သီအိုဇော် - စစ်ကောင်စီခေါင်းတလားအတွက် နောက်ထပ် သံမှိုတချောင်းများလေလား
သီအိုဇော် - စစ်ကောင်စီခေါင်းတလားအတွက် နောက်ထပ် သံမှိုတချောင်းများလေလား
(မိုးမခ) အောက်တိုဘာ ၂၂၊ ၂၀၂၂
နိုင်ငံတကာအဖွဲ့အစည်းများက မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ ထုတ်ပြန်ကြေညာချက်တွေ တွေ့ရင် စိတ်လှုပ်ရှားတကြီး မဖြစ်တတ်ကြတော့တာ ဘယ်သူ့ကို ဘယ်သူကမှ အပြစ်တင်ကြမှာ မဟုတ်ဘူးလို့ ထင်ပါတယ်။ ဒါပေမဲ့ အခု ကျင်းပပြီးစီးတဲ့ ‘ကမ္ဘာ့ဘဏ္ဍာရေးဆိုင်ရာ စောင့်ကြည့်ရေးအဖွဲ့’ (Financial Action Task Force - FATF) ရဲ့ မျက်နှာစုံညီ အစည်းအဝေးက မြန်မာနိုင်ငံကို မြောက်ကိုရီးယား၊ အီရန်တို့လို အမည်ပျက်စာရင်းထဲ ထည့်လိုက်တာကတော့ ကြိုဆိုရမယ့်အချက်လို့ ပြောရပါမယ်။
၁၉၈၉ ခုနှစ်တုန်းက G7 နိုင်ငံများ ကမကထပြုပြီး ဖွဲ့စည်းထားတဲ့ FATF ရဲ့ စည်းမျဥ်းစည်းကမ်းတွေကို ဥပေက္ခာပြုဖို့ ခက်ပါတယ်။ ငွေကြေးခဝါချမှု၊ ပုံမှန်မဟုတ်တဲ့ ငွေကြေးစီးဆင်းမှု၊ တရားမဝင် ငွေပေးချေမှုတွေနဲ့ အသက်ဆက် လည်ပတ်နေရတဲ့ စစ်ကောင်စီအတွက် အခက်တွေ့စေမှာ သေချာပါတယ်။ ဒါတွေကို စနစ်တကျ ထိန်းချုပ်ခံရရင်တော့ စစ်ကောင်စီနဲ့ သူ့ရဲ့ဒေါက်တိုင် စီးပွားရေးလုပ်ငန်းစု၊ စီးပွားရေးအသိုင်းအဝိုင်းတွေကို သိသိသာသာ အကြပ်တွေ့ လာစေမှာပါ။
မြန်မာနိုင်ငံက FATF ရဲ့ အဖွဲ့ဝင်စစ်စစ် မဟုတ်ပေမယ့် သူ ပါဝင်တဲ့ Asia Pacific Group on Money Laundering (APG) အဖွဲ့အစည်းက ၂၀၀၆ ခုနှစ်ကတည်းက FATF ရဲ့ တွဲဘက်အဖွဲ့ဝင် ဖြစ်လာတာပါ။ အာဆီယံနိုင်ငံများ၊ ယူအက်စ်၊ တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ တောင်ကိုရီးယား၊ ဩစတြေးလျ၊ နယူးဇီလန် အစရှိတဲ့ နိုင်ငံများစွာက APG အဖွဲ့ဝင်တွေ ဖြစ်ပါတယ်။ ပေကပ်ကပ်နဲ့ FATF ရဲ့ စည်းမျဥ်းစည်းကမ်းတွေကို မလိုက်နာဘူးလို့ ဆိုဖို့ ခက်ပါလိမ့်မယ်။
FATF ရဲ့ မိတ်ဖက်စောင့်ကြည့်လေ့လာ အဖွဲ့အစည်းတွေထဲမှာ အာရှဖွံ့ဖြိုးရေးဘဏ်၊ ကမ္ဘာ့ဘဏ်၊ နိုင်ငံတကာ ရဲတပ်ဖွဲ့ (အင်တာပိုလ်)၊ ကုလသမဂ္ဂရဲ့ မူးယစ်ဆေးဝါးနဲ့ ပြစ်မှုဆိုင်ရာရုံး (UNODC) စတာတွေလည်း ပါတဲ့အတွက် FATF ဟာ ခြေတံလက်တံရှည်တဲ့ အဖွဲ့အစည်း ဖြစ်ပါတယ်။
ထုတ်ပြန်တဲ့အဖွဲ့အစည်း၊ ထုတ်ပြန်တဲ့ အချက်အလက် စာသားတွေက အရေးကြီးသလို လက်တွေ့ကျတဲ့ ထုတ်ပြန်ချက်ဖြစ်ဖို့ တွန်းတွန်းတိုက်တိုက် ဦးစီးဆောင်ရွက်ကြမယ့်သူတွေက ပိုပဓာနကျတယ်လို့ ဆိုချင်ပါတယ်။ ဒါမှမဟုတ်လို့ကတော့ ထူးမခြားနားပတ်ပျိုးကို ထပ်ကြားရသလိုပဲ ဖြစ်သွားပါလိမ့်မယ်။
FATF ရဲ့ လက်ရှိဥက္ကဋ္ဌ ‘တီ ရာဂျာကူးမား’ (T. Raja Kumar) အကြောင်းကို ရှာဖတ်ကြည့်တော့ မျှော်လင့်ချက် အရိပ်အယောင်တွေ တွေ့လိုက်ရတယ်လို့ ထင်မိပါတယ်။ သူ့ရဲ့အတွေ့အကြုံ အရည်အချင်းတွေနဲ့ နောက်ခံသမိုင်းကြောင်းအရဆိုရင် စစ်ကောင်စီအနေနဲ့ ဆင်ခြင်ပေး ရှောင်ထွက်ဖို့ ခက်ပါလိမ့်မယ်။ စစ်ကောင်စီရဲ့ ဒေါက်တိုင် စီးပွားရေးလုပ်ငန်းစုတွေ အခြေပြု ခြေရှုပ်လှုပ်ရှားနေကြတဲ့ နိုင်ငံများထဲမှာ စင်ကာပူက ထိပ်တန်းက ပါဝင်နေတာ အားလုံး သတိထားမိကြပြီးသားပါ။ ‘တီ ရာဂျာကူးမား’က စင်ကာပူနိုင်ငံသား တယောက် ဖြစ်ပါတယ်။ စင်ကာပူအမျိုးသားတက္ကသိုလ်က ဥပဒေဘွဲ့အပြင် ကိန်းဘရစ်တက္ကသိုလ်က ပြစ်မှုဆိုင်ရာဥပဒေ မဟာဘွဲ့ ရယူထားပြီး ပြည်ထဲရေးဝန်ကြီးဌာနနဲ့ စင်ကာပူရဲတပ်ဖွဲ့တို့မှာ အဆင့်မြင့်တာဝန်များ ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။
ဒီတာဝန်တွေထဲမှာ ပြည်ထဲရေးဝန်ကြီးဌာန အကြီးတန်း အကြံပေး (နိုင်ငံတကာရေးရာ)၊ဒု-ကော်မရှင်နာမင်းကြီး- (စင်ကာပူရဲတပ်ဖွဲ့-ပေါ်လစီ)၊ညွှန်ကြားရေးမှူး (ရဲထောက်လှမ်းရေးဌာန) တို့လည်း ပါဝင်ပါတယ်။ စင်ကာပူနိုင်ငံရဲ့ National Public Administration-Gold Medal ကို ၂၀၂၁ ခုနှစ်အတွက် ပေးအပ်ခံရသလို ပြင်သစ်နိုင်ငံရဲ့ အဆင့်မြင့်ဘွဲ့တံဆိပ် (‘ဆာ’ဘွဲ့နဲ့ အလားတူ) ‘Ordre national du Mérite (Chevalier)’ကို ၂၀၁၇ ခုနှစ်မှာ ချီးမြှင့်ခံခဲ့ရသူလည်း ဖြစ်ပါတယ်။
ဒီလို လူတယောက်က စစ်ကောင်စီနဲ့ အပေါင်းပါတို့ရဲ့ တရားမဝင်လမ်းကြောင်းတွေကို သိနှင့်ပြီးသား (သို့) လွယ်ကူစွာ ဖော်ထုတ်နိုင်တဲ့ အနေအထားရှိတယ်လို့ ဆိုနိုင်ပါတယ်။ ဒီနှစ်နှစ်သက်တမ်း ဥက္ကဋ္ဌရာထူးဟာ ပြီးခဲ့တဲ့ ဇူလိုင်လ ၁ ရက်နေ့က စတင်ခဲ့ပြီး စင်ကာပူနိုင်ငံအတွက်လည်း ပထမဦးဆုံး တာဝန်ပေးအပ်ခံရခြင်းလည်း ဖြစ်ပါတယ်။ ‘တီ ရာဂျာကူးမား’အနေနဲ့ သူ့ရဲ့ဂုဏ်သိက္ခာ၊ စင်ကာပူနိုင်ငံရဲ့ဂုဏ်သိက္ခာတို့ကို ထောက်ပြီး ဆောင်ရွက်စရာ ရှိတာတွေ ကို တိတိကျကျ ကြပ်မတ်လုပ်ဆောင်လာခဲ့ရင်တော့ စစ်ကောင်စီနဲ့ အဆွယ်အပွားတွေ ပိုအကျပ်ရိုက်လာနိုင်ပါ တယ်။
နိုင်ငံတကာက စီးပွားရေးလုပ်ငန်းများအတွက်လည်း အမည်ပျက်စာရင်းဝင် စစ်ကောင်စီနဲ့ တွဲလုပ်ကြဖို့ ပိုစဥ်းစား လာကြမှာဖြစ်လို့ နောက်ဆက်တွဲအကျိုးဆက်များကိုတော့ မြန်မာပြည်သူတွေ ခံစားကြရဦးမှာပါ။ ဒါပေမဲ့ စစ် ကောင်စီ မရှူမရှိုက်သာနဲ့ တရစ်ပြီးတရစ် တင်းကျပ်တဲ့ဖိအားတွေ ရင်ဆိုင်နေရစေဖို့ကလည်း အရေးကြီးတဲ့ အတွက် စစ်ကောင်စီအတွက် ဘဏ္ဍာရှာဖွေရေး၊ လက်နက်ငွေကြေးပေးချေရေး အဘက်ဘက်က ယိုင်နဲ့ ထိခိုက်သွားစေဖို့ နည်းလမ်းမျိုးစုံရှာဖွေ လုပ်ဆောင်နေကြရတဲ့ အခြေအနေ ဖြစ်ပါတယ်။
စစ်အာဏာရှင်အမြစ်ပြတ် နာလန်မထူနိုင်တော့စေရေးအတွက် ဘက်စုံထောင့်စုံက ဆောင်ရွက်နေကြရသလို စီးပွားရေး အကျပ်အတည်းဒဏ် ပိုတွေ့ကြုံလာရဖို့ရှိတဲ့ ပြည်သူပြည်သားများအတွက် အကန့်အသတ်များ ရှိတဲ့ နိုင်ငံတကာရဲ့ လူသားချင်းစာနာထောက်ထားမှု အကူအညီများအပြင် လက်တွေ့ကျထိရောက်တဲ့ အကူညီပေးမှုမျိုးကို မဟာဗျူဟာကျကျ စဥ်းစားပြင်ဆင်လုပ်ဆောင်ကြရမယ့် အချိန်အခါလို့လည်း ဆိုရပါမယ်။
ဆောက်ဖြစ်မှသာ ကျောင်းဒကာ ဖြစ်မှာမှန်ပေမယ့် FATF အစည်းအဝေးရဲ့ ထုတ်ပြန်ချက်ကိုတော့ စစ်ကောင်စီနဲ့ အပေါင်းပါတို့ အလေးအနက်မထားဘဲ မနေနိုင်ကြမှာကတော့ အသေအချာပဲ ဖြစ်ပါတယ်။
သီအိုဇော်
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar