Breaking News

ဇင်လင်း - ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနှင့် တိုင်းရင်းသားများ မျှော်မှန်းသော ဖက်ဒရယ် ပြည်ထောင်စု



ဇင်လင်း - ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနှင့် တိုင်းရင်းသားများ မျှော်မှန်းသော ဖက်ဒရယ် ပြည်ထောင်စု

(မိုးမခ) ဖေဖော်ဝါရီ ၁၃၊ ၂၀၂၀

မြန်မာနိုင်ငံသည် ယခုထက်တိုင် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေ အကျပ်အတည်းမှ မလွတ်မြောက်သေးဘဲ ရှိနေသည်။ အဘယ်ကြောင့်ဆိုသော် ‘ပင်လုံစာချုပ်’ (၇၃)နှစ်မြောက် ပြီဖြစ်သည့် ယနေ့အချိန်ကာလအထိ လက်နက်ကိုင် ပဋိပက္ခများ က မချုပ်ငြိမ်းနိုင်ဘဲ ရှိနေသည်။ ‘၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ’ ပြင်ဆင်ရေးကိစ္စမှာလည်း သောင်မတင်ရေမကျ ဖြစ်နေ ဆဲ ရှိသည်။ အမှန်စင်စစ် တိုင်းရင်းသားပေါင်းစုံအပါအဝင် ပြည်သူ လူထု အများစုက၊ လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို လုံးဝလက်မခံနိုင်တော့ကြောင်း ထုတ်ဖေါ်ပြောဆိုမှုများ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်လာနေသည်။ အမှန်အား ဖြင့် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပေဒဆိုသည်မှာ အစိုးရနှင့် ပြည်သူအကြား ချုပ်ဆိုထားသော ‘Social Contract’ ဖြစ်သည်။ တနည်းအားဖြင့် အစိုးရနှင့် ပြည်သူလူထုအကြား အပြန်အလှန် မည်သို့ မည်ပုံ ပြုမူဆက်ဆံကြမည် ဆိုသည်ကို ညှိနှိုင်း ကာ သဘောတူ ချုပ်ဆိုထားသည့် လူမှုဆက်ဆံရေးစာချုပ်ဟု ယေဘုယျအားဖြင့် ဆိုနိုင်သည်။

လက်ရှိ မြန်မာနိုင်ငံရေးပြဿနာကို ဖြေရှင်းရန် ကြိုးစားနေကြရာတွင် အဓိကအမှားမှာ လက်နက်ကိုင်တိုက်ပွဲဖြင့် အဖြေရှာ ရန် လုပ်ဆောင်မှုဖြစ်သည်။ စင်စစ်တွင် နိုင်ငံရေးပဋိပက္ခများ၏ အခြေခံဇာစ်မြစ်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေ ဒီမိုကရေစီနည်း မကျ၍ ဖြစ်သည်။ ပင်လုံသဘောတူညီချက်နှင့် ၁၉၄၇ ဖွဲ့စည်းပုံအခြေခံဥပဒေတို့မှ စတင်ခဲ့သော သမိုင်းရေးဆိုင်ရာ ပြဿ နာဖြစ်သည်။ ပင်လုံသဘောတူညီချက်ကို အခြေခံလျက် တိုင်းပြည်ပြု လွှတ်တော်တွင် ဗိုလ်ချုပ်အောင်ဆန်း တင်သွင်းခဲ့ သည့် လမ်းညွှန်အဆို (၇) ချက်ကို ပြန်ကြည့်လျှင် - အဆို (၁) နိုင်ငံတော်ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေသည် မြန်မာ ပြည်ထောင်စုဟု ခေါ်တွင်စေသော၊ လွတ်လပ်သည့် အချုပ်အခြာအာဏာပိုင် သမ္မတနိုင်ငံ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေ ဖြစ်စေရမည်။ အဆို (၂) ပြည်ထောင်စုမြန်မာနိုင်ငံတော် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေက သတ်မှတ်ဖော်ပြသည့် တသီး ပုဂ္ဂလ ပြည်နယ်များသည် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပေဒတွင် သတ်မှတ်ဖော်ပြထားသည်နှင့်အမျှ ကိုယ်ပိုင် အုပ်ချုပ်ရေး အာဏာ ရှိစေရမည်။ စသည်ဖြင့် ဖေါ်ပြထားသည်။

လိုရင်းကို ဆိုရလျှင် တိုင်းရင်းသားများ လိုလားသည်မှာ တစ်ပြည်ထောင် နိုင်ငံစနစ် (Unitary State) ပုံစံမဟုတ်ဘဲ၊ ပြည်ထောင်စုနိုင်ငံ (Federal State) ပုံစံ ဖြစ်သည်။ တစ်ပြည်ထောင်နိုင်ငံစနစ်တွင် အဓိကလက္ခဏာ ၂ ရပ်ရှိသည်။ ဗဟိုအစိုးရတစ်ဖွဲ့တည်းကသာ အချုပ်အခြာအာဏာ ပိုင်ခြင်း၊ အခြား အချုပ်အခြာအာဏာပိုင်အဖွဲ့အစည်း နိုင်ငံအတွင်း၌ မရှိခြင်းတို့ ဖြစ်သည်။ တစ်ပြည်ထောင် နိုင်ငံစနစ်တွင် ဥပဒေပြုအာဏာ၊ အုပ်ချုပ်ရေးအာဏာနှင့် တရားစီရင်ရေးအာဏာ ဆိုသည့် အာဏာသုံးရပ်ကို ဗဟိုအစိုးရတစ်ဖွဲ့တည်းက ကျင့်သုံးသည်။ ဗဟိုအစိုးရအဖွဲ့လက်အောက်၌ ဒေသဆိုင်ရာ အစိုးရအဆင့်ဆင့် ရှိသော်လည်း၊ ၎ဒေသန္တရအစိုးရများသည် အချုပ်အခြာအာဏာပိုင် အဖွဲ့အစည်းများ မဟုတ်ကြပေ။ သို့ဖြင့် တစ်ပြည်ထောင် နိုင်ငံစနစ်တွင် ဗဟိုအစိုးရသည် အမြင့်ဆုံး အာဏာပိုင်အဖွဲ့အစည်းဖြစ်သည်။ တစ်ခုတည်းသော အချုပ်အခြာအာဏာပိုင်အဖွဲ့လည်း ဖြစ်သည်။

မြန်မာနိုင်ငံသည် လွတ်လပ်ရေးရပြီးသည်မှ စ၍ ပြည်ထောင်စု အမည်ခံခဲ့သော်လည်း ဗိုလ်ချုပ်အောင်ဆန်း တင်သွင်းခဲ့ သော လမ်းညွှန်အဆိုနှင့် ကွဲလွဲကာ တစ်ပြည်ထောင် နိုင်ငံစနစ် (Unitary State) ပုံစံ ဖြစ်နေခဲ့သည်။ ထို့ကြောင့်ပင် ပြည်ထောင်စုနိုင်ငံ (Federal State) ပုံစံကို လိုလားသော တိုင်းရင်းသားများနှင့် ထိပ်တိုက်တိုးကာ ပြည်တွင်းစစ် သံသရာ ရှည်နေခဲ့ရခြင်း ဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်းသည် သူ၏ လမ်းညွှန်အဆိုကို တင်သွင်းခဲ့စဉ်က မိနစ် ၉၀ ကြာ မိန့်ခွန်း တစ်ရပ်ပြောကြားခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်းက လွှတ်တော်သို့ ရှင်းပြရာတွင် ဖဆပလ ပဏာမညီလာခံ ကျင်းပစဉ်က ဆုံးဖြတ်ခဲ့သော အဆိုကို ပြန်လည်ပြင်ဆင်ထားကြောင်း၊ အဘယ်ကြောင့်ဆိုသော် ပြည်ထောင်စုကြီးတွင် တောင်တန်း ဒေသအားလုံးပါဝင်ရမည့်သဘော သက်ရောက်နေသည်ဟု သံသယရှိနေကြောင်း ကြားသိရ၍ ဖြစ်ကြောင်း၊ ယခု လမ်းညွှန်အဆိုအမိန့်တွင်မူ ထိုသို့ မဟုတ်ကြောင်း၊ တောင်တန်းဒေသကိုယ်စားလှယ်များအေနနှင့် ပြည်ထောင်စုတွင် ပါဝင်လို/မလို မိမိတို့ဘာသာ ဆုံးဖြတ်ခွင့်ရှိကြောင်း ပြောဆိုခဲ့သည်။ အလားတူပင် ပြည်ထောင်စုအဖွဲ့ဝင်ပြည်နယ်များနှင့် လူနည်းစုများ၏ အခွင့်အရေးနှင့် အာဏာများကိုလည်း လမ်းညွှန်အဆိုတွင် ထည့်သွင်းမထားကြောင်း၊ ယင်းအချက်တို့ကို ကိုယ်စားလှယ်အမတ်များက ၎တို့ကိုယ်တိုင် သတ်မှတ်ဖေါ်ပြရန်လည်း ဗိုလ်ချုပ်အောင်ဆန်းက တင်ပြခဲ့သည်။

ဆက်လက်၍ ဗိုလ်ချုပ်အောင်ဆန်းက - “သည် တိုင်းပြည်ပြု လွှတ်တော် မဖွဲ့စည်းမှီအခါမှာ၊ တိုင်းပြည်ပြု လွှတ်တော် ဖွဲစည်းရန်အလို့ငှာ၊ ကျွန်တော်တို့ သဘောတူညီချက်တွေ စာချုပ်အမျိုးမျိုး ချုပ်တဲ့အခါတုံးက၊ တောင်တန်းဒေသက ကိုယ်စားလှယ်များနှင့် ကျွန်တော်တို့ ချုပ်ဆိုခဲ့တဲ့ စာချုပ်အရ ဆိုလို့ရှိလျှင်ဖြစ်စေ၊ နောက်ပြီးတော့ တောင်တန်းဒေသ ဆိုင်ရာ စုံစမ်းရေးအဖွဲ့အစီရင်ခံစာမှ ထောက်ခံချက်များကို ကျွန်တော်တို့လက်ခံလာခဲ့သည့်အတိုင်းဖြစ်စေ၊ အဲသည်လို လက်ခံထားခဲ့သည့် စာသဘောတွင်မကဘဲ၊ Not only the Letter of Agreement သည်စာသဘောကို ကျွန်တော်တို့ သဘောတူ လက်ခံလာခဲ့တာတွင် မကဘဲ၊ ကျွန်တော်တို့အဘို့မှာ ဆိုလို့ရှိလျှင် The Spirit of Agreement သဘောတူ ညီလာခဲ့တဲ့ တကယ့်အရင်းခံ သဘောတရားကို လက်ခံပြီးတော့၊ သည်အတိုင်းပဲ တိုင်းပြည်ပြုလွှတ်တော်မှာ လုပ်မှာပါပဲ ဆိုတာ တောင်တန်းနယ်ဆိုင်ရာ ကိုယ်စားလှယ်များ တည့်တည့်လင်းလင်း နားလည်စေချင်ပါတယ်။” ဟူ၍ တင်ပြခဲ့သည်။

ဗိုလ်ချုပ်အောင်ဆန်းက ဆက်လက်တင်ပြရာတွင် ကမ္ဘာတစ်ဝန်းလုံးရှိ မည်သည့် ဖွဲ့စည်းပုံဥပဒေတွင်မှ ပြည့်ပြည့်စုံစုံ ရှိ သော ဥပဒေဟူ၍ မရှိကြောင်း၊ ဥပဒေကဲ့သို့သော စိတ်ဓါတ် (Spirit of the Constitution) ဖြင့် နောက်ပိုင်း ယင်းဥပဒေ အပေါ်တွင် တစ်ဦးနှင့် တစ်ဦး နားလည်ပြီး ယုံယုံကြည်ကြည်လုပ်သော လုပ်ငန်းများ (extra-constitutional understanding and convention) နှင့် တုံးတမ်းစဉ်လာများကို ထိန်းသိမ်းသွားမည်ဖြစ်ကြောင်း ကတိပေးသည်။ ဗိုလ်ချုပ်အောင်ဆန်းက လွန်ခဲ့သည့် လေးငါးလခန့်က တောင်တန်းနယ်သားများ၏ အခြေအနေ မရေမရာဖြစ်နေသည့် ဘဝမှ တိုင်းပြည်ပြုလွှတ်တော်တွင် ပါဝင်နိုင်အောင် ဗမာခေါင်းဆောင်တို့က ကြိုးပမ်းခဲ့ခြင်းဖြစ်ကြောင်း၊ အမှောင်တွင်းမှ အလင်းရောင်သို့ ရောက်အောင် ဆောင်ရွက်ပေးခဲ့ကြောင်း၊ သို့ရာတွင် အလင်းရောင်မှ အမှောင်တွင်းသို့ ပြန်သွားလို လျှင် လွတ်လပ်စွာ လုပ်ဆောင်ခွင့်ရှိကြောင်း တင်ပြခဲ့သည်။

ဗိုလ်ချုပ်အောင်ဆန်း၏ လမ်းညွှန်အဆိုကို ရှမ်းအမတ် စဝ်ရွှေသိုက်နှင့် ဦးထွန်းမြင့်၊ ကချင်အမတ် ဆမားဒူးဝါးဆင်ဝါးနောင် နှင့် ဒူဝါဇော်လွန်း၊ ချင်းအမတ် ဦးဝမ်ကိုဟော၊ သံလွင်ခရိုင် ကရင်အမတ် စောဝီရိကျော်၊ ကရင်တိုင်းရင်းသားအမတ် မန်းဘခိုင်နှင့် စောစံဖိုးသင် အပါအဝင် တိုင်းပြည်ပြု လွှတ်တော်အမတ် ၂၄ ဦးတို့က ဆွေးနွေးထောက်ခံခဲ့ကြသည်ဟု ဆိုသည်။ ဤသို့ဖြင့် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပေဒ၏ သဘောတရားများအဖြစ် ဗိုလ်ချုပ်အောင်ဆန်း တင်သွင်းခဲ့သော လမ်းညွှန် အဆို (၇) ချက်ကို အခြေခံ၍ ဖဆပလ အခြေခံဥပဒေမူကြမ်းကို မှီငြမ်းပြုကာ တောင်တန်းဒေသနှင့် လူနည်းစု ကိုယ်စား လှယ်များ ပါဝင်သော အခြေခံဥပဒေ ရေးဆွဲရေးကော်မတီသည် မြန်မာနိုင်ငံ၏ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ကို တရားဝင်ရေးဆွဲနိုင်သည့် အဆင့်သို့ရောက်ရှိခဲ့ကြောင်း “တိုင်းရင်းသားလူမျိုးများအရေးနှင့် ၁၉၄၇ အခြေခံဥပဒေ -ဒုတိယတွဲ” တွင်ဖေါ်ပြထားသည်။ ယင်းစာအုပ်ကို မြန်မာ့သမိုင်းဖြစ်ရပ်အမှန်များြပုစုရေးအဖွဲ့ကစိစစ်၍ ဦးကျော်ဝင်း၊ ဦးမြဟန်၊ ဦးသိန်းလှိုင်တို့ပြုစုခဲ့ပြီး၊ တက္ကသိုလ်များပုံနှိပ်တိုက်က ၁၉၉၀ မေလ၌ ထုတ်ဝေခဲ့သည်။

“ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများ ကျဆုံးပြီးနောက် ဗိုလ်ချုပ်၏ လမ်းညွှန် (၇) ချက်ကို ယုံကြည် လေးစားခြင်း၊လွတ်လပ်ရေးအမြန်ရလိုြခင်းတို့ကြောင့် တိုင်းရင်းသားခေါင်းဆောင်များသည် အခြေခံဥပဒေကို အလေး အနက် ဆွေးနွေးခြင်း မပြုကြတော့ဘဲ ရိုးရိုးသားသား လွယ်လွယ်ကူကူ လက်ခံအတည်ပြုခဲ့ကြောင်း” ပြည်ေထာင်စု မြန်မာနိုင်ငံတော်၏ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ပြည်ထောင်စုစစ်စစ် (Federal) မူအရဖြင့် ပြင်ဆင်ရေးအတွက် ရေးဆွဲတင်ပြသော “ပြည်နယ်များ ညီညွတ်ရေး အဖွဲ့ချုပ်မှ စာတမ်း” (ဒို့တာဝန် ပုံနှိပ်တိုက်၊ ရန်ကုန်၊ ပုံနှိပ်နှစ်မပါ) တွင် ဖော်ပြခဲ့သည်။

ထိုစာတမ်းတွင် ၁၉၄၇ အခြေခံဥပဒေ၏ အားနည်းချက်များကို ဝေဖန်ပြရာ၌ “ပြည်နယ်ခေါင်းဆောင်များသည် တည်ဆဲ ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံဥပဒေအရ မိမိတို့ပြည်နယ်တွင်းရှိ လူမျိုးပေါင်းစုံတို့၏ စီးပွားရေး၊ နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ လူမှုရေး စသောကိစ္စများကို စိတ်ဆန္ဒရှိသလောက် ဆောင်ရွက်ရာတွင် ပြည်ထောင်စု ဗဟိုအာဏာကို သိမ်းပိုက်ထားသော ပြည်မ၏ ချုပ်ချယ်မှုကြောင့် မဆောင်ရွက်နိုင်ခဲ့ကြပေ။ ပြည်နယ်သူ ပြည်နယ်သားများသည် ပြည်မ၏ စီးပွားရေး၊ နိုင်ငံရေး၊ အုပ်ချုပ်ရေးများ၏ ဖိနှိပ်မှု အောက်တွင်အလူးအလှိမ့်ခံနေရလေသည်” ဟု လည်းကောင်း၊ “ထိုသို့တွေ့ကြုံရသော အခက် အခဲများကို ပြန်လည် သုံးသပ်ကြည့် သောအခါအဓိက ချို့ယွင်းချက်သည် တည်ရှိဆဲ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပေဒတွင် ပါရှိသော ဗမာပြည်မအစိုးရနှင့် ပြည်ထောင်စု ဗဟိုအစိုးရတို့အား ခွဲမထားဘဲ အတူပူးပေါင်းထားခြင်းကြောင့် အစိုးရတဖွဲ့ တည်း အုပ်ချုပ်သော စနစ်ဖြစ်ကြောင်း တွေ့ရှိခဲ့သည်” ဟု လည်းကောင်း၊ “ထို့ကြောင့် ဗိုလ်ချုပ်အောင်ဆန်း၏ ပြည်ထောင်စုစစ်စစ် တည်ထောင်လိုချက်များ၊ လမ်းညွှန်ချက်များသည် ဗိုလ်ချုပ် အောင်ဆန်းနှင့်အတူ ဝိညာဉ်ချုပ်သွား သည်မှာ ၀မ်းနည်းကြေကွဲစရာပင်ဖြစ်တော့သည်” ဟု လည်းကောင်း၊ “တည်ရှိဆဲ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပေဒသည် ပြည်နယ်များ၏ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို ငြင်းပယ်သည်။ တန်းတူရေးမူကိုလည်း မပေးစွမ်းနိုင်။ ပြည်ထောင်စု အာဏာ ဟူသရွေ့ကို ပြည်ထောင်စု ဗဟိုအစိုးရအမည်နှင့် ဗမာပြည်မက လက်ဝါးကြီးအုပ် သိမ်းကျုံးယူပြီး ပြည်နယ်များကို မိမိ လက်အောက်ခံပြည်နယ်များ (Vassal States)အဖြစ် သွတ်သွင်းခဲ့သည်” ဟု လည်းကောင်း စာတမ်းတွင် ဝေဖန်သုံးသပ် ဖော်ပြထားသည်။

ထို့ကြောင့် ၁၉၄၇ ဖွဲ့စည်းပုံ၊ ၁၉၇၄ ဖွဲ့စည်းပုံနှင့် လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံများ၏ အခြေခံ အားနည်းချက်မှာ တိုင်းရင်းသား များ လိုလားသည့် ပြည်ထောင်စုနိုင်ငံ (Federal State) အမျိုးအစား မဟုတ်ခြင်းဖြစ်သည်ကို တွေ့ရသည်။ အုပ်ချုပ်ပုံ နည်းစနစ်အရ အာဏာသုံးရပ်လုံးကို ဗဟိုအစိုးရက ချုပ်ကိုင်ထားသဖြင့် တစ်ပြည်ထောင် နိုင်ငံစနစ် (Unitary State) ဖြစ်နေသည်။ ယင်းအခြေအနေကြောင့် တိုင်းရင်းသားများက နိုင်ငံရေးတန်းတူအခွင့်အရေး Self-Determination ကို တောင်းဆိုနေကြခြင်းဖြစ်သည်။ ယခု ၂၀၀၈ ဖွဲ့စည်းပုံကို ပြန်ပြင်ဆင်ရေး ခက်ခဲစေရန် နည်းပရိယာယ်အမျိုးမျိုးဖြင့် ကန့်သတ်ထားပုံကို ကြည့်လျှင် ဗိုလ်ချုပ်အောင်ဆန်း၏ စေတနာနှင့် နအဖအဖွဲ့၏ စေတနာတို့ ကွာခြားပုံကို ထင်ထင် ရှားရှား မြင်တွေ့နိုင်ပေသည်။

ဗိုလ်ချုပ်အောင်ဆန်း ၁၉၄၇ တိုင်းပြည်ပြု လွှတ်တော်သို့ တင်သွင်းခဲ့သည့် လမ်းညွှန်အဆို(၇) ချက်ကို အစိုးရအဆက် ဆက်က လျစ်လျူရှုခဲ့ခြင်း၏ အကျိုးဆက်မှာ ယနေ့ထက်တိုင် ပြည်တွင်းစစ် ဆက်လက်ဖြစ်ပွားနေရခြင်း ဖြစ်သည်။ ယင်းပြည်တွင်းစစ်ကို အဆုံးသတ်နိုင်ရန်အလို့ငှာ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲေရးစာချုပ် (NCA) ကို ဦးသိန်းစိန်အစိုးရ နှင့် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့ ရှစ်ဖွဲ့ ၂၀၁၅ အောက်တိုဘာ ၁၅ ရက်၌ သဘောတူ လက်မှတ်ရေးခဲ့ ကြသည်။ NLD အစိုးရ လက်ထက် ၂၀၁၈ ဖေဖေါ်ဝါရီ ၁၃ ရက်တွင် မွန်ပြည်သစ်ပါတီ(NMSP) နှင့် လားဟူ ဒီမိုကရက်တစ် အစည်းအရုံး(LDU)တို့ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် (NCA) ၌ ပါဝင်လက်မှတ်ရေးထိုးခဲ့ကြသဖြင့် တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့ဖြစ်လာသည်။ သို့သော် လက်နက်ကိုင်အင်အားတောင့်တင်းသော ၀တပ်ဖွဲ့(UWSA) နှင့် ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA) တို့အပါအဝင် မြောက်ပိုင်းတိုင်းရင်းသားမဟာမိတ် ၇ ဖွဲ့သည် ယခုအထိ NCA တွင် ပါဝင်လက်မှတ်ရေးထိုးခြင်း မရှိသေးပေ။

လက်ရှိတွင် NCA စာချုပ်ပါ သဘောတူညီချက်များအတိုင်း အပစ်အခတ်ရပ်စဲရေးနှင့် နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုများ ပြု လုပ်ခဲ့သည်မှာ လေးနှစ်ကျော်ခဲ့ပြီဖြစ်သော်လည်း တိုင်းရင်းသားများနှင့် နိုင်ငံသားများ အမှန်တကယ် ရည်မှန်းထားသည့် အတိုင်း အကောင်အထည် မဖော်ဆောင်နိုင်သေးဟု ကရင်အမျိုးသားအစည်းအရုံး (KNU) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူး စေးဖိုးက ပြောသည်။ ဇန္နဝါရီ ၃၁ ရက်တွင် ကျရောက်သည့် (၇၁) ကြိမ်မြောက် ကရင့်အမျိုးသားတော်လှန်ရေး နေ့သို့ ပေးပို့သော KNU ဥက္ကဋ္ဌ၏ သဝဏ်လွှာတွင် ထိုသို့ ပြောကြားခြင်းဖြစ်ကြောင်း 7Day News က ဖေါ်ပြသည်။

လက်ရှိ အခြေ အနေသည် ခုခံတော်လှန်ရေးကာလအတွင်း၌သာ ရှိနေဆဲဖြစ်ကြောင်း၊ ထို့ပြင် ကရင်အမျိုးသားများ၏ နိုင်ငံရေး မျှော်မှန်း ချက်နှင့် KNU ၏ နိုင်ငံရေး ဦးတည်ချက်များကို ပြည့်စုံစေရန် အားဖြည့်ဆောင်ရွက်မှုများ၊ ပြင်ဆင် ဆောင်ရွက်မှုများ နှင့် ရှေ့ဆက်ကြိုးပမ်းအားထုတ်မှုများ ဆောင်ရွက်ရမည်ဟု KNU ဥက္ကဋ္ဌ က ဆိုသည်။

တစ်ချိန်တည်းမှာပင် ၂၁ ရာစုပင်လုံညီလာခံ က ဆုံးဖြတ်ထားသည့် သဘောတူညီချက်များကို အခြေခံ၍ ဖွဲ့စည်းပုံ အခြေခံဥပဒေ အပါအဝင် ဥပဒေများကို လိုအပ်သလို ပြင်ဆင် ဖြည့်စွက်၊ ပယ်ဖျက်ခြင်းကို လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်ရန် NCA စာချုပ်တွင် နှစ်ဖက်သဘောတူ ကတိကဝတ် ပြုထားပြီးဖြစ်ကြောင်း အစိုးရ ငြိမ်းချမ်းရေး ဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးက ပြောကြားခဲ့သည်ဟု 7Day News ၌ ဖေါ်ပြသည်။ အစိုးရ၊ တပ်မတော်ကိုယ် စားလှယ်များနှင့် NCA လက်မှတ်ထိုး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့ကိုယ်စားလှယ်များ ဖေဖော်ဝါရီ ၂ ရက်တွင် ရန်ကုန်မြို့၌ တွေ့ဆုံစဉ် ဦးထွန်းထွန်းဦးက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။ နိုင်ငံရေးပိုင်းနှင့် တပ်ပိုင်းဆိုင်ရာ ကိစ္စများ ဟန်ချက်ညီညီ အကောင်အထည်ဖော်နိုင်မည့် အဆင့်လိုက် လုပ်ငန်းစဉ်များကို ကျေကျေလည်လည် ညှိနှိုင်းသွားကြရန် လိုကြောင်း NRPC ဒု-ဥက္ကဋ္ဌလည်း ဖြစ်သူ ဦးထွန်းထွန်းဦးက ပြောကြားသည်။

အနှစ်ချုပ် သုံးသပ်ရလျှင် မြန်မာနိုင်ငံသည် တိုင်းရင်းသားလူမျိုးပေါင်းစုံနှင့် ဖွဲ့စည်းထားသော ပြည်ထောင်စုဖြစ်သော်လည်း ပြည်ထောင်စု၏ လက္ခဏာဖြစ်သည့် ဖက်ဒရယ်စနစ် (Fereralism) ကို ယခုတိုင် ကျင့်သုံးနိုင်ခြင်း မရှိသေးပေ။ ပြည်တွင်း စစ်မီး မငြိမ်းနိုင်သဖြင့် သံသယစိတ်များလွှမ်းမိုးနေသောကြောင့် အမျိုးသားပြန်လည်သင့်မြတ်ရေးရရှိရန်ပင် ခက်ခဲနေဆဲ ဖြစ်သည်။ ထို့ကြောင့် NCA စာချုပ်တွင် ပါဝင် လက်မှတ်ရေးထိုးခြင်းသည် ငြိမ်းချမ်းရေးဖြစ်စဉ်အတွက် လိုအပ်သည့် အဆင့်တစ်ခု အဖြစ် EAOs အဖွဲ့များအနေဖြင့် ဆုံးဖြတ်ဆောင်ရွက်ကြရန် သင့်သည်။ အဖွဲ့အစည်းအသီးသီး၏ လိုအင် ဆန္ဒများကို ဒီမိုကရေစီမူဘောင်အတွင်း ဆွေးနွေးညှိနှိုင်းခြင်းဖြင့် ငြိမ်းချမ်းစွာ အဖြေရှာနိုင်ရန် NCA လမ်းကြောင်းကို အသုံးပြုသင့်သည်ဟု ဝေဖန်ထောက်ပြမှုများရှိသည်။ ဤ အဆင့်ကို လက်ခံဖေါ်ဆောင်ခြင်းအားဖြင့် စစ်ဘေးစစ်ဒဏ် ခံနေရသော တိုင်းသူပြည်သားများ ဆင်းရဲဒုက္ခသက်သာရာရမည်မှာ လက်ငင်းအကျိုးဖြစ်နိုင်သည်။ ရေရှည်တွင် NCA လမ်းကြောင်းကို အသုံးပြု၍ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဆင်ရေးကို အထောက်အကူပြုနိုင်မည့်အပြင်၊ တိုင်းရင်းသား အားလုံး မျှော်မှန်းသော ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု ထူထောင်ရေးဆီသို့လည်း ဆက်လက်လျှောက်လှမ်းနိုင်မည်ဟု သုံးသပ်မိပါသည်။။။

၂၀၂၀ ဖေဖေါ်ဝါရီ ၁၀ ရက် ဒီလှိုင်းစာစောင်၌ ဖေါ်ပြသည့် ဆောင်းပါး။