မတူကွဲပြားတဲ့ တန်ဆောင်တိုင် အခါသမယ
မြန်မာနွေဦး ခရိုနီကယ် - နိုဝင်ဘာ ၈ မြင်ကွင်း
(မိုးမခ) နိုဝင်ဘာ ၉ ၊ ၂၀၂၂
မတူကွဲပြားတဲ့ တန်ဆောင်တိုင် အခါသမယ
နေ့စဥ်သတင်းတွေ ဖတ်ကြည့်လိုက်တဲ့အခါ သို့မဟုတ် ရေဒီယိုကနေ နားထောင်ကြည့်တဲ့အခါ ဘယ်နှလအတွင်း ဘယ်တိုင်းဒေသမှာ ဘယ်ပြည်နယ်မှာ လူဘယ်နှယောက် သတ်ဖြတ်ခံရတယ်ဆိုတဲ့ ကိန်းဂဏန်း၊ နေအိမ် ဘယ်နှလုံး မီးရှို့ဖျက်ဆီးခံရတယ်ဆိုတဲ့ ကိန်းဂဏန်း၊ အရွယ်မရောက်သေးတဲ့ ကလေးသူငယ် ဘယ်နှဦး ပါဝင်တယ်ဆိုတဲ့ ကိန်းဂဏန်းနဲ့ ဖမ်းဆီးခံရသူ အရေအတွက် ကိန်းဂဏန်းတွေ တွေ့ရပြီး စိတ်ထဲမှာလည်း ဒီလို ကိန်းဂဏန်းတွေ တွေ့လို့ ထူးဆန်းတဲ့ သတင်းအဖြစ်နဲ့ မယူဆမိတော့လောက်အောင် နေ့စဥ် ဖြစ်နေကျ သတင်းတွေလို ဖြစ်လာနေပါတယ်။
ပခုက္ကူ၊ မြိုင်၊ ဂန့်ဂေါ၊ မြင်းခြံ၊ စစ်ကိုင်းတိုင်းထဲက ရေဦး ၊ ခင်ဦး၊ တန့်ဆည်၊ ဝက်လက် ၊ ရွှေဘို၊ အရာတော်၊ မုံရွာ၊ ဒီပဲယင်း၊ ယင်းမာပင် ၊ ပုလဲတို့မှာ ဖြစ်ပျက်နေတဲ့ သတင်းတွေက ဖြစ်နေကျ ရွာကို စစ်ကောင်စီတပ်တွေ ဝင်ရောက်ပြီး ရွာသားတွေကို ဖမ်းဆီး ရိုက်နှက်ညှင်းပမ်းစစ်မေးပြီး သံသယဝင်ရုံနဲ့ သတ်ဖြတ်တဲ့ သတင်း၊ နေအိမ်မီးရှို့ ရိက္ခာဖျက်ဆီးပြီးနောက် ပြန်ထွက်သွားတဲ့နောက်မှ ကျေးရွာသူ ကျေးရွာသားတွေ ရွာကိုပြန်ပြီး မိမိတို့ နေအိမ်အပျက်အစီးတွေကို တစစီကောက်ရတဲ့ အဖြစ်အပျက်တွေက နေ့စဥ်အဖြစ်အပျက်လို ဖြစ်နေပြီး မထူးဆန်းတော့တဲ့ သတင်းတွေလို မှတ်ယူလာရတဲ့ သဘောဖြစ်ပါတယ်။
အမှန်တကယ်တော့ အဖြစ်အပျက်တိုင်း သတင်းတိုင်းဟာ လူ့အသက်တွေ၊ မျက်ရည်တွေ ဘဝမှာ တကြိမ် တခါလို့ ဆိုရလောက်တဲ့ ဆုံးရှုံးမှုတွေနဲ့ တည်ဆောက်ထားတဲ့ သတင်းတွေက နေ့စဥ်လိုလို ဖြစ်ပျက်နေကြတာမို့ အထူးအဆန်း သတင်းမဟုတ်တော့တဲ့ သဘောဖြစ်လာတာပါ။ အပြစ်မဲ့တဲ့ အရပ်သားတွေရဲ့ အသက်ဆုံးရှုံးမှုပေါင်း ရာဂဏန်း ထောင်ဂဏန်းချီရှိလာနေပြီး နေအိမ်တွေ သောင်းနဲ့ချီ မီးလောင်ဆုံးရှုံးခဲ့ကြကာ ဒဏ်ရာရသူ ထောင်နဲ့ချီ ရှိနေကြပြီဖြစ်ပါတယ်။ ပိုင်ဆိုင်မှုတွေ ဆုံးရှုံးတဲ့ ပမာဏကိုတော့ ဘယ်အဖွဲ့အစည်းကမှ ကောက်ယူနိုင်ခြင်း မရှိပါဘူး။
စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံမှာ ဆုံးရှုံးခဲ့ရတဲ့ နေအိမ်၊ ရိက္ခာ၊ ပိုင်ဆိုင်မှုတွေ ဘယ်လောက်ရှိတယ်ဆိုတာ ဘယ်အဖွဲ့အစည်းမှ အတိအကျ မသိနိုင်တဲ့ သဘောလို့ပဲ ဆိုရမှာ ဖြစ်ပါတယ်။ အသက်ဆုံးရှုံးမှုတွေအတွက် အရေအတွက်ကို အနီးစပ်ဆုံး ကောက်ယူမှတ်တမ်းတင်ထားနိုင်ပေမယ့် သတ်ဖြတ်မှု အဖြစ်အပျက်တိုင်းရဲ့ လက်သည်တွေကို မှတ်တမ်းတင်ထားနိုင်ခြင်းမရှိသေးသလို တရားမျှတမှုအတွက် တနေ့တချိန် တာဝန်ခံမှု တောင်းဆိုရာမှာ အထောက်အထားတွေ မပြည့်စုံတဲ့ စိန်ခေါ်မှုတွေ ရှိနေဦးမှာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံရဲ့ လက်နက်ကိုင် ပဋိပက္ခဖြစ်ပွားရာ ဒေသတွေမှာ အထက်ကဖော်ပြထားသလို စစ်ဘေးရှောင်နေရတဲ့ အခြေအနေတွေ နေအိမ်နဲ့ ပိုင်ဆိုင်မှုတွေ ဆုံးရှုံးသွားရတဲ့ အခြေအနေမှာ မြို့ပေါ်တွေမှာတော့ တန်ဆောင်တိုင်ပွဲတော် အခါကာလမှာ ပျော်ပွဲရွှင်ပွဲတွေ ကျင်းပနေကြတာ သတင်းတွေထဲ တွေ့ရမှာ ဖြစ်ပါတယ်။ ကထိန်ပွဲ လှည့်လည်တဲ့ သတင်း၊ ဘုရားတွေ မှာ စည်ကားနေကြတဲ့ သတင်းတွေနဲ့ ညဘက်မှာ ပံ့သကူပစ်ကြဲကြတဲ့ ပမာဏအနည်းငယ်မျှသော ငွေကြေးအတွက် အပျော်တပိုင်း အတည်တပိုင်း ကောက်ယူကြတဲ့ အကြောင်းတွေက သတင်းတွေ ဆိုရှယ်မီဒီယာတွေမှာ တွေ့ရ မှာဖြစ်ပါတယ်။
မြို့က အခြေအနေက ကျေးရွာတွေထက်စာရင်တော့ အသက်အန္တရာယ်အတွက် နေ့နေ့ညည စိုးရိမ်နေရတာမျိုး မဟုတ်တာ၊ နေအိမ်တွေ မီးရှို့ဖျက်ဆီးခံရတဲ့ အန္တရာယ်မရှိလို့ အပုံကြီးသာတယ် ဆိုရမှာ ဖြစ်ပါတယ်။ သို့ပေမဲ့ တဖက်မှာလည်း ရာဇဝတ်မှုတွေ ထူပြောလာတာ ဘယ်သူမှ မလုံခြုံတော့တဲ့ အခြေအနေမျိုး တနေ့တခြား ဆိုးရွားလာနေတာတွေက မြို့မှာ နေသူတွေရဲ့ စိုးရိမ်သောက တွေလို့ဆိုရမှာ ဖြစ်ပါတယ်။ ဘတ်စ်ကားစီးသူတွေထံက ဖုန်းနဲ့ ပိုက်ဆံတွေ ကားပေါ်တက်ပြီး ဓားပြတိုက်တာတွေ တနေရာမဟုတ် တနေရာမှာ နေ့စဥ်လိုလိုဖြစ်ပွားနေသလို ၊ နေအိမ်မှာ သတ်ဖြတ်ပြီး ပစ္စည်းလုယူသွားတာတွေ ၊ ဘဏ်တွေ၊ စီးပွားရေး လုပ်ကိုင်တဲ့ ရုံးတွေမှာ ဓါးပြဝင်တိုက်တာတွေကလည်း နေ့စဥ် ဖြစ်နေကျ အကြောင်းအရာတွေသဖွယ် ဖြစ်နေတာ တွေ့ရပါတယ်။
ခိုးမှုလိုမျိုးက စကားထဲ ထည့်ပြောရမယ့် ကိစ္စမျိုးမဟုတ်တော့လောက်တဲ့အထိ နေ့စဥ် ဖြစ်ပွားနေပြီး ဓားပြတိုက်တာ လူသတ် ပစ္စည်းယူတာတွေကမှ သတင်းလို့ ဆိုကြတာမျိုး ဖြစ်လာနေပါတယ်။
တရားဥပဒေစိုးမိုးမှုမရှိတဲ့အခြေအနေက တစတစ ပိုဆိုးရွားလာဖွယ်ရှိနေပြီး စီးပွားရေးလုပ်ငန်းတွေကို ထိခိုက်စေသလို ခရီးသွားလာမှု ညဘက်မှောင်ချိန်မှာ နေအိမ်ပြင်ပ ထွက်တာမျိုးတွေကို ပိုမိုသတိထားလာကြရတဲ့ အခြေအနေအောက်မှာ ဆက်လက် အသက်ရှင်နေထိုင်ကြရမယ့် သဘောလည်း ဖြစ်ပါတတော့တယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar