Breaking News

ခိုင်ကြည်သစ် - ဆွန်ယက်ဆင်၊ ယွမ်ရှီခိုင် နှင့် စစ်ရေးမပါသော တိုက်ပွဲ



ခိုင်ကြည်သစ် - ဆွန်ယက်ဆင်၊ ယွမ်ရှီခိုင် နှင့် စစ်ရေးမပါသော တိုက်ပွဲ

(မိုးမခ) ဩဂုတ် ၂၃၊ ၂၀၂၁

ပဒေသရာဇ် ချင်မင်းဆက် (Qing dynasty) ကို ဖြုတ်ချပြီး တရုတ်သမ္မတနိုင်ငံ (Republic of China) ကို တည်ထောင်နိုင်ခဲ့တဲ့ ၁၉၁၁ တော်လှန်ရေး(1911 Revolution/Xinhai Revolution) ဟာ စနစ်ဆိုးတစ်ခုကို ဖြိုဖျက်ပြီး စနစ်ကောင်းတစ်ခုနဲ့ အစားထိုးဖို့ ကြိုးစားနေသူတိုင်းအတွက် လေ့လာသင်ယူစရာတွေ ပြည့်နှက်လို့ နေပါတယ်။ ၁၉၁၁ တော်လှန်ရေးဟာ အဆုံးသတ်အောင်ပွဲတစ်ရပ် မဟုတ်ခဲ့ရင်တောင် နှစ်ပေါင်း ၂၀၀၀ ကျော် အမြစ်တွယ်ခဲ့တဲ့ ပဒေသရာဇ် အုပ်ချုပ်ရေးကို အဆုံးသတ်စေခဲ့ပါတယ်။

ဒေါက်တာဆွန်ယက်ဆင် (Sun Yat-sen)ရဲ့ တော်လှန်ရေးအပေါ် သဘောထား၊ တော်လှန်ရေးအတွက် ခေါင်းဆောင်မှု၊ အဆုံးသတ် ဆုံးဖြတ်ချက်ချမှတ်ပုံတွေကလည်း အားကျအတုယူစရာ၊ သင်ခန်းစာထုတ်ယူစရာတွေ အပြည့်နဲ့ပါ။

တော်လှန်ရေးမှာ စစ်ရေးက အဓိကကျသလို စစ်ရေးကဲ့သို့ အရေးကြီးတဲ့ အခြားလုပ်ငန်းတွေဘအများကြီး ရှိတာကိုလည်း တွေးထုတ်ယူနိုင်ပါတယ်။ ဥပမာ ချင် နန်းတော်က ရထားလမ်းစီမံကိန်းအတွက် အကြောင်းပြပြီး အနောက်နိုင်ငံတွေထံကနေ ငွေချေးပါတယ်။ ပိုက်ဆံလက်ထဲရောက်လာရင် လက်နက်၀ယ်ပြီး တော်လှန်ရေးကို နှိပ်ကွပ်ဖို့ပါ။ ဒါကို သိပေမယ့် သူတို့ အကျိုးစီးပွားသာ ကြည့်တဲ့ ဗြိတိန်၊ အမေရိကန်၊ ဂျာမဏီ၊ ပြင်သစ်) အနောက်အုပ်စု လေးနိုင်ငံညွန့်‌ ပေါင်း ဘဏ်တွေ (The consortium) က ချင် နန်းတော်ကို ငွေချေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒါကို ဒေါက်တာဆွန်ယက်ဆင်က ၀င်ဖျက်ရတာပါ။ ဒါဟာ တော်လှန်ရေး အောင်မြင်ဖို့ စစ်တိုက်တာလိုပဲ အရေးကြီးတဲ့ လုပ်ငန်းဖြစ်ပါတယ်။ တနည်းအားဖြင့် ကိုယ့်ကိုတိုက်မယ့် ရန်သူ့လက်နက်တိုက်ကို ဖျက်ဆီးလိုက်တာပါပဲ။

ချင်မင်းဆက်ကို သစ္စာခံတဲ့ တပ်တွေ တော်လှန်ရေးသမားတွေဆီ ပူးပေါင်းလာတာဟာလည်း ၁၉၁၁ တော်လှန်ရေးအတွက် သော့ချက်တွေထဲက တစ်ခုဖြစ်ပါတယ်။ ဒီနေရာမှာ ဒေါက်တာဆွန်ယက်ဆင် ဟာ ချင်မင်းဆက် သစ္စာခံ စစ်မင်းယွမ်ရှီခိုင် (Yuan Shikai) နဲ့ အလျော်အစား ကြီးမားတဲ့ အပေးအယူ လုပ်ခဲ့ပုံဟာ နှောင်းလူတွေအတွက် ပညာယူစရာပါ။

ချင်နန်းတော်က တော်လှန်ရေးသမားတွေကို နှိမ်နှင်းဖို့ ယွမ်ရှီခိုင်ကို တာ၀န်ပေးပါတယ်။ သူ့လက်အောက်က စစ်အင်အားနဲ့ တိုက်ခိုက်ရေးစွမ်းရည်ကလည်း ကြီးမားလှပါတယ်။

ယွမ်ရှီခိုင်ဟာ ဒေါက်တာဆွန်ယက်ဆင်ရဲ့ တုန်မန်ဟွေ့ (Tongmenghui) တော်လှန်ရေးတပ်တွေကို ထိထိရောက်ရောက် နှိမ်နှင်းပြပါတယ်။ ဒါပေမယ့် အစွမ်းရှိသမျှ အင်‌ပြည့်အားပြည့် မဟုတ်ပါဘူး။ စစ်ပွဲကို ရှည်အောင် အချိန်ဆွဲ တိုက်ပါတယ်။

အဲဒီလို အချိန်ဆွဲတာ အကြောင်း ရှိပါတယ်။ ချင် နန်းတော်နဲ့ တော်လှန်ရေးသမားတွေ ဘယ်သူနိုင်နိုင် ဘယ်သူရှုံးရှုံး သူ့အတွက် ကျန်အောင် ချန်ဖို့ စိတ်ကူးထားလို့ပါ။ ချင်နန်းတော်ရဲ့ အတွင်းလူမို့ နန်းတော်မှာ အင်အားသိပ်မရှိတာကိုလည်း သိထားတာ ပါပါလိမ့်မယ်။

စစ်ပွဲကို အချိန်ဆွဲနေလို့ နန်းတော်က ဝေဖန်တဲ့အခါ သူ့ကို စစ်စရိတ်ထောက်ပံ့ဖို့ ယွမ်ရှီခိုင်က အေးဓါးပြ တိုက်ပါပြန်ပါတယ်။ နန်းတော်က မရှိရှိတာ ထုတ်ပေးတော့ အိတ်ထဲ ကောက်ထည့်လိုက်ပြီး အနောက်နိုင်ငံ သံတမန်တွေကတဆင့် တော်လှန်ရေးသမားတွေနဲ့ စေ့စပ်ဖို့ ကြိုးစားပါတယ်။ မစေ့စပ်လို့လည်း မရပါဘူး။ အဲဒီအချိန်မှာ ဒေါက်တာဆွန်တို့က တိုင်းပြည်နယ်မြေ အတော်များများ သိမ်းယူထားပြီး သမ္မတနိုင်ငံ ထူထောင်လိုက်ပါပြီ။ ယာယီသမ္မတ ရွေးကောက်ဖို့တောင် လုပ်နေပါပြီ။ ယွမ်ရှီခိုင်က ဧကရာဇ်ပုယွီ လို ကလေးဘုရင်အောက် ဒူးထောက်ရတာထက် သမ္မတ ပို ဖြစ်ချင်သူပါ။

ဒါပေမယ့် လက်တွေ့မှာ သမ္မတနိုင်ငံသစ်ကို ၁၉၁၂ ဇန်နဝါရီ ၁ ရက်မှာ ကြေညာပြီးယာယီသမ္မတက ဒေါက်တာဆွန်ယက်ဆင် ဖြစ်လာပါတယ်။

သမ္မတ ဖြစ်လာတဲ့ ဒေါက်တာဆွန် အတွက် အဓိက အခက်အခဲက ချင်မင်းဆက်ကို ဖြုတ်မချနိုင်သေးတာပါပဲ။ ဘဏ္ဍရေးကလည်း မတောင့်တင်းသလို လက်ရှိအခြေအနေရောက်အောင် တိုက်ခဲ့ရတဲ့အတွက် ဆက်တိုက်ဖို့ ဘဏ္ဍာရေး၊ စစ်ရေး လိုအပ်ချက်တွေ ရှိနေပါတယ်။ ယွမ်ရှီခိုင်လို စစ်မင်း တွေကလည်း ချင်နန်းတော်ကို သစ္စာ ခံနေဆဲပါ။

ဒေါက်တာဆွန် က သမ္မတ ဖြစ်ချင်တာ မဟုတ်ပါဘူး။ ပြည်သူကို ကျွန်လို သဘောထားပြီး နှိပ်စက်တဲ့ ပဒေသရာဇ် စနစ်ကို ဖြိုဖျက်ပြီး၊ ပြည်သူ့ဆန္ဒနဲ့ အညီ အုပ်ချုပ်တဲ့ သမ္မတစနစ်နဲ့ အစားထိုးနိုင်ဖို့ ဆန္ဒရှိတာပါ။ ဒါကြောင့် သမ္မတဆွန် ဟာ သမ္မတအဖြစ် ကျမ်းကျိန်ရင်း ချင်နန်းတော်နဲ့ ယွမ်ရှီခိုင်ကို ဖိအားပေးဖို့ လုပ်ဆောင်ပါတယ်။ ချင် မင်းဆက်ကို ဖြုတ်ချနိုင်တဲ့သူ ပေါ်လာရင် သူ သမ္မတ ရာထူးက နှုတ်ထွက်ပေးမယ် ဆိုတဲ့ ကတိပါ။ ခဲ တစ်လုံးနဲ့ ငှက်နှစ်ကောင် ပစ်လိုက်တာပါ။

ချင် နန်းတော်က ပြာယာခတ်သွားပါတယ်။ ယွမ်ရှီခိုင်ကတော့ သမ္မတရူးရောဂါ ငယ်ထိပ်ရောက်သွားပါတယ်။ ချင် မိသားစုအနေနဲ့ ထီးနန်းစွန့်ဖို့ ဖိအားပေးပါတော့တယ်။

မင်းသားကြီး ဂျက်ကီချန်း ဒါရိုက်တာ လုပ်ပြီး ရိုက်တဲ့ 1911 Revolution ဇာတ်ကားထဲမှာ ယွမ်ရှီခိုင်က နန်းတော်ကို ဖိအားပေးတဲ့ ဇာတ်၀င်ခန်းကို ထည့်ရိုက်ထားတာ သတိရပါတယ်။ ရသမြောက်လွန်းလို့ တရားပေါက်နိုင်လောက်တဲ့ ဇာတ်၀င်ခန်းပါ။ ယွမ်ရှီခိုင်က ဧကရာဇ် ပုယွီရဲ့ မယ်တော် မိဘုရားကြီးကို ပြင်သစ်တော်လှန်ရေးသမားတွေက လူဝီ-၁၆ ဘုရင်ကို ခေါင်းဖြတ်စက်နဲ့ သတ်ခဲ့ပုံကို မျက်စိထဲ ကွက်ကွက်ကွင်းကွင်း မြင်ယောင်လာအောင် လျှောက်တင်တာပါ။ "ခေါင်းဖြတ်မခံချင်ရင် ထီးနန်းစွန့်" လို့ ခြိမ်းခြောက်‌တာပါပဲ။

ဒီလိုနဲ့ ချင်နန်းဆက် ပြုတ်ပြီး ကတိအတိုင်း ဒေါက်တာ ဆွန်က ကတိအတိုင်း သမ္မတရာထူးက ဆင်းပေးခဲ့ပါတယ်။ ယွမ်ရှီခိုင် သမ္မတ ဖြစ်လာပါတယ်။

တကယ်တော့ ဒေါက်တာဆွန်ရဲ့ အကြံကို သူ့လူတွေကတောင် လက်မခံချင်ခဲ့ပါဘူး။ တော်လှန်ရေး လုပ်တာ သရဖူကို တပါးသူလက် အပ်ဖို့ မဟုတ်ဘူး မဟုတ်လား။ နောက်ပြီး ယွမ်ရှီခိုင် လို ရန်သူ့လက်ထွက် ဖျံကျကျ လူဆိုးလက်ကို သမ္မတ ရာထူး အပ်ဖို့ ပိုပြီး မသင့်တော်ဘူး မဟုတ်လား။ ဒါပေမယ့် ဒေါက်တာဆွန်က သူ သမ္မတ ဖြစ်ချိန် ခဏလေးမှာ ယွမ်ရှီခိုင် မကလို့ ဘယ်သူဖြစ်ဖြစ် ပြည်သူကို ထပ်မနှိပ်စက်နိုင်ဖို့ စနစ်ကောင်းတစ်ရပ်နဲ့ ဥပဒေတွေ ပေါ်ထွန်းလာဖို့ကို ပို အာရုံ စိုက်ခဲ့ပါတယ်။

ဒေါက်တာဆွန် ‌အနေနဲ့ ယွမ်ရှီခိုင် ကို သမ္မတ ရာထူး ‌လွှဲပေးခဲ့တာနဲ့ ပတ်သက်ပြီး မှားတယ်၊ မှန်တယ်လို့ ယတိပြတ် ဆုံးဖြတ်ဖို့တော့ ခက်ခဲပါတယ်။ ယွမ်ရှီခိုင် ကို သမ္မတ လုပ်ခွင့်ပေးလို့ ချင်မင်းဆက်ကို မြန်မြန်ဖြုတ်ချနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒါကပဲ အနာဂတ်မှာ တော်လှန်ရေး တစ်ရပ် ထပ်ဆင်နွှဲရဖို့ လိုအပ်ချက် တစ်ရပ် ဖြစ်လာခဲ့ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ချင် တော်၀င်မိသားစုတွေကို တားမြစ်မြို့တော် (Forbidden City) ထဲကနေ ငြိမ်းချမ်းစွာ ဖယ်ရှားနိုင်ခြင်းဟာလည်း စစ်ရေးမပါဘဲ တိုက်ခဲ့တဲ့ ဒေါက်တာဆွန်ယက်ဆင် ရဲ့ တိုက်ပွဲ တစ်ခုပဲ ဖြစ်ပါတယ်။

နှောင်းလူတွေ အနေနဲ့ သင်ခန်းစာယူစရာကတော့ တော်လှန်ရေး တစ်ရပ်မှာ ယွမ်ရှီခိုင် လို လူစားတွေ ပေါ်ပေါက်လာတတ်တယ် ဆိုတာရယ်၊ ပေါ်ပေါက်လာတဲ့ ယွမ်ရှီခိုင်ကို တော်လှန်ရေးအတွက် ဘယ်လို အသုံးချမလဲ ဆိုတာရယ်၊ စစ်ရေးတိုက်ပွဲတွေနဲ့အတူ စစ်ရေးမပါတဲ့ နှလုံးရည်၊ ဉာဏ်ရည်တိုက်ပွဲတွေအားလုံးမှာ အောင်ပွဲရနိုင်ဖို့ရယ် အတွက် ဒေါက်တာဆွန်ယက်ဆင်နဲ့ ၁၉၁၁ တော်လှန်ရေးကနေ သင်ယူနိုင်ကြဖို့ပါ။

ခိုင်ကြည်သစ်

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar