Breaking News

ခင်လွန်း - "စာပေပုံသဏ္ဍန်အမျိုးမျိုးနဲ့ မြန်မာ့ခေတ်သစ် သမိုင်းစာမျက်နှာရေးထိုးကြစေချင်"



ခင်လွန်း - "စာပေပုံသဏ္ဍန်အမျိုးမျိုးနဲ့ မြန်မာ့ခေတ်သစ် သမိုင်းစာမျက်နှာရေးထိုးကြစေချင်"

(မိုးမခအယ်ဒီတာ့လက်ရေး) မေ ၁၊ ၂၀၂၀


ဒီနေ့ ကျနော်လုပ်အားပေးနေတဲ့ အွန်လိုင်းမီဒီယာမှာ ကျောင်းသားတပ်မတော်ရဲ့အရေးပါတဲ့အခန်းကဏ္ဍတွေမှာ တာဝန်ယူခဲ့ဖူးသူတဦးရဲ့စာကို တင်ဖြစ်ပါတယ်။ အဲဒီမှာ ပြောစရာတွေးစရာလေးတွေရှိလာလို့ ဒီစာလေးရေးပါတယ်။

စာရေးသူက သူ့ရဲ့ဖေ့ဘုတ်မှာ သူ့ရဲ့လက်နက်ကိုင်တော်လှန်ရေးသမားဘဝအတွေ့အကြုံတွေကို တက်ကြွဖွယ်၊ ပျော်ရွှင်ဖွယ်၊ လွမ်းမောဖွယ်တွေနဲ့အမှတ်ရစွာ ရေးသားထားတာပါ။

အဲဒါကို ကျနော်ဖတ်မိ၊ နှစ်ခြိုက်သဘောကျတော့ သူ့ကို ချက်ဘောက်စ်ကနေ ဆက်သွယ်၊ ပြီး ကျနော်တို့အွန်လိုင်းမဂ္ဂဇင်းမှာ တင်ခွင့်ပြုဖို့ ခွင့်တောင်းရပါတယ်။ သူကလဲ လူချင်းအကြောင်းသိတွေဆိုတော့ နှစ်နှစ်ကာကာပဲ ခွင့်ပြုပါတယ်။

အလားတူပဲ လွန်ခဲ့တဲ့ ၂-၃ နှစ်ကလဲ ကျောင်းသားတပ်မတော် လက်နက်ကိုင်တော်လှန်ရေးမှာ ပါဝင်ဖြတ်သန်းခဲ့ဖူးသူတဦးရဲ့စာကိုအခုလိုပဲဖေ့ဘုတ်ပေါ်ဖတ်မိရာက ကျနော်လှမ်းခွင့်တောင်းပြီး အွန်လိုင်းမီဒီယာပေါ်တင်ခဲ့ပါသေးတယ်။ နောက်ဆုံး သူ့ရဲ့မှတ်တမ်းစုကို စာအုပ်တအုပ်အဖြစ်တောင် မြန်မာပြည်ထဲမှာ ပုံနှိပ်ထုတ်ဝေနိုင်ဖို့အထိ ကျနော်တတ်နိုင်တဲ့ဘက်က ကူညီပေးခဲ့ပါတယ်။

မှတ်မှတ်ရရ သူက စာအုပ်အဖြစ်ထုတ်ဝေတော့မယ့်အခါ ကျနော့်ကို အမှာစာရေးပေးဖိ့ုပြောခဲ့ပါတယ်။ ဒါကို ကျနော်ငြင်းခဲ့ပါတယ်။ ကိုယ်မပါဝင်ခဲ့တဲ့လက်နက်ကိုင်တော်လှန်ရေးအတွေ့အကြုံမှတ်တမ်းမှာ ကိုယ်က ဘာများဝင် ပြောနေရအုံးမှာလဲဗျာ...လို့လဲ အဲဒီ့စာရေးသူ ရဲဘော်ကြီးကို စကားပြန်ခဲ့ပါတယ်။
ကျနော့်အတွေးက သူတို့ဘဝအသက်နဲ့ဖြတ်သန်းလာခဲ့ရမှုတွေကို ကျနော်က ဘုမသိဘမသိ လေဖမ်း တရားနာ ကြားဝင်ပြီးအမှတ်ယူနေဖို့မသင့်ဘူးလို့ရိုးသားစွာပဲတွေးလို့ဖြစ်ပါတယ်။

ဆိုတော့ သူကပြောပါတယ်။ အကို့လိုလူမျိုးရှားပါသတဲ့။ (ကျနော်က သူ့ထက် အသက် ဆယ်စုတစုစာလောက်ပိုကြီးတော့ အကိုခေါ်တာပါ)။ သူဘာကိုဆိုလိုတာလဲဆိုတာတော့ ကျနော်ပြောမနေတော့ပါဘူး။

ပြန်သတိထားကြည့်ရင် ဒီနေ့ဒီအချိန်မှာ အဲဒီကာလသမိုင်းနောက်ခံကားချပ်တွေကိုပါဝင်ဖြတ်သန်းခဲ့သူတွေရဲ့အသက်အရွယ်အပိုင်းအခြားတွေဟာ မငယ်ရွယ်ကြတော့ပါဘူး။ တချို့ သက်ရှိထင်ရှားတောင် မရှိကြတော့ပါဘူး။

ဆိုတော့ ဒါတွေကို ဘာမှမပြောမဆိုသွားပဲ သမိုင်းကန့်လန့်ကာတခု ချခဲ့လိုက်ကြမလား။ (သို့မဟုတ်) ပြောသင့်ပြောထိုက်တာတွေ ရေးသင့်ရေးထိုက်တာတွေ ရေးကြပြောကြရင်း သမိုင်းမှတ်တမ်းအဖြစ် ချန်ထားရစ်ကြမလား။

ဒီနေရာမှာ ငါကတော့ ဘယ်အဆင့် ဘယ်တာဝန်ကြီးယူခဲ့မှ၊ ဘယ်သူ့ထီး ဘယ်သူ့အရိပ်အောက်နေခဲ့မှ စသည်ဖြင့် ... တန်း တွေထားနေကြမလား...ခွဲနေကြမလား.. မေးခွန်းလေးတွေ တော့ ရှိနိုင်ပါတယ်။

ကျနော်ကတော့ ကိုယ်စီကိုယ်စီရဲ့အတွေ့အကြုံဖြတ်သန်းမှုတွေကို ကိုယ်ကိုယ်တိုင်ရဲ့ တာဝန်ခံမှု တာဝန်ယူမှုတွေနဲ့ ရေးကြပြောကြရင်ဖြင့် သမိုင်းတန်ဖိုးတစုံတရာ ရှိမယ်ထင်မိပါတယ်။

ဒါပေမဲ့ အခြေအနေက အားလုံးလွှတ်ချ ပွင့်လင်းဖို့ကောင်းတဲ့အခြေအနေတော့မဟုတ်သေးဘူးလို့လဲ စောကြောမိပါတယ်။ ဒါကတော့ အကြီးဆုံး သတိထားရမယ့် တာဝန်ယူမှုဖြစ်တယ်ဆိုတာကို အားလုံးလက်ခံရမယ်လို့လဲ မြင်ပါတယ်။

စောစောကပြောသလို လက်ရှိအခြေအနေတွေပေါ်မူတည်ပြီး အဖိအဖော့၊ အဖုံးအဖိ၊ အမြှုပ်အဖော် ဒါတွေကို ကိုယ့်တာဝန်ယူမှု၊ တာဝန်ခံမှု အလေးထားမှုတွေနဲ့ ရေးကြမယ်ဆိုရင်ပေါ့။

တပါတီအာဏာရှင်စနစ်ဆိုဆို၊ စစ်အာဏာရှင်စနစ်ဆိုဆို အဲဒီ့ခေတ်ဆိုးကြီးတခေတ်ကို ဒီနေ့လောက်ထိ တစုံတရာအပြောင်းအလဲ အရွေ့တခုဖြစ်ပေါ်လာအောင် တိုက်ပွဲဝင်ခဲ့တဲ့နေရာမှာ ရဟန်းရှင်လူ၊ ကျောင်းသား၊ အလုပ်သမား၊ လယ်သမား၊ လူတန်းစားပေါင်းစုံ၊ အလွှာအသီးသီး အသက်အရွယ်အမျိုးမျိုး၊ ကျားမမရွေး ပါဝင်တိုက်ပွဲဝင်ခဲ့တဲ့သမိုင်းဟာ ဘယ်သူကမှ မြတ်တယ်၊ မြင့်တယ်မရှိပါဘူး။ အားလုံးဟာ ခက်ထန်ကြမ်းတမ်းလှတဲ့ ခေတ်ဆိုးစနစ်ဆိုးကြီးထဲမှာ ဘဝတွေအသက်တွေ ရင်းခဲ့ပေးခဲ့ စွန့်လွှတ်ခဲ့ကြတာချည်းဖြစ်ပါတယ်။
ကျနော်တို့တွေ လူသိထင်ရှားရော လူမသိသူမသိအဖြစ်နဲ့ရော ဒီအမှောင်ခေတ်ကြီးထဲမှာ အသက်ဘဝတွေဆုံးရှုံးခဲ့ကြတာ မနည်းမနောပဲမဟုတ်လား။

ဒီ့အတွက် ဒါတွေကို တကယ်ဖြတ်သန်းပါဝင်ပြီး ရေးနိုင်ပြောနိုင်တဲ့ ဘယ်လိုပုဂ္ဂိုလ်မျိုးမဆိုက စာပေပုံသဏ္ဍန်အမျိုးမျိုးနဲ့အားသန်သလိုရေးကြပြောကြခြင်းဖြင့် မြန်မာ့ခေတ်သစ်သမိုင်းသစ်စာမျက်နှာကို ဝိုင်းဝန်းဖန်တီးကြရမယ်လို့နားလည်မိပါတယ်။ ဒီလိုနားလည်မိ ခံယူမိတဲ့အတွက်လဲ ဒီနေ့ ကျောင်းသားတပ်မတော်က လေးစားချစ်ခင်ရတဲ့ရဲဘော်ကြီးရဲ့စာကို အွန်လိုင်းမီဒီယာမှာ အများသူငါဖတ်နိုင်အောင် တင်ပေးလိုက်တဲ့တာဝန်အပေါ် ကိုယ်တိုင်အားရကျေနပ်မိသလိုခံစားရတဲ့အကြောင်း ဒီစာလေး ရေးတင်လိုက်ပါတယ်။

မြန်မာနိုင်ငံတော်ကြီး စစ်မက်ငြိမ်းချမ်းပြီး တရားမျှတ လွတ်လပ်ခြင်းအပြည့်ရှိတဲ့ တိုင်းပြည်ဖြစ်လာပါစေ...