဲ့ ရပ်ကွက်အချို့မှာနေထိုင်သူတွေ မြို့ကနေ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဒီနေ့သတင်းတွေထဲ ဖတ်ရှုနေရပါတယ်။ ပြည်နယ်နဲ့ တိုင်းမြို့တော် ၁၄ ခုရှိတဲ့အနက်မှာပထမဆုံး မြို့ရဲ့ရပ်ကွက်အချို့မှာ လက်နက်ကြီးကျည်ကျတာ တိုက်ပွဲဖြစ်တာတွေ ပထမဆုံးဖြစ်ပွားတဲ့ မြို့လို့ မှတ်တမ်းတင်ရမယ့် အနေအထားဖြစ်နေပါတယ်။

ကယားပြည်နယ်မြို့တော်ကို စစ်ကောင်စီတပ်က ခိုင်ခိုင်မာမာကာကွယ် မထားနိုင်တဲ့အဓိပ္ပါယ်လည်း သက်ရောက်နေပြီး ကယားပြည်နယ်မှာ ရှိတဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ ပီဒီအက်ဖ်တို့ လွိုင်ကော်မြို့ကို ခြိမ်းခြောက်နိုင်တဲ့အနေအထားလည်း ဖြစ်ပါတယ်။ မြို့သိမ်းတိုက်ပွဲတိုက်နိုင်တယ် ဆိုတဲ့အနေအထားတော့ မဟုတ်သေးသော်လည်း ခြိမ်းခြောက်နိုင်တဲ့အနေအထား စစ်ကောင်စီအနေနဲ့ နေရာအများအပြားမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် အင်အားဖြန့်ချထားရတဲ့အခြေအနေကို ထင်ဟပ်တဲ့သဘောလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

တဖက်မှာတော့ ကယားပြည်နယ်ရဲ့ စစ်မျက်နှာ စစ်မြေပြင်ပိုမိုကျယ်ပြန့်လာနေတာရဲ့ အကျိုးဆက် အရပ်သားတွေ ထွက်ပြေးတိမ်းရှောင်ရတဲ့အခြေအနေမှာ လိုအပ်မယ့်အကူအညီတွေ ရိက္ခာ၊ ဆေးဝါး၊ အမိုးအကာစတာတွေ ဘယ်လိုရနိုင်မလဲစတဲ့ လက်တွေ့ပြဿနာတွေလည်း ဖြေရှင်းစရာ အများအပြားပေါ်ထွက်လာနေမှာ ဖြစ်ပါတယ်။

ဒုတိယသတင်းတပုဒ်ကတော့ တိုက်ပွဲသတင်းမဟုတ်ပဲ စီးပွားရေးဆိုင်ရာ ဆက်သွယ်ရေးဆိုင်ရာ အခွန်အကောက်တိုးမြှင့်တဲ့ သတင်းဖြစ်ပါတယ်။ ဒီဇင်ဘာလဆန်းမှာ တယ်လီဖုန်းအင်တာနက် အသုံးပြုခ​တွေ ၂ ဆနီးပါးတိုးမြှင့်ခဲ့ပြီးနောက် တလအကြာမှာ ဆင်းကတ်အသစ်တကတ်မှာ ကျပ် ၂သောင်း တန်ဖိုးအပေါ်ပေါင်းထည့်ကောက်ခံမယ့် အကြောင်းနဲ့ ဆက်သွယ်ရေး ကုန်သွယ်မှုခွန်ကောက်ဖို့နဲ့ အင်တာနက် ဝန်ဆောင်မှုပေါ် ကုန်သွယ်ခွန် ၁၅ ရာနှုန်း သတ်မှတ်ကောက်ခံမယ့် အကြောင်းကို ဘတ်ဂျက် ဥပဒေမှာပြင်ဆင်ချက်အနေနဲ့ ပြဌါန်းလိုက်ပါတယ်။

ဒီဇင်ဘာလ နဲ့ အခုဇန်နဝါရီလအခွန်တိုးမြှင့်တာတွေရဲ့ ရည်ရွယ်ချက်ကို သုံးသပ်ကြည့်ရင် အခွန်အကောက် တိုးပြီးကောက်လိုတာ နဲ့ ဝင်ငွေနည်းတဲ့ လူများစုကို မိုဘိုင်းအင်တာနက်အသုံးပြုတာ လျော့ကျအောင်လုပ်တဲ့ ရည်ရွယ်ချက်ဆိုတာ တွေ့ရပါတယ်။ စစ်ကောင်စီအနေနဲ့ လျော့နည်းလာနေတဲ့ ဘတ်ဂျက်ကို ဖြည့်ဆည်းဖို့ လုပ်ဆောင်မှုတွေအနက်က တချက်ဖြစ်သလို တဖက်မှာလည်း စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေးလှုပ်ရှားမှုတွေဟာ အင်တာနက်ပေါ် ဆိုရှယ်မီဒီယာပေါ်ကနေ ဆက်သွယ်လှုံ့ဆော်ကြတာကြောင့် အရှိန်မြင့်လာတယ်ဆိုတဲ့ ယူဆချက် အပေါ်အခြေခံပြီး အင်တာနက်ကို ဝင်ငွေနည်းသူတွေ လက်လှမ်းမမှီအောင်ရည်ရွယ် လုပ်ဆောင်တာလို့ ကောက်ချက်ချရမှာ ဖြစ်ပါတယ်။

အင်တာနက်ကို ကုန်ကျစရိတ်မြှင့်တင်လိုက်တာရဲ့ အကျိုးဆက်ဟာ စီးပွားရေးကုန်ပစ္စည်း ဝန်ဆောင်မှု ဖလှယ်မှုတွေကို ထိခိုက်စေမှာ ဖြစ်သလို ပညာရေးလေ့လာသင်ယူမှုကိုလည်း ထိခိုက်စေမှာ ဖြစ်ပါတယ်။ လွတ်လပ်တဲ့နိုင်ငံတွေ ဒီမိုကရေစီနိုင်ငံတွေမှာ အင်တာနက်ကို အိမ်ထောင်စုတိုင်းသုံးနိုင်အောင် အစိုးရက လုပ်ဆောင်ပေးနေကြချိန်မှာ မြန်မာနိုင်ငံမှာတော့ ဝင်ငွေနည်းသူတွေ လက်လှမ်းမမှီအောင် လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

စီးကရက်၊ အရက်၊ ဇိမ်ခံပစ္စည်းလို ကုန်ပစ္စည်းမျိုး ဝန်ဆောင်မှုမျိုးမှာ အခွန်တိုးကောက်တာကို နားလည်နိုင်ပေမယ့် ဖွံ့ဖြိုးရေး၊ ပညာရေး၊ ဆက်သွယ်ရေးလိုမျိုးမှာ အခွန်တိုးကောက်တာဟာ တိုးတက်မှာ အသိဥာဏ်ဖလှယ်မှာကို မလိုလားတဲ့သဘောလည်း ဖြစ်ပါတယ်။

ဒီနေ့အဖို့ အခြားသတင်းတွေထဲမှာတော့ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်နေပြည်တော်ကို ရောက်ရှိလာပြီး ရောက်တဲ့နေ့မှာပဲ စစ်ကောင်စီခေါင်းဆောင်နဲ့တွေ့ဆုံခဲ့ပါတယ်။ သတင်းထုတ်ပြန်ရာမှာတော့ အာဆီယံမူငါးချက်ကို အကောင်အထည်ဖေါ်နေတာဆိုပြီး ဖေါ်ပြထားပါတယ်။ ဒီလိုရည်ညွှန်းရာမှာ စစ်ကောင်စီဘက်က တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ အပစ်အခတ်ရပ်စဲကြောင်း ကြေညာချက်ကို ညွှန်းထားတာတွေ့ရပါတယ်။ အမှန်တကယ်တော့ ဒီလို အပစ်အခတ်ရပ်စဲကြောင်း ကြေညာထုတ်ပြန်ချက်တွေဟာ မြေပြင်အဖြစ်အပျက်တွေနဲ့ ဆန့်ကျင်နေတာ နိုင်ငံရေးအင်အားစုတွေ အားလုံးသိရှိကြပြီးဖြစ်ပါတယ်။ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေထဲက ကေအိုင်အေ၊ ကေအန်ယူ၊ ကေအန်ပီပီတို့နဲ့ တိုက်ပွဲတွေ ဖြစ်ပွားနေချိန်မှာ အပစ်အခတ်ရပ်စဲရေး ကြေညာချက်ဆိုတာ ရှေ့နောက်မညီတဲ့ ပြောဆိုမှုအဖြစ်သာ သတ်မှတ်ကြပါလိမ့်မယ်။

ဟွန်ဆန်ရဲ့ ခရီးစဥ်ဟာ အာဆီယံအလှည့်ကျ ဥက္ကဌဆိုတာထက်ပိုလွန်ပြီး ကမ္ဘောဒီးယားနိုင်ငံက အာဏာသိမ်းမြန်မာစစ်ကောင်စီကို အသိအမှတ်ပြုတဲ့ သဘောဆက်ဆံရေး ခရီးစဥ်လည်း ဖြစ်တာတွေ့ရမှာပါ။ ဝန်ကြီး ၅ ဦးလောက်ခေါ်လာတဲ့ ခရီးစဥ်က အသိအမှတ်ပြု ဆက်ဆံရေးလုပ်မယ့်သဘောလည်း ဖြစ်ပါတယ်။ ဒီခရီးစဥ်က ထူးခြားတဲ့ရလဒ်ထွက်မယ့် အရိပ်အယောင်တော့ အခုထိမတွေ့ရသေးပဲ ဝေဖန်မှုတွေသာအများအပြား ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

ဒီနေ့အဖို့ တိုက်ပွဲတွေ ဖြစ်နေလို့ စစ်ကောင်စီက လေယာဥ်နဲ့ ရဟတ်ယာဥ်နဲ့ တိုက်ခိုက်လို့ ထွက်ပြေးတိမ်းရှောင်နေကြရတဲ့ရာဒေသတွေကတော့ ကယားပြည်နယ် လွိုင်ကော်အပြင် စစ်ကိုင်းတိုင်းယင်းမာပင်မြို့နယ်၊ အင်းတော်မြို့နယ်က ကျေးရွာအချို့တို့ ဖြစ်ပါတယ်။

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar