Breaking News

ငြိမ်း (ပဲခူး) - လတ်ဆတ်နေဆဲ အလွမ်းများ


လတ်ဆတ်နေဆဲ အလွမ်းများ
ငြိမ်း (ပဲခူး)
(မိုးမခ) နိုဝင်ဘာ ၃၊ ၂၀၁၉

အဖြူ အစိမ်းဝတ်စုံလေးတွေဝတ်ပြီး ကျောင်းသွား နေကြတဲ့ ကျောင်းသားကျောင်းသူလေးတွေကို မြင်တော့ ကျွန်တော့်ရဲ့ ကျောင်းသားဘဝလေးကို သတိရမိတယ်။ ကျွန်တော့်ရဲ့ ကျောင်းသားဘဝ လေးက ကျွန်တော်တို့မိသားစုနေတဲ့ လမ်းကလေးရဲ့ထိပ်မှာရှိတဲ့ ဘောလုံးကွင်းကျောင်းလေးမှာ စတင်ခဲ့ပါတယ်။ ကျောင်းလေးက မူလတန်းအထိပဲ တက်လို့ရတယ်။ ကျောင်းအဆောက်အအုံ နှစ်ခုပဲရှိတယ်။ ဓနိမိုး ထရံကာကျောင်းလေးပါ။ အခန်းရယ်လို့ သီးသီးသန့်သန့် မရှိဘူး။ အတန်း တစ်တန်းနဲ့တစ်တန်းကို အထပ်သားပြားနဲ့ပြုလုပ်ထားတဲ့ ဘုတ်ပြားကြီးတွေထောင်ပြီး တစ်ကန့်စီ ကန့်ထား တာ။ စုစုပေါင်း ငါးကန့်ရှိတယ်။ အဲဒါကြောင့် စာသင်တဲ့အချိန်ဆို ကျောင်းသား ကျောင်း သူလေးတွေရဲ့ စာအံသံတွေဟာ ရောထွေးလို့နေလေရဲ့။

အဲဒီအချိန်တုန်းက ဗွီဒီယိုရုံတွေမှာ မြန်မာဗွီဒီယိုဇာတ်ကားတွေပြပြီဆိုရင် အရင်ဆုံးမြင်တွေ့ရတာက တော့ ''ဒို့ တာဝန် အရေးသုံးပါး'' ဆိုတဲ့ စာတန်းကြီးပါ။ မြင်ရတာများလာလို့ ကြာလာတော့ အလွတ် တောင်ရလာတယ်။
စာသင်ကျောင်းလေးရဲ့ ဘေးပတ်ပတ်လည်မှာ မြေအလွတ်တွေ အများကြီးရှိတယ်။ အဲဒီမှာ စပါးပင် တွေစိုက်ထားတယ်။ ကျွန်တော်တို့ကျောင်းသားလေးတွေဟာ နံနက်ခင်းမှာကျောင်းရောက်ပြီဆိုတာ နဲ့ ကျောင်းတက်ခေါင်းလောင်း မထိုခင်အချိန် လေးအတွင်း စပါးပင်တွေကြားထဲမှာ ပြေးလွှား ဆော့ ကစားကြတယ်။ တစ်ယောက်နဲ့တစ်ယောက် သိုင်းချတိုင်းကစားကြတာ။ သိုင်းအမျိုးအစားတွေက စုံသလားမမေးနဲ့။ မြွေသိုင်း မျောက်သိုင်း ကျားသိုင်းနဲ့ အရက်မူးသမားသိုင်းတို့ပဲ ဖြစ်ပါတယ်။ အဲဒီသိုင်းတွေက ကျွန်တော်ကျောင်းသားဘဝတုန်းက ခေတ်စားနေတဲ့ တရုတ်သိုင်းကားတွေထဲက သိုင်းတွေပေါ့။

ကျွန်တော် ကျောင်းသွားတော့မယ်ဆိုရင် အမေက မုန့်ဖိုးနှစ်ကျပ်ပေးတယ်။ အဲဒီပိုက်ဆံနှစ်ကျပ်နဲ့ အသုပ်နှစ်ပွဲဝယ်စားလို့ရတယ်။ ခေါက်ဆွဲတွေ ကြာဆံတွေရောထားပြီး ငရုပ်ဆီတွေရွှဲနေအောင် ဆမ်းထားတဲ့အသုပ်ပါ။ နေ့လည်ခင်း ထမင်းစားချိန်လွှတ်တာနဲ့ မုန်းဈေးတန်းသွားပြီး ကျွန်တော် ဝယ်စားတယ်။ နေ့လည်ခင်း ထမင်းစားချိန်ကို ကျောင်းစောင့်က အချက်ပေးတဲ့အနေနဲ့ သံချောင်း ခေါက်ပါတယ်။ အဲဒီအချိန်တုန်းက အခုခေတ် ကျောင်းသားလေးတွေလို နာရီကိုယ်စီ ဝယ်မပတ်နိုင်ကြဘူး။ အဲဒါကြောင့် ကျွန်တော်ဟာ နေ့လည်ခင်း ထမင်းစားချိန်ကို အမှတ်အသားလေးတစ်ခုမှတ်ထားတယ်။ အဲဒီအမှတ်အသားလေးကတော့ ကျွန် တော်ထိုင်နေတဲ့နေရာအနီးက အဝင်အထွက် ပြုလုပ်ရတဲ့ တံခါးပေါက်ဘောင်ရဲ့ အောက်နားမှာရှိတဲ့ ချိုင့်နေတဲ့ နေရာလေးကို နေရောင်အပြည့် ထိုးရင် နေ့လည်ခင်း ၁၂ နာရီထိုးပြီပဲ ဖြစ်ပါတယ်။
အဲဒီတော့ ကျောင်းစောင့်ကအချက်ပေးသံချောင်းမခေါက်လည်း ကျွန်တော့်မှာ အခြားကျောင်းသား ကျောင်း သူတွေထက် နေ့လည်းခင်းထမင်းစားလွှတ်ချိန်ကို အရင်ကြိုသိနေပါတယ်။

ကျွန်တော်တို့ကျောင်းသားဘဝတုန်းက ကျောင်း သင်ခန်းစာ စာအုပ်တွေ ဗလာစာအုပ်တွေထည့်ဖို့ လွယ်အိတ်လေးတွေကို အများဆုံးအသုံးပြု ကြတယ်။ လွယ်အိတ်လေးတွေက ဒီဇိုင်းအမျိုးမျိုးရှိ တယ်။ အမွှေးစုပ်ဖွားနဲ့ လွယ်အိတ်လေးတွေ။ အမွှေးလေးတွေကို ကျက်စမြီးကျစ်ပြီး ဘေးမှာတွဲ လောင်းချထားတဲ့လွယ်အိတ်လေးတွေ။ ဘာအမွှေးမှမပါဘဲ ရိုးရိုးရှင်းရှင်း ဒီဇိုင်းနဲ့ လွယ်အိတ်လေး တွေပေါ့။ အချို့ပိုက်ဆံရှိတဲ့ ကျောင်းသားမိဘတွေ ကတော့ သူတို့သားသမီးတွေကို ကျောပိုးအိတ် လှလှလေးတွေလွယ်ပြီး ကျောင်းတက်စေပါတယ်။ အဲဒီအခါ အခြေခံလူတန်းစားမိသားစုကနေ မွေးဖွားလာတဲ့ ကျွန်တော့်မှာ ငေးနေရတယ်။

မူလတန်းကျောင်းသားဘဝပြီးဆုံးသွားလို့ နှုတ်ဆက်ပွဲတွေလုပ်ကြတဲ့အခါ ကျွန်တော်တို့ ကျောင်း သားကျောင်းသူလေးတွေဟာ အကော်ဒီယံအုန်း ကျော်သီဆိုထားတဲ့ ''ရောင်ပေစူး'' သီချင်းလေးကို ဓာတ်ဆက်နဲ့ဖွင့်ကာ  ယောက်ျားလေး မိန်းကလေး နှစ်ယောက်တတွဲ တွဲပြီး သရုပ်ဖော်ကာ ကကြ တယ်။ ''တို့ ငယ်ငယ်တုန်းအရွယ် ရောင်ပေစူးလေးတွေနဲ့ကွယ်၊ ပုဆိုးကို စလွယ်သိုင်း ရွာအဝိုင်း ပတ်လည် … '' စတဲ့ သီချင်းလေးပါ။ အဲဒါကြောင့် ''ရောင်ပေစူး'' သီချင်းလေးနဲ့ ဓာတ်ဆက်က လည်း ကျွန်တော့်ရဲ့ မူလတန်းကျောင်းသားဘဝ အမှတ်အသားတခုပဲ ဖြစ်ပါတယ်။

လယ်တန်းအဆင့်ရှိတဲ့ကျောင်းကို တက်ရတော့မယ်ဆိုတော့ ..က () ကျောင်းကို ကျွန်တော် ပြောင်းရတယ်။ အဲ့ဒီမှာ ဘော့စ်ပင်လ်စကိုင်ရတယ်။ စူပါရိန်းနိုး ဘော့စ်ပင်လ်အချွန်နဲ့ အတုံးပါ။ အချွန်ကတော့ ဘောစိသေးသေးလေးနဲ့မို့ရေးလိုက်ရင် မင်လုံးသေးတယ်။ အတုံးကတော့ ဘောစိ ကြီးတာမို့ရေးလိုက်ရင် မင်လုံးကြီးတယ်။ အဲဒီဘော့စ်ပင်လ်ကို ဒွေးနဲ့ ထက်ထက်မိုးဦး ကြော်ငြာ တာ။ ကျွန်တော်ရဲ့ ကျောင်းသားဘဝမှာ အသုံးများခဲ့တဲ့ ဘော့စ်ပင်လ်ပါ။

ကျွန်တော် တန်း ကျောင်းသားဘဝမှာ ကြုံတွေ့ ခဲ့ရတဲ့ ဖြစ်ရပ်လေးတစ်ခုရှိတယ်။

သိပ္ပံသင်တဲ့ဆရာမက စာမေးပွဲနီးလားလို့ ဘယ်ပုစ္ဆာက ဘယ်နှစ်မှတ်ရတယ်ဆိုပြီး ရှင်းပြနေတဲ့ အချိန် အသံတစ်သံထွက်လာတယ်။ အဲဒါကြောင့်ဆရာမက ''အဲဒီအသံက ဘယ်သူ စကားပြောနေ တဲ့ အသံလဲ'' ဆိုပြီး မေးလိုက်ပါတယ်။ အဲဒီမှာ ကျွန်တော့်သူငယ်ချင်း မင်းမင်းစိုးက ထပြောတယ်။ '' မှတ်သံပါ ဆရာမ'' တဲ့။ မင်းမင်းစိုး ဆော်ပလော်တီးခံလိုက်ရတယ်။ ပြီးတဲ့အခါ မင်းမင်းစိုးလည်း သူ့ နာမည်ပျောက်ပြီး  '' မှတ်သံ'' လို့ အမည်တွင် သွားတယ်။

ညနေကျောင်းဆင်းပြီဆို ကျွန်တော်တို့ ကျောင်းသားဘဝတုန်းက အမြဲသတိထားရတယ်။ သတိ ထားနေတဲ့ကြားထဲကလည်း အမြဲလိုလိုခံရတယ်။ ခံရတဲ့အထဲမှာ ကျွန်တော်လည်းပါတယ်။ အဲဒါက ဘာလဲဆိုတော့ အမွှေးတွေတွဲလောင်းကျနေတဲ့လွယ်အိတ်ကိုယ်စီလွယ်ထားတဲ့ ကျောင်းသား နှစ် ယောက်ရဲ့လွယ်အိတ်ကအမွှေးတွေကို သူတို့မသိခင် အမွှေးချင်း ပူးချည်ထားတာပဲ ဖြစ်ပါတယ်။

ကျောင်းဆင်းချိန် ခေါင်းလောင်းထိုးပြီဆိုတာနဲ့ အိမ်ပြန်ဖို့ အပြေးအလွှားပြင်ဆင်ကြပြီ။ ကွန်ပါဘူး ပိတ်တဲ့အသံတွေ စာအုပ်ပိတ်တဲ့အသံတွေ စာသင်ခန်းပြတင်းတံခါးပိတ်တဲ့အသံတွေ စတဲ့အသံတွေ အောက်မှာ ဆရာမရဲ့ နောက်နေ့အတွက် အိမ်စာလုပ်လာဖို့ပြောနေတဲ့အသံကိုကျွန်တော်တို့ ကျောင်း သားကျောင်းသူတွေမှာ မနည်းနားစိုက်ထောင်နေရတယ်။ ဆရာမလည်း ပြောလို့ဆိုလို့ ပြီးတဲ့အခါ အခန်းအပြင်ကိုလည်းထွက်သွားရော ကျောင်းသား ကျောင်းသူတွေအားလုံး  အိမ်ပြန်ဖို့အတွက် ထိုင်ခုံပေါ်မှာထိုင်နေရာကနေ အသီး သီးထကြတယ်။

အဲဒီမှာ ဇာတ်လမ်းက စပြီ။ ကျွန်တော့် လွယ်အိတ်ဘေးမှာ တွဲလောင်းကျနေတဲ့ အမွှေးတွေနဲ့ အခြားသူငယ်ချင်းတစ်ယောက်ရဲ့ လွယ်အိတ် ဘေးမှာ တွဲလောင်းကျနေတဲ့အမွှေးတွေကို ဘယ် ကျောင်းသားက ဘယ်အချိန်မှာ ပူးချည်လိုက်မှန်းမသိတာကြောင့် ကျွန်တော်နဲ့ သူငယ်ချင်းဖြစ်သူမှာ တိုင်ပတ်နေပါပြီ။ အဲဒါကြောင့် အိမ်ပြန်ဖို့အရေးကို ခဏမေ့ထားပြီး ပူးချည်ထားခြင်းကိုခံထားရတဲ့ အမွှေးတွေကို အရင်ဖြီရပါတော့တယ်။

အမွှေးသုံးချောင်းကို တချောင်းချင်းစီပူးချည်ထားတာကြောင့် စိတ်ရှည်လက်ရှည်နဲ့ ထိုင်ဖြီရတယ်။ အသေချည်ထားလို့ ဘယ်လိုမှ ဖြီလို့မရတော့ဘူးဆိုရင် ခဲတံချွန်တဲ့ဓားနဲ့ ဖြတ်ပစ်လိုက်ရတယ်။ အဲဒီအချိန်တုန်းက ကျွန်တော့်ဟာ အမွှေးတွေပါတဲ့လွယ်အိတ်လွယ်ထားပေမယ့်လည်း ကျွန်တော့် လွယ်အိတ်က အမွှေးတွေကို အခြားသူငယ်ချင်းတစ်ယောက်ရဲ့ လွယ်အိတ်က အမွှေးတွေနဲ့ မကြာ ခဏဆိုသလို ပူးချည်ထားခြင်းခံရလို့ ဖြတ်ပစ်လိုက်ရတာကြောင့် လွယ်အိတ်ကလေးဟာ ဘာနဲ့တူ နေသလဲဆိုရင် အခုခေတ်မှာမြင်တွေ့နေရတဲ့ နိုင်ငံ ပိုင်သစ်တောတွေ ခုတ်လှဲခြင်းကိုခံထားရလို့ တောင်ကတုံးတွေဖြစ်နေကြသလိုမျိုးပေါ့။

အလယ်တန်းကျောင်းသားဘဝ ပြီးဆုံးသွားလို့ အထက်တန်းကျောင်းကို တက်ရတော့မယ်ဆိုတော့ ကျွန်တော်တို့မြို့ကလေးရဲ့ ဈေးကြီးထဲမှာရှိတဲ့ ..က () ကျောင်းကို ပြောင်းရတယ်။ အဲဒီမှာ ကျွန်တော် ကွမ်းယာစားတဲ့အကျင့်ကို စတင်ခဲ့တယ်။ အဲဒီအချိန်တုန်းက အင်္ဂလိပ်စာသင်တဲ့ ဆရာမ က ကွမ်းစားတယ်။ စာသင်ရင် ကွမ်းယာလေးကို ပါးစောင်ထဲမှာကပ်ပြီး သင်ခန်းစာတွေကို တတွတ် တွတ်နဲ့ ပို့ချတယ်။ ကွမ်းသမားချင်းမို့ ဆရာမပါးစပ်ထဲမှာ ကွမ်းယာငုံထားမှန်းသိနေတဲ့ ကျွန်တော် ဟာ ကွမ်းစားချင်စိတ်ကို မနည်းမြိုသိပ်ထားရတယ်။ ကျွန်တော့်ပါးစပ်ထဲမှာလည်း အချွဲ တွေထလို့။

နံနက်ခင်းကျောင်းတက်ခေါင်းလောင်းထိုးလို့ ကျောင်းတက်ပြီဆိုတာနဲ့ အတန်းပိုင်ဆရာမက သူ မသင်္ကာတဲ့ကျောင်းသားတွေကို ကွမ်းစားထားလား မစားထားလားဆိုတာကို ပါးစပ်ဟကာ လျှာ ထုတ်ခိုင်းပြီး စစ်တယ်။ လျှာရဲနေတာတို့ သွားရဲနေတာတို့ တွေ့ရင်တော့ အချိန်မဆိုင်းဘဲ တခါထဲ ဗျင်းတော့တာပဲ။ အဲဒီလိုလိုက်စစ်နေရင်း ကျောင်းသားတစ်ယောက် ကွမ်းစားထားတာကို မိပါလေ ရော။ အဲဒီမှာ ကျောင်းသားက ဆရာမကို ဆင်ခြေပေးတယ်။ ''တီချယ် သားစားတာ ကွမ်းရိုးရိုးပါ'' တဲ့။

တစ်တန်းလုံးမှာရှိတဲ့ ကျောင်းသား ကျောင်းသူတွေဟာ အသံအကျယ်ကြီးမထွက်အောင် ပါးစပ် တွေကိုယ်စီပိတ်ကာ တခစ်ခစ်နဲ့ ရယ်(ရီ) ကြတယ်။ ပြီးတဲ့အခါ ဆရာမလည်း ပြုံးစိစိဖြစ်သွားပြီး ကျောင်းသားကို လက်ဝါးဖြန့်ခိုင်းပြီး သုံးချက်ဗျင်းထည့်လိုက်ပါတယ်။

အခုဆိုရင် ကျွန်တော့်ရဲ့ကျောင်းသားဘဝက အတိတ်ကာလထဲမှာ ကျန်နေခဲ့ပါပြီ။ ဒါပေမယ့်လည်း ကျွန်တော်ရေချိုးပြီးလို့ ဘီရိုကိုဖွင့်လိုက်တိုင်း လက်မောင်းတံဆိပ်လေး တစွန်းတစပေါ်နေတဲ့ အဖြူ ရောင်ဖျော့တော့တော့အင်္ကျီလေးကို မြင်မိတဲ့အခါတိုင်း လွမ်းမိနေဆဲ။ အလွမ်းတွေက လတ်ဆတ်နေဆဲ။