Breaking News

ကိုအောင်မှိုင်း - “မဲရောင်း မဲဝယ်” ယဉ်ကျေးမှုနဲ့ မြန်မာ့နိုင်ငံရေး



ကိုအောင်မှိုင်း - “မဲရောင်း မဲဝယ်” ယဉ်ကျေးမှုနဲ့ မြန်မာ့နိုင်ငံရေး

(မိုးမခ)အောက်တိုဘာ ၂၇၊ ၂၀၂၀

ကျနော်တို့ မြန်မာနိုင်ငံသူမြန်မာနိုင်ငံသားတွေဟာ ဒီမိုကရေစီစနစ်ကို အသက်လောက် ချစ်မြတ်နိုးကြတယ် လို့ ပြောမယ်ဆိုရင်မလွန်ပါ။ အဓိကအကြောင်းတရပ်က စစ်အာဏာရှင်စနစ်အောက်မှာ နှစ်ပေါင်းများစွာ စစ် တပ်ရဲ့မတရား ရက်ရက်စက်စက်ဖမ်းဆီးနှိပ်စက်သတ်ဖြတ်မှုတွေကို မိသားစု မျိူးဆက်တွေအလိုက် ခံစားခဲ့ ကြရပြီးတဲ့နောက် စစ်အာဏာရှင်စနစ်ဆိုတာကို အလွန်အမင်းရွံရှာမုန်းတီးသွားခဲ့ကြပါတယ်။ အလွန်အမင်း လဲကြောက်လန့်သွားခဲ့ကြပါတယ်။ စစ်အာဏာရှင်စနစ် ပြန်လည်ခေါင်းထောင်ထလာမှာကိုလည်း အသက် သေမလောက်ကြောက်လန့်နေကြတာဖြစ်ပါတယ် ။ ဒီအတွက် အသက်တွေစွန့်ပြီး ဒီမိုကရေစီစနစ်ကို ကာကွယ်ဘို့ အချိူ့သူတွေ ပိုင်းဖြတ်လုပ်ကိုင်နေကြတာကို တွေ့ရပါတယ်။ တကယ်တော့ ဒါတွေဟာတော်လှန်ရေးရဲ့ လက္ခဏာတွေမဟုတ်ပါလား။

ကနေ့မြန်မာ့နိုင်ငံရေးကိုကြည့်ရင် တိုင်းရင်းသားတွေ ဒီမိုကရေစီအင်အားစုတွေကတဖက် စစ်တပ်နဲ့ စစ်အုပ်စုကတဖက် အပြင်းအထန် တဘက်နဲ့တဘက် လွန်ဆွဲနေတဲ့ကာလလို့ ယေဘူယျ သုံးသပ်လို့ရမယ်ထင်ပါတယ်။

သေချာတာကတော့ စစ်အုပ်စုဟာ လူထုဘက်က မဟုတ်တာ အခိုင်အမာပြောနိုင်မှာဖြစ်ပါတယ်။ ခေတ်နောက် ပြန်ဆွဲနေတဲ့ စစ်အာဏာရှင်စနစ်ကို ပြန်တမ်းတနေတဲ့ (ရေပေါ်ဆီ လူတန်းစားဘဝတွေရထားတဲ့) စစ်ဗိုလ်ချူပ် အဟောင်း အသစ်တွေရဲ့ စစ်အုပ်စုအကျိူးစီးပွါးကာကွယ်ရေး ပေါ်လစီတွေဟာ ကျနော်တို့နိုင်ငံကို အမှောင် တကာ့အမှောင်ဆုံးဘ၀ အနာဂတ်မဲ့ဘဝကို ကျရောက်ခဲ့ရသလို လက်ရှိစစ်အုပ်စုဝင်တွေရဲ့ ကျိူးပမ်းအားထုတ် မှုတွေဟာလဲ ရေတိမ်နစ်နေတဲ့တိုင်းပြည်ကို စစ်ဖိနပ်နဲ့ ထပ်နင်းနေသလိုဖြစ်နေတော့တာပါ။

ကနေ့ ကျနော်တို့တင်ပြချင်တာက မြန်မာ့နိုင်ငံရေးထဲ ပြောင်ပြောင်တင်းတင်း ဝင်ရောက်စွက်ဖက်လာတဲ့ နိုင် ငံခြားပရောဂဆိုတဲ့ ပြဿနာပါ။ ဒီအထဲက ထူးခြားတဲ့ဖြစ်စဉ်နဲ့ သက်သေအခိုင်အမာရှိတဲ့ဖြစ်စဉ်ကို ကျနော်တို့ သုံးသပ်လိုပါတယ်။ ပြောရမယ်ဆိုရင်တော့ UDP ပါတီကိစ္စဘဲဖြစ်ပါတယ်။ UDP ပါတီအကြောင်းမပြောခင်  “မဲ ရောင်း မဲဝယ်” ယဉ်ကျေးမှုဆိုတာကို အနည်းငယ်ဆွေးနွေးလိုပါတယ်။ ထိုင်းနိုင်ငံမှာ ရွေးကောက်ပွဲတိုင်း ကြားနေကြစကားကတော့ မဲတပြား ဘယ်လောက်ပေါက်တယ်ဆိုတာပါဘဲ။ ဒီယဉ်ကျေးမှုကြောင့် ထိုင်းနိုင်ငံရေးမှာ ငွေရှင်ကြေးရှင်တွေ ချယ်လှယ်လေ့ရှိကြသလို ထိုင်းဘုရင်နဲ့ စစ်တပ်ရဲ့ ပါဝင်စွက်ဖက်မှုကို နှစ်ပေါင်းများစွာ ထိုင်းလူထု ခံစားနေကြရတာဖြစ်ပါတယ်။

“မဲဝယ် မဲရောင်း” တယ်ဆိုတာ ငွေထုတ်ပိုက်ပြီး လူတယောက်ကို ငွေဘယ်လောက်ဆိုတာနဲ့ တန်ဘိုးဖြတ်၊ ငွေဘယ်လောက်ဆိုရင် မဲဘယ်လောက်ရမယ်ဆိုတဲ့ ကိန်းဂဏန်းနဲ့ လွတ်တော်နိုင်ငံရေးမှာ ဝင်ရောက်နေရာ ယူတာဖြစ်ပါတယ်။အဓိက ပစ်မှတ်ထားတာကတော့ လူဥိးရေနည်းတဲ့ မဲဆန္ဒနယ်တွေကို ပစ်မှတ်ထားလေ့ရှိ ပါတယ်။ဖွံ့ဖြိုးတိုးတက်မှု နဲတဲ့နေရာဒေသတွေ ဆင်းရဲတဲ့နေရာဒေသတွေ မြို့ပြနဲ့ဝေးတဲ့နေရာဒေသတွေကို ရွေးချယ်လေ့လဲရှိပါတယ်။ သီအိုရီကတော့ ငွေအင်အားနဲ့ မဲအရေအတွက် လဲလှယ်တဲ့ ပုံစံဖြစ်ပါတယ်။ တနည်း ပြောရင် လူတွေကို ငွေကြေးနဲ့ဝယ်ယူတဲ့စနစ်တရပ် ဆိုရင် မှားမယ်မထင်ပါ။ လူတွေကိုယ်တိုင် မသိနားမလည် လို့ဖြစ်ဖြစ် ငွေကြေးချိူ့တဲ့လို့ဖြစ်ဖြစ် ငွေကျွန်တွေ ဖြစ်ကုန်တော့တာပါ။ ဒီစနစ်က ချက်ခြင်းမထိရောက်ပေမဲ့ အချိန်အချိူ့ကြာလာတဲ့အခါ ထိရောက်သင့်သလောက် ထိရောက်လာလေ့ရှိပါတယ်။

(နှင်းဆီပါတီ UDP ဟာ ၂၀၂၀ ရွေးကောက်ပွဲမှာ NLD ပါတီပြီးရင် ကိုယ်စားလှယ်လောင်း (၁,၁၀၀)ကျော်နဲ့ ဒုတိယအများဆုံး ဝင်ရောက်ယှဉ်ပြိုင်ဖို့ ပြင်ဆင်ထားတဲ့ ပါတီဖြစ်တာတွေ့ရတော့ ကျနော်အတော်စိတ်ဝင် စားမိပါတယ်။ သူ့နောက်ကြောင်း ရှေ့ကြောင်းတွေထက် သူ့ငွေကြေးနဲ့ပတ်သက်မှုတွေရယ် လတ်တလောမြင် နေရတဲ့ နိုင်ငံရေးအခင်းအကျင်းတွေအပေါ် ဖြစ်ပါတယ်။ UDP ပါတီဟာ ပါတီအင်္ကျီ၊ အလံ၊ ပြက္ခဒိန်၊ မူဝါဒ စာအုပ်၊ ပါတီဆိုင်းဘုတ်၊ ပါတီရုံးခန်းများ၊ ရင်ထိုးတံဆိပ်၊ ဖျော်ဖြေရေးလုပ်ငန်း၊ စတစ်ကာ၊ Taxi ငှား၊ Video ရိုက်ကူးရေးများအတွက် ၂၀၁၆ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ် စက်တင်ဘာအထိ ကျပ် ၉၁၈ ဒသမ ၇၉ သန်း အသုံးပြုခဲ့ကြောင်း သိရသည်။

Myanmar Kyaw Investment Group Co,Ltd က ညီညွတ်သော ဒီမိုကရက်တစ်ပါတီ (UDP) ပါတီဝင် များနှင့် လွှတ်တော် ကိုယ်စားလှယ်လောင်းများအား ထောက်ပံ့ကြေး ထုတ်ပေးထားမှု အနေဖြင့် ၂၀၁၈ ခုနှစ် အောက်တိုဘာလမှ ၂၀၂၀ ပြည့်နှစ် စက်တင်ဘာအထိ ကျပ် ၁၂,၄၃၉ ဒသမ ၆၉ သန်းရှိကြောင်း သိရသည်။

အဆိုပါ ထောက်ပံ့ငွေများထဲမှ တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်ပါတီဝင် တစ်ဦးလျှင် ကျပ် ၂၉၀,၀၀၀ မှ ၃၉၀,၀၀၀၊ မြို့နယ်ပါတီဝင်တစ်ဦးလျှင် ကျပ် ၁၉၀,၀၀၀၊ ရပ်ကျေးပါတီဝင်တစ်ဦးလျှင် ကိုးသောင်းကျပ်၊ လွှတ်တော်ကိုယ်စားလှယ်လောင်း ၇၁၆ ဦးအား တစ်ဦးလျှင် သုံးသိန်းကျပ် ထောက်ပံ့ပေးခဲ့ပြီး Myanmar Kyaw Investment Group Co,Ltd က ညီညွတ်သော ဒီမိုကရက်တစ်ပါတီ (UDP) အတွက် သုံးငွေ စုစုပေါင်းသည် ကျပ် ၁၃,၈၉၂ ဒသမ ၁၁ သန်းရှိကြောင်း သိရသည်။ Myanmar Now )

ဒီငွေကြေးအမာဏကို အနည်းအကျင်းလို့တော့ ပြောလို့မရပါဘူး။UDP ပါတီဥက္ကဌဦးကျော်မြင့်နဲ့ ပါတ်သက်ပြီး ရရှိတဲ့သတင်းအရကတော့ မြန်မာ့နိုင်ငံရေးကို ငွေထုတ်နဲ့ ထိုးဖေါက်ဝင်ရောက်ဘို့ကျိူးစားတာကို ဘယ်လိုမှ ညင်းလို့မရအောင် မှန်ကန်နေတာတွေ့ရပါတယ်။ သူဟာ နိုင်ငံရေးသမားမဟုတ်သလို နိုင်ငံရေးလုပ်မဲ့လူလဲ မ ဟုတ်ပါဘူး။ ဒါဆို သူ့မှာ ဘယ်လိုရည်ရွယ်ချက်တွေကြောင့် ဒီလောက်များပြားတဲ့ငွေတွေ သုံးခဲ့တာလဲ။ သူကိုယ် တိုင်ပြောမှဘဲ သိရမလိုဖြစ်နေတဲ့ အခြေအနေဖြစ်နေပါတယ်။ ကျနော်ဆိုလိုတာက သူ့ပါတီကိုယ်စားလှယ် လောင်းတွေ ပါတီဝင်တွေကိုကြည့်ရင် နိုင်ငံရေးသမားတွေမဟုတ်တော့ဘဲ အခကြေးငွေယူပြီး နိုင်ငံရေးလုပ်ငန်းထဲဝင်ရောက်နေတဲ့ ကြေးစားအုပ်စုတစုလို ဖြစ်နေတာပါ။ ကနေ့နိုင်ငံရေးလောကထဲက နိုင်ငံရေးသမား တွေအနေနဲ့ သူတို့နဲ့နိုင်းယှဉ်ကြရမှာ ဂုဏ်သိက္ခာအရ အတော်ထိခိုက်နေတယ်လို့ ကျနော်ထင်တယ်။ မြန်မာ့နိုင်ငံရေးကို နိုင်ငံရေးသမားတွေ ဝိုင်းထိန်းကြောင်းကြရမဲ့အချိန်လို့ ပြောချင်ပါတယ်။

ကျနော်စိတ်ဝင်စားဆုံးအချက်ကတော့ ဗမာပြည်မှာ သိပ်ချမ်းသာတဲ့ စစ်အုပ်စုဖြစ်ပါတယ်။ UDP ပါတီကိုဖျက်လိုက်တော့ UDP ပါတီက လူတွေအားလုံးဟာ USDP ကြံ့ဖွတ်ပါတီထဲ အကုန်ပြောင်းကြတယ်ဆိုတော့ တခုခုတော့ မှားနေပြီလို့ထင်ပါတယ်။ ဖြစ်ရမှာက UDP ပါတီကို တရားဝင်ဖျက်သိမ်းလိုက်ရင် ပါတီဝင်တွေဟာ ကိုယ်
ကြိုက်တဲ့ပါတီတွေဆီ ကြဲကြဲ ကွဲကွဲ ဝင်ရောက်သွားဘို့ဘဲရှိပါတယ်။ အခုက တလုံးတစည်းထဲ USDP ထဲဝင်ကြတယ်ဆိုတာ မြင်ရတော့ စိတ်ဝင်စားမှုတွေ သိပ်မြင့်တက်သွားမိပါတယ်။

၁။ USD ပါတီဥက္ကဌ ဦးကျော်မြင့်ကို မြန်မာနိုင်ငံပြန်လာခွင့်ပြုဘို့ ဦးသိန်းစိန်သမ္မတဖြစ်စဉ်က ခွင့်ပြုခဲ့တဲ့ကိစ္စ။ USD ပါတီနဲ့ USDP ပါတီကြား ဘာတွေသဘောတူညီမှုရှိခဲ့ကြသလဲဆိုတာ မေးခွန်းထုတ်စရာဖြစ်လာပါ တယ်။

၂။ UDP ပါတီငွေတွေက ဘယ်ကလာတာလဲ။ အစိုးရအဆက်ဆက် ဘာလို့ မသိကြတာလဲ။ သတင်းမီဒီယာ တွေကဖေါ်မှ အုပ်အော်သောင်းနင်းတွေဖြစ်ကုန်ကြတာ ဘာကြောင့်လဲ။ ဘာလို့ အစက ဖုံးထားတာလဲ။

၃။ UDP ပါတီငွေတွေက စစ်အုပ်စုနဲ့ ဘယ်လိုပါတ်သက်နေသလဲ။ ဗမာပြည်မှာ ခိုးထားတဲ့ငွေထုတ်ပိုက်ပြီး တိုင်းပြည်တိုးတက်ရာတိုးတက်ကြောင်း အားလုံးကို ကန့်လန့်တိုက်နေတာ ဘယ်သူတွေလဲဆိုတာသိနေ တော့ ဥိးကျော်မြင့်ငွေတွေဟာ စစ်အုပ်စုနဲ့မပါတ်သက်ကြောင်း လူထုကိုအခိုင်အမာရှင်းပြသင့်သလို တရား ဥပဒေအရလဲ ဖြေရှင်းသင့်ပါတယ်။

၄။ UDP ပါတီလွတ်တော်ကိုယ်စားလှယ်လောင်းဆိုသူတွေကို ငွေကြေးခဝါချမှုဥပဒေအရ၎င်း တရားမဝင်ငွေ ကြေးဥပဒေအရ၎င်း ရွေးကောက်ပွဲဆိုင်ရာဥပဒေအရ၎င်း တရားစွဲသင့်ပါတယ်။

၅။ UDP ပါတီဥက္ကဌ ဦးကျော်မြင့်နဲ့ပါတ်သက်ပြီး သတင်းစာရှင်းလင်းပွဲတွေမှာ ဖြေရှင်းတာတွေက မသေချာ မရေရာမှုတွေနဲ့ ရောထွေးလုံးချထားတာတွေ့ရတော့ လက်ရှိအစိုးရနဲ့ရော ဦးကျော်မြင့်ကိစ္စမှာ ဘယ်လိုပါတ် သက်နေတယ်ဆိုတာ ရှင်းရှင်းလင်းလင်းလူထုကိုရှင်းပြသင့်ပါတယ်။ဘယ်သူမှာဘယ်အဖွဲ့အစည်းမှာ တာဝန် ရှိတယ်ဆိုတာတော့ လူထုကိုရှင်းပြဘို့လိုပါတယ်။

ကျနော်တို့အနေနဲ့ကတော့ လက်တဆုတ်စာ ငွေကြေးချမ်းသာသူတွေအနေနဲ့ ငွေကြေးကိုအသုံးချပြီး တိုင်း ပြည်နိုင်ငံရေးမှာဖြစ်စေ၊ ဖက်ဒရယ်ဒီမိုကရေစီစနစ်တည်ဆောက်ရေးမှာဖြစ်စေ ဝင်ရောက်စွက်ဖက်လုပ်ကိုင် နေမှုတွေအပေါ် လွန်စွာစိုးရိမ်သောကဖြစ်မိသလို ဗမာပြည်မှာ “မဲရောင်း မဲဝယ်” စနစ်ဖွံ့ဖြိုးလာမှာကိုတော့ လုံးဝမလိုလားပါ။

ဒီမိုကရေစီသင်းသတ်မဲ့လုပ်ရပ်အားလုံးကို တိုက်ပွဲဝင်ဆန့်ကျင်ဘို့ ကျနော်တို့အားလုံးမှာတာဝန်ရှိပါကြောင်း။

ကိုအောင်မှိုင်း
၂၇ရက်အောင်တိုဘာလ ၂၀၂၀ခုနှစ်